Home ဆောင်းပါး ပညာရေးကို ပြန်ပေးမဆွဲကြစေလို

ပညာရေးကို ပြန်ပေးမဆွဲကြစေလို

ဆိုဖီ ။ ။

ကလေးတွေကို စာသင်ကြားတဲ့အလုပ်ဟာ တရားမဝင်ဖြစ်လာလိမ့်မယ်လို့ ဆရာမမေသဲတစ်ယောက် တစ်ခါမှ မစဉ်းစားခဲ့ မိဘူး။ ဒါ့အပြင် စာသင်တဲ့သူဟာ ဒုစရိုက်သမားတစ်ယောက်လို ပုန်းလျှိုးကွယ်လျှိုးနဲ့ သင်ရမယ်လို့လည်း အိပ်မက်တောင် သူ မမက်ခဲ့ဖူးလို့ဆိုတယ်။

ဆရာမ မေသဲဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက အလယ်တန်းပြ CDM ဆရာမတစ်ဦးဖြစ်ပြီး လက်ရှိမှာ ရှောင်ပုန်းနေရကာ အွန်လိုင်းပေါ်မှာ စာခိုးသင်နေရသူ ဖြစ်ပါတယ်။

“ ကျမ CDM လုပ်တယ်။ အွန်လိုင်းပေါ်ကနေ တပည့်တွေကို စာဆက်သင်ပေးတယ်။ ဒါတောင် ခိုးပြီးသင်နေရတာ။ စာသင်တဲ့ အလုပ်က အခုတော့ တရားမဝင်ဖြစ်နေသလိုပဲ။” လို့ ဆရာမမေသဲက စိတ်မကောင်းစွာ ပြောပါတယ်။

“ ပညာရေးဟာ လူသားတိုင်းသင်ကြားပိုင်ခွင့်ရှိတယ်” လို့ ဆိုကြပေမယ့် ပညာသင်ကြားပေးနေတဲ့ဆရာ၊ ဆရာမတွေကို ဖမ်း ဆီးမှုတွေ ရှိနေဆဲပါ။   

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆရာမတွေဟာ အာဏာဖီဆန်မှု CDM ပြုလုပ်လာကြသလို အချို့ကလည်း Non-CDM တွေ အနေနဲ့ ဆက်ရှိနေကြပါတယ်။   

စစ်ကောင်စီအုပ်စုက CDM တွေကို ဖိအားပေး ဖမ်းဆီးမှုတွေရှိသလို တစ်ဖက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက Non-CDM တွေကို ဖိအားပေးကာ အပြိုင်အဆိုင် ဖမ်းဆီးမှုတွေ ရှိလာပါတယ်။ 

တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး သုတေသနနဲ့ပညာပေးမှုတွေ ဆောင်ရွက်နေတဲ့ Doh Ayay (ဒို့အရေး)မှ တာဝန်ခံဆရာမ နွေဦး သပြေက ဒီနိုင်ငံကပညာရေးဟာ ဘယ်တုန်းကမှမကောင်းခဲ့သလို အခုကာလမှာလည်း လူ့မွေးရာပါ ရပိုင်ခွင့်ဖြစ်တဲ့ Right to education (ပညာသင်ကြားခွင့်)နဲ့ academic freedom (ပညာရေးလွတ်လပ်ခွင့်)ကို ဘက်ပေါင်းစုံက ချိုးဖောက်တိုက်ခိုက် ဖျက်ဆီးမှု အခံရဆုံးကာလဖြစ်နေတယ်လို့ ထောက်ပြပါတယ်။  

“ ပညာရေးက ပြန်ပေးဆွဲခံထားရတဲ့ ဓားစာခံလိုအနေအထား၊ မိုးခေါင်ရေရှားတဲ့ရပ်ဝန်းမှာ ဟိုဘက်ဒီဘက် အပြိုင်အဆိုင် လွန် ဆွဲခံရနေတဲ့ ပြတ်လုပြတ်ခင် ကြိုးတစ်ချောင်းလိုအခြေအနေ၊ ပညာရေးကို သေနတ်နဲ့ပစ်သတ်နေတဲ့ အခင်းအကျင်းပါ။ ဒါ တွေဟာ စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့်ဆိုတာ အမှန်ပါပဲ။” လို့ ဆရာမနွေဦးသပြေက လက်ရှိအခြေ အနေကို ရှင်းပြပါတယ်။   

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်မှာ “ လူတိုင်း ပညာသင်ကြားခွင့်ရှိတယ်။ အနိမ့်ဆုံးမူလတန်းပညာကို အခမဲ့သင်ခွင့်ရှိတယ်” လို့ လူသားတိုင်း ရသင့်ရထိုက်သော ခံစားထိုက်သော အခွင့်အရေးတွေကို လူ့အခွင့်အရေး ကြေညာ စာတမ်းအဖြစ် အတည်ပြုကြေညာခဲ့ပါတယ်။

ဒါပေမယ့်  မြန်မာနိုင်ငံမှာ အဲ့ဒီလူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အများစုကို စစ်ကောင်စီရော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF)ရော ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက  လိုက်နာရန် ပျက်ကွက်နေကြတယ်လို့ ဆရာမတွေက ထောက် ပြပါတယ်။    

စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်းမှာ ဆရာမမေသဲလို CDM ဝန်ထမ်းတွေဟာလည်း ဝင်ငွေမရှိတော့တဲ့အတွက် စားဝတ်နေရေးခက်ခဲမှုတွေ ၊ နေရာတိမ်းရှောင်ရမှုတွေကြောင့် ငွေကြေးအခက်အခဲများစွာရှိလာခဲ့ပါတယ်။  

ပုံစာ – နောင်ချိုမြို့နယ်တွင် ဆန္ဒပြနေသည့် ပညာရေးဝန်ထမ်းများ

ဒါ့ကြောင့် ဆရာမတွေဟာ တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် အွန်လိုင်းပေါ်မှာ စာဆက်သင်နေကြပါတယ်။  စာသင်ပြပေးမှု ဟာ အဆင်ပြေသယောင် ရှိလာချိန်မှာပဲ ​စစ်ကောင်စီရဲ့ဖမ်းဆီးမှုကြောင့် CDM ဆရာမတွေအတွက် အကြပ်ရိုက်မှုတွေ ဆက်ရှိ လာပြန်ပါတယ်။

“ အွန်လိုင်းကနေ ဝင်ငွေနည်းနည်းပါးပါးရမှာလားဆိုပြီး စာသင်ပြန်တော့လည်း စစ်တပ်က လိုက်ဖမ်းထောင်ချတော့ ကြောက် ကြောက်နဲ့ သင်နေရတယ်။ မသင်ရင်လည်း ပိုက်ဆံမရှိဘူးလေ။” လို့ ဆရာမမေသဲက ဆိုပါတယ်။

အချို့ CDM တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ချိတ်ဆက်ပြီး စာသင်ကြသလို့ အချို့မှာတော့ ကိုယ်ဘာသာကိုယ် အွန်လိုင်းမှာ သင်တန်းဖွင့်ပြီး သင်ကြားနေတာတွေရှိကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီကတော့ CDM တိုင်းကို လိုက်လံ ဖမ်း ဆီးနေပါတယ်။   

အွန်လိုင်းမှာ  စာသင်ကြားနေတဲ့ မန္တလေးမြို့က Federal School of Aung Myay Thar Zanမှ အမျိုးသမီး ၁၃ဦးနဲ့ အမျိုးသား နှစ်ဦးကို စစ်ကောင်စီက တရားမဝင် ပညာသင်ကြားနေသူများဟုဆိုကာ ယခုနှစ်အတွင်း ဖမ်းဆီးခဲ့ပါတယ်။ 

အွန်လိုင်းပေါ်မှာ စာသင်ကြားမှုကြောင့် ဖမ်းဆီးခံရတယ်ဆိုတာ အချင်းချင်းကြားမှာ “ဒလန်” ဆိုတဲ့သူရှိတဲ့အတွက်ကြောင့် ဖြစ်ရကြောင်းနဲ့ အခုလက်ရှိမှာတော့ အစစအရာရာကို သတိထားပြောဆိုနေထိုင်နေရကြောင်းလည်း ဆရာမမေသဲက ပြောပါ တယ်။   

အရပ်သားအစိုးရလက်ထက် နောက်ဆုံးပညာသင်နှစ်ဖြစ်တဲ့ ၂၀၀၉ -၂၀၂၀ ပညာသင်နှစ်မှာ နိုင်ငံတစ်ဝန်း ပညာရေးဝန်ထမ်း လေးသိန်းနီးပါးရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM မှာ ပါဝင်နေကြတဲ့ ပညာဝန်ထမ်း နှစ်သိန်းခွဲနီးပါးရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။   

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ စက်တင်ဘာလ ၁၉ ရက် အထိ CDM ပညာရေးဝန်ထမ်း  ၂၂၅ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဖမ်းအဆီးတွေကြားမှာ အချို့ CDM ဆရာ၊ ဆရာမတွေဟာ စျေးရောင်းနေရတဲ့သူတွေလည်းရှိသလို  အချို့မှာ လွတ်မြောက် နယ်မြေသို့ ထွက်ပြေးကြသူတွေလည်းရှိကာ အချို့ကျတော့ တရုတ်-မြန်မာနယ်စပ် လောက်ကိုင်မြို့သို့ သွားပြီး အလုပ်လုပ် နေသူနဲ့ ထိုင်းနိုင်ငံသို့ သွားပြီး အလုပ်လုပ်နေသူတွေလည်း ရှိနေကြပါတယ်။

ဒါ့အပြင် နှစ်နှစ်တာ ကာလကြာလာတဲ့အလျောက် အချို့ပညာရေးဝန်ထမ်းတွေဟာ CDM ကနေ Non-CDM တွေ ပြန်လုပ်တာ တွေ ရှိကြတယ်လို့ ပညာရေးအသိုင်းအဝန်းက ဆိုပါတယ်။

“ အခုက CDM ကနေ Non-CDM ပြန်လုပ်နေတဲ့သူတွေတောင် ရှိတယ်။ ကျမအသိဆရာမဆိုရင် Non-CDM ပြန်လုပ်သွားတယ်။ CDM လုပ်ရင်လည်း စစ်ကောင်စီကဖမ်းတယ်။ Non – CDM ဆိုရင်လည်း PDF တွေ၊ နောက်တိုင်းရင်းသားလက်နက်ကိုင်တွေက ဖမ်းတယ်လေ။” လို့ ဆရာမမေသဲက ပြောပြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာလှုပ်ရှားနေတဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးနယ်မြေမှာ ဖေဖော်ဝါရီလမှ စတင် ကာ သြဂုတ်လအထိ CDM မပြုလုပ်ရသေးတဲ့သူတွေ (Non – CDM) တွေကို အရေးယူဆောင်ရွက်သွားမယ်လို့ အခုနှစ် အစော ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တဆက်တည်းမှာလည်း ကချင်ပြည်နယ်၊ ဗန်းမောက်မြို့နယ်က စက်တောကျေးရွာသူ Non-CDM ဆရာမတွေကို ဗန်းမောက် မြို့ ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီ ၄ရက် မှာ ဖမ်းဆီးပြီး အရေးယူဆောင်ရွက်မှုတွေလည်းရှိနေပါတယ်။

“ တချို့က Non-CDM စာသင်ခွင့်မရှိဘူး။ CDMတွေသာ စာသင်ခွင့်ရှိမယ်ဆိုရင် စစ်ကောင်စီရဲ့ရန်ကို PDFတွေက ဘယ်လောက် ကာကွယ်ပေးမှာလဲ။ အခုနယ်ဒေသမှာ ပညာရေးဝန်ထမ်းမရှိလို့ စာမသင်ရတဲ့ကျောင်းတွေ ပိတ်ထားရတဲ့ကျောင်းတွေ အများ ကြီးရှိတယ်။” လို့ ဗန်းမောက်မြို့နယ်က Non-CDM ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အင်တာနက်လိုင်းရတဲ့ဒေသတွေမှာ အွန်လိုင်းစာသင်ယူမှု လွယ်ကူပေမယ့် နယ်စွန်နယ်ဖျားနဲ့ ဖုန်းလိုင်းတောင် အနိုင်နိုင်ရနေ တဲ့ ဒေသတွေမှာ ပညာရေးဝန်ထမ်းကိုသာ အားကိုးနေရပါတယ်။  

Non-CDM ဖြစ်လို့ စာသင်ကြားပိုင်ခွင့်မရှိကြောင်း ထုတ်ပြန်ရင် ကလေးငယ်တွေရဲ့ အနာဂတ်ဟာ  အရွယ်ရောက်လာမှ “အ” သုံးလုံး သင်ကြားရမယ့် ခေတ်ဖြစ်သွားနိုင်ကြောင်းလည်း အဆိုပါ ဗန်းမောက်မြို့နယ်က ပညာရေးဝန်ထမ်းအမျိုးသမီးက ထောက်ပြပါတယ်။

“ ဆရာမတွေဘဝက CDM လည်း ဖမ်းခံရ၊ Non-CDMလည်း ဖမ်းခံရတဲ့ဘဝဖြစ်နေတယ်။ ဒီကြားမှာ ကျမတို့ မျိုးဆက်တစ်ခုက ပညာမဲ့ဖြစ်လာမယ်။ လွန်ခဲ့တဲ့သုံးနှစ်ကလည်း စာမသင်ရ၊ အခုရောမသင်ရဆိုတော့ ကလေးတွေ စာတတ်မြောက်မှုနှုန်းကျ ဆင်းသွားနိုင်တယ်။” လို့ အဆိုပါ ပညာရေးဝန်ထမ်းအမျိုးသမီးက ဆိုပါတယ်။   

ဒို့အရေးက ဆရာမနွေဦးသပြေကလည်း CDM ဖြစ်မှု၊ Non-CDM ဖြစ်မှုတွေကြောင့် ဆိုရာမှာလည်း ကဏ္ဍတွေအများကြီး အနက်က ပညာရေးကဏ္ဍကို ပိုပြီး ပစ်မှတ်ထား တိုက်ခိုက်သလို ဖြစ်နေပြီး ဒီကာလမှာ ကျောင်းဆရာဆရာမ အများအပြား ဖမ်းဆီးထောင်ချခံရတာတွေ အကြမ်းဖက်သတ်ဖြတ်မှုတွေ ခံနေကြရတယ်လို့လည်း ဆိုတယ်။

အဲဒီလို လက်နက်မဲ့ ၊အကာအကွယ်မဲ့ပြီး ခုခံနိုင်စွမ်းမရှိတဲ့ လွယ်ကူတဲ့ soft target လိုဖြစ်နေတဲ့ ဆရာဆရာမတွေ ၊ကျောင်းသူ ကျောင်းသားတွေ၊ မိဘဘိုးဘွားမိသားစုတွေကို ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ် အကြမ်းဖက်ဖိနှိပ်မှုလုပ်တာကို နိုင်ငံရေးလုပ်တာ စစ်ရေးလုပ်တာလို့ ထင်နေကြတဲ့ သဘောထားအယူအဆကိုက အမှားတစ်ခုပါပဲလို့ သူက ဆိုတယ်။  

“ ပညာရေးဟာ ပြည်သူ့ဝန်ဆောင်မှုဖြစ်တယ်၊ ဘယ်သူကမှ မပိတ်ဆို့သင့်ဘူးဆိုတဲ့အချက်ကိုလည်း သတိရကြဖို့လိုပါတယ်။ ဒီကာလကြီးဟာ ဘယ်လောက်အထိ ရှည်ကြာမလဲဆိုတာ မသေချာပါဘူး။  အဲဒီတလျှောက်လုံးမှာ လွတ်လွတ်လပ်လပ် ပညာ သင်ကြားခွင့်မရဘဲ နေရမယ့် ကလေးလူငယ်သန်းပေါင်းများစွာရဲ့ ဘဝအနာဂတ်နဲ့ ဒီနိုင်ငံရဲ့အနာဂတ်ဟာ ခွဲမရပါဘူး။ ဒီနေရာ မှာ လူတန်းစားရှုထောင့်ကလည်း ထည့်သွင်းစဥ်းစားဆင်ခြင် ထောက်ထားဖို့လိုပါတယ်။” လို့လည်း ဆရာမနွေဦးသပြေက ဝေဖန် ထောက်ပြပါတယ်။ 

မြန်မာနိုင်ငံအတွင်းမှာ  alternative (အစားထိုး) ပညာရေးတွေကို လက်လှမ်းမမီတဲ့ ဆင်းရဲနွမ်းပါးမှုမျဥ်းအောက်မှာရှိနေတဲ့ အခြေခံ လူတန်းစား ကလေးတွေ လူငယ်တွေ သန်းပေါင်းများစွာရှိနေကြလို့ သူကဆိုတယ်။

အခုလို အထွေထွေချွတ်ခြုံကျနေတဲ့ အခြေအနေကြီးမှာ ကျောင်းပြင်ပရောက်သွားရတဲ့ ပညာသင်ခွင့်လက်လှမ်းမမီတဲ့ ကလေး သန်းပေါင်းများစွာရဲ့ ဘဝတွေဟာ ပိုဆိုးရွားတဲ့ဖြစ်စဥ်တွေဆီ ဦးတည်သွားနိုင်တယ်လို့ ဆရာမတွေက ဆိုကြပါတယ်။

ဒါ့ကြောင့်  ပညာရေးနဲ့ပတ်သတ်တဲ့မူကို ပြန်စဥ်းစားပြင်ဆင်ကြသင့်ကြောင်းနဲ့ လက်နက်ကိုင်ပဋိပက္ခကာလမှာပင်  ကလေး တွေဟာ ကျောင်းတက်နိုင်ဖို့ ပညာသင်နိုင်ဖို့လိုအပ်ပြီး ပညာရေးကို တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့လိုအပ်တယ်ဆိုတဲ့ အခြေခံမူကို အားလုံးကလက်ခံကြဖို့လိုအပ်ကြောင်းလည်း ဆရာမနွေဦးသပြေက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍနဲ့ ပညာရေးဝန်ထမ်းအများစုဟာ အမျိုးသမီးတွေ ဖြစ်ပြီး အခုကာလမှာ ဖမ်းဆီးခံတာ အမျိုးသမီး တွေအများစု ဖြစ်သလို သတ်ဖြတ်ခံရသူအများအပြားဟာလည်း အမျိုးသမီးတွေ ဖြစ်နေပါတယ်။  

ကျေးလက်ဒေသလည်းဖြစ် အခြေခံလူတန်းစားလည်းဖြစ် လက်နက်လည်းမဲ့၊ ခုခံကာကွယ်နိုင်စွမ်းလည်းနည်းတဲ့  ကျောင်းဆ ရာမတွေ အမျိုးသမီးတွေကို ပစ်မှတ်ထား ဦးတည်ချက်ထားတိုက်ခိုက်တာဟာ ဂျင်န်ဒါအခြေပြုအကြမ်းဖက်မှုတစ်မျိုးပါပဲလို့ ဆရာမတွေက ဆိုပါတယ်။  

အစဥ်အဆက်ဖိုဝါဒကြီးစိုးတဲ့ ဒီလူ့အဖွဲ့အစည်းမှာ ပညာရေးဟာ အမျိုးသမီးတွေ နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း အကြမ်းဖက်ခံ ရတဲ့ရပ်ဝန်းတခုဖြစ်နေပါတယ်။ ဒီပြစ်မှုတွေအတွက် တရားမျှတမှုကို ပြန်ဆောင်ကြဥ်းဖို့လိုအပ်သလို ဖိုဝါဒကိုလည်း တပါ  တည်း တိုက်ဖျက်သွားကြဖို့ လိုအပ်ကြောင်း ဆရာမနွေဦးသပြေက ဆိုပါတယ်။

ဆရာမမေသဲကလည်း “ ကျမအနေနဲ့ကတော့ CDMရော Non-CDM  ပညာရေးဝန်ထမ်းတွေကို လွတ်လပ်စွာ ကလေးတွေ စာ သင်ကြားခွင့်ပေးချင်တယ်။ ပညာရေးဟာ လူသားတိုင်းအတွက်အရေးပါသလို အနာဂတ်လူငယ်တွေအတွက်လည်း အရေး ကြီး ပါတယ်။ ဒီလိုအပြိုင်အဆိုင်လုပ်နေရင် ကျေးလက်နေကလေးတွေကိုပဲထိခိုက်မှာပါ။ ”လို့ ထောက်ပြတောင်းဆိုလိုက်ပါတယ်။

Author:

Related Articles