သန့်ရှင်းထွန်း။ ။
ပြိုလဲနေတဲ့အပင်တွေနဲ့ သစ်ဝါးတချို့ပြန့်ကြဲနေတဲ့နေရာမှာ အသက် ၂၆ နှစ်အရွယ် မငြိမ်းငြိမ်းဦးဟာ တွန့်ခေါက်နေတဲ့ အိမ်မိုးသွပ်ပြားတချို့ကို မြေကြီးပေါ်ချပြီး သူ့ရဲ့ခြေထောက်နဲ့ညီညာအောင် တက်နင်းနေပါတယ်။
သူ့ရဲ့အနီးအနားမှာ အသက်ကြီးပိုင်းအရွယ်အမျိုးသမီးတစ်ဦးက တဲသာသာရှိမယ့် အိမ်လေးကို ခေါင်မိုးမိုးပေးဖို့ ဝိုင်းကူ လုပ်ပေးနေပါတယ်။ မေလရဲ့နွေအပူကို အံတုပြီးတော့ ကျောတစ်ခင်းစာနေရာလေးတစ်ခုရဖို့ ကြိုးစားနေတာလို့ မငြိမ်း ငြိမ်းဦးက ပြောပါတယ်။
“ မြေကြီးပေါ်မှာ အိပ်နေရတာ တစ်ပတ်လောက်ရှိပါပြီ။ မြေကြီးပေါ်မှာ တာရှည်အိပ်ရင် ကလေးကျန်းမာရေးကို ထိခိုက် လာမယ်။” လို့ သူက ပြောပါတယ်။
အသက်ငါးနှစ်အရွယ်ကလေးတစ်ဦးရဲ့ မိခင်ဖြစ်သူ မငြိမ်းငြိမ်းဦးဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာမှာ နေထိုင်သူဖြစ်ပြီးတော့ ‘မိုခါ’မုန်တိုင်းကြောင့် သူ့ရဲ့မူလနေအိမ်ဟာ မုန်တိုင်းဒီရေနဲ့ပါလာတဲ့ သဲတွေဖုံး လွှမ်းပြီး ပျက်စီးသွားခဲ့ပါပြီ။
မငြိမ်းငြိမ်းဦးဟာ မုန်တိုင်းမတိုက်ခင် မေလ ၁၃ ရက်ကတည်းက ရွာအရှေ့ဘက်က မေယုတောင်ခြေရင်းမှာ မြေကျင်း တူး နေထိုင်ခဲ့ရတယ်လို့ ပြောပါတယ်။ မုန်တိုင်းကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ဒုံးပိုက်တစ်ရွာလုံး ပျက်စီးခဲ့ပြီး မုန်တိုင်း ဒဏ်လွတ်အောင် ရှောင်နေတဲ့ ဘုန်းကြီးကျောင်းနံရံပြိုကျတဲ့အတွက်လည်း လူ ၁၄ ဦးသေဆုံးခဲ့ပါတယ်။
မငြိမ်းငြိမ်းဦးတို့ ဒုံးပိုက်ကျေးရွာဟာ မေယုတောင်တန်းကို ကျောပြုထားပြီး ဘင်္ဂလားပင်လယ်အော်ကို မျက်နှာခြင်းဆိုင် မေးတင်ထားတဲ့ ရသေ့တောင်မြို့နယ်ရွာတွေထဲက တစ်ရွာပါ။ အဲဒီကမ်းခြေတလျှောက်က အငူမော်၊ ကုန်တန်း၊ ဆင်ပိုက်၊ အောင်ဗလ၊ ဒုံးပိုက်၊ ချိန်ခါလိန်၊ ကိုးတန်ကောက်၊ အောင်သုခ၊ အင်းဒင်၊ ကျောက်ပန္ဒူ စတဲ့ရွာတွေမှာလည်း ရွာလုံး ကျွတ်ပျက်စီးခဲ့ပါတယ်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းတဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ အထိအခိုက်အပျက် အစီးများစွာရှိခဲ့ပြီး မြို့လုံးကျွတ်ပျက်စီးတာတွေ ရွာလုံးကျွတ်ပျက်စီးတာတွေ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မုန်တိုင်းဗဟို ချက်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။
‘မိုခါ’မုန်တိုင်းကြောင့် ရခိုင်တစ်ပြည်နယ်လုံးမှာ လူတစ်ရာကျော်သေဆုံးခဲ့ပြီး လူနေအိမ် လေးသောင်းလေးထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ရခိုင်ပြည်နယ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ မြေပြင်စာရင်းတွေမှာတော့ ဒီထက်ပို ထိခိုက် သေဆုံးမှုများနိုင်မယ်လို့ ကူညီမှုတွေဆောင်ရွက်နေတဲ့ လူမှုကူညီရေးအဖွဲ့တွေက ခန့်မှန်းပါတယ်။
မုန်တိုင်းကြောင့် လူဦးရေသိန်းနဲ့ချီ ဒုက္ခရောက်နေပြီး မုန်တိုင်းအလွန်ကာလမှာလည်း ကူညီကယ်ဆယ်ရေးတွေ မရောက် ရှိသေးတာကြောင့် ဒေသခံတွေမှာ ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်နေရပါတယ်။ မုန်တိုင်း တိုက်ခတ်မှုကြောင့် နေစ ရာအိမ်တွေ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးခဲ့ရပြီး စားဝတ်နေရေးနဲ့ကျန်းမာရေးအတွက် သောကပင်လယ်ဝေနေကြရပါတယ်။
လက်ရှိမှာ မငြိမ်းငြိမ်းဦးတို့ သားအမိနှစ်ဦးနေထိုင်ဖို့ သဲဖုံးပျက်စီးသွားတဲ့နေအိမ်နေရာမှာ သူ့ရဲ့နေအိမ်ကို ဆက်မ ဆောက်တော့ဘဲ အဒေါ်ဖြစ်သူရဲ့ ခြံဝင်းထဲကမြေကွက်လပ်မှာ သားမိနှစ်ယောက်စာ တဲအိမ်လေးကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေပါတယ်။
“ အိမ်တိုင်တွေက ကျိုးကျသွားတဲ့ ကွမ်းသီးပင်တွေပါ။ အခင်းလည်း ကွမ်းသီးပင်အခင်း၊ အမိုးကတော့ လွင့်စင်လာတဲ့ သွပ်ပြားတွေကို ပြန်ဆန့်ပြီး မိုးထားပါတယ်။ မိုးရွာရင်တော့မိုးမလုံနိုင်ပါဘူး။”လို့ မငြိမ်းငြိမ်းဦးက ပြောပါတယ်။
အိမ်ထောင်သည်တစ်ဦးဖြစ်တဲ့ မငြိမ်းငြိမ်းဦးဟာ အိမ်ထောင်ကျပြီး မကြခင်မှာပဲ ခင်ပွန်းဖြစ်သူမှာ နေအိမ်က ထွက်ခွာ သွားတာဟာ အခုချိန်ထိအဆက်အသွယ်မရဘဲ အဒေါ်တစ်ဦးရဲ့ဖေးမမှုနဲ့ ဘဝကိုရုန်းကန်နေတာလို့ သူကပြောပြပါတယ်။
မငြိမ်းငြိမ်းဦးဟာ သူ့သားငယ်ကိုယ်ဝန်ရှိတဲ့အချိန်ကလည်း ကောက်စိုက်၊ ငါးရှာ၊ အငှားလိုက်စတဲ့ အလုပ်တွေကို လုပ် ကိုင်ခဲ့ပြီး ကလေးမွေးဖွားခါနီးမှာ စားဝတ်နေရေးအဆင်ပြေစေဖို့ ငွေကြေးတချို့ကို စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။
ကလေးမွေးပြီးချိန်မှာလည်း နို့စို့အရွယ်ကလေးငယ်ကို အဒေါ်ဖြစ်သူဆီမှာ အပ်ထားပြီး အလုပ်ထွက်လုပ်ခဲ့တယ်လို့ မငြိမ်း ငြိမ်းဦးရဲ့အဒေါ်က ပြောပြပါတယ်။
ခင်ပွန်းသည်မရှိဘဲ သားတစ်ဦးနဲ့ ကိုယ့်ဘဝကိုယ် ရပ်တည်လာတဲ့ မငြိမ်းငြိမ်းဦးရဲ့ လောကဓံမုန်တိုင်းကို ကြုံရာကျဘမ်း အလုပ်လုပ်ပြီး ကျော်ဖြတ်လာခဲ့တာ အခု ‘မိုခါ’မုန်တိုင်းဒဏ်နဲ့ မုန်တိုင်းအလွန်မှာ ရှေ့ဆက် ကြုံတွေ့လာမယ့် စိန်ခေါ်မှု တွေကို ကျော်ဖြတ်ဖို့ ခွန်အားတွေ စုဆောင်းနေတယ်လို့ ပြောပါတယ်။
“ လင်မရှိရင်လည်း မိန်းမတွေက ဒီလိုရှင်သန်ရတာပဲ။ စိတ်ဓာတ်မကျပါဘူး။ ဒီလိုလုပ်စားရတာပဲ။”လို့ စိတ်ဓာတ်ကြံ့ခိုင် တဲ့လေသံနဲ့ မငြိမ်းငြိမ်းဦးက ပြောပါတယ်။
အခုလို လူနေအိမ်မြောက်မြားစွာ ပျက်စီးဆုံးရှုံးခဲ့ရပေမယ့် စစ်ကောင်စီကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်မီ မလုပ်ပေးနိုင်တာကြောင့် မြေကြီးပေါ်အိပ်နေရတဲ့ တူမနဲ့မြေးလေးကို မကြည့်ရက်တော့ဘဲ ယာယီနေထိုင်လို့ရတဲ့ တဲအိမ် လေးကို ဝိုင်းဝန်းဆောက်လုပ်ပေးခဲ့တာလို့ မငြိမ်းငြိမ်းဦးရဲ့ အဒေါ်က ပြောပါတယ်။
“ သူတို့ဆီကပေးမယ့်ဟာကို မျှော်နေလို့မရပါဘူး။ လက်ရှိမှာ အမိုးအကာတစ်ခုအောက်ကို ရောက်ဖို့လိုပါတယ်။ အဲဒါ ကြောင့် ယောကျ်ားသားတွေမရှိပေမယ့် အဒေါ်တို့နှစ်ယောက် တဲအိမ်ကိုဆောက်လုပ်ခဲ့ကြတာ။” လို့ အဒေါ်ဖြစ်သူက ပြောပြပါတယ်။
‘မိုခါ’မုန်တိုင်းအပြီး တစ်ပတ်ကျော်ကြာတဲ့အထိ ကူညီကယ်ဆယ်ရေးပစ္စည်းတွေဟာ ကျေးလက်ဒေသတွေကို မရောက် နိုင်သေးဘဲ နေအိမ်တွေကို ပြုပြင်ဆောက်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူဖို့ ငွေမရှိကြဘူးလို့ ဒုံးပိုက်နဲ့ တစ်တန်းထဲ တည်ရှိနေတဲ့ ရသေ့တောင်မြို့နယ် ၊ ချိန်ခါလီကျေးရွာက မအဘုက ပြောပါတယ်။
သူတို့အတွက် အရေးပေါ်အဖြစ် စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အိမ်ဆောက်ပစ္စည်းတွေလိုအပ်နေပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းအပါအဝင် တစ်ရွာလုံးက နေအိမ်တွေ ပျက်စီးသွားတာကြောင့် ကလေးတွေ အရိပ်ခိုမယ့်နေရာတောင် မရှိ ဖြစ်နေတယ်လို့ မအဘုက ဆက်ပြောပါတယ်။
“ မုန်တိုင်းမှာမပါသွားဘဲ စပါးကျီရှိတဲ့အိမ်က ဆန်ပေးလို့ ထမင်းစားနေရတာပါ။ သူတို့မှာကုန်ရင်တော့ တစ်ရွာလုံးငတ် တော့မှာ။” လို့ သူကဆိုပါတယ်။
အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ မအဘုတို့ ချိန်ခါလီကျေးရွာဟာလည်း ဒုံးပိုက်ကျေးရွာလိုပဲ တစ်ရွာလုံး မုန်တိုင်းကြောင့် ပျက်စီး ခဲ့ရတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။ မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်လည်း အကူအညီမဲ့နေ ပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအတွက်လည်း အရေးတကြီးလိုအပ်နေကြပါတယ်။
မုန်တိုင်းကြောင့် ရေတွင်းရေကန်တွေမှာ အမှိုက်နဲ့ ဆားငံရေတွေဝင်သွားတဲ့အတွက် သောက်သုံးရေရှားပါးမှုကို ဆိုးဆိုး ဝါးဝါးကြုံတွေ့နေရတာဖြစ်ပြီး မြို့ပေါ်က ရေလှူတဲ့အဖွဲ့တွေလာမှ သောက်သုံးရေတချို့ကို ရရှိကြတယ်လို့ ဒုံးပိုက်ကျေး ရွာက မဌေးဌေးဦးက ပြောပါတယ်။
“ ထမင်းထက် ရေကိုမျှော်နေရတယ်။ သုံးရေမသုံးရရင်တောင် သောက်ရေကတော့ နေ့တိုင်းလိုအပ်တယ်။ အခုလိုပူတဲ့ အချိန်မှာ လူတွေရေသောက်တာများကြတယ်။”လို့ မဌေးဌေးဦးက ဆိုပါတယ်။
အခုလို မုန်တိုင်းအပြီး ကျေးရွာတွေမှာ သောက်သုံးရေရှားပါးနေတဲ့အတွက် ရေကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ ဝမ်းလျောဝမ်းပျက်ရောဂါဖြစ်မှာကို စိုးရိမ်နေကြရတယ်လို့ ရွာခံအများစုက ပြောကြပါတယ်။
‘မိုခါ’ မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရတဲ့ ရခိုင်ပြည်သူတွေအတွက် နိုင်ငံတကာနဲ့အလှူရှင်တွေဆီက ငွေကြေးအပါ အဝင် ပစ္စည်းမျိုးစုံကို စစ်ကောင်စီက လက်ခံရရှိနေပေမယ့် အဲဒီငွေကြေးတွေနဲ့ပစ္စည်းတွေကတော့ ထိခိုက်ခံစားခဲ့ရတဲ့သူတွေရဲ့ လက်ထဲကို မရောက်သေးဘူးလို့ ဒေသတွင်း ကိုယ်ထူကိုယ်ထ ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ မုန်တိုင်းကြောင့် ထိခိုက်ခံစားခဲ့ရသူတွေကို အစုအဖွဲ့အလိုက် ကူညီပေးနေတာတချို့ရှိနေပေမယ့် စားဖို့ သောက်ဖို့လောက်သာ ရကြပြီး နေအိမ်ပြုပြင်နိုင်တဲ့အနေအထားထိ မရကြသေးဘူးလို့ မောင်တောမြို့နယ်၊ အောင်သုခ ကျေးရွာက ကိုသန်းဝင်းက ပြောပါတယ်။
“ ရှေ့တစ်ပတ်လောက်ဆိုရင်ပဲ မိုးရာသီရောက်တော့မယ်။ သူတို့(စစ်ကောင်စီ)လုပ်ပေးဖို့ကို မျှော်နေရင် မိုးရေထဲမှာ သေသွားလိမ့်မယ်။ အဲတော့ မရှိ,ရှိတာနဲ့ တဲအိမ်တွေ ဆောက်နေကြတယ်။” လို့ ကိုသန်းဝင်းက ဆက်ပြောပါတယ်။
မိုးရာသီမကျရောက်မီ မုန်တိုင်းဘေးဒဏ်သင့်ရပ်ရွာတွေအနေနဲ့ လူမှုဘဝနဲ့အိုးအိမ်တွေ အချိန်လုပြန်လည် တည်ဆောက် ကြရမှာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်က ဘေးဒဏ်သင့်ပြည်သူတွေဆီကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ စတင်ပံ့ပိုးနေပြီဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ညှိနှိုင်းရေးရုံး(UNOCHA)က မေလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒါပေမယ့် အဲဒီအကူညီတွေပေးဖို့အတွက် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့နေရာတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေသွား ရောက် ခွင့်ကို စစ်ကောင်စီက တားမြစ်ထားပါတယ်။
အခုလို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိတ်ပင်တားမြစ်ထားတာဟာ စစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေးချိုး ဖောက်မှု တွေကို ထပ်မံကျူးလွန်နေတာဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။
ဒီလို အခက်အခဲမျိုးစုံရှိနေပေမယ့် ရက်ရှည်ကြာ မြေကြီးပေါ်မအိပ်နိုင်တော့တဲ့ မငြိမ်းငြိမ်းဦးကတော့ ဘယ်သူ့ကိုမှ အားမ ကိုးဘဲ နေထိုင်စရာ တဲအိမ်လေးကို ဆက်ဆောက်နေပါတယ်။
အိမ်ထောင်ပြုပြီး မကြာသေးခင်မှာပဲ ခင်ပွန်းသည်မရှိဘဲ ဘဝကိုရုန်းကန်လာခဲ့တဲ့ မငြိမ်းငြိမ်းဦးက မုန်တိုင်းဒဏ်ခံခဲ့ရသူ တွေကို ယခုလို အားပေးစကားပြောပါတယ်။
“ အကုန်သူ(အားလုံး)မှာ ခြေလက်အစုံပါတာပဲ အားမလျော့ကြပါနဲ့။ ဒီမုန်တိုင်းက ညီမရဲ့လောကဓံမုန်တိုင်း လောက် မပြင်းသေးပါဘူး။”
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024