Home ဆောင်းပါး Bartender ဖြစ်ချင်တဲ့ Delivery အမျိုးသမီးငယ်

Bartender ဖြစ်ချင်တဲ့ Delivery အမျိုးသမီးငယ်

မေ

နေ့တစ်နေ့ မနက်ခင်းအစပြုချိန် ရန်ကုန်မြို့ရဲ့လမ်းမကြီးပေါ်မှာ ဘတ်စ်ကားတွေ၊ ရုံးအကြိုအပို့ယာဉ်တွေ၊ အငှားယာဉ်တွေ၊ ဈေးသွားသူ၊ ဈေးခင်းသူတွေနဲ့ စည်ကားနေတယ်။

ဘောင်းဘီရှည်၊အကျီလက်ရှည်ဝတ်ဆင်ထားပြီး ဦးထုတ်ဆောင်းထားတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ ကားတွေလူတွေကြားထဲ စက်ဘီးနင်းနေပါတယ်။

စက်ဘီးနောက်မှာလည်း ပစ္စည်းတွေထည့်ထားတဲ့ ပလစ်စတစ်ကော်ပုံးတစ်ပုံးတင်ထားတယ်။ ပုံးထဲမှာတော့ အော်ဒါ လိုက်ပို့ ရမယ့် ပစ္စည်းတွေကအပြည့်။ ဒီအမျိုးသမီးငယ်ကတော့ ရန်ကုန်မြို့က Delivery (ပစ္စည်းပို့ဆောင်သူ)တွေထဲက အမျိုးသမီး တစ်ဦးဖြစ်တဲ့အသက် ၂၆နှစ်အရွယ် မထက်ထက်ပိုင်ဦးပါ။

အမျိုးသားအများစုသာ လုပ်ကိုင်ကြတဲ့ Delivery အလုပ်ကို မထက်ထက်ပိုင်ဦးက သူ့အသက် ၂၃ နှစ် အရွယ်ကစပြီး ဒီအလုပ် ကို စတင်လုပ်ကိုင်ခဲ့တယ်။   

အရင်က အထည်ချုပ်စက်ရုံတစ်ခုမှာ QC(အထည်စစ်)အနေနဲ့ လုပ်ကိုင်ခဲ့ရာကနေ စက်ရုံပိတ်သိမ်းသွားတဲ့အတွက် ၂၀၂၀ ခုနှစ် မှာ Delivery အလုပ်ကို ပြောင်းဖြစ်ခဲ့တယ်။

စက်ရုံမှာအလုပ်လုပ်တုန်းက အလုပ်ဖိအားများတာ၊ ဆဲဆိုခံရတာတွေကြောင့်စိတ်မွန်းကြပ်ခဲ့ရပြီး စိတ်အဆင်မပြေဖြစ်ခဲ့ရ တယ်။

Delivery ပို့ဆောင်နေတဲ့ မထက်ထက်ပိုင်ဦး 
Photo – Received 

“ စက်ရုံမှာက စိတ်မွန်းကြပ်တာကိုး ။အထည်စစ်ဆိုတော့သူတို့ပေးတဲ့အရေအတွက် အတိုင်းတစ်နာရီအတွင်းစစ်ပေး အပေါ်က ဖိသမျှ leaders တွေ၊ Supervisor တွေ ဆဲသမျှဆိုသမျှနေ့စဉ်ခံရ၊ တစ်နေ့တစ်နေ့ အဲစက်ရုံကြီးထဲမှာပဲ မွန်းကြပ်နေရတယ်။ ” လို့ မထက်ထက်ပိုင်ဦးက ဖွင့်ဟပါတယ်။

Delivery အလုပ်လုပ်တဲ့အခါမှာတော့ နဂိုကတည်းက စက်ဘီးနင်းရတာကြိုက်နှစ်သက်တဲ့အပြင် အလုပ်လုပ်ရတာ လွတ်လပ် ပေါ့ပါးတဲ့ခံစားချက်၊ မသိတဲ့လမ်းတွေကို Google Map ထောက်ပြီးသွားလာရတာ၊ Customer တွေကို ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံရတာ စတဲ့အချက်တွေကြောင့် Delivery အလုပ်ကို နှစ်ခြိုက်သွားခဲ့တယ်။

မထက်ထက်ပိုင်ဦးအတွက် Customer တွေက အရေးကြီးပြီး သူတို့မငြိုငြင်ရအောင်၊အဆင်ပြေအောင် ဆောင်ရွက်ပေးချင်စိတ် ကလည်း အပြည့်ဖြစ်ခဲ့တယ်။

ပထမဆုံး Delivery အလုပ်ကို Food Panda မှာ အစားအသောက်ပို့လုပ်ကိုင်ခဲ့တယ်။ အစားအသောက်ပို့ခအနေနဲ့ အကွာ အဝေးပေါ်မူတည်ပြီး အော်ဒါတစ်ခေါက်ကို  အနည်းဆုံးတစ်ထောင်မှ စရတာဖြစ်ပြီး ကိုယ့်ပို့နိုင်ရင် ပို့နိုင်သလောက်ဝင်ငွေ ရတာဖြစ်တယ်။  အလုပ်ချိန်ကိုလည်း မိမိအဆင်ပြေမယ့်အချိန်ကို ချိန်ညှိလို့ရတဲ့အပြင် လုပ်အားခကို တစ်ပတ်တစ်ခါပေးတာ ဖြစ်တဲ့အတွက် ဒီအလုပ်ကို ရွေးချယ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မထက်ထက်ပိုင်ဦးအနေနဲ့ Food Panda မှာ   မလုပ်တော့ဘဲ စားသောက်ဆိုင်တစ်ချို့နဲ့အထည်ဆိုင်က အော်ဒါ တွေကို ပို့ပေးနေပါတယ်။ စက်ဘီးစီးလမ်း သီးသန့်မရှိတဲ့နိုင်ငံမှာ  စက်ဘီးတစ်စီးနဲ့နေရာအနှံ့ လိုက်လံပို့ဆောင်ရတဲ့ Delivery အလုပ်က မလွယ်ကူလှပါဘူး။ ကားအန္တရာယ်မဖြစ်အောင်  ဂရုစိုက်နင်းရတယ်။

“ ကိုယ်ကလမ်းဘေးချနင်းတာတောင် အသားကုန်ဟွန်းတီး မစာမနာနဲ့ တချို့ဆိုပွတ်ဆွဲသွားတာတို့ အဲဒါ Delivery ကို အထင် သေးလို့ တမင်လုပ်သလားတောင် မသိပါဘူး။ လမ်းအလည် တက်လျှောက်နေကြတဲ့ သူတွေကြောင့်လည်း ဒုက္ခရောက်ရ တယ်။” လို့ မထက်ထက်ပိုင်ဦးကပြောပြပါတယ်။

ကိုဗစ်ရောဂါတွေပြင်းထန်ပြီး လူတွေ Stay Home နေတဲ့ကာလတုန်းကလည်း ညဘက်လူပြတ်တဲ့အချိန်တွေမှာ ပို့ရတဲ့အခါ အမျိုးသမီးတစ်ဦးအနေနဲ့ စိုးရိမ်မှုတွေလည်းရှိခဲ့တယ်။ လက်ရှိခေတ်ကာလအခြေအနေအရ လုယက်မှုတွေလည်းရှိတဲ့အတွက် အမြဲသတိနဲ့သွားလာနေရတယ်။

မထက်ထက်ပိုင်ဦးအတွက် ဝမ်းအနည်းရဆုံးအဖြစ်အပျက်ကတော့ နိုင်ငံရေးကြောင့်လမ်းမှာ အစစ်အဆေးတွေများတဲ့ အချိန် တုန်းက လမ်းတွေပိတ်ထားတဲ့အတွက်ပတ်ပို့ရတဲ့အခါ အချိန်ကြာတာကြောင့် Customer က စိတ်ဆိုးပြီး  ရှင်းပြတာကိုလက် မခံ၊ မုန့်ပို့ခငွေရှင်းတဲ့အခါမှာလည်း  မတူမတန်သလိုဆက်ဆံခံခဲ့ရတာပါပဲ။   အပျော်ရဆုံးအချိန်တွေကတော့ customer တွေ ဆီက Tip Money ရတာ၊ အပြုံးနဲ့တလေးတစားဆက်ဆံခံရတာပါ။

မထက်ထက်ပိုင်ဦးဟာ သူရှာလို့ ရသမျှဝင်ငွေနဲ့ မိသားစုကိုစားဝတ်နေရေးကို ဦးဆောင်နေသူလည်းဖြစ်တယ်။

“ အော်ဒါမရတဲ့ရက်တွေ စိပ်လွန်းလို့ လက်ထဲဝင်ငွေလုံးဝမရှိတော့ရင် အမေကပါဈေးသုံးပြတ်လို့ လှမ်းပြောတဲ့အချိန်တွေဆို ဘယ်ကသွားရှာရမှန်းမသိလို့ အရမ်းစိတ်ညစ်ပြီး ငိုရတဲ့အချိန်တွေရှိတယ်။” လို့ သူကဖွင့်ဟပါတယ်။

ဒါ့အပြင် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ဝင်ငွေကမ‌လောက်ငတဲ့အပြင် စုဆောင်းထားတာလဲမရှိတော့ အော်ဒါမပို့ရတဲ့ ရက် တွေမှာ ကျပ်တည်းမှုနဲ့ရင်ဆိုင်ရပါတယ်။

“ တစ်သောင်းတန်တစ်ရွက်တောင် အလွယ်တကူကုန်တဲ့ ဒီခေတ်ကြီးမှာ တစ်နေ့စာတစ်နေ့စား တချို့နေ့မှာ တစ်သောင်း တောင်ပြည့်အောင်မရတော့ ဘယ်လိုမှတော့ အဆင်မပြေပါဘူး။” လို့ မထက်ထက်ပိုင်ဦးက ဖွင့်ဟပါတယ်။

တခြားအလုပ်ပြောင်းဖို့ကလည်းမလွယ်ဘဲ နိုင်ငံခြားထွက်မယ်စဉ်းစားပြန်တော့လည်း သင်တန်းကြေး၊ ပတ်စပို့နဲ့တခြား အထွေထွေအသုံးစရိတ်တွေအတွက် ဝင်ငွေမရှိလို့ကမရ။ သင်တန်းတက်နေတဲ့ကာလမှာ မိဘတွေကိုထောက်ပံ့ဖို့ လိုတာတွေ လည်းရှိတော့ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်ဖို့ စိတ်ကူးကအဆင်မပြေနိုင်သေးပါဘူး။

မထက်ထက်ပိုင်ဦးဟာ တိရစ္ဆာန်ချစ်မြတ်နိုးသူတစ်ဦးဖြစ်တာကြောင့် Delivery အလုပ်လုပ်ရင်း လမ်းမှာတွေ့တဲ့ခွေးလေး၊ ကြောင်လေးတွေကို အစားကျွေးတာကိုတော့ အများဆုံးလုပ်ဖြစ်တယ်။ ဒါ့အပြင်တချို့မှာယူသူတွေ cancel လုပ်တဲ့မုန့်တွေကို လည်း တံတားအောက်က လမ်းဘေးကလေးတွေ၊ အသက်ကြီးသူတွေကိုဝေကျွေးလေ့ရှိပါတယ်။

ရန်ကုန်မြို့မှာကြီးပြင်းခဲ့တဲ့ မထက်ထက်ပိုင်ဦးဟာ တစ်ဦးတည်းသောသမီးဖြစ်သလို လက်ရှိမှာ မိသားစုကိုဦးဆောင်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။

မထက်ထက်ပိုင်ဦးအနေနဲ့လုပ်ကိုင်ချင်တဲ့အလုပ်ကတော့ Bartender အလုပ်ပါ။ ဒါပေမယ့် မိန်းကလေးဖြစ်တာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိခင်ဖြစ်သူကဒီအလုပ်ကိုမလုပ်ကိုင်စေချင်ပါဘူး။

အရက်၊အဖျော်ယမကာဖျော်ရတဲ့အလုပ်ဖြစ်တာကြောင့် အမျိုးသားတွေနဲ့နီးကပ်မှာကို မလိုလားတဲ့အတွက် မိခင်က ကန့်ကွက် တာပဲဖြစ်တယ်။

“ မိန်းကလေးဖြစ်နေလို့ ဒီအလုပ်နဲ့မသက်ဆိုင်ဘူးဆိုပြီးမလုပ်ရဘူး။ လက်လျော့ထားရတယ်။”လို့ မထက်ထက်ပိုင်ဦးက ပြော ပါတယ်။

လက်တလောမှာတော့ အခက်အခဲတွေကြားကပဲ Deliveryအလုပ်ဆက်လုပ်သွားမယ်လို့ဆိုပါတယ်။

မထက်ထက်ပိုင်ဦးအနေနဲ့သူ့ရဲ့အဖြစ်ချင်ဆုံးဆန္ဒကိုလည်း သူက အခုလိုပြောတယ်။

“ အဖေနဲ့အမေကိုကျန်းကျန်းမာမာချမ်းချမ်းသာသာ ထားချင်တယ်။ ပြည့်စုံအောင်ထားချင်တယ်။ ဘာမှလိုလေသေးမရှိ လိုတာ မှန်သမျှ ဖြည့်ဆည်းပေးချင်တယ်။”

Author:

Related Articles