သန့်ရှင်းထွန်း။ ။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တိမ်ညိုစံပြကျေးရွာရဲ့ နေအိမ်တလုံးထဲက ဂီတအသံနဲ့အတူ ထွက်ပေါ်လာတဲ့ ကခုန်သံက ကြားရ၊မြင်ရသူတွေရဲ့စိတ်ကို ခွန်အားဖြစ်စေပါတယ်။
ဂီတသံဟာ လူတွေရဲ့စိတ်ကို ပျော်ရွှင်မြူးကြွစေသလို စိတ်ညစ်စရာတွေကိုလည်း ခေတ္တခဏ ပြေပျောက် စေတဲ့အတွက် လူတိုင်းက ဂီတကို နှစ်သက်ကြပါတယ်။
အဲဒီလို ဂီတကို နှစ်သက်ခုံမင်သူတွေထဲမှာ တိမ်ညိုစံပြကျေးရွာက အသက် ၁၆ နှစ်အရွယ် မဆန်းချေလည်း တစ်ဦး အပါအဝင်ဖြစ်ပြီးတော့ သူမဟာ အချိန်အားတိုင်း အကကို လေ့ကျင့်နေတယ်လို့ ပြောပါတယ်။
“ကနေရရင်ကိုပျော်တာ။ ဝါသနာအရမ်းပါတယ်။ ညီမက ခေတ်ပေါ်သီချင်းနဲ့ ကရတာကို အရမ်းကြိုက်တာ။” လို့ မဆန်းချေက တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် ပြောပါတယ်။
မိန်းကလေးအများစုက အကလေ့ကျင့်ဖို့ လွယ်ကူပေမယ့် မဆန်းချေအတွက်တော့ တခြားလူတွေထက် စိန်ခေါ်မှု တွေရှိနေပါတယ်။ အဲဒီစိန်ခေါ်မှုက မဆန်းချေမှာ ဘယ်ဖက်ခြေထောက်တဖက် မသန်စွမ်းတဲ့အတွက် ဖြစ်ပါတယ်။
မဆန်းချေမှာ မွေးရာပါ ခြေထောက်နှစ်ဖက်လုံးပါခဲ့ပေမယ့် ဘယ်ဖက်ခြေထောက် တစ်ဖက်ကတော့ ခြေထောက်မှာ အသားပိုပါတဲ့အတွက် သူ့အသက် ၈နှစ်အရွယ်မှာ မြောက်ဦးမြို့နယ်ဆေးရုံမှာ ပေါင်လယ်ကနေ ဖြတ်ထုတ်ခဲ့ရတယ်လို့ မဆန်းချေရဲ့ မိခင်ဖြစ်သူ ဒေါ်နှင်းနုက ပြောပြပါတယ်။
“အဲ့ဒီအသားလုံးက ကြီးလာတော့ သမီးလေးက နာတယ်ဆိုပြီး ခဏခဏပြောလို့ ဆေးရုံပြတာ ဖြတ်လိုက် ရတယ်။ မိခင်တစ်ယောက်အနေနဲ့ အရမ်းစိတ်မကောင်းဖြစ်ရတယ်။ ဒါပေမယ့် ကျမသမီးကတော့ ခုအရွယ်ထိ လုံးဝ စိတ်ဓာတ်ကျတာ မတွေ့ရသေးဘူး။”လို့ ဆိုပါတယ်။
မဆန်းချေဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စတုတ္ထတန်းအရွယ် အသက် ၁၀ နှစ်တုန်းက ကျောင်းရဲ့စုံ ညီပွဲတော်မှာ တခြားအတန်းဖော်တွေနဲ့တန်းတူ စင်ပေါ်မှာ တက်တက်ကြွကြွနဲ့ စည်းချက်ညီညီ ကပြနိုင်ခဲ့တာကြောင့် ကပွဲကိုကြည့်ရှုနေတဲ့ လူတွေအပြင် ဆိုရှယ်မီဒီယာမှာလည်း ကြည့်ရှုသူများ ခဲ့တဲ့အတွက် လူတွေရဲ့ချီူးကျူးမှုနဲ့ စိတ်ဝင် စားမှုကိုလည်း ရခဲ့တယ်လို့ မိခင်က ပြောပါတယ်။
သူမဟာ အထက တိန်ညိုကျောင်းမှာ ပညာသင်ကြားနေတာဖြစ်ပြီးတော့ ကျောင်းရဲ့ကပွဲတိုင်းမှာ နှစ်စဉ်လိုလို ကဖြစ် သလို သူရဲ့အတန်းဖော် ယောကျ်ားလေးတွေနဲ့ အငယ်တန်းလေးတွေကိုလည်း အကပြန်သင်ပေးတယ်လို့ မဆန်းချေက ဆိုပါတယ်။
“ကျောင်းပွဲတွေဆိုညီမက တခြားလူတွေနဲ့ တန်းတူကနိုင်တယ်။ ယောကျ်ားလေးတွေရော မိန်းကလေးတွေရော ညီမ သင်ပေးတယ်။ ညီမကအကကို အင်တာနက်ပေါ်က တွေ့တာနဲ့ လိုက်ကတတ်တယ်။ ဆရာမ တွေလည်း ညီမကိုအား ပေးတယ်။”လို့ ရယ်ရယ်မောမော ပြောပါတယ်။
မသန်စွမ်းတစ်ဦးဖြစ်တဲ့ မဆန်းချေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ ရခိုင်မှာဖြစ်ပွားခဲ့တဲ့ တကျော့ပြန် တိုက်ပွဲကာလ တလျှောက်မှာ သူ့ကို ကူညီထောက်ပံ့ပေးကြတဲ့ အဖွဲ့အစည်းတွေဟာ အဆက်သွယ်ပြတ် သွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ လူမှုကူညီရေးအဖွဲ့ အစည်းတွေနဲ့ ထောက်ပံ့ပေးနေတဲ့ INGO/NGO အဖွဲ့အစည်း တွေ သွားလာခွင့် ကန့်သတ်ခံရတဲ့နောက် မသန်စွမ်းတွေကို ထောက်ပံ့မှုပေးတဲ့ အဖွဲ့အစည်းတွေလည်း အရောက် အပေါက် နည်းသွားခဲ့ပါတယ်။
“ ညီမကို အရင်ကဆို မုန့်လေးတွေ၊ လိုအပ်တာလေးတွေ လာပေးကြတဲ့ အဖွဲ့တွေရှိပါတယ်။ ICRCက ခြေအတု တပ်ပေး တယ်။ နိုင်ငံရေးမငြိမ်မသက်တာကြောင့် အဲ့အဖွဲ့တွေလည်း မလာကြတော့တာ တစ်နှစ်နီးပါးလောက် ရှိပါပြီ။ ညီမမှာအခု စတီးချိုင်းညှပ်လေးနဲ့ သွားလာနေပါတယ်။”လို့ပြောပါတယ်။
ကျေးလက်တောရွာမှာ နေထိုင်တဲ့ မသန်စွမ်းတယောက်ဖြစ်ပေမယ့် မဆန်းချေဟာ ပတ်ဝန်းကျင်ကောင်းကို ရထားတဲ့ သူဖြစ်ပါတယ်။ ဆယ်ကျော်သက်အပျိုဖော်ဝင်အရွယ် မဆန်းချေဟာ သူဖြစ်သန်းလာတဲ့ ကာလတလျှောက်လုံး သူ့အပေါ် ခွဲခြားဆက်ဆံတာ မရှိသလို သူကိုယ်တိုင်ကလည်း ကျားမရင်ဘောင်တန်းပြီး အရာရာကို ကြိုးစားပိုင်ခွင့်ရှိတယ်လို့ ခံယူထားကြောင်း ခိုင်မာတဲ့ သန္နိဌာန်နဲ့ ပြောပါတယ်။
“ညီမကို အားလုံးကချီးကျူးကြတယ်။ ညီမကသူများနဲ့မတူပေမယ့် သိမ်ငယ်စိတ်မရှိဘူး။ လောကမှာ ယောကျ်ားလေး တွေ လုပ်နိုင်တဲ့အရာကိုလည်း အမျိုးသမီးတွေလည်း လုပ်နိုင်တယ်ဆိုတာကို ညီမခံယူထား တယ်။”လို့ ဆိုပါတယ်။
မဆန်းချေဟာ ခြေတဖက်မသန်စွမ်းပေမယ့် အခြားသူတွေကို အားကိုးပြီး အသက်ရှင်နေထိုင်နေတာမဟုတ်ဘဲ သူ့အစွမ်း အစနဲ့သူ ရပ်တည်နိုင်အောင် ကြိုးစားနေတဲ့သူပါ။ သူဟာစက်ဘီးလည်း ကောင်းကောင်းစီးတတ်သလို ဘက်ထရီ ဆိုင်ကယ်ကိုလည်း ကောင်းကောင်းစီးတတ်တယ်လို့ မိခင်ဖြစ်သူ ဒေါ်နှင်းနုက ပြောပါတယ်။
သမီးရဲ့ဝါသနာပါတဲ့အကပညာကို တစ်မိသားစုလုံးက အားပေးသလို သူရဲ့ကြိုးစားအားထုတ်မှုကိုလည်း ချီးကျူးမိတယ် လို့ ဒေါ်နှင်းနုက ဆက်ပြောပါတယ်။
မဆန်းချေဟာ မွေးချင်း ငါးဦးထဲမှာ အငယ်ဆုံး သမီးဖြစ်တဲ့အတွက် မိဘတွေအနေနဲ့ ငွေကြေးမပြည့်စုံပေမယ့် သူ့သမီးလေး အတွက် တတ်စွမ်းသလောက် ဖြည့်ဆည်းပေးတယ်လို့ ဒေါ်နှင်းနုကဆိုပါတယ်။
“ငွေကြေးမပြည့်စုံပေမယ် သမီးလေးအတွက်ဆို ဘာမဆို ထောက်ပံ့ပေးနိုင်အောင် ကြိုးစားတယ်။ သူ့ကိုပညာတတ် ကြီး လည်း ဖြစ်စေချင်တယ်။ သူဝါသနာပါတဲ့ အကကိုလည်း အမေတစ်ယောက်အနေနဲ့ အားပေးတယ်။ သူဘာပဲဖြစ်ချင် ဖြစ်ချင် အမေက ပေါက်ပေါက်မြောက်မြောက်ဖြစ်စေချင်တယ်။”လို့ မိခင်တစ်ယောက်ရဲ့ ဆန္ဒကို ပြောပြပါတယ်။
မဆန်းချေဟာ သူဝါသနာပါတဲ့ အကပညာနဲ့အဆိုဂီတကို သူ့ဘဝအတွက် ရေရှည်လုပ်ကိုင်ချင်ပေမယ့် အသက်မွေး ဝမ်းကြောင်း ဝမ်းရေးအတွက်လည်း ထည့်တွက်ရမယ်လို့ ပြောပါတယ်။
“ ဖြစ်နိုင်ခဲ့ရင် ဒီအကနဲ့ပဲ တစ်သက်လုံး အောင်မြင်အောင် လုပ်ချင်တယ်။ ဒါပေမယ့် ဝါသနာက ဝမ်းရေးထက် မခက်ပါ ဘူးလေ။”လို့ သူကဆိုပါတယ်။
မသန်စွမ်းတစ်ဦးဖြစ်တဲ့ မဆန်းချေအတွက် ရခိုင်ပြည်နယ် မသန်စွမ်းသူများအစည်းအရုံးက တတ်နိုင်သလောက် ကူညီ ထောက်ပံ့မှုတွေ ပြုလုပ်ပေးချင်ပေမယ့် စစ်ရှောင်တွေကို ဦးစားပေးနေ ရတာကြောင့် ရွာမှာနေထိုင်တဲ့ မဆန်းချေအတွက် လောလောဆယ် ထောက်ပံ့ပေးဖို့ စီမံကိန်းမှာ မပါသေးဘူးလို့ ရခိုင်ပြည်နယ် မသန်စွမ်းသူများအစည်းအရုံးဥက္ကဌ ဦးလှမြင့်က ပြောပါတယ်။
“ကျနော်တို့က အစိုးရကစီမံကိန်းချပေးတဲ့ ရွာတွေဆိုရင် ထောက်ပံမှုတွေရှိတယ်။ အဓိကအားဖြင့် တိန်ညိုဆိုရင် စစ်ရှောင်တွေအတွက် ဦးစားပေးတဲ့အတွက်ကြောင့် ရွာမှာရှိတဲ့သူ့အတွက် အထောက်အပံ့ပေးဖို့ အခွင့်အရေး မရှိခဲ့ဘူး။”လို့ သူက ပြောပြပါတယ်။
မဆန်းချေဟာ မသန်စွမ်းပေမယ့် မိန်းကလေးတွေနဲ့တောင်မဟုတ်ဘဲ ယောကျ်ားလေးတွေနဲ့ပါ တန်းတူစွမ်းဆောင်နိုင်တဲ့ စွမ်းရည်တွေကြောင့် ဂုဏ်ယူလေးစားမိတယ်လို့ ဦးလှမြင့်က ဆက်ပြောပါတယ်။
“သူ့ကို တစ်ခါသွားတွေ့တုန်းက သူကစိတ်ဓာတ်ခိုင်မာတယ် ဆိုတာတွေ့ရတယ်။ ပြီးတော့ သူကမသန်စွမ်း တစ်ယောက် ဖြစ်ပေမယ့် တခြားလူတွေနဲ့ တန်းတူလုပ်နိုင်တယ်။”လို့ ဦးလှမြင့်က ချီးကျူးပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကွာခြားမှုပေမယ့် မဆန်းချေမှာတော့ ရဲဝံ့တဲ့စိတ်၊ သိမ်ငယ်စိတ် မရှိတဲ့အပြင် ကြိုးစားထက်သန်တဲ့ စိတ်ကိုလည်း တွေ့မြင်ရတယ်လို့ တစ်ရွာတည်းနေသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ကျနော်တို့က အမျိူးသမီးတွေကို အချင်းချင်းကူညီဖေးမရမယ်။ ခုခေတ်မှာ မသန်စွမ်းဆိုပြီး ခွဲခြားတာတွေ တဖြည်းဖြည်းပျောက်ကွယ်သွားပြီ။ သူရဲ့ လုပ်နိုင်စွမ်းကို အမျိုးသားတစ်ယောက်အနေနဲ့ အံ့အားသင့်လောက် အောင် ချီးကျူးမိပါတယ်။” သူက ပြောပါတယ်။
ခြေတဖက် မသန်စွမ်းပေမယ့် မဆန်းချေဟာ သူဝါသနာပါတဲ့ အကကို ဖုန်းထဲက ကြည့်ပြီး လေ့ကျင့်ခဲ့ပြီး တနေ့မှာ အကောင်းဆုံး အကသမားတစ်ယောက်ဖြစ်ချင်တယ်လို့ သူ့ရဲ့ရည်မှန်းချက်ကို ပြောပြပါတယ်။
ကျောင်းကပွဲက စင်မြင့်ပေါ်မှာ ယောကျ်ားလေးတွေကြားမှာ ချိုင်းထောင့်တဖက်နဲ့ အမှားအယွင်းမရှိဘဲ ဟန်ချက်ညီညီ ပြိုင်တူကပြနိုင်တဲ့ မဆန်းချေက သူလက်ခံထားတဲ့အရာကို အခုလိုပြောပြပါတယ်။
“ညီမက ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံတဲ့အတွက်။ ဘယ်တော့မှစိတ်ဓာတ်မကျဘူး။”