မေ။ ။
ခရမ်းနဲ့အဖြူရောင်စပ်ထားတဲ့ ယူနီဖောင်းကို ဝတ်စုံအပြည့်ဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ အိမ်တစ်အိမ်ရဲ့ လက်ဆေး ဘေစင်တစ်ခုထဲမှာ ရှိနေတဲ့ သတ္တဝါတစ်ကောင်ကို စူးစမ်းနေပါတယ်။
ဘေးနားက လူတစ်ချို့က အဆိုပါသတ္တဝါကို ကြောက်ရွံ့တဲ့ပုံတွေနဲ့ ဘေစင်နားက ဝေးဝေးနေသလောက် အမျိုးသမီးက ရဲဝင့်စွာနဲ့ သူလုပ်စရာရှိတာကို လုပ်ကိုင်ပါတော့တယ်။
ဘေစင်ပိုက်ထဲမှာရှိနေတာကတော့ ငန်းဇောင်းမြွေတစ်ကောင်ပါ။ အမျိုးသမီးကတော့ အဆိုပါ မြွေကိုကြောက်ရွံ့ခြင်းလည်း မရှိသလို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်တာမျိုးလည်း မလုပ်ပါဘူး။ အိမ်မွေးတိရစ္ဆာန်ခွေးလေး၊ ကြောင်လေးတွေကို သခင်က ကြင်ကြင်နာနာရှိသလို အမျိုးသမီးဟာလည်း မြွေအပေါ်မှာ နူးညံ့ကြင်နာစွာရှိလှတယ်။
ထို့နောက် အမျိုးသမီးဟာ ဘေစင်ပိုက်ထဲကမြွေကို ကျွမ်းကျင်စွာကိုင်တွယ်ပြီး တောင်းတစ်ခုထဲကိုထည့်လိုက်ပါတော့တယ်။ ဒီတော့မှ ဘေးနားက လူတချို့လည်း စိတ်ချမ်းသာရာရသွားသလို မြွေလည်းအသက်ဘေးအန္တရာယ်က ကင်းလွတ်သွားပါတော့ တယ်။
မြွေလို့ပြောလိုက်ရင် လူတော်တော်များများကကြောက်ရွံ့တတ်ကြပြီး ဖမ်းဆီးကယ်ဆယ်ဖို့မပြောနဲ့ အနားကပ်ဖို့တောင် မဝံ့ရဲ ကြပါဘူး။
ဒီလိုမြွေတွေကိုမကြောက်မရွံ့နဲ့ လက်ပွန်းတတီးရှိသူ အမျိုးသမီးကတော့ ရွှေမေတ္တာလူမှုကူညီရေးအသင်းဥက္ကဌတစ်ဦးဖြစ်တဲ့ မရွှေလဲ့ပါ။ မြွေတွေကိုကယ်ဆယ်တဲ့ပရဟိတအလုပ်ကို လုပ်ကိုင်နေတဲ့မရွှေလဲ့ကို အများကမြွေသမီးသမီးလို့လည်းချစ်စနိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။
ဘယ်အိမ်ထဲမှာမြွေဝင်နေပြီလို့အသင်းကို အကြောင်းကြားတာနဲ့မရွှေလဲ့တစ်ယောက်လိုအပ်တာတွေပြင်ဆင်ပြီး အသင်းသား တွေနဲ့အတူ မြွေကယ်ဆယ်ရေးခရီးနှင်ပါတယ်။
မရွှေလဲ့ဟာ မြွေတွေအပေါ်မှာလည်း ကြင်နာယုယစွာကိုင်တွယ်သလို သူရဲ့နှုတ်ကနေလည်းမြွေတွေကို “ကလေး”တွေလို့ သာသုံးနှုန်းတတ်ပါသေးတယ်။
လက်ရှိအချိန်မှာ မြွေကယ်ဆယ်တဲ့ပရဟိတလုပ်ငန်းကိုဆောင်ရွက်နေတဲ့ မရွှေလဲ့တစ်ယောက် ငယ်ငယ်ကတည်းက မြွေတွေနဲ့ ပတ်သက်ပြီး စိတ်မသက်မသာခံစားချက်တွေရှိခဲ့ဖူးတာပါ။
“ ဘုရားသွားတိုင်း ဒီမြွေတွေဘာလို့ထောင်ကျတာလည်းတွေးမိတာပါပဲ။ ဘုရားကပြန်လာလို့မြွေတွေ့ခဲ့တိုင်း အဲ့မြွေကိုပိုက်ဆံ တွေနဲ့ပုတ်လိုက်၊ ကိုင်လိုက်၊ ရှိခိုးလိုက်လုပ်တာမြင်တိုင်း စိတ်မသက်မသာဖြစ်ခဲ့ရတာ ခဏခဏပါပဲ။ ”လို့မရွှေလဲ့က ရေရွတ် ပါတယ်။
အသက်အရွယ်တစ်ခု ရောက်တဲ့အခါမှာတော့ မရွှေလဲ့ဟာငယ်စဉ်ကရှိခဲ့တဲ့ မြွေတွေနဲ့ပတ်သက်ပြီး စိတ်မသက်မသာဖြစ်ခဲ့ရတဲ့ ခံစားချက်ကို သက်သာအောင် လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အကြောင်းဖန်လာခဲ့တယ်။
ပရဟိတလုပ်ငန်းတွေကို ငယ်စဉ်ကတည်းကစိတ်ဝင်စားခဲ့တဲ့ မရွှေလဲ့ဟာ၂၀၁၂ခုနှစ်လောက်ကတည်းကစပြီး ပရဟိတ လုပ်ငန်းတွေ စတင်လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ ရန်ကုန်တိုင်းသဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းနည်းပြ၊ တပ်စုမှူး မြန်မာနိုင်ငံကြက်ခြေနီသူနာပြုအဖြစ် ဆောင်ရွက်ခဲ့တယ်။
“ ကိုယ့်ဘေးက တစ်ယောက်ယောက်ကိုစစ်မှန်စွာပျော်ရွှင်စေတယ်။ ကိုယ့်ကူညီမှုကြောင့် သူတို့အဆင်ပြေပျော်ရွှင်သွားတယ် ဆိုရင်ဒါဟာပရဟိတပါပဲ။”လို့မရွှေလဲ့ကသူ့ခံယူချက်ကိုပြောပါတယ်။
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းနည်းပြအဖြစ်တာဝန်ထမ်းဆောင်တဲ့အခါမှာ မြွေတွေကဂေဟစနစ်အတွက် အရေးပါပုံကိုသိရှိပြီး မြွေကယ်ဆယ်တဲ့ပရဟိတလုပ်ငန်းကိုဆောင်ရွက်ဖြစ်ခဲ့တယ်။
မြွေကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး မရမ်းကုန်းမီးသတ်က ကိုတိုးကြီး၊ရန်ကုန်တိရိစ္ဆာန်ရုံက မြွေဆရာကြီးဦးစိန်တင်နဲ့ တခြား မြွေဆရာတွေက မရွှေလဲ့ရဲ့ သင်ဆရာ၊မြင်ဆရာတွေဖြစ်တယ်။
မရွှေလဲ့ရဲ့ ပထမဆုံးမြွေကယ်တဲ့အတွေ့အကြုံကတော့ မြွေဟောက်သေးသေးလေးကိုသွားဖယ်ရှားပေးရတာပါ။
“မြွေဟောက်လေးကိုအကြာကြီးရှာခဲ့ပြီးမှ အိပ်ရာနားလေးမှာတွေ့ရပြီးဖယ်ပေးနိုင်ခဲ့တယ်။ အိမ်ရှင်ရဲ့မြွေကြောင့်ဖြစ်ပေါ်ရတဲ့ စိတ်မလုံခြုံမှုခံစားရတာကို ကူညီပေးနိုင်တဲ့အတွက်ပျော်ပါတယ်။” လို့ မရွှေလဲ့ကသူ့အတွေ့အကြုံကိုပြောပါတယ်။
မရွှေလဲ့တို့အနေနဲ့ မြွေတွေကိုကယ်ဆယ်ပြီးတဲ့အခါမှာလည်း မြွေတွေဆက်လက်ရှင်သန်နိုင်ဖို့အတွက်စီမံရပါတယ်။ ကယ် ဆယ်လာတဲ့မြွေတွေကို နေရာတစ်ခုမှာ စနစ်တကျထိန်းသိမ်းတာ၊ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ရပါတယ်။
အဲ့ဒီနောက်မှာတော့ လူသူဝေးပြီး မြွေတွေရှင်သန်နိုင်မယ့်ဘေးမဲ့တောတွေမှာ သွားလွှတ်ပါတယ်။ သွားလွှတ်တဲ့အခါမှာလည်း မြွေတွေရဲ့ကျန်းမာရေး၊သူတို့နဲ့ကိုက်ညီတဲ့ရေမြေသဘာဝစတဲ့နေရာတွေကို ရွေးချယ်ရတာ၊သစ်တောဦးစီးဌာနရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ ခွင့်ပြုချက်ရဖို့စတာတွေ အဆင်ဆင့်စီမံရပါတယ်။
“ အများပြည်သူ စိတ်အနှောင့်အယှက်မဖြစ်စေဘူး။ သူတို့လည်းဘေးလွတ်ရာမှာ သဘာဝအတိုင်း ကျင်လည်ကျက်စား နိုင်တယ်ဆိုရင် ဒါကကောင်းတဲ့အလုပ်ဖြစ်တာမို့ပျော်ရပါတယ်။”လို့မရွှေလဲ့ကသူ့ခံယူချက်ကိုပြောတယ်။
မရွှေလဲ့တစ်ယောက်မြွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အခက်အခဲတွေလည်းကြုံတွေ့ခဲ့ရတယ်။
မြွေတွေကို ကယ်ရတဲ့အခါ လူနေအိမ်တွေကမြွေတွေကိုကယ်ဆယ်ရသလို ဘုရားတွေ၊ဘုန်းကြီးကျောင်းတွေမှာ ထားရှိတဲ့ မြွေတွေကိုကူညီရတာတွေလည်း ရှိတယ်။
အိမ်တွေမှာ ဝင်ရောက်တဲ့မြွေတွေကို ကူညီဖယ်ရှားပေးရတာအခက်အခဲမရှိပေမယ့် ဘုရားစေတီတွေမှာအယူအဆလွဲမှားစွာ ကိုးကွယ်ထားတဲ့ မြွေတွေကိုပြန်လည်တောင်းယူအလှူခံတဲ့နေရာမှာတော့ အခက်အခဲတွေများလှပါတယ်။
ဘုရားစေတီတွေမှာရှိနေကြတဲ့ မြွေတွေကိုသွားရောက်ကူညီတဲ့အခါ ချက်ချင်းလွှတ်ပေးလို့မရတာ၊လွှတ်ပေးလို့ မဖြစ်နိုင် တော့တဲ့အခြေအနေတွေလည်းရှိပါတယ်။
ဘုရားစေတီတွေမှာ အကြာကြီးရှိနေကြတဲ့မြွေတွေမှာ ရောဂါပိုးမွှားတွေရှိနေရင် သဘာဝထဲမှာရှိနေတဲ့မြွေတွေကို ကူးစက် သွားမှာစိုးတဲ့အတွက် သတိပြုပြီးလွှတ်ပေးလို့ရမှသာ လွှတ်ပေးကြရတယ်လို့မရွှေလဲ့ကပြောပါတယ်။
မလွှတ်ပေးနိုင်တဲ့မြွေတွေကို သဘာဝနဲ့အနီးစပ်ဆုံးတူညီတဲ့အသွင်အပြင်၊ နေရာထိုင်ခင်းမျိုးပြန်လည်ပြင်ဆင်ပေးရတွေလည်း ရှိ ပါတယ်။
အစားအစာအနေနဲ့လည်း မြွေတွေကို နွားနို့မတိုက်သင့်ဘဲ သူတို့နဲ့သင့်တင့်တဲ့အစာကို သဘာဝအတိုင်းစားနိုင်ဖို့လေ့ကျင့်ပေး နိုင်ရင် အကောင်းဆုံးလို့ မရွှေလဲ့ကဆိုပါတယ်။
မြေမျိုးစိတ် (၁၉၄)မျိုးမှာ အဆိပ်ရှိတဲ့မြွေက ၁၅ရာခိုင်နှုန်းပဲ ရှိတာကိုလူတွေမသိတဲ့အတွက် မြွေမြင်တာနဲ့ရိုက်သတ်တာ၊ စပါးအုန်းမြင်တာနဲ့ ဘုရားစေတီတွေမှာ ပိတ်လှောင်ကိုးကွယ်တာတွေက မဖြစ်သင့်ဘူးလို့ မရွှေလဲ့ကဆိုပါတယ်။
လက်ရှိအချိန်အထိ အဖွဲ့လိုက်အနေနဲ့ မြွေအကောင်ရေ ရှစ်ရာကျော်ကယ်ဆယ်နိုင်ခဲ့ပြီး မရွှေလဲ့တစ်ဦးထဲအနေနဲ့တော့ အကောင်တစ်ရာကျော် ကယ်ဆယ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း မြွေတွေနဲ့တွေ့တဲ့အခါလိုက်နာသင့်တာတွေကို အခုလိုကြံပြုပါတယ်။
“အဆိပ်ပြင်းမြွေတွေ့တဲ့အခါမြွေကိုသတ်ဖို့ကြိုးစားရင် မြွေကပြန်ခုခံတဲ့အတွက် မြွေကိုက်ခံရနိုင်ခြေပိုများပြီး လူ့အသက် အန္တရာယ်ပိုရှိပါတယ်။ ဒါကြောင့်ပြည်သူတွေကို မြွေနဲ့တွေ့ရင်သူတို့နဲ့ဝေးရာမှာနေပြီး ကျွမ်းကျင်သူကိုခေါ်ပြီး နေရာရွှေ့ခိုင်း တာက အန္တရာယ်အကင်းဆုံးဖြစ်တယ်။”လို့ သူကဆိုပါတယ်။
မရွှေလဲ့ဟာ လူမှုကူညီရေးအသင်း ဥက္ကဌအနေနဲ့လည်း တာဝန်ယူထားတဲ့အတွက် အသင်းရဲ့တာဝန်တွေအပြည့်ပါပဲ။
ကူညီရသူတွေအတွက်သာမက အသင်းသားတွေရဲ့တာဝန်၊ အသင်းသားတွေကူညီမှုတွေကောင်းမွန်စွာဆောင်ရွက်နိုင်ဖို့၊ အသင်းရေရှည်လည်ပတ်နိုင်ဖို့၊နေ့စဉ်အခမဲ့ကူညီနေရတဲ့ လူနာတင်ယာဉ်၊စက်သုံးဆီအပါအဝင် အသင်းလည်ပတ်နိုင် ကူညီ နိုင်ဖို့ စတာတွေ အတွက်လည်း ကြိုးစားရပါတယ်။
မရွှေလဲ့အနေနဲ့ကတော့ ပရဟိတလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ အမျိုးသားပရဟတိသမားတွေကူညီနိုင်တာကို အမျိုး သမီး ပရဟိတသမားတွေကူညီနိုင်ဖို့ တူညီတဲ့နည်းစနစ်တွေနဲ့လေ့ကျင့်သင်ကြားခဲ့ရတဲ့အတွက် အခက်အခဲတစ်စုံတရာ မရှိဘူး လို့ ဆိုပါတယ်။
“ အစပိုင်းမှာတော့ လူနာကူတာမိန်းကလေးတွေလား၊ ယောကျာ်းလေးမပါဘူးလား မေးခွန်းတွေကြုံရဖူးပေမယ့် ကျွန်မတို့ ကူညီမှုကိုမြင်ဖူးသူတိုင်း ဒီမေးခွန်းတွေထပ်မရှိဘူး။” လို့ မရွှေလဲ့က ပြောပါတယ်။
နွမ်းပါးတဲ့သူတွေကိုကူညီပေးချင်သူ၊ လမ်းဘေးစွန့်ပစ်ခံခိုကိုးရာမဲ့သူတွေ၊တောင်းစားရသူတွေကို အဆင်ပြေအောင် စီမံပေး ချင်ခဲ့တာ၊ မသန်စွမ်း၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင် ၊ ခိုကိုးရာမဲ့ဘိုးဘွားတွေနဲ့ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ တိရစ္ဆာန်တွေကို ကူညီချင်တာ မရွှေလဲ့ရဲ့ငယ်ဘဝအိပ်မက်ပါပဲ။
လက်ရှိမှာလည်း ငယ်ဘဝအိပ်မက်တွေအတိုင်း မရွှေလဲ့တစ်ယောက် ပရဟိတလုပ်ငန်းတွေကိုဆောင်ရွက်နေနိုင်ခဲ့ပါပြီ။
ရှေ့ဆက်ပြီးလည်း ရင်ခွင့်မဲ့ကလေးငယ်တွေ၊ခိုကိုးရာမဲ့စွန့်ပစ်ဘိုးဘွားတွေ၊တိရစ္ဆာန်တွေနဲ့ အကူအညီလိုအပ်သူတွေကို တတ် နိုင်သလောက် ကူညီသွားမယ်လို့ဆိုပါတယ်။
“ ဘုရားမြွေတွေအားလုံး ပြန်လွှတ်ပေးချင်တာကတော့ ကိုယ့်ရဲ့အရမ်းအောင်မြင်ချင်တဲ့ ငယ်ငယ်ကတည်းကအိပ်မက်ပါ။ ဘုရားစေတီတွေနားမှာ ဘယ်သတ္တဝါတွေရဲ့ငရဲမှ ဖြစ်မနေသင့်ပါဘူး။ သူ့သဘာဝကသာအသင့်တော်ဆုံးနေရာပါ။”လို့ မရွှေလဲ့ က ဆိုပါတယ်။
မြန်မာနိုင်ငံအရပ်ရပ်က ဘုရားစေတီတွေမှာရှိတဲ့ မြွေတွေအတွက်လိုအပ်တာကူညီဖို့လည်း မရွှေလဲ့တစ်ယောက် အမြဲအသင့် ရှိနေပါတယ်။
ဘုရားစေတီတွေမှာရှိတဲ့မြွေတွေကို ပြန်မလွှတ်ပေးနိုင်ရင်တောင် အသစ်တွေထပ်မလှောင်တော့ဖို့နဲ့ ဖြစ်နိုင်ရင်တော့ တတ် ကျွမ်းနားလည်သူတွေနဲ့တိုင်ပင်ပြီး သဘာဝထဲကိုပြန်လွှတ်ပေးတာ၊ လှောင်ထားချိန်မှာလည်း မြွေတွေကိုအဆင်ပြေအောင် ထားပေးတာမျိုးလုပ်ပေးဖို့နဲ့ သူ့သဘာဝမဟုတ်တဲအစားအစာတွေကို အလွန်အကျွံမကျွေးဖို့ မရွှေလဲ့ကအကြံပြုပါတယ်။
မြွေတွေဘယ်နေရာမှာဘယ်လိုအဆင်မပြေဘူးဆိုတဲ့အကြောင်းကြားတာနဲ့ ဘယ်လောက်ဝေးတဲ့နေရာဖြစ်ဖြစ် မရွှေလဲ့တစ် ယောက် မမောနိုင် မပန်းနိုင်နဲ့ မြွေတွေကို ကယ်ဆယ်ဖို့ဆက်လက်ခရီးနှင်နေဦးမှာပါပဲ။