Home သတင်း ‘တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ’

‘တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ’

မတ် ၃ မှ ဧပြီ ၉ အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို Hi က စုစည်းဖော်ပြ ပေးလိုက်ရပါတယ်။

  • ခရမ်းမြို့နယ်တွင် အမျိုးသမီးများအပါအဝင် လူငယ်၁၀ဦးထက်မနည်းကို စစ်တပ်ကဖမ်းဆီး

ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်၊ကံဘဲ့ကျေးရွာမှာ အုပ်ချုပ်ရေးမှူးတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်က အမျိုးသမီးတွေအပါအဝင် လူငယ်၁၀ဦးထက်မနည်းကို ဖမ်းဆီးထားပါတယ်။

ကံဘဲ့ကျေးရွာဘုန်းတော်ကြီးကျောင်းအလှူမှာ မတ်လ ၃၀ ရက်က ဗွီဒီယိုမှတ်တမ်းရိုက်ကူးပေးနေတဲ့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးမျိုးဇော်ဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့အတွက် လူငယ်တွေကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေအနက် အမျိုးသမီးနှစ်ဦးပါဝင်ပြီး အသက်(၂၀)နဲ့(၃၀)ဝန်းကျင်တွေဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါ တယ်။ ဖမ်းဆီးခံထားရတဲ့လူငယ်တွေဟာ ကံဘဲ့ကျေးရွာနဲ့ ဒေးပေါက်ကျေးရွာကလူငယ်တွေဖြစ်ပြီး ဒေးပေါက်ကျေးရွာစာသင် ကျောင်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။

Source – DVB  

  • စစ်တပ်က သတ်ဖြတ်ခဲ့သည့် အပြစ်မဲ့ပြည်သူ ၃,၂၀၀ ခန့်တွင် အမျိုးသမီး ၁၃ ရာခိုင်နှုန်းကျော်ပါဝင်

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး နှစ်နှစ်ကျော် ကာလအတွင်း အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူ ၃,၂၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီး အယောက် ၄၂၀ ကျော် ပါဝင်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

ဒါ့အပြင်တော်လှန်ရေး နှစ်နှစ်ကျော်ကာလအတွင်း  စုစုပေါင်းပြည်သူ ၂၀,၉၄၂ ယောက်ထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၁၇,၀၇၅ ယောက်ကတော့ လက်ရှိအချိန်ထိတိုင်အောင် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ AAPP က ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာတော့ အမျိုးသမီးဦးရေ ၂၀ ဒသမ ၂ ရာခိုင်နှုန်းထိ ပါဝင်နေပြီး ကလေးသူငယ်ဦးရေကတော့ ၂ ဒသမ ၈ ရာခိုင်နှုန်းထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။

Source – DVB

  • ရွှေကျင်တွင် စစ်ကောင်ခန့်မြို့ကောင်စီဝင်နှင့်အပေါင်းပါများက ချိတ်ပိတ်ခံရသည့် အမျိုးသမီးအမတ်ဟောင်းရဲ့ အိမ်ကို ဖောက်ဝင်ပြီး စာရွက်စာတမ်းများခိုးယူကာ နေအိမ်တစ်လုံးရောင်းစား

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှ စစ်ကောင်စီခန့် မြို့နယ်စီမံခန့်ခွဲရေးကောင်စီဝင် ဗိုလ်မှူးတစ်ဦးနဲ့ အပေါင်းအပါနှစ်ဦးက ချိတ်ပိတ် ခံထားရတဲ့ NLD ပါတီ အမတ်ဟောင်း ဒေါ်လှလှဝင်းရဲ့နေအိမ်ကို ဖောက်ထွင်းဝင်ရောက်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ ခိုးယူခဲ့ပါတယ်။

မြို့စီမံကောင်စီဝင်ဗိုလ်မှူးအောင်ချမ်းအောင်၊ တပ်ပြေးဗိုလ်ပြည့်စုံနဲ့ ဇနီးဖြစ်သူ NON-CDM ဆရာမ ဒေါ်ကြော့ကြောမြင့်မိုရ်ဆို သူတွေက အမတ်ဟောင်း ဒေါ်လှလှဝင်းရဲ့နေအိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ဖောက်ထွင်းဝင်ရောက်စဥ် ခိုးယူလာခဲ့သော စာရွက်စာတမ်းတွေအနက် ရွှေကျင်မြို့၊ ကျွဲတဲကွက်သစ်ရှိ ပေ ၄၀ × ၆၀ အကျယ် ရှိတဲ့ မြေကွက်ဝယ်ယူထားတဲ့စာချုပ်ကိုတွေ့ရှိရာမှ အဲ့ဒီမြေနဲ့ တစ်ထပ်တိုက်အဆောက်အအုံတစ်လုံးကို ပိုင်ရှင်တွေ ရှောင်တိမ်း နေစဥ် အခြားသူတစ်ဦးထံ ကျပ်သိန်း ၁၂၀နဲ့ လက်ညှိုးထိုးရောင်းစားခဲ့တယ်လို့ ဒေါ်လှလှဝင်းကပြောပါတယ်။

Source – People’s Spring   

  • အင်းတော်တွင် CDM ဆရာမအပါအဝင် အမျိုးသမီးသုံးဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်

စစ်ကိုင်းတိုင်း ၊ အင်းတော်မြို့နယ်က CDM ဆရာမတစ်ဦးအပါအဝင် အမျိုးသမီးသုံးဦးကို အင်းတော်စစ်ခုံရုံးက အကြမ်းဖက် ပုဒ်မ ၅၀ (ည)၊ ၅၂(က)တို့နဲ့ ဧပြီလ ၃ ရက်နေ့က ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်တယ်လို့ Indaw Revolution – IR ထံက သိရပါတယ်။

တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခံရသူတွေဟာ အသက်၄၀ ကျော်အရွယ် CDM ဆရာမ ဒေါ်သိန်းလှ၊ အရောင်းအဝယ် လုပ်ကိုင်သူ ဒေါ်ခင်ပြည့်ပြည့်ထွန်းနဲ့ ဒေါ်အေးအေးတို့ဖြစ်ပြီး PDFတွေကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့မတ်လ ၅ ရက်နေ့မှာ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီ အမျိုးသမီး သုံးဦးကို ဖမ်းဆီးသွားပြီး တစ်လနီးပါးအကြာမှာပဲ အခုလို တစ်သက်တစ်ကျွန်းထောင်ဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Source  – BBC

  • နိုင်ငံတစ်ဝန်းမှာ မတ်လအတွင်း အမျိုးသမီး ၂၉ ဦးသေဆုံးကာ ၅၈ ဦးဖမ်းဆီးခံရ

မြန်မာနိုင်ငံတစ်ဝန်း ပြီးခဲ့တဲ့မတ်လအတွင်း အမျိုးသမီး ၂၉ ဦး သေဆုံးပြီး ၅၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ (Burmese Women’s Union) က ဧပြီ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

လက်နက်ကိုင်ခုခံမှု ပြင်းထန်တဲ့ စစ်ကိုင်းတိုင်းတစ်ခုတည်းမှာတင် အမျိုးသမီး ၁၇ ဦးသေဆုံးပြီး ၂၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေဟာ စစ်ကိုင်းတိုင်းမှာ ၁၇ ဦး၊ ချင်းပြည်နယ်မှာလေးဦး၊ မကွေးတိုင်းမှာ သုံးဦး၊ မွန်ပြည်နယ်မှာ နှစ်ဦး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းမှာ တစ်ဦးတို့ ဖြစ်ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးတွေကတော့ စစ်ကိုင်းတိုင်းမှာ ၂၄ ဦး၊ တနင်္သာရီတိုင်းမှာ ၁၀ ဦး၊ရန်ကုန်မှာ ရှစ်ဦး၊ဧရာဝတီတိုင်းမှာ လေးဦး၊ ကချင်ပြည်နယ်နဲ့မကွေးတိုင်းမှာ သုံးဦး၊ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ပဲခူးတိုင်းမှာ နှစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါ တယ်။

စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းက အမျိုး သမီး ၇၈၅ ဦး ပြစ်ဒဏ်ချမှတ် ခံထားရပြီး ၄၅၈ ဦး သေဆုံးကာ ၃,၃၀၇ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

Source – RFA

  • ရာဇဝတ်မှုနှင့် လိင်ပိုင်းဆိုင်ရာပြစ်မှုများကို PDFများပါ ကျူးလွန်နေ

စစ်ကိုင်းနဲ့မကွေးတိုင်းရှိ ခရိုင်ငါးခုမှာ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေသာမက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပါ ကျူးလွန်မှုတွေရှိနေတယ်လို့ ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေး အဖွဲ့ (PMCSG) ကထုတ်ပြန်ခဲ့တဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်တမ်းကို ၂၀၂၂ ၊ ဩဂုတ် ၁ရက်မှ ၂၀၂၃ခုနှစ် ဇန်နဝါရီ ၃၀ ရက်အထိ ခြောက်လတာကာလအတွင်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ကျူးလွန်ထားတဲ့အမှုတွေကို ကောက်ယူထားတာဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်သူ တွေ နေ့စဉ်ကြုံတွေ့ခံစားနေရတဲ့ မတရားခံရမှုတွေကို မှတ်တမ်းတင်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတပ်ဖွဲ့တွေ၊ ပျူစောထီး၊ ပြည်သူ့စစ်တွေကျူးလွန်တဲ့အမှု ၄၂၀ ရှိပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ကျူးလွန်တဲ့အမှုပေါင်း ၁၃၈ခုရှိတဲ့အပြင် အခြားအမည်မသိ အဖွဲ့အစည်းတွေ ကျူးလွန်မှု တွေလည်းရှိသေးတယ်လို့ အဲ့ဒီစစ်တမ်းမှာ ရေးသားထားပါတယ်။

ဒါ့အပြင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြစ်စဥ် ၉၉ မှုရှိပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ကျူးလွန်တဲ့ လိင်ပိုင်း ဆိုင်ရာအမှု ၁၀ မှုခန့်ကို ဝန်ကြီးဌာနထံ တိုင်ကြားထားတယ်လို့ NUG အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။

Source – သံလွင်ခက်

  • ဖက်ဒရယ်ကျောင်း ဦးဆောင်သူနှင့် ဆရာ၊ ဆရာမ ၁၄ ဦး အဖမ်းခံရ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ Federal School of Aung Myay Thar Zan ကို ဦးဆောင်နေသူ အပါအဝင် ဆရာ၊ ဆရာမ ၁၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

ဆရာ၊ဆရာမတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ကာ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားပေးနေခြင်း ဖြစ်တယ်လို့ စစ်ကောင်စီက ဧပြီ ၄ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ Federal School of Aung Myay Thar Zan ကို ဦးဆောင်သူ ဒေါ်အိရွှေစင်မြင့်ကို မတ်လ ၂၂ ရက်နေ့ည ၁၁နာရီခွဲခန့်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဒေါ်အိရွှေစင်မြင့်ဖမ်းဆီးခံရပြီးနောက် CDM ဆရာ၊ ဆရာမ ၁၄ ဦးကို ထပ်မံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးထားတဲ့ ဆရာ၊ ဆရာမ ၁၅ ဦးကို ဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး ငွေကြေးထောက်ပံ့မှုတွေနဲ့ ပူးပေါင်းဆောင်ရွက် နေသူတွေကိုလည်း ဖော်ထုတ်ဖမ်းဆီး အရေးယူသွားမယ်လို့ဆိုပါတယ်။

Source – သံလွင်ခက်

  • သံတောင်ကြီးမြို့နယ်တွင် လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊တပ်မဟာ(၂)နယ်မြေအတွင်းကို စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျ ရောက်ခဲ့တဲ့အတွက် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဧပြီလ ၆ ရက်နေ့ညပိုင်းက သံတောင်မြို့ (၇)မိုင် စစ်ကောင်စီတပ်စခန်းမှ ၁၂၀ မမအမျိုးအစား လက်နက်ကြီးကျည် လေးလုံး ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်တဲ့အတွက် အသက် ၆၂ အရွယ်အမျိုးသမီးတစ်ဦးသေဆုံးကာ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးမျက်နှာပျက်စီးခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့သိရပါတယ်။  

ဒါ့အပြင် အသက်၄၄နှစ်အရွယ်အမျိုးသမီးတစ်ဦးရဲ့ ပေါင်နဲ့လက်၊ အသက်၂၂အရွယ်အမျိုးသမီးတစ်ဦးရဲ့ လက်နဲ့ဆီးအိမ်၊ အသက် ၁၀နှစ်အရွယ် ကလေးတစ်ဦးရဲ့ ခြေထောက်၊လက်နဲ့ကျောပြင်၊အသက် ၂၄နှစ်အရွယ်အမျိုးသားရဲ့ လက်၊ ရင်အုံအသီး သီးဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့ ရွာကြီးကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းမှာ အဲ့ဒီညက ပဿခါပွဲကျင်းပနေကြ တဲ့အပြင် အီစတာပွဲအတွက် ပြင်ဆင်နေကြတဲ့အတွက်သီချင်းများ ဖွင့်ကြပြီး စစ်ကောင်စီတပ်ဟာ သီချင်းသံတွေကြားရတဲ့ အတွက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးဆီက သိရပါတယ်။

Source – Mizzima    

  • သပိတ်ကျင်းနယ်တွင် စစ်ကောင်စီတပ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်​ရဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်၆၀ခန့် အရပ်သားအမျိုး သမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တကောင်းက ထုတ်ပြန်ပါတယ်။

ထီးချိုင့်မှ မန္တလေးမြို့ဘက်ကို မောင်းနှင်လာတဲ့ အင်အား၈၀ကျော်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ဧပြီ၅ရက်နေ့က အရုဏ်ဦး ရွာအနီးလမ်းပိုင်းမှာ သပိတ်ကျင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့က ရမ်းသမ်းပစ်ခတ်တာကြောင့် နေအိမ်မှာထမင်းချက်နေတဲ့ အသက်၆၀ခန့် အမျိုးသမီးတစ်ဦး လည်ပင်းကျည်ထိမှန်ကာ နေရာ မှာပဲပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။

Source – Mizzima

  • ပုလဲမှာ စစ်ရှောင်စခန်းနဲ့ ရွာတစ်ရွာကို စစ်ကောင်စီမီးရှို့၊ အမျိုးသမီးကြီးတစ်ဦး မီးလောင်သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ချောင်းနားတောတိုက်က စစ်ရှောင်စခန်းနဲ့ နောကန်ရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ဧပြီလ ပထမပတ်အတွင်းမှာ မီးရှို့ခဲ့တဲ့အတွက် လူနေအိမ်ခြေ ၁၀၀ ကျော် မီးလောင်ပြီး  လေဖြတ်လို့ထွက်မပြေးနိုင်ဘဲ အိမ်ထဲမှာ ကျန်ခဲ့တဲ့ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့ပါတယ်။

မှော်ဘီမြို့နယ်၊ ဖူးကြီးအခြေစိုက် ခမရ ၇၀၄ က စစ်သားတွေဟာ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရွာမှာ တပ်စွဲထားပြီး ဧပြီလ ၂ ရက်မှာ ပုလဲမြို့နယ်၊ နှောကန်ကျေးရွာက အိမ်ခြေ ၁၁၄ လုံးကို မီးရှို့ခဲ့သလို ဧပြီလ ၆ ရက်မှာလည်း ပုလဲမြို့နယ်ထဲက ချောင်းနား တောတိုက်မှာရှိတဲ့ စစ်ရှောင်တဲငါးလုံးကိုလည်း မီးရှို့ခဲ့တယ်လို့ ပုလဲမြို့နယ်(ပကဖ)မှ သတင်းနဲ့ထောက်လှမ်းရေးတပ်တာဝန်ခံ ကိုလွင်ကြီးက ဆိုပါတယ်။

မီးရှို့ခံလိုက်ရတဲ့ နှောကန်ကျေးရွာမှာ ဒေသခံ ၅၇၆ ဦး အိုးအိမ်မဲ့ဖြစ်ပြီး လျှပ်စစ်မီတာဘောက် ၅၂ လုံး ဆုံးရှုံးကာ ဓာတ်မီးတိုင် သုံးတိုင်လည်း ပျက်စီးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Source – မြေလတ်အသံ 

Author:

Related Articles