နွေဦးမောင်။ ။
“စစ်ကြောင်းတွေလာပြီ၊ စစ်ကြောင်းတွေလာပြီ” ဟူသော အော်ဟစ်သံများကို မအင်ကြင်းတစ်ယောက် ပုန်းခိုရာနေရာမှ အတိုင်းသား ကြားနေရသည်။ သူ့ရင်တွေ တဒိတ်ဒိတ် ခုန်နေ၏။
ကိုယ်ဝန်အရင့်အမာကြီး လွယ်ပိုးထားရတော့ သူ့အဖို့ အခြားသူတွေလို ဖုတ်ဖတ်ခါထသွား၍ကမရ။ မီးဖွားချိန်နီးနေပြီမို့ အသား အရေတွေ တင်းရင်းပြီး တစ်ကိုယ်လုံး တောင့်တင်းနေသလို ရှိသည်။
ယခုမူ မအင်ကြင်းတို့နေထိုင်ရာ ခင်ဦးမြို့နယ် ကလုံကျေးရွာသို့ ယခုနှစ်(၂၀၂၃) မတ် ၆ ရက်တွင် စစ်ကြောင်းထိုးဝင်ရောက် လာခဲ့သည်။ အင်အား ၁၅၀ ကျော်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ရေဦးနယ်မှတဆင့် ခင်ဦးဘက်သို့ ကူးလာခြင်း ဖြစ်၏။
ထို့ကြောင့် ကိုယ်ဝန်နေ့စေ့လစေ့ကြီးနှင့်ပင် မအင်ကြင်း ဘေးလွတ်ရာရှောင်တိမ်းရန် ပြင်ဆင်ရတော့သည်။ သူ့အမျိုးသားက စီးတော်ယာဥ် ဆိုင်ကယ်တစ်စီးကိုဆွဲထုတ်လာသည်။ အခြားသူများ၏ အကူအညီဖြင့် မအင်ကြင်း ဆိုင်ကယ်ပေါ်ခွထိုင်လိုက် ၏။
သူတို့နှင်ရမည့် ခရီးကား သုံးမိုင်ခန့်ဝေးပြီး ကျောက်ခင်းလမ်းဖြစ်၏။ သို့သော် မအင်ကြင်း ရှည်ရှည်ဝေးဝေး တွေးနေချိန်မရ။ စစ်သားတွေရန်ကလွတ်ဖို့ မည်မျှလမ်းခရီးကြမ်းစေ မြန်နိုင်သမျှမြန်မြန် ထွက်ပြေးတိမ်းရှောင်ရန်သာရှိသည်။ နို့မဟုတ်ရင် စစ်သားတွေရန်ကြောင့် အသက်နှင့်ခန္ဓာအိုးစားကွဲနိုင်သကဲ့သို့ မကြာမီလူ့လောကထဲရောက်လာတော့မည့် ရင်သွေးငယ်လည်း ဆုံးရှုံးရနိုင်သည် မဟုတ်လား။
သည်တော့ ကျောက်ခင်းလမ်းကြမ်းကြမ်းမှာ ဆိုင်ကယ်စီးပြီး ဘေးလွတ်ရာအရောက်သွားဖို့သာ သူရွေးချယ်လိုက်ရသည်။ လမ်းခုလပ်ရောက်တော့ မအင်ကြင်းပြဿနာစတက်ပြီ။ အကြောင်းက မီးဖွားကာနီး စိုးရွံ့ထိတ်လန့်စရာ အဖြစ်အပျက်နှင့် ကြုံတော့ ကြောက်စိတ်ဝင်ပြီး သွေးလန့်သည်လား၊ ဒါမှမဟုတ် လမ်းကြမ်းကြမ်းမှာ ဆိုင်ကယ်ဖြင့်သွားရ၍ ခန္ဓာကိုယ်က မခံနိုင်တော့သည်လား မပြောတတ်။ ပြေးရင်းလွှားရင်း ရုတ်တရက် ဗိုက်နာလာတော့သည်။
ခုမှ တစ်ကယ်ဒုက္ခရောက်ပြီဟု တွေးမိပြီး မအင်ကြင်းတစ်ယောက် စိတ်အားငယ်လာသည်။ အမျိုးသမီးတစ်ဦးအဖို့ ပုံမှန်အခြေ အနေမှာပင် မီးဖွားရသည်မှာ အသက်နှင့်ရင်းရသည့်အလုပ်။ ယခုမူစစ်တပ်ရန်ကြောင့် အသက်လုပြေးနေရင်းက နောက်ထပ် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဆိုတော့ တွေးပင်မတွေးဝံ့တော့။
သို့သော် မအင်ကြင်း တစ်ခုကံကောင်းသွားသည်။ အကြောင်းမှာ ရွာမှအတူထွက်လာသည့် ရွာသူရွာသားအချို့က “ဗိုက်ကြီး သည်ပါတယ်၊ ဗိုက်ကြီးသည်ပါတယ်ဗျို့” ဟု အော်ဟစ်အသိပေးလိုက်သံကြောင့်ဖြစ်၏။ ထိုအော်ဟစ်အသိပေးသံကြားတော့ ဒေါင်းစစ်သည် Local PDF မှ တော်လှန်ရဲဘော်များ မအင်ကြင်းတို့ထံ ရောက်လာကြသည်။
ဒေါင်းစစ်သည်တပ်ဖွဲ့သည် ခင်ဦးဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး မအင်ကြင်းတို့ ကလုံကျေးရွာသို့ စစ်ကြောင်းထိုးလာသည်ဆိုသောသတင်းကြောင့် ပြည်သူတွေကို ဘေးလွတ်ရာကယ်ထုတ်ရန် ရောက်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် မခံရပ်နိုင်အောင်ဗိုက်နာကာ ဆိုင်ကယ်ဖြင့်ခရီးဆက်ရန် မဖြစ်နိုင်တော့သော မအင်ကြင်အား စောင်ပုခက်ဖြင့် ထမ်း ကာ နီးစပ်ရာရွာသို့ အရောက်ပို့ရတော့သည်။
ထို့ကြောင့် ကိုယ်ဝန်ဆောင်မအင်ကြင်းအား စောင်ပုခက်ဖြင့်ထမ်းကာ နွေနေပူပူတွင် ကျောက်ခင်းလမ်းအားဖြတ်၍ သယ် ဆောင်ခဲ့ရပြီး နှစ်နာရီနီးပါး ခရီးနှင်ခဲ့ရသည်ဟု ဒေါင်းစစ်သည်တပ်ဖွဲ့မှ ရဲဘော်ကိုဖြိုးက ပြောပြသည်။ ဤသို့ဖြင့် ကျေးရွာ တစ်ခုသို့ရောက်လာခဲ့ရာ အသက်လုပြေးလွှားရင်း အနှီးတစ်ထည်ပင်ပါမလာသည့် မအင်ကြင်းအား အဆင်ပြေပြေမီးဖွားနိုင် စေရန် ဒေါင်းစစ်သည်များက အစစအရာရာ စီစဥ်ပေးရလေသည်။
မအင်ကြင်းတို့ ခေတ္တရှောင်တိမ်းရင်းရောက်ရှိလာသည့်ရွာတွင် အရပ်လက်သည်တစ်ဦး ရှိနေသေးလို့ တော်ပေသေးသည်ဟု ဆိုရမည်။ ပထမတွင် သမီးလေးကို လွယ်ကူချောမွေ့စွာ ဖွားမြင်နိုင်ခဲ့သည်။ ထို့နောက် ၁၀ မိနစ်ခန့်သာခြားပြီး သားလေး တစ်ဦးကို ထပ်မံဖွားမြင်ရာ မအင်ကြင်းတစ်ယောက် တစ်ထိုင်ထဲတွင် သမီးနှင့်သားအမွှာလေးနှစ်ဦးကို ဖွားသန့်စင်နိုင်ခဲ့ ခြင်းဖြစ်၏။
ရင်သွေးငယ်နှစ်ဦးအား ရှေ့ဆင့်နောက်ဆင့် မီးဖွားနေချိန် တိုက်ဆိုင်စွာပင် စစ်သားများပစ်ခတ်လိုက်သည့် လက်နက်ကြီးသံ တအုန်းအုန်းကို ကြားရလေသည်။ ထို့နောက် သေနတ်သံတဒိုင်းဒိုင်းကိုလည်း ဆက်တိုက်ကြားနေရ၏။ သို့ကြောင့်ပင် မအင် ကြင်း၏ သမီးနှင့်သားလေးအား ဒေါင်းစစ်သည်ရဲဘော်များက ‘အုန်းအုန်းနဲ့ဒိုင်းဒိုင်း’ဟု ချစ်စနိုးဖြင့် အမည်ပေးလိုက်ပါ တော့ သည်။
ယခုမူ သူတို့မောင်နှမနှစ်ဦးကို မအင်ကြင်းနှင့် ၎င်း၏ အမျိုးသားက ကိုယ်ပိုင်အမည်လေးတွေ ပေးခဲ့ပြီ ဖြစ်သည်။ အကြီးမလေး အုန်းအုန်း၏ အမည်မှာ ယွန်းနေခြည်ထက်ဖြစ်ပြီ အငယ်လေးဒိုင်းဒိုင်း၏အမည်မှာ ရှိုင်းအာကာထက် ဖြစ်၏။
မအင်ကြင်းတို့ ဇနီးမောင်နှံအဖို့ အုန်းအုန်းနှင့်ဒိုင်းဒိုင်းလေးတို့သည် ဒုတိယအကြိမ် ဖွားသန့်စင်ခဲ့သည့် သားသမီးရတနာများ ဖြစ်ပါသည်။ အကြောင်းမူ ၎င်းတို့တွင် ငါးနှစ်အရွယ် သားဦးလေးတစ်ဦး ရှိနှင့်ပြီး၍ ဖြစ်သည်။
အုန်းအုန်းနှင့်ဒိုင်းဒိုင်းတို့ မောင်နှမနှစ်ဦးကို သန္ဓေသားအဖြစ် လွယ်ထားရစဥ်က အမွှာလေးဖြစ်မှန်း မအင်ကြင်းမသိခဲ့ပါ။ သူတို့ ဇာတိ ခင်ဦးမြို့နယ်သည် အခြားသော အညာဒေသများနည်းတူ စစ်တပ်၏အကြမ်းဖက်ခြင်းကို လွန်ခဲ့သော နှစ်နှစ်ထဲက နေ့စဥ် နီးပါးခံစားလာရသည့် ဒေသတစ်ခုဖြစ်သည်။ ထို့ကြောင့်တစ်မြို့နယ်လုံးနီးပါး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပျက်ယွင်းခဲ့ရ သလို ပြေးလွှာရှောင်ပုန်းနေရချိန်တွေများတော့ ကိုယ်ဝန်နှင့်ပတ်သက်ပြီး ဘယ်ဆေးရုံဆေးခန်းမှ မပြဖြစ်ခဲ့၍ ဖြစ်သည်။
လက်ရှိအနေအထားအရ ငွေကုန်ကြေးကျခံပြီး ဆေးရုံဆေးခန်း ပြနိုင်မည်ဟုလည်း မအင်ကြင်းမယူပါ။ အကြောင်းမှာ ယခင်ထဲ ကပင် လင်မယားနှစ်ယောက် လက်လုပ်လက်စားဘဝဖြင့် နေလာခဲ့ရပြီး ယခုလို စစ်ဘေးစစ်ဒဏ်သင့်နေချိန်၌ ပိုလို့တောင် စားဝတ်နေရေး ခက်ခဲလာ၍ ဖြစ်ပါသည်။
အိမ်ထောင်ဦးထဲက ရှိစုမဲ့စုလေးဖြစ် အကုန်အကျခံ ဆောက်ထားသည့် အိမ်လေးတစ်လုံးသည်ပင် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှု ကြောင့် ပြာပုံဘဝရောက်ခဲ့ရပြီ။ ယခုတစ်ကြိမ် ရွာသို့ စစ်ကြောင်းဝင်ရောက်ရာတွင်လည်း မအင်ကြင်းတို့ရွာမှ နေအိမ်အလုံး ၅၀ခန့် ထပ်မံမီးရှို့ဖျက်ခံခဲ့ရပြန်သည်။ ထို့ကြောင့် မီးရှို့ခံရမှု စုစုပေါင်းနှစ်ကြိမ်တွင် မအင်ကြင်းတို့ရွာမှ နေအိမ် ၁၀၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရလေသည်။
ယခု မတ်လကုန်ခါနီးအထိ မအင်ကြင်းတို့ ဇာတိရပ်ရွာသို့ မပြန်နိုင်ကြသေးပေ။ စစ်တပ်၏ရန်ကိုကြောက်ပြီး ဘေးလွတ်ရာ ပြေးနေကြရဆဲ ဖြစ်၏။ အညာနွေပူပူတွင် ရက်သားသာရှိသေးသည့် အုန်းအုန်းနှင့် ဒိုင်းဒိုင်းတို့ကို ချီပိုးပြီး ပြေးလွှား ရှောင်ပုန်း နေရသည်မှာ မိခင်ဖြစ်သူ မအင်ကြင်းအဖို့ မဟာစွန့်စားခန်းကြီးပင်။
ပြေးလွှားနေရသည်ရော၊ သင့်တင့်မျှတသည့် အစာအာဟာရ မစားသုံးရသည်ရော၊ သွေးနုသားနု လန့်ဖြန့်သည်ရောကြောင့် မိခင်နို့ရေ လှိုင်လှိုင်မထွက်ဟု မအင်ကြင်းကငြီးတွားသည်။ ထို့ကြောင့် အမွှာကဖြစ်ပြန်၊ နို့ထွက်ကမကောင်းဆိုတော့ နို့မှုန့် ဝယ်ကာ နို့ပုံအားကားဖြင့် ကလေးများရှင်သန်အောင် ပြုစုစောင့်ရှောက်နေသည်ဟု သူကရင်ဖွင့်သည်။
ဖြစ်နိုင်လျှင် ဤတော်လှန်ရေးကြီး အမြန်ပြီးချင်ပြီဟု မအင်ကြင်းကဆိုသည်။ ပေါက်ကွဲသံတအုန်းအုန်းနှင့် သေနတ်သံ တဒိုင်းဒိုင်းတို့ကို သူမကြားလိုတော့ပါ။ သို့သော် စစ်ဘေးရှောင်ကာ ပြေးလွှားရှောင်တိမ်းရင်း ခက်ခဲပင်ပန်းစွာ မွေးဖွားခဲ့ရသည့် သူ့ရင်သွေး ‘အုန်းအုန်းနှင့်ဒိုင်းဒိုင်း’တို့မောင်နှမကို အကြောင်းပြု၍ ဤခေတ်ဆိုးကြီးကို မအင်ကြင်းတစ်ယောက် အမှတ်ရနေဦး မည်ပင် ဖြစ်သည်။