Home Uncategorized သာတူညီမျှမှုနဲ့ပတ်သတ်ပြီး LGBT တွေ ဘယ်လိုမြင်ကြသလဲ?

သာတူညီမျှမှုနဲ့ပတ်သတ်ပြီး LGBT တွေ ဘယ်လိုမြင်ကြသလဲ?

ကိုမိုး ( Helping hands form cherry (HH) )

LGBTတွေအတွက် သာတူညီမျှမှုဆိုတာ ယနေ့အချိန်ထိ မရှိသေးဘူး။ ကျနော်တို့ LGBTတွေကလည်း လူထဲက လူပဲ ဖြစ်တယ်။ လူချင်း အတူတူတောင်မှ ကျနော်တို့ သာတူညီမျှတယ်ဆိုတာကို မခံစားဖူးသေးပါဘူး။

LGBTတွေ၊ လိင်‌လုပ်သားတွေ တန်းတူ ညီမျှမှု ဖြစ်အောင်၊ သာတူညီမျှမှု ရရှိအောင် ခွဲခြားခံရမှုတွေ လျော့ချအောင်၊ အဖွဲ့အစည်း အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်လာအောင် ကျနော်တို့ အားတွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် သာတူညီမျှမှုတော့ အခုထိ မရရှိနေသေးပါဘူး။

သာတူညီမျှတယ်ဆိုတာ LGBTတွေကို တခြားသော အမျိုးသမီးတွေ အမျိုးသားတွေ လုပ်ကိုင်သလို သွားလာသလိုမျိုး ရစေချင်တယ်။ LGBTတွေဟာ အလုပ်အကိုင် အခွင့်အလမ်း မရှိနေတော့ တန်းတူညီမျှ သာတူညီမျှမှုတွေ မရရှိဘဲ ခွဲခြားခံနေရတယ်။ ဒီလူတွေသာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနေမယ် သွားနေမယ် လုပ်နေရတယ်ဆိုရင်တော့ သာတူညီမျှက ရရှိနေမယ်။

ကျနော်တို့ သာတူညီမျှမှု ရရှိဖို့ ကျနော်တို့ ဖက်ကလည်း ကြိုးစားဖို့ လိုသလို တခြား‌သော တစ်ဖက်လူတွေလည်း ကျနော်တို့ကို နားလည်ပေးဖို့ လိုအပ်တယ်။ ကျနော်တို့ ဖက်ကတော့ LGBT ဆိုတာ ဘာလဲ။ LGBT က ဘာကြောင့် ဖြစ်တာလဲ။ LGBTတွေက ဘယ်လို စိတ်မျိုး ခံစားရလဲ ဆိုတာကို မိမိ မိသားစု၊ ပတ်ဝန်းကျင်ကိုတွေကို အသိပညာတွေ ပေးဖို့ လိုအပ်တယ်။  ပတ်ဝန်းကျင်က ကျနော်တို့ကို လက်ခံလာပေးနိုင်ဖို့ ကျနော်တို့ ပရဟိတလုပ်ငန်းတွေ လုပ်တယ်။ ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲလို့လည်း မရပါဘူး။ ကိုယ်ရဲ့ LGBTတွေလည်း ပြုပြင် ပြောင်းလဲဖို့ လိုနေသေးတယ်။

ရှိုင်းခွန်နောင်( ပအိုဝ်း လူငယ်)

လက်ခံထားတဲ့ သာတူညီမျှမှုဆိုတာတော့ LGBTတွေကို လူထဲက လူပဲမို့ လူလို့ မြင်ပေးကြပြီး ခွဲခြားဆက်ဆံမှုတွေ မရှိဘူး‌ဆိုရင် သာတူညီမျှမှုဖြစ်တယ်လို့ လက်ခံတယ်။ LGBTတွေကလည်း ပုံမှန်လူတွေလိုပဲ အတွေးအခေါ်တွေ၊ ခံစားချက်တွေရှိတယ်။

ဒါပေမယ့် ကျနော်တို့ အနီးနား ပတ်ဝန်းကျင်တွေ မပြောနဲ့ပေါ့လေ။ တချို့သော LGBT အသိုင်းအဝိုင်း အချင်းချင်းတွေ ကြားထဲမှာတောင် အခွင့်အရေးဆိုတာကို ကောင်းကောင်း မနားလည်တဲ့ သူတွေ ရှိတယ်။ သာတူညီမျှမှုဆိုတာတွေကိုလည်း နားမလည်ကြတဲ့ အချိန်မှာ ဒီလို ခွဲခြားတာ‌တွေ ရှိလာတယ်။  

လူမှုရေး အဖွဲ့အစည်းတွေ၊ အခွင့်အရေး လှုပ်ရှားနေသူတွေ၊ LGBT တက်ကြွလူငယ်တွေ စတဲ့ အသိုင်းအဝိုင်းမှာတော့ ခွဲခြားမှုတွေ နည်းပါးလာတာတွေတော့ ရှိတယ်။ လက်ခံလာကြတယ်။ LGBTတွေကို  ခွဲခြားတာတွေက ကျေးလက်ဒေသတွေမှာ အခြေအနေ ပိုဆိုးတယ်။

တချို့သော အသိုင်းအဝိုင်းကျေးလက်ဒေသတွေမှာ သာတူညီမျှမှု မရှိနေဘူး။ ဘာသာရေး အရမ်း အစွန်းရောက်တဲ့ နေရာမှာ ၊ ရိုးရာ ဓလေ့ထုံးတမ်းတွေကို အရမ်းယုံကြည်မှု လွန်ကဲတဲ့ အခါမှာ ကျနော်တို့ကို ခွဲခြားမှုတွေ ပိုဖြစ်စေတယ်။  

LGBTတွေ အပေါ် ခွဲခြားတာတွေ မရှိတော့အောင် စနစ်တစ်ခုလုံး ပြောင်းဖို့ လိုအပ်တယ်။

ဆမ် ( LGBT အရေး တက်ကြွလှုပ်ရှားသူ)

ကျနော်တို့က LGBTတွေပဲ ဖြစ်ဖြစ် တခြား LGBT မဟုတ်တဲ့ သူတွေပဲ ဖြစ်ဖြစ် အကုန်လုံးက လူသားဖြစ်တယ်။ အကုန်လုံးက ကျန်းမာရေး၊ လူမူရေး၊ စီးပွားရေး အဲလို နေရာတွေမှာ အခြေခံလိုအပ်ချက် အခွင့်အရေးတွေ အတူတူရသင့်တယ်။

သာတူညီမျှမှု ရှိနေလားဆိုတော့ မရှိနေဘူးလို့ ပြောလို့ ရတယ်။ ကျနော်တို့ နိုင်ငံမှာ စပြီး ပွင့်လင်းစမှာပဲ အခုက ပြန်ပြီး ဆုတ်ယုတ်သွားတဲ့ အနေအထားမျိုးဖြစ်တယ်။ ကျောင်းပညာရေးမှာလည်း သာတူညီမျှမှုနဲ့ ပက်သက်ပြီး ထည့်သွင်း သင်ကြားမှုတွေ မရှိခဲ့ဘူး။

ကျနော်တို့ မိဘတွေ၊ မိသားစုတွေက LGBT တွေကို လက်ခံပေးတာ အင်မတန်မှ နည်းတယ်။ ဘာသာရေး ရှူထောင့်နဲ့ ကြည့်ရင် ပိုဆိုးတယ်ပေါ့လေ။ ခွဲခြားဆက်ဆံမှုတွေ ရှိနေသေးတယ်။

တချို့သော ဥပဒေတွေ၊ ပုဒ်မတွေလည်း ပြင်ဆင်သင့်တာတွေ ပြင်ဖို့လိုတယ်။ ပညာရေးပိုင်းမှာလည်း Gender နဲ့ ပတ်သက်တာမျိုးလည်း ထည့်သွင်းပြီးတော့ သင်ကြားသင့်တယ်။ ဒါမှ ကျနော်တို့ မိဘတွေ ပတ်ဝန်းကျင်တွေ LGBTအပေါ် ခွဲခြားမှုတွေ လျော့နည်းလာမယ်လို့ မြင်တယ်။

နောက်တစ်ခုက ကျနော်တို့က လူ့သားအရင်းမြစ်တွေကို သေချာစွာ အသုံးပြုသင့်တယ်။  အရမ်းတော်တဲ့ LGBTတွေ  နေရာပေးပြီး အသုံးချဖို့ လိုအပ်တယ်။  ပိုကောင်းတဲ့ လူမူအသိုင်းအဝိုင်း တစ်ခုကို တည်ဆောက်လို့ ရတယ်။

Author:

Related Articles