Home ဆောင်းပါး လမ်းမပေါ်က ဘ၀ခါးခါး

လမ်းမပေါ်က ဘ၀ခါးခါး

သျှန်ကီခမ်း။ ။

တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်းရှိ ကိုးပေခန့်ကျယ်တဲ့ ကတ္တရာလမ်းတစ်လျှောက်မှာ သွားလာလှုပ်ရှားနေသူတွေနဲ့ စည်ကား နေတယ်။ ဆိုင်ကယ်နဲ့ကားတွေလည်း ဥဒဟိုသွားလာနေပြီး ရာသီဥတုဟာ အေးစိမ့်နေတယ်။

ထိုလမ်းမှာရှိတဲ့ မြောင်းလေးဘေးမှာတော့ ခပ်နွမ်းနွမ်းအဝတ်အစားဝတ်ထားတဲ့ လူကြီး၊ လူငယ်၊ လူလတ် အရွယ်စုံ ထိုင် နေ ကြပြီး သူတို့ရှေ့မှာ ခွက်လေးတွေကိုယ်စီချထားတာကိုတွေ့ရတယ်။ ဘေးနားမှာလည်း ရေဗူးအလွတ်တွေကို တန်းစီပြီး ချထား သေးတယ်။

အားငယ်နေပုံရတဲ့ သူတို့မျက်ဝန်းတွေမှာလည်း မျှော်လင့်ချက် အရိပ်အယောင်တွေသန်းနေတယ်။ ထိုသူတွေကတော့ တောင် ကြီးမြို့မှာ နေထိုင်ပြီး တောင်းရမ်းအသက်မွေးဝမ်းကျောင်းပြုနေကြတဲ့သူတွေပဲ ဖြစ်ပါတယ်။  

သူတို့ဟာ တောင်ကြီးမြို့ဇာတိတော့ မဟုတ်ကြပါဘူး။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့က ဟိုခိုက်ဆိုတဲ့ကျေးရွာကနေ တောင်ကြီးကို ပြောင်းရွှေ့လာကြပြီး လာရောက်တောင်းရမ်းနေကြတာပါ။ အဲဒီကျေးရွာဟာ အနယ်နယ်အရပ်ရပ်က အနာကြီး ရောဂါသည်တွေ လာရောက်ဆေးကုသသူတွေ နေထိုင်ကြတာဖြစ်ပါတယ်။  

အဲဒီကျေးရွာမှာ အနာကြီး ရောဂါဆေးကုသမှုခံယူနေသူ ၉၀ ဝန်းကျင်ရှိပြီး ရောဂါပျောက်ကင်းသက်သာလာသူနဲ့ ကင်းစင် သွားသူ အိမ်‌ထောင်စုရေ စုစုပေါင်း ၂၀၀ လောက်ရှိပါတယ်။ အီတလီရိုမန်ကတ်သလစ်သာသနာပြုဘုန်းတော်ကြီးတစ်ပါးက ရှမ်းပြည်နယ်မှာရှိတဲ့ အနာကြီးရောဂါသည်တွေကို စောင့်ရှောက်ကုသပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂေဟာဖွင့်လှစ်ထားတာပါ။ ထိုကျေးရွာကို လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်လောက်က တည်ထောင်ခဲ့တယ်လို့ ပြောကြပါတယ်။

အနာကြီး ရောဂါသည်တွေကို ကုသပေးတဲ့ နေရာဖြစ်တာကြောင့် ဟိုခိုက်ရွာကို တနည်းအားဖြင့် အနာကြီး ရောဂါသည်ရွာလို့  လည်း ခေါ်ဝေါ်ကြတာပါ။ အဲဒီဟိုခိုက်ကျေးရွာကနေ တောင်ကြီးကို ပြောင်းရွှေ့ကာ တောင်းရမ်းစားသောက်ကြတဲ့သူဦးရေ ၃၀ ဝန်းကျင်လောက် ရှိပါတယ်။

တောင်းရမ်းနေတဲ့ အုပ်စုတွေထဲမှာ ခန္ဓာကိုယ် ခပ်ပိန်ပိန် ပါးပါး၊ အသားခပ်ဖြူဖြူနဲ့ နှစ်လသားအရွယ်သမီးကို ရင်မှာပိုက်ပြီး ထိုင်နေတဲ့ တစ်ယောက်ကတော့ မလျံပဲ ဖြစ်ပါတယ်။ မလျံဟာ အသက်ရွယ်အားဖြင့် ၁၇ နှစ်သာ ရှိသေးတာပါ။ သူ့အမျိုး သားကတော့ လတ်တလောမှာပဲ ဆုံးပါးသွားခဲ့ပါပြီ။    

မလျံတို့အဖေဟာ ဟိုခိုက်ရွာမှာ လာရောက်ဆေးကုသနေရင်း ရွာနီးစပ်က မလျံတို့အမေနဲ့ အကြောင်းပါပြီးနောက် မလျံတို့ကို ဟိုခိုက်ရွာမှာပဲမွေးဖွားခဲ့ကြပါတယ်။ သူ့မှာမောင်နှမရှစ်ယောက်ရှိပါတယ်။ သူ့အခြား မောင်နှမတွေကတော့ အိမ်ထောင်ကျသူ ကျနဲ့ အခြားအရပ်ဒေသတွေဆီ ရွှေ့ပြောင်းနေထိုင်ကြတယ်။  

မလျံဟာ လေးနှစ်သမီးအရွယ်ကတည်းက တောင်းရမ်းစားသောက်လာတာ ယခု အသက် ၁၇ ကျော်တဲ့ အထိပါပဲ။ မလျံဟာ အသက်လေးနှစ်အရွယ်ကတည်းက မိခင်ရယ်မောင်လေးနဲ့အတူ  တောင်ကြီးမြို့ကို ဆင်းလာပြီး လမ်းဘေးမှာ နေထိုင်ရင်း တောင်းရမ်း စားသောက်တာပါ။   

တောင်ကြီးမြို့ပေါ်တွင် တောင်းရမ်း ဝမ်းစာရှာနေသည့် မလျံတို့အဖွဲ့ 

မလျံနဲ့ သူ့မောင်လေးမှာ အနာကြီး ရောဂါဝေဒနာကို ခံစားနေရတဲ့ သူတော့ မဟုတ်ပါဘူး။ သိုပေမယ့် ဟိုခိုက်ကျေးရွာမှာ မွေး ဖွား ကြီးပြင်းလာတာကြောင့် အနာကြီးရောဂါသည်လို့ သတ်မှတ်ခံနေရတာပါ။

“ ဟိုခိုက်ရွာကလို့ ပြောလိုက်ရင် ရွံသလိုမျိုး ဆက်ဆံကြတယ်။ ရှောင်ကြတယ်။” လို့ မလျံက ‌ပြောပါတယ်။

မလျံတို့ ဟိုခိုက်ရွာကလူစုဟာ တောင်ကြီးမြို့အထွက် တောထဲမှာ တဲလေးထိုးပြီး အဆင်ပြေသလို နေထိုင်နေကြပြီး တောင် ကြီးမြို့ပေါ် လာရောက်တောင်းရမ်းကြတာဖြစ်ပါတယ်။  

သူတို့နေထိုင်တဲ့တောထဲမှာ သောက်ရေမရှိသလို၊ သုံးရေဆိုတာလည်းမရှိပါဘူး။ မိုးရာသီမှာ မိုးရေခံပြီး ရေချိုးလို့ရပေမယ့် နွေရာသီတွေဆို ချိုးစရာရေမရှိပါဘူး။ နွေရာသီတွေဆို ရေမချိုးရဘူးလို့ ပြောရင်လည်း မမှားပါဘူး။ တချို့သော နေ့တွေ ဆိုလည်း တောင်းရမ်းတဲ့ နေရာမှာ ရေထွက်ရှိလျှင် ရေချိုးပြန်တာမျိုး လုပ်တယ်လို့ မလျံက ပြောပြပါတယ်။

ထိုရေထွက်မှာ သောက်ရေခပ်ပြန်ဖို့ဆိုလည်း သုံးနာရီကျော် လမ်းလျှောက်ရတာကြောင့် ရေခပ်ပြန်ဖို့အဆင်မပြေခဲ့ပါဘူး။ ရံဖန် ရံခါ ရေသန့်ရောင်းသမားက ရေအကျန်တွေလာပေးတဲ့နေ့ဆိုမှ ဝဝလင်လင် သောက်သုံးရတာပါ။ ပိုက်ဆံရတဲ့နေ့တွေဆို သောက်ရေကို ဝယ်သောက်နိုင်ပေမယ့် မရတဲ့နေ့တွေဆို ရေဝယ်မသောက်နိုင်ပါဘူး။

“ မိုးရာသီဆို မိုးရေခံတယ်လေ။ နွေရာသီဆို ရေမရှိဘူး။ သူများပေးမှသုံးရတာပေါ့။” လို့ မလျံက သူတို့နေထိုင်ရတဲ့ အခက် အခဲကို ပြောပြပါတယ်။

မလျံတို့ဟာ မနက်အိပ်ယာနိုးလာရင် ခွက်ကိုယ်စီယူကြပြီး တောင်ကြီးမြို့မဈေး သွားတဲ့သူကသွား၊ လမ်းမကြီးဘေးနားမှာ ထိုင်တောင်းတဲ့သူကတောင်းနဲ့ ပြုလုပ်ကြတာပါ။ မနက်အစောက ထွက်သွားကြပြီး ညနေ ၅ နာရီဆို ပြန်လာကြတာပါ။

တချို့သောရက်တွေဆို လမ်းမှာ သူများပေးလာတဲ့ထမင်းဗူးကိုကိုင်ပြီး ပျော်ရွင်စွာ အိမ်ကို ပြန်လာလေ့ရှိကြပါတယ်။ သူတို့ ဟာ တောင်ကြီးမြို့ နေရာအနှံ့အပြားကို သွားရောက်တောင်းကြတယ်လို့ဆိုကြပါတယ်။

မလျံကတော့ ကလေးကို ကျောမှာ ပိုးထားပြီး လူများတဲ့ နေရာဖြစ်တဲ့ မြို့မဈေးကို သွားလေ့ရှိပါတယ်။ ကလေးတစ်ဖက်နဲ့မို့ လမ်းလျှောက်တာ ပင်ပန်းတဲ့ရက်တွေဆို လမ်းဘေးက မြောင်းပေါ်မှာပဲ ထိုင်ပြီး တောင်းတာပါ။

“ နေပူထဲသွားတာများရင် ကလေးဖျားမှာလည်းကြောက်တယ်။ လူများရင်တော့ပိုရတယ်။ ဒီမှာက(လမ်းဘေး)သိပ်မရဘူး။ ” လို့ မလျံက ပြောပါတယ်။

လူများတဲ့ နေရာတွေဆို တစ်ရက်ကို တစ်သောင်းလောက်တော့ ရပါတယ်။ တစ်ပြားတစ်ကျပ်မှ မရတဲ့ ရက်တွေလည်း ရှိပါ တယ်။ ထိုရက်တွေဆို ရတဲ့ရက်တွေထဲက ပြန်ဖို့ပြီး အဆင်ပြေသလို စားသောက်နေရတာပါ။ ပြန်ဖို့စရာ ပိုက်ဆံမရှိ တောင်းလို့ လည်းမရတဲ့ရက်တွေဆို မလျံတို့ သားမိထမင်းမစားရတဲ့နေ့ပါပဲ။

“ တစ်နေကုန် ထိုင်ပြီး ဘာမှမရဘဲ ထမင်းငတ်တဲ့နေ့တွေရှိတယ်။”လို့ မလျံက လက်ထဲမှာ ချီထားတဲ့ သမီးလေးကို ကြည့်ရင်းနဲ့  ပြောပါတယ်။

မလျံဟာ ဒီတောင်းရမ်းစားသောက်နေရတဲ့ အလုပ်ကို မနှစ်သက်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် တခြားအလုပ်အကိုင်လည်း မရှိတာကြောင့် အောင့်အီးပြီး ဆက်လုပ်သွားရမှာပဲလို့သူကဆိုတယ်။ သူကဆိုင်စောင့်တာ၊ အင်္ကျီတွေရောင်းတာတို့ စတဲ့ အလုပ်တွေကို လုပ်ချင်တယ်လို့လည်းဆိုတယ်။

“ဒီအလုပ်က သူများပေးမှစားရတာ။ မပေးရင်မစားရဘူး။” မလျံက ပြောပါတယ်။ 

မလျံတို့လို အနာကြီးရောဂါသည်တွေနဲ့ နေထိုင်ပြီး တောင်းရမ်းစားသောက်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ အထဲ မှာ အသက် ၅၀ ကျော်အရွယ် ဒေါ်မာမာလည်း အပါအဝင်ပါ။  

ဒေါ်မာမာကလည်း ဟိုခိုက်ရွာကနေ သူ့ဦးလေးနဲ့အတူတက်လာပြီး တောင်ကြီးမှာ နေထိုင်ကာ တောင်းရမ်းနေတာပါ။ သူဟာ ဟိုခိုက်ရွာမှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ခဲ့သေးပြီး အဆင်မပြေတာကြောင့် ဒီတောင်းရမ်းတဲ့အလုပ်ကိုရွေးချယ်ခဲ့ရတာလို့ သူကပြောပါတယ်။  

ဒေါ်မာမာဟာ ကိုယ်တိုင်အနာကြီးရောဂါသည်တော့ မဟုတ်ပါဘူး။ သူ့ရဲ့ဦးလေးကတော့ အနာကြီးရောဂါ ခံစားနေရတာပါ။ ဒေါ်မာမာတို့ရဲ့ဇာတိဟာ လဲချားမြို့မှာရှိတဲ့ ရွာတစ်ရွာကပါ။ ဒေါ်မာမာရဲ့မိခင်ကတော့ မွေးပြီးကတည်းက ဆုံးပါးသွားခဲ့ပါပြီ။

အသက် ၂၀ ကျော် အရွယ်‌လောက်မှာ  သူ့ဦးလေးဟာ အနာကြီးရောဂါရှိလာတာကို သိပြီးနောက်ပိုင်းမှာ ဒေါ်မာမာတို့ အိမ်ပြင် သိပ်မထွက်ရဲကြတော့ပါဘူး။ အကြောင်းကတော့ကျေးရွာသားတွေက“ ကူးမှာကိုစိုးရိမ်ကြတယ်။ နှာခေါင်းရှုံ့ကြတာပေါ့။” လို့ ဒေါ်မာမာက သူတို့အပေါ်ဆက်ဆံတဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။ 

ဒါကြောင့် ဒေါ်မာမာတို့ဟာ ပတ်ဝန်းကျင်ရဲ့ခွဲခြားမှုဒဏ်ကို မခံနိုင်တော့တာနဲ့ ဦးလေးကို ဆေးကုသမှုခံယူဖို့ လိုအပ်လာတာ ကြောင့် ဟိုခိုက်ရွာကို အပြီးပိုင်ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။

ထိုကျေးရွာမှာ နေထိုင်တဲ့အချိန်မှ အကုန်လုံးက တူတူဖြစ်တာကြောင့် ခွဲခြားဆက်ဆံတာ ဘာတွေလည်း မကြုံရတော့ဘူးလို့ ပြောပါတယ်။ ထိုအချိန်တွေမှာ ဒေါ်မာမာဟာ စားဝတ်နေရေးအတွက် ပဲသီးတွေကို စိုက်ပျိုးကာ အနီးနားမှာရှိတဲ့ ဈေးမှာ လိုက် ရောင်းခဲ့ပေမယ့် ဘယ်သူမှ မဝယ်ကြဘူးလို့ဆိုတယ်။  

“ ပလိုင်းနဲ့ သယ်သွားတာအပြည့် တစ်ထုပ်မှမရောင်းရဘူး။ ပြန်သယ်လာရတယ်။ ရွံလို့မဝယ်စားကြဘူးထင်တယ်။” လို့ ‌ဒေါ်မာ မာက ပြောပါတယ်။

ဒါကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို စွန့်လွှတ်ခဲ့ရပြီး စားဝတ်နေရေးအတွက် ဘာလုပ်ငန်းလုပ်ကိုင်ရမယ်ဆိုတာ မသိတော့တဲ့ အဆုံးမှာ မလျံလိုပဲ တောင်ကြီးမြို့ကို ဆင်းလာပြီး တောင်းရမ်းတဲ့ အလုပ်ကို ရွေးချယ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ တစ်နေ့တောင်းလို့ရလာတဲ့ ငွေအနည်းငယ်နဲ့ ဦးလေးကိုထောက်ပံ့ပေးလိုက် စားသောက်ဖို့ ချန်ထားလိုက်နဲ့ ဘဝကိုအဆင်ပြေသလို ဖြတ်သန်းနေရပါတယ်။

ဒေါ်မာမာဟာ ဒီတောင်းတဲ့အလုပ်ကို လုပ်ကိုင်လာတာ ၁၀ နှစ်ကျော်လာပါပြီ။ ဘယ်ချိန်ထိ ဒီအလုပ်ကို ဆက်လုပ်နေရမယ် ဆိုတာ သူမသိပါဘူး။

“မခွဲခြားဘူး” အကုန်တူတူဆက်ဆံရင် တောင်းတဲ့အလုပ်ကိုရွေးချယ်မှာမဟုတ်ပါဘူးလို့လည်း ဒေါ်မာမာက ဆိုပါတယ်။

တောင်ကြီးမြို့ပေါ်တွင် တောင်းရမ်း ဝမ်းစာရှာနေသည့် မလျံတို့အဖွဲ့ 

ဒေါ်မာမာလိုပဲ ဟိုခိုက်ကျေးရွာမှာရှိတဲ့ အနာကြီးရောဂါသည် အများစုဟာ ကနဦးမှာ တောင်းရမ်းစားသောက်ဖို့ထက် တောင် ယာ သီးနှံတွေစိုက်ပျိုးပြီး မြို့ပေါ်မှာသွားရောက်ရောင်းချကြပါသေးတယ်။ ဒါပေမဲ့ ဝယ်ယူတဲ့သူမရှိသလို နှာခေါင်းရှုံ့၊ ရောဂါ များကူးသွားမှာလားဆိုပြီး ရွံသလို ဆက်ဆံကြတယ်လို့ ဆိုကြပါတယ်။  

ဒါကြောင့်လည်း ထိုရွာမှာနေထိုင်တဲ့ ရောဂါပျောက်ကင်းသူတချို့ဟာ အရင်းအနှီးထုတ်ပြီး နိုင်ငံခြားထွက် အလုပ်ကိုင် လုပ် ကိုင်တာတွေ ပြုလုပ်ကြပါတယ်။ တချို့ အရင်းနှီးမရှိတဲ့  မိသားစုဆိုလျှင် စားဝတ်နေ‌အတွက် လမ်းပေါ်ထွက် တောင်းရမ်းတဲ့ အလုပ်ကိုပဲ ရွေးချယ်ကြတယ်လို့ ဆိုကြပါတယ်။

လက်ရှိအချိန်ထိလည်း အနာကြီးရောဂါသည်တွေကို ခွဲခြားတာ၊ နှိမ်နေတာတွေဟာ ယနေ့အချိန်ထိ ရှိသေးပါတယ်။

အနာကြီးရောဂါဟာ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး (Mycobacterium leprae)လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွား တာပါ။ အရေပြားနဲ့အာရုံကြောတွေကို ထိခိုက်ပျက်စီးစေပြီး ရောဂါကူးစက်ပြီး ရောဂါလက္ခဏာပြတဲ့အထိ ပျှမ်းမျှသုံးနှစ်မှ ငါးနှစ်အထိ ကြာတတ်ပါတယ်။

ထိုရောဂါဟာ သာမာန်ထိတွေ့နေထိုင်ရုံဖြင့် မကူးစက်နိုင်သော်လည်း အနာကြီးရောဂါလူနာနဲ့ ကြာရှည်စွာ အတူနေထိုင်သော သူများတွင်သာ ပိုမိုကူးစက်ဖြစ်ပွားနိုင်ပါတယ်။ ကူးစက်တဲ့ပုံစံမှာ ဆေးကုသမှုမခံယူထားတဲ့  လူနာရဲ့အနာက ထွက်ရှိတဲ့ အရည်၊ နှာခေါင်းနဲ့ပါးစပ်တို့ကထွက်တဲ့သလိပ်နဲ့အရည်များမှတစ်ဆင့် အခြားလူအရေပြားထိတွေ့ရာမှ သို့မဟုတ် အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ဖော်ပြထားပါတယ်။ 

၂၀၀၄ ခုနှစ်တွင် မြန်မာနိုင်ငံမှာ အနာကြီးရောဂါကြီး ခံစားနေရသူ သုံးထောင်ကျော်ခန့် ရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် နောက်ပိုင်း မှာတော့ ၂၃၄ ဦးသာ ကျန်ရှိတော့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အနာကြီးရောဂါသည်တိုက်ဖျက်ရေးဌာန စာရင်း တွေမှာ ဖော်ပြထားပါတယ်။ 

ကျန်းမာရေးဝန်ထမ်းတစ်ဦးကတော့ “အနာကြီးဟာ အချိန်မီဆေးကုသမှုပုံမှန်လုပ်ရင် ပျောက်နိုင်တဲ့ရောဂါတစ်မျိုးပါ။ အချိန်မီ ဆေးကုသမှုမခံယူရင် ရောဂါပိုးကအာရုံကြောများကို လိုက်လံဖျက်စီးလာတာကြောင့် အာရုံကြောတွေ လျှောက်တဲ့နေရာများ မှာအနာဖြစ်ပြီး ခြေဖျား၊ လက်ဖျားများပုပ်ပြီးတိုဝင်သွားတယ်၊ ကိုယ်လက်အင်္ဂါချို့ယွင်းများ ဖြစ်နိုင်တယ်။” လို့ ဆိုပါတယ်။  

လက်ရှိမှာတော့ မလျံတို့လို အနာကြီးရောဂါသည် မိသားစုဝင်တွေနဲ့ ဝေဒနာသည်တွေကို ခွဲခြားဆက်ဆံမှုတွေရှိနေတုန်းပါပဲ။

မလျံကတော့ သူတို့ကို ခွဲခြားတာတွေ၊ တစ်ဆင့်နှိမ့် လူသားများအဖြစ် သတ်မှတ်ပြီး ဆက်ဆံတာတွေကို မလိုချင်ခဲ့ပါဘူး။ ဒါကြောင့်သူက ယခုလိုမေတ္တာရပ်ခံတယ်။

“ကျမတို့ကိုအနာကြီးရောဂါသည်လို့မခေါ်ကြဘူး။ အနူဆိုပြီးခေါ်ကြတယ်။ ကျမတို့လည်းလူပဲလေနော်။ အရမ်းမရှုံ့ချကြပါနဲ့”

Author:

Related Articles