Home သတင်း စစ်တွေတွင် အသက် ၁၂ အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရပြီး ရိုက်နှက်စွန့်ပစ်ခံရ

စစ်တွေတွင် အသက် ၁၂ အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရပြီး ရိုက်နှက်စွန့်ပစ်ခံရ

သန့်ရှင်းထွန်း။

စစ်တွေ၊ မတ် ၁၇ ရက်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့ မတ်လ ၁၆ ရက်က အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့် ခံရပြီး ရိုက်နှက်စွန့်ပစ်ခံခဲ့ရကြောင်း မိသားစုဝင်များက ပြောသည်။

” မှုခင်းဆရာဝန်ကတော့ အဓမ္မပြုကျင့်ခံထားရတယ်လို့ပြောပါတယ်။ အဲဒီလိုပြုကျင့်ပြီးရိုက်နှက်ထားခဲ့တာပါ။ ခုက ဆေးကု သမှု ခံယူနေပါတယ်။”ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အဆိုပါ မိန်းကလေးငယ်ကို စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ အကွက်(၁၃)က ရထားသံလမ်းအနီးတွင် အဝတ်အထည်မပါဘဲ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများဖြင့် သတိမေ့လျက် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် ရခိုင်အမျိုးသမီးအဖွဲ့ များကပြောသည်။

အဆိုပါ မိန်းကလေးငယ်သည် စစ်တွေမြို့ ၊မင်းဂံအကွက် ၁၅ မှာနေထိုင်သူဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကတည်းက နေအိမ်သို့ရောက်မလာဘဲ မိသားစုဝင်များက စိုးရိမ်နေကြချိန် ယခုလိုအဖြစ်ပျက်ကို ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း မိသား စုဝင်တစ်ဦးက ပြောသည်။

”အိမ်ကလူတွေက သူ့အဒေါ်အိမ်မှာ အိပ်တယ်လို့ထင်ကြတယ်။ သူ့အဒေါ်ကလည်း မိဘအိမ်မှာပဲအိပ်တယ်လို့ ထင် နေကြတာ။ မနက်ကျမှ ဒီလိုအဖြစ်ဆိုးကိုသိကြရတာ။” ဟု မိန်းကလေးငယ်အတွက် လိုက်ပါကူညီပေးနေသည့် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အဓမ္မပြုကျင့်ပြီး ရိုက်နှက်ခဲ့သူဟု ယူဆရသူနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ကလည်း မုန့်လက်ကောက်ရောင်းနေသည့် အမျိုးသမီးငယ်တစ်ဦး စစ်တွေမြို့၊ မင်းဘာကြီးလမ်းက ဆောက်လက်စအဆောက်အဦးတစ်ခုတွင် ရက်စက်စွာအသတ်ခံခဲ့ရပြီး လက်ရှိအချိန်အထိ တရားခံမပေါ်သေးပေ။

စစ်တွေမြို့တွင် ယခုကဲ့သို့ ပြစ်မှုများ မကြာခဏကြုံလာရသည့်အတွက် လူပြတ်လပ်သည့်နေရာများကို တစ်ဦး တစ် ယောက်တည်း မသွားကြရန် မိဘများက သားသမီးများကို သတိပေးနေရကြောင်း မြို့ခံတချို့က ပြောသည်။

Author:

Related Articles