Home ဆောင်းပါး ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မကြည်ပြာ… (သို့မဟုတ်) အမျိုးသမီးတစ်ယောက်ရဲ့ နိုင်ငံရေးလမ်းကြောင်း ဘယ်လောက်ဖြောင့်ဖြူးမလဲ..

ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မကြည်ပြာ… (သို့မဟုတ်) အမျိုးသမီးတစ်ယောက်ရဲ့ နိုင်ငံရေးလမ်းကြောင်း ဘယ်လောက်ဖြောင့်ဖြူးမလဲ..

ခင်စုကြည်။ ။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် မကြည်ပြာကို စည်ပင်သာယာနဲ့ သက်ဆိုင်တဲ့ နောက်ဖေးလမ်းကြား အမှိုက်ပုံကိစ္စတွေနဲ့ပတ်သက်ပြီး တက်တက်ကြွကြွ လုပ်ဆောင်နေသူ တစ်ဦးအဖြစ်လည်း မြင်တွေ့ရလေ့ရှိပါတယ်။

မကြည်ပြာဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ကျောက်တံတားမြို့ နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။

ဖခင်ဖြစ်သူကလည်း နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတစ်ဦးဖြစ်တာကြောင့် ဖခင်နဲ့အတူ နိုင်ငံရေးအခမ်းအနား တွေ၊ ဟောပြောပွဲတွေ လိုက်ပါရင်း နိုင်ငံရေးကို စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

“အဖေက အလုပ်သမားအရေးခင်းတို့၊ ၈၈ အရေးတော်ပုံတို့မှာလည်း ပါခဲ့တယ်။ NLD မှာလည်း ပါတီဝင်ဖြစ် တယ်။ ၁၉၉၅ – ၉၆ လောက်တည်းက အန်တီ့ (ဒေါ်အောင်ဆန်းစုကြည်) ခြံရှေ့မှာစကားပြောရင် နားထောင်ဖို့ အဖေကခေါ်ခေါ်သွားတယ်။ အဲဒီအချိန်တည်းက ကိုယ်က ဒီပိုးရှိလာတာပေါ့လေ” လို့ မကြည်ပြာက သူမရဲ့ ငယ်ဘဝအကြောင်းကို ပြောပါတယ်။

မကြည်ပြာဟာ နိုင်ငံရေးကို စိတ်ဝင်စားသလို ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကတဆင့် နိုင်ငံအတွက် တ ထောင့်တနေရာကနေ တွန်းအားပေးသူတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။

၂၀၀၇ ခုနှစ်လောက်က စတင်လို့ NLD ပါတီအတွက် ရွေးကောက်ပွဲ အသိပညာပေးစည်းရုံးမှုတွေ လုပ်ဆောင် ရင်း ပါတီဝင်သားသမီးတွေအတွက် အမေရိကန်စင်တာကပေးတဲ့ စကော်လာ(ပညာသင်ဆု)ကို ရရှိခဲ့တာ ကြောင့် အင်္ဂလိပ်စာသင်တန်း တက်ခွင့်ရခဲ့ပါတယ်။

လူငယ်ဖော်ဆောင်ရေးအဖွဲ့ထဲမှာ လုပ်ကိုင်ရင်း ပါတီရဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လာခဲ့ရာကနေ ၂၀၁၀ ခုနှစ်မှာ NLD ပါတီဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

“တကယ်တမ်း နိုင်ငံရေးလုပ်မယ်ဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အမေက သိပ်သဘောမကျဘူး။ နိုင်ငံ ရေးလုပ်တယ်ဆိုပေမယ့် ပါတီကို နိုင်သလောက်လေး ဝင်ကူတာပါဆိုပြီး ခေါင်းလေးဝင်လိုက်၊ ကိုယ်လေးဝင် လိုက်နဲ့ပဲ ကျမစာသင်နေတဲ့ စာသင်ဝိုင်းတွေ တစ်ဝိုင်းပြီး တစ်ဝိုင်းပြုတ်သွားတယ်။ အဖေကတော့ နိုင်ငံရေး လုပ်တာ အားပေးတယ်။ အဲဒီလိုနဲ့ ပါတီကို ကူညီရင်းနဲ့ပဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကျတော့ ပါတီမှာ ဗဟိုမဲဆွယ်စည်းရုံးရေးမှာ တာဝန်ပေးခြင်း ခံရတယ်။ နယ်တွေသွားပြီး ဟောပြောပွဲတွေ လိုက်လုပ်ရတယ်”

သူမဟာ ပါတီတာဝန်တွေကို ထမ်းဆောင်ရင်း တစ်ဖက်မှာလည်း မိသားစုအရေးနဲ့ ဝမ်းရေးအတွက် အင်္ဂလိပ် စာသင်ကြားပေးတဲ့ ဆရာမတစ်ယောက်အနေနဲ့ စာသင်ဝိုင်းတွေမှာ လိုက်သင်ရင်း ရသလောက်ဝင်ငွေရှာခဲ့ရ ပါတယ်။

ပါတီတွင်းမှာလည်း ရွေးကောက်ပွဲအသိပညာပေးနဲ့ နိုင်ငံရေးအသိပညာပေးမှုတွေကို ပြန်လည်မျှဝေသင်ကြား ပေးရင်း သူမတတ်ကျွမ်းတဲ့ အင်္ဂလိပ်စာသင်ကြားပေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဗဟိုမဲဆွယ်စည်းရုံးရေးအတွက် နယ်တွေကို လိုက်ပါပြီး တတ်အား သရွေ့ ကူညီလုပ်ဆောင်ပေးရင်း တွေ့မြင်လာတဲ့အခြေအနေတွေနဲ့ ဖြစ်ပေါ်လာတဲ့စိတ်ဆန္ဒကြောင့်သာ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

“အဲဒီတုန်းက အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ဆန္ဒကလည်း အင်္ဂလိပ်စာသင်တန်းတို့ စကော်လာ (ပညာ သင်ဆု) တွေနဲ့သွားတက်ပြီးတဲ့အခါ ပါတီကို ပြန်ပြီးတော့ ကူညီပေးဖို့ မျှော်လင့်တာ။ အဲ့ဒီတော့ ကျမတို့ရဲ့ ရည်ရွယ်ချက်ကလည်း အဲဒီအတိုင်းပဲ။ တတ်နိုင်သလောက် ပညာနဲ့ပဲ ကူညီပေးမယ်လို့ စိတ်ကူးထားတာ။ နိုင်ငံရေးကိုက စိတ်ဝင်စားတယ် လေ့လာနိုင်တယ်ပေါ့။ နယ်တွေကိုသွားရင်း ဘာတွေ့ခဲ့လဲဆိုတော့ တကယ့်ကို လုပ်ပေးဖို့ လိုအပ်နေတာတွေ အများကြီးသွားတွေ့ရတယ်။ အဲဒီအချိန်မှာ ငါတို့နိုင်ငံမှာ တအားကို လုပ်ပေး စရာတွေ များနေတယ်။ တခုခုတော့ ငါလည်း ကူနိုင်သလောက် ကူမယ်ဆိုတဲ့စိတ်က အဲဒီမှာ စဖြစ်ခဲ့တယ်”

ငယ်စဉ်တည်းက နိုင်ငံရေးကို စိတ်ဝင်စားသူတစ်ယောက်ဖြစ်ပေမယ့် အခုလိုလွှတ်တော်အမတ်တစ်ယောက်ဖြစ် လာဖို့ဆိုတာကိုတော့ သူမအနေနဲ့ စိတ်ကူးတောင် မရှိခဲ့ဖူးပါဘူး။

၂၀၁၃ ခုနှစ်လောက်မှာ NLD ရုံးမှာ နိုင်ငံရေးသင်တန်းတွေ စတင်သင်ကြားပေးတဲ့အခါ တိုင်းနဲ့ပြည်နယ်က လူငယ်တွေကိုခေါ်ယူဖို့၊ (၁၅)ရက်တာနေရာထိုင်ခင်းစီစဉ်ပေးဖို့၊ ငွေကြေးကြပ်တည်းခဲ့တာတွေကို တွေ့မြင်ခဲ့ရ တော့ လူငယ်တွေအတွက် ကူညီလုပ်ဆောင်ပေးချင်တဲ့စိတ်ဖြစ်ပေါ်လာခဲ့ပြန်ပါတယ်။

“အဲဒီလိုမျိုး မဲဆွယ်တုန်းက အတွေ့အကြုံရယ် သင်တန်းတွေပေးနေရင်းနဲ့ လုပ်ပေးစေချင်တဲ့ စိတ်တွေရယ် ကြောင့် ၂၀၁၅ မှာတော့ ငါရတဲ့နေရာက ဝင်တွန်းမယ်ဆိုတဲ့စိတ်နဲ့ ပြည်သူ့လွှတ်တော်အမတ်အဖြစ် အရွေးခံ ဖို့ တာမွေမှာ တင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က ပေါ်လစီပိုင်းတွေကို သေချာစနစ်တကျလုပ်ချင် တယ်။ ဥပဒေတွေကိုလည်း ပြုချင်တယ်ပေါ့။ အကြောင်းကြောင်းကြောင့် ပြည်သူ့လွှတ်တော်လည်းမရခဲ့ဘူး။ တာမွေမှာလည်း မရခဲ့ဘူး။ ဒါပေမယ့် ဘယ်နေရာကမဆို အလုပ်ကတော့ လုပ်ပေးနိုင်တာပဲဆိုပြီးတော့ ရွေး ကောက်ပွဲဝင်ခဲ့တာပေါ့လေ”

NLD ပါတီရဲ့မူဝါဒအရ လူငယ်၊ အမျိုးသမီးနဲ့ တိုင်းရင်းသားတွေကို ဦးစားပေးရမယ်ဆိုတာကြောင့် အသက် (၃၅)နှစ်အရွယ် လူငယ်လည်းဖြစ် အမျိုးသမီးလည်းဖြစ်တဲ့ မကြည်ပြာအတွက်တော့ ပိုမိုအားတက်စေခဲ့ပါတယ်။
သူမဝင်ရောက်ယှဉ်ပြိုင်မယ့် ကျောက်တံတားမဲဆန္ဒနယ်မှာ မဲဆွယ်စည်းရုံးတဲ့အခါမှာလည်း အခက်အခဲ မရှိခဲ့ပါ ဘူး။

မကြည်ပြာကတော့ သူမကြုံတွေ့ခဲ့ရတဲ့ နယ်ကအမျိုးသမီးကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲအတွေ့ အကြုံက ပိုမိုခက်ခဲတယ်လို့ဆိုပါတယ်။

“နယ်မှာယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း အမျိုးသမီးတွေက ရွာတွေကိုသွားတဲ့အခါ ဆိုင်ကယ်တွေနဲ့ အဝေး ကြီးသွားရတယ်။ ပိုက်ဆံတွေလည်းကုန်တယ်။ ယောက်ျားလေး (၄)ယောက်၊ (၅)ယောက်လောက်နဲ့ သွားရ တယ်။ အမျိုးသမီးတွေက တောက်လျှောက်မလိုက်နိုင်ကြဘူး။ လုံခြုံရေးကအစ စိန်ခေါ်မှုရှိတယ်” လို့ မကြည် ပြာကဆိုပါတယ်။

ရွေးကောက်ပွဲမှာ သူမအတွက် အဆင်ပြေခဲ့ပေမယ့်လို့ သူမရည်မှန်းထားသလို ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်မဟုတ်ပဲ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတာကြောင့် သူမလေ့လာထားခဲ့တဲ့ နယ်ပယ်နဲ့ လက်တွေ့လုပ်ဆောင်ရတာတွေက ကွာခြားခဲ့ပါတယ်။

Photo: Ma Kyi Pyar’s Facebook page

ဒါကြောင့် တိုင်းဒေသကြီးကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ချိန်မှာတော့ တိုင်းဒေသကြီးနဲ့ သက်ဆိုင်တဲ့ နည်းဥပဒေတွေ အခန်းကဏ္ဍတွေကို စတင်လေ့လာရပါတော့တယ်။

“ဒီမြို့နယ်မှာ ပထမဆုံးစတွေ့တာကတော့ နောက်ဖေးလမ်းကြားကိစ္စပဲ။ အမှိုက်ပုံကြီးတွေက လူတစ်ရပ်စာ လောက်ရှိတယ်။ အဲဒီတော့ မဲဆွယ်ကာလမှာ ပြည်သူတွေကို ကတိအများကြီးမပေးနိုင်ခဲ့ဘူး။ ကျမတို့ကို တာ ဝန်ပေးပါ။ အကောင်းဆုံးစွမ်းဆောင်ပါ့မယ်လို့ပဲ ပြောနိုင်ခဲ့တယ်။ နောက်တစ်ခုက (၂)ရပ်ကွက်မှာ မဲဆွယ်စည်း ရုံးရင်းနဲ့ပြောတာက ဒီကျောက်တံတားမှာ ဘုန်းကြီးကျောင်းမရှိတဲ့ကိစ္စ။ ကျောက်တံတားဘုန်းကြီးကျောင်းက အသိမ်းခံလိုက်ရတယ်ပေါ့နော်။ အဲဒီတော့ ဘုန်းကြီးကျောင်းကိစ္စကတော့ ကျမတစ်ယောက်တည်းအားနဲ့ လည်း မရဘူးပေါ့နော်။ ကိုယ်စားလှယ်တွေရော ရပ်မိရပ်ဖတွေရော အားလုံးပူးပေါင်းရင်းနဲ့ အခုတော့ ဘာပဲဖြစ် ဖြစ် တစိတ်တဒေသ ပြန်ရပြီပေါ့နော်။ ဝမ်းသာစရာကောင်းတယ်ပေါ့”

သူမတာဝန်ယူစဉ်ကာလမှာ စည်ပင်သာယာနဲ့ပတ်သက်တဲ့ နောက်ဖေးလမ်းကြားကိစ္စတွေမှာ ထဲထဲဝင်ဝင်လုပ် ဆောင်နိုင်ခဲ့တာက သူမအတွက် အောင်မြင်မှုဖြစ်ပေမယ့်လို့ လမ်းဘေးဈေးသည်တွေနဲ့ ပတ်သက်တဲ့ကိစ္စရပ် တွေ လုပ်ဆောင်မှုမှာတော့ အားနည်းနေသေးတယ်လို့ ဆိုပါတယ်။

ဒါအပြင် မကြည်ပြာဟာ လူငယ်ပီပီ ပညာရေးနယ်ပယ်ကိုလည်း အထူးစိတ်ဝင်စားတာကြောင့် စာသင်ကျောင်း တွေမှာ စာကြည့်တိုက်အသေးလေးတွေနဲ့ ကလေးအတွက် စာဖတ်ပြိုင်ပွဲတွေကို ကျင်းပပေးလေ့ရှိပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ သူမအနေနဲ့ ထပ်မံဝင်ရောက်အရွေးခံဖို့ဆိုတာကတော့ သူမရဲ့ မိသားစုအရေး၊ အိမ် ထောင်ရေးနဲ့ နိုင်ငံရေးဆက်လုပ်လိုတဲ့ဆန္ဒတွေကြား လျှောက်ရမယ့်လမ်းကြောင်းတစ်ခုကို အခိုင်အမာရွေး ချယ်ရမှာ ဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေပါသေးတယ်။

မကြည်ပြာဟာ အသက်(၁၆)နှစ်အရွယ်ကစလို့ တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ကြားနိုင်ဖို့ စာသင်ဝိုင်း တွေမှာ စာသင်တဲ့အလုပ်နဲ့ ဝင်ငွေရှာခဲ့သလို တဖက်မှာလည်း မိသားစုကို ပံ့ပိုးနေရသူဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်မယှဉ်ပြိုင်ခင် ၂၀၁၃ ခုနှစ်မှာ မကြည်ပြာတစ်ယောက် အိမ်ထောင် ကျခဲ့ပါတယ်။

သူမရဲ့အိမ်ထောင်ဖက်ခင်ပွန်းသည်ဟာလည်း NLD ပါတီဝင်တစ်ယောက်ဖြစ်သလို နိုင်ငံရေးအကျဉ်းသားတစ် ယောက်လည်းဖြစ်ပါတယ်။

“မိဘကလည်း စိတ်ဆိုးတာပေါ့။ ကိုယ်ကလည်း တသက်လုံးအိမ်ထောင်မပြုပဲ သူတို့ကို လုပ်ကျွေးပါမယ်လို့ ပြောထားပြီးမှ ရည်းစားရသွားတော့ စိတ်တွေလည်းဆိုးတာပေါ့လေ။ ထားတဲ့သူကလည်း ထောင်ကထွက်လာ တဲ့သူ။ နိုင်ငံရေးသမား။ အိမ်ကလုံးဝကို သဘောမတူတာ။ ဒါတောင်အဖေကလည်း နိုင်ငံရေးသမားနော်။ နိုင်ငံ ရေးသမားဖြစ်တာတောင် သူ့သမီးကိုတော့ နိုင်ငံရေးသမားနဲ့ မယူစေချင်ဘူးပေါ့နော်”

နိုင်ငံရေးသမားနှစ်ယောက် အိမ်ထောင်ရေးတစ်ခုကို အတူတည်ဆောက်တဲ့အခါ စိန်ခေါ်မှုတွေကတော့ အများ ကြီးရှိနေပါတယ်။

နှစ်ယောက်လုံးကလည်း နိုင်ငံရေးကို မစွန့်လွှတ်နိုင်တဲ့သူတွေဖြစ်တာကြောင့် ပိုပြီးအခက်ကြုံရပြန်ပါတယ်။

“နှစ်ယောက်လုံး နိုင်ငံရေးလုပ်ပြီး ထမင်းအငတ်ခံမလားဆိုတဲ့ အတွေးက နှစ်ယောက်လုံးမှာ ရှိတယ်။ သူလည်း စာသင်တယ်။ ကိုယ်လည်းစာသင်တယ်။ စာသင်ရင်းနဲ့ပဲ ငါတို့ထမင်းစားဖို့ ရပ်တည်မလားဆိုတော့ ကျမက လည်း မိဘကိုထောက်ပံ့ရတဲ့သမီးဖြစ်နေတယ်။ သူကလည်း မောင်နှမတွေအများကြီးနဲ့ မိဘကို ပြန်ကြည့်ရ မယ့်သူ ဖြစ်နေတယ်။ အဲဒီလိုအနေအထားတွေမှာ ရွေးချယ်ခဲ့ရတာတွေအများကြီးရှိတယ်”

ကံကောင်းစွာနဲ့ပဲ သူတို့နှစ်ယောက်လက်မထပ်ခင်မှာပဲ ဝင်ငွေရမယ့်အလုပ်တစ်ခုက ကမ်းလှမ်းလာခဲ့ပါတယ်။ တစ်ယောက်က နိုင်ငံရေးဆက်လုပ်နိုင်ဖို့အတွက် တစ်ယောက်ကတော့ အလုပ်ဝင်လုပ်ရမယ်လို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ပဲ သူမရဲ့ခင်ပွန်းဖြစ်သူက ဝင်ငွေအတွက် အလုပ်ဝင်ခဲ့ပြီး သူမကတော့ နိုင်ငံရေးထဲ ဆက်လက်ရှိနေခဲ့ ပါတယ်။

“တစ်ယောက်က ပါတီထဲမှာနေခဲ့မယ်လို့ စဉ်းစားတယ်။ သူကလည်း နိုင်ငံရေးထဲမှာ နေချင်သေးတယ်။ အလုပ် မလုပ်ချင်ဘူး။ ကိုယ်ကလည်း နိုင်ငံရေးထဲပဲ နေချင်တယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ သူ (၅)နှစ်တော့ ရုန်း ကန်ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဆုံးဖြတ်လိုက်တယ်။ သူအလုပ်လုပ်တော့ ကျမက စိတ်ချလက်ချနဲ့ ပါတီနိုင်ငံရေး ကို သူ့အတွက်ပါ နှစ်ဆပိုလုပ်ပေးတယ်။ ရွေးကောက်ပွဲဝင်ဖို့ဖြစ်လာတော့လည်း သူကပဲ ကျမကို ထောက်ပံ့ ပေးတယ်။ ဘာပဲဖြစ်ဖြစ် သူ့ထောက်ပံ့မှုမရှိပဲနဲ့တော့ ကျမ မရုန်းနိုင်ဘူး”

Photo: Khin Su Kyi

အခုချိန်မှာတော့ သူမရဲ့ ခင်ပွန်းဖြစ်သူဦးညီညီမင်းကလည်း ပါတီနိုင်ငံရေးကို ဆက်လက်လုပ်ဆောင်လိုတာ ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုသုတေသနဌာနမှာ တာဝန်ထမ်းဆောင်နေပါတယ်။

နိုင်ငံရေးသမားနှစ်ယောက် အိမ်ထောင်ကျတဲ့အခါ သူမအတွက် နိုင်ငံရေးနဲ့ပတ်သက်တဲ့လုပ်ဆောင်မှုတွေ အပေါ် နားလည်မှုရှိသလို အထောက်အပံ့လည်းဖြစ်ပေမယ့် နိုင်ငံရေးထဲမှာ နှစ်ယောက်အတူရှိနေဖို့ကတော့ ခက်ခဲလွန်းနေပါတယ်။

တပြိုင်တည်းမှာလည်း သူမဟာ လူငယ်နိုင်ငံရေးသမားတစ်ယောက်ဖြစ်သလို အမျိုးသမီးတစ်ယောက်လည်း ဖြစ်တာကြောင့် အမျိုးသားအများစု ဦးဆောင်နေတဲ့ နိုင်ငံရေးနယ်ပယ်က သူမအပေါ် ခွဲခြားထားမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

“ပါတီမှာလည်း အခုချိန်ထိ ကျမအသက် အခုဆို (၄၀)ပြည့်သွားပြီ။ ဒါပေမယ့် ကလေးလို့ပဲထင်တယ်။ ပြီးတော့ အမျိုးသမီးတွေဆိုတော့ အများကြီးလုပ်နိုင်လိမ့်မယ်လို့ သိပ်ယုံကြည်ထားကြတာမရှိဘူး။ အော် သူလုပ်နေ တယ်၊ ကိုင်နေတယ်၊ ဒီလောက်ပဲ။ တကယ်တမ်း တာဝန်တစ်ခုကိုပေးဖို့အတွက် ပါတီအတွင်းမှာဆိုရင် အမျိုး သမီးတစ်ယောက်ကို ရဲရဲဝံ့ဝံ့နဲ့ပေးတာမျိုးမရှိဘူး။ ကျမတို့ကို အမြဲတမ်းအနောက်မှာထားပြီး စဉ်းစားလေ့ရှိ တယ်။ ငယ်တာရယ်၊ အမျိုးသမီးဖြစ်တာရယ်ကြောင့် အမြဲတမ်း ဒုတိယပေါ့နော်။ အခုအမတ်ဖြစ်တော့လည်း လူ ငယ်အချင်းချင်းတူရင်တောင် အမျိုးသားကို ပိုပြီးဦးစားပေးတာမျိုးက လက်ရှိ ကျမကိုယ်တိုင်လွှတ်တော်ထဲမှာ ကြုံနေရတာတွေရှိပါတယ်”

၂၀၂၀ ရွေးကောက်ပွဲအတွက် သူမအနေနဲ့ကြိုတင်ပြင်ဆင်ထားတာ မရှိပေမယ့် ပါတီအတွက်တော့ သင်တန်း တွေ လုပ်ဆောင်ပေးတာမျိုးနဲ့ အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့သင်တန်းတွေ ဆက်လက်လုပ်ပေး သွားမယ်လို့ ဆိုပါတယ်။

၂၀၂၀ မှာတော့ လွှတ်တော်ထဲမှာ အခုထက် အမျိုးသမီးပါဝင်မှုနှုန်း ပိုများလာနိုင်တယ်လို့ သူမကတော့ ခန့်မှန်း ထားပါတယ်။ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေဦးမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD အနေနဲ့ အောင်မြင်မှုတွေ ဆက်လက်ရှိနေဦးမယ်လို့လည်း သူမက သုံးသပ်ပါတယ်။

“၂၀၂၀ မှာကတော့ နိုင်ငံရေးအနေအထားအရ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေဦးမှာပါ။ ပါတီတွေကလည်း အများ ကြီးဖြစ်လာတယ်။ ၂၀၂၀ မှာ တချို့သော တိုင်းရင်းသားဒေသတွေဘက်မှာ ပါတီတွေပေါင်းလိုက်တာတွေ ရှိ တယ်။ စသဖြင့် အမျိုးမျိုးပေါ့။ အဲဒီလိုဘက်တွေမှာတော့ နည်းနည်းလျော့ကောင်းလျော့နိုင်ပါတယ်။ များသော အားဖြင့် တိုင်းဒေသကြီးတွေဘက်မှာတော့ ဒီတိုင်းပဲ အောင်မြင်မှုတွေ ဆက်ပြီးတော့ရမယ်လို့ထင်တယ်”

မကြည်ပြာနဲ့ဆန္ဒကတော့ လူငယ်တစ်ယောက်ပီပီ နောက်ထပ် မျိုးဆက်သစ်နိုင်ငံရေးလှုပ်ရှားသူ လူငယ်တွေ အတွက် ပါတီသင်တန်းကျောင်းတစ်ခု တည်ထောင်ပေးချင်တာပဲဖြစ်ပါတယ်။ ဒီအိပ်မက်ကတော့ သူမနဲ့အတူ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ပါတီဝင်တွေမှာလည်း ရှိနေကြပါတယ်။

“လူကြီးတွေကိုလည်း ပြောပြတယ်။ ပါတီမှာ သင်တန်းတွေ လုပ်ပေးနေရင်းနဲ့မှ ကျမတို့ပါတီအာဏာရလာရင် တော့ အဓိကက ပါတီသင်တန်းကျောင်းပေါ့။ အရမ်းဖြစ်စေချင်တာ။ ပါတီသင်တန်းကျောင်းကြီးဆောက်ပြီး တိုင်းနဲ့ပြည်နယ်က ကလေးတွေကို စရိတ်စက မပူပင်ရအောင် ဖန်တီးပေးပြီးတော့ နိုင်ငံရေးအသိပညာတွေ၊ အိုင်တီနည်းပညာတွေ၊ အင်္ဂလိပ်စာသင်တန်းတွေ လုပ်ပေးစေချင်တယ်။ အဲဒီစိတ်ကူးက ကိုယ့်တစ်ယောက် တည်းမှာတင်မဟုတ်ဘူး။ ကျမအမျိုးသားမှာလည်း ရှိတယ်။ မဇင်မာအောင်တို့၊ ကိုနေဘုန်းလတ်တို့မှာလည်း အဲဒီလို အတွေးမျိုးရှိကြတယ်”

လက်ရှိအချိန်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့တာဝန်တွေကိုပဲ ဆက်ထမ်းဆောင်မလား၊ လွှတ် တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ မြို့နယ်တာဝန်တွေရော၊ ပါတီတာဝန်တွေရောပါ ဆက်လက်ထမ်း ဆောင်မလားဆိုတာကတော့ မကြည်ပြာတစ်ယောက် စဉ်းစားဆုံးဖြတ်ရမယ့် ကာလတစ်ခုရောက်နေပြီလို့ ပြောလို့ ရပါတယ်။

Author:

Related Articles