Home သတင်း အဓ္ဓမပြုကျင့်ခံရပြီး ဒဏ်ရာတွေနဲ့ စွန့်ပစ်ခံခဲ့ရတဲ့ စစ်တွေက မိန်းကလေးငယ် ဆေးကုသမှုခံယူနေစဉ်သေဆုံး

အဓ္ဓမပြုကျင့်ခံရပြီး ဒဏ်ရာတွေနဲ့ စွန့်ပစ်ခံခဲ့ရတဲ့ စစ်တွေက မိန်းကလေးငယ် ဆေးကုသမှုခံယူနေစဉ်သေဆုံး

သန့်ရှင်းထွန်း။ ။

စစ်တွေ ၊ မတ် ၁၇ ။

စစ်တွေမြို့၊မင်းဂံရပ်ကွက်၊ အကွက် ၁၃ မှာ အဓ္ဓမပြုကျင့်ခံရပြီး ဒဏ်ရာတွေနဲ့ စွန့်ပစ်ခံခဲ့ရတဲ့ အသက် ၁၂ အရွယ် မိန်းကလေးငယ်ဟာ စစ်တွေပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ်မှာ သေဆုံးသွားပါတယ်။

အဲ့ဒီမိန်းကလေးငယ်ကို မနေ့က မတ်လ ၁၆ ရက် မနက် ၈ နာရီလောက်မှာ မင်းဂံရပ်ကွက် အကွက် ၁၃ မှာ မီးရထားလမ်းဘေးမှာ အဝတ်ဗလာ၊ ဦးခေါင်းဒဏ်ရာတွေနဲ့ သတိမေ့မျောပြီးလဲနေတာကို ဒေသခံတွေကတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီလိုတွေ့ရှိပြီးနောက် စစ်တွေပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် ဒီနေ့ မတ်လ ၁၇ ရက် နေ့လယ် ၂နာရီကျော်လောက်မှာ သေဆုံးသွားခဲ့တာလို့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကပြောပါတယ်​။

“ဒီနေ့လည်ကပဲဆုံးသွားတယ်။ ခုအလောင်းကို ရွာကိုသယ်နေကြပါတယ်။ သူတို့မိဘတွေက ပင်ပန်းဆင်းရဲကြတယ်။ ဆေးရုံက rape case(မုဒိန်းမှု)ပါတယ်လို့ပြောတယ်။”လို့ သူကပြောပါတယ်။

အဲဒီမိန်းကလေးငယ်ကို ပြစ်မှုကျူးလွန်သူလို့ယူဆရတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်နှစ်ဦးကို စစ်တွေမြို့မရဲစခန်းမှာ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ နဲ့အမှုဖွင့်ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

“လောလောဆယ်တော့ အပြင်းအထန်နာကျင်စေမှုပုဒ်မနဲ့ဖွင့်ထားတယ်။ ခုကသေဆုံးသွားပြီဆိုတော့ဘယ်လိုလုပ်မလဲမသိပါဘူး။” လို့ ဒေါ်ညိုအေးက ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ပြီး ကြီးလေးသော ပြစ်ဒဏ်ချပေးဖို့ မိသားစုဝင်တွေနဲ့ မြို့ခံတွေက တောင်းဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက်က အသက်၁၈နှစ်အရွယ် အမျိူးသမီးငယ်တစ်ဦးကို အဓ္ဓမပြုကျင့်ပြီး ဓားနဲ့ထိုးသတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

အလားတူပဲ ၂၀၁၉ ခုနှစ် ဇွန်လကလည်း အမျိုးသမီးငယ်တစ်ဦးဟာ စစ်တွေမြို့၊မင်းဘာကြီးလမ်းက ဆောက်လက်စအဆောက်အဦးတစ်ခုမှာ ရက်စက်စွာအသတ်ခံခဲ့ရပေမယ့် လက်ရှိအချိန်အထိ တရားခံမပေါ်သေးပါဘူး။

Author:

Related Articles