ရှင်ငြိမ်း
ရန်ကုန် (မတ် – ၂၆)
အရိပ်အာဝါသမရှိဘဲ နေပူချိန်ပြင်းနေတဲ့အချိန် အပြာနုရောင်ရှပ်လက်ရှည်နဲ့ အနက်ရောင်ဘောင်းဘီရှည်ပွပွကို ဝတ် ဆင်ထားတဲ့အမျိုးသမီးတစ်ဦးဟာ ကားတွေကို ဒိုင်ခံဆေးကြောပေးနေရလို့ သူ့အောက်ပိုင်းတစ်ခုလုံးဟာ စိုရွဲနေပါတယ်။
သူကတော့ ဒါကိုဂရုမစိုက်ဘဲ ကားတစ်စီးရဲ့အတွင်းပိုင်းကို ပွတ်တိုက်လိုက်၊ ကြည့်လိုက်၊ ပြန်တိုက်လိုက်နဲ့ နေပူနေတာ လည်း သူမသိ၊ ဘေးပတ်ဝန်းကျင်ရဲ့ဆူညံသံတွေလည်း အာရုံမစိုက်နိုင်ဘဲ အလုပ်ကိုသာ ဂရုတစ်စိုက် လုပ်နေပါတယ်။
အတွင်းပိုင်းပြီးသွားတော့ ရွံ့တွေပေနေတဲ့ကားတာယာတွေဆေးဖို့ ရေပိုက်ဖွင့်လိုက်တဲ့အချိန်မှာ ရေစက်ပျက်သွားတော့ ဘေးဘယ်ညာကို အကူအညီတောင်းဖို့ကြိုးစားပေမယ့် ကူညီမယ့်သူမရှိပါဘူး။ ရေစက်ကို သူလည်း မပြင်တတ်သလို သူ့ဆီ မှာ အလုပ်လာလုပ်နေတဲ့ ကလေးတွေလည်းမလုပ်တတ်ပါဘူး။ ဒါကြောင့် သူ့ဆိုင်နားက သူတွေကို ကူညီစေချင်ပေမယ့် ဘယ်သူမှ လာမကူညီပေးကြပါဘူး။
ဒီလိုဖြစ်တာဟာ မမြတ်အိကေသွယ်ဟာ အမျိုးသားတွေသာလုပ်လေ့ရှိတဲ့ လုပ်ငန်းကို အမျိုးသမီးတစ်ဦးဝင်လုပ်နေတဲ့ အတွက် တမင်မကူညီကြတာ ဖြစ်နိုင်တယ်လို့ သူ့ဆိုင်မှာ ကားရေလာဆေးတဲ့ အဌားယာဉ်မောင်းအမျိုးသားတစ်ဦးက သူရဲ့ အမြင်ကို ပြောပါတယ်။ သူ့နားက ဆိုင်ပတ်လည်မှာ အမျိုးသားတွေချည်း လုပ်ကိုင်ကြတာပါ။
ကားရေဆေးနေတဲ့ အသက် ၂၆နှစ်အရွယ် မမြတ်အိကေသွယ်ကတော့ “ ပတ်ဝန်းကျင်အမြင်မှာ ဒီအလုပ်(ကားရေဆေး)ကို ယောကျာၤးလေးအလုပ်ဆိုတဲ့အမြင်နဲ့ ညီမအကူအညီလိုရင် မကူညီပေးဘူး။ စိတ်တော့မကောင်းဘူးပေါ့။ ဒါပေမဲ့ဂရုမစိုက်ပါ ဘူး။ ကိုယ်ရှိမှကိုယ်စားရတာ။”လို့ သူက ဆိုတယ်။
ဒါတွေဟာ ရှေးယခင်က မိန်းကလေးဆိုရင် သိမ်မွေ့နူးညံ့ရမယ်။ အိမ်အပြင်မထွက်ရဘူးတို့ စတဲ့အယူအဆတွေနဲ့ ပုံသွင်း သတ်မှတ်ခဲ့ရပြီး လူမူအသိုင်းအဝိုင်းမှာလည်း ဒုတိယလူတန်းစားအနေနဲ့ သတ်မှတ်ခံခဲ့ရတာတွေကြောင့်လို့ မမြတ်အိကေ သွယ်ကပြောပါတယ်။
မမြတ်အိကေသွယ်ဟာ ယောကျ်ားးလေး၊ မိန်းကလေးအလုပ်ရယ်လို့ ခွဲခြားမနေဘဲ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းကာ ‘အောင်ကမ္ဘာ’ကားရေဆေးဆိုင်ကို ဦးစီးလုပ်ကိုင်နေတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး သူ့အပေါ်အထင်သေးခွဲခြား ဆက်ဆံမှုတွေ ကိုဂရုမစိုက်ဘဲ လုပ်ငန်းတူအမျိုးသားတွေနဲ့တန်းတူ ဒီကားရေဆေးဆိုင်လေးကို နာမည်တစ်ခုရလာအောင် အလုပ်နဲ့ သက် သေပြခဲ့သူပါ။
သူဟာ မြန်မာစာအဓိကနဲ့တက္ကသိုလ်ဘွဲ့ရတစ်ယောက်ဖြစ်ပေမယ့် အအေးဆိုင်၊ ကားရေဆေးဆိုင်အပြင် အချိန်ရရင် စွန့် ပစ်ပလစ်စတစ်ပစ္စည်းလေးတွေလိုက်ကောက်ပြီး ဝင်ငွေရှာတတ်ပါသေးတယ်။
ဒီအတွက်သူ့သူငယ်ချင်းတွေက ဘွဲ့ရတစ်ယောက်ဖြစ်တဲ့အတွက် တခြားအလုပ်တစ်ခုပြောင်းလုပ်ဖို့ ပြောလာပေမယ့် မမြတ်အိကေသွယ်ကတော့ မိန်းကလေးလည်းလုပ်နိုင်တယ်ဆိုတာကို သက်သေကိုပြချင်တာကြောင့်လို့ တုံ့ပြန်ဖြေလေ့ရှိ တယ်။
မောင်နှမသုံးယောက်ရှိတဲ့အထဲမှာ မမြတ်အိကေသွယ်က အငယ်ဆုံးသမီးဖြစ်ပြီး သူလေးတန်းအရွယ်လောက်မှာ ရခိုင်ပြည် နယ်၊ ပေါက်တောမြို့နယ်ကနေ ရန်ကုန်မြို့ရှိ ယုဇနဥယျာဉ်မြို့တော်ထဲကို ပြောင်းရွှေ့လာခဲ့ကြတာပါ။ သူတို့ငယ်စဉ် ကျောင်းတက်နေရတဲ့အချိန်မှာတော့ မွေးရာပါနှလုံးသွေးကြောကျဉ်းရောဂါရှိတဲ့ဖခင်ကြီးက ရှာဖွေကျွေးမွေးခဲ့ပါတယ်။
ဒီလိုနဲ့ မမြတ်အိကေသွယ် ပထမနှစ်အရောက်မှာ အကိုဖြစ်သူက မိသားစုစားဝတ်နေရေးအတွက် ဒီကားရေဆေးဆိုင်လေး ကို စဖွင့်တဲ့အချိန်မှာ သူကကူညီလုပ်ပေးရာစလို့ ဒီလုပ်ငန်းလေးလုပ်ဖို့ အစဖြစ်လာပါတယ်။
ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ မအားတဲ့ကြားက မမြတ်အိကေသွယ်ဟာ အလကားမနေဘဲ ဟိုတယ်သင်တန်းတက် ပြီး ဆူးလေရှန်ဂီလာဟိုတည်မှာ စားပွဲထိုး(waitress)ဝင်လုပ်ခဲ့တယ်။
သူဟိုတယ်အလုပ် စတင်လုပ်တဲ့အချိန်မှာ အကိုဖြစ်သူက အိမ်ထောင်ကျပြီး နယ်ကိုပြောင်းသွားတော့ ကားရေဆေး လုပ်ငန်းကို အမေနဲ့အမဖြစ်သူက သွားရောက်ကြီးကြပ်ပေးတာလောက်ပဲလုပ်နိုင်ပြီး ကျန်တာကို အလုပ်သမားတွေနဲ့ ပစ်ထားခဲ့ရတယ်။
“အဖေ၊ အမေကလည်း ကျန်းမာရေးမကောင်း။ အမကလည်း ရေကိုင်တာနဲ့ ဖျားတတ်သူဆိုတော့ အလုပ်သမားနဲ့ပဲ လွှဲ ထားရတာများတော့ အလုပ်ကသိပ်မဖြစ်ဘူး။ ပိတ်ရမလိုအထိဖြစ်ခဲ့တာ။”လို့ မမြတ်အိကေသွယ်က ပြန်ပြောပြပါတယ်။
ဒီလိုနဲ့ ကိုဗစ်ကပ်ရောဂါဝင်လာတော့ ဟိုတယ်တွေပိတ်သွားတဲ့အချိန်မှာ ဝင်ငွေမရှိလို့မဖြစ်တဲ့အတွက် မမြတ်အိကေသွယ် ဟာ ကားရေဆေးလုပ်ငန်းထဲကို ခြေစုန်ပစ်ဝင်ခဲ့တယ်။ တခြားလုပ်ငန်းတွေ ကိုဗစ်ကာလမှာနားလိုက်ရပေမယ့် သူကတော့ ကိုဗစ်စည်းကမ်းနဲ့အညီ ကားရေဆေးတာကို ဆက်လုပ်နေခဲ့တယ်။
‘အောင်ကမ္ဘာ’ဆိုတဲ့ သူရဲ့ကားရေဆေးဆိုင်လေးဟာ ရန်ကုန်မြို့၊ ယုဇနဥယျာဉ်မြို့တော်ရှိ ၉၄ ရပ်ကွက်ထဲမှာ မနက် ၆ခွဲ ကနေ ညနေ ၆ နာရီအထိ ပိတ်ရက်မရှိဖွင့်ထားပြီး လာသမျှကားတွေကို ဒိုင်ခံဆေးပေးပါတယ်။
သူ့ဆိုင်လေးဝန်းကျင်မှာလည်း ကားဂိတ်တွေ၊ ကားလေထိုးဆိုင်တွေ၊ ကားအလှဆင်ပစ္စည်းရောင်းတဲ့ဆိုင်တွေအပြင် သူ့လို ကားရေဆေးဆိုင်တွေလည်းရှိပြီး အမျိုးသားတွေသာ ဦးစီးလုပ်ကိုင်ကြတာများပါတယ်။
ဒီအမျိုးသားတွေကြားမှာပဲ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ မမြတ်အိကေသွယ်က ကားကို ကိုယ်တိုင်ဆေးပေးတာဖြစ်လို့ လုပ်ငန်းခြင်းတူရင်တောင် သူ့ဆိုင်မှာလာဆေးသူများရတာက အလုပ်အပေါ်ထားတဲ့သူရဲ့စေတနာကြောင့်လို့ သူကဆိုပါတယ်။
သူ့ဆိုင်လေးစဖွင့်ကတည်းက အမြဲကားလာဆေးနေတဲ့ အဌားယာဉ်မောင်းသမား ဦးထွန်းတင့်က “ပထမဆုံးလာတော့ သူ့ကိုမယုံဘူးပေါ့။ စိတ်တိုင်းမကျရင် နောက်မဆေးဘူးလို့တွေးထားတာ။ တကယ်ဆေးတော့မှ သူကစေ့စေ့စပ်စပ်လုပ် တယ်။ စေတနာပါလို့ စိတ်တိုင်းကျတယ်။” လို့ ဆိုပါတယ်။
ထိုအချိန်သူရဲ့တစ်လဝင်ငွေက အကူအလုပ်သမားနဲ့ ကားဆေးဖို့လိုအပ်တဲ့ပစ္စည်းဝယ်တာစတာတွေ နုတ်လိုက်ရင် အသား တင်ငွေကျပ် သုံးသိန်းလောက်ကျန်ပါတယ်။ ဒီငွေကိုတော့ မိဘတွေရဲ့ဆေးဖိုး၊ အိမ်စရိတ်နဲ့ အိမ်ဌားခအတွက် သုံးရတာ ကြောင့် ရလိုက်ကုန်လိုက်နဲ့ စုဆောင်းမိတာမရှိခဲ့ပါဘူး။
မိန်းကလေးတစ်ယောက်အနေနဲ့ ရေတွေ၊ ဆီတွေထဲမှာ အကြာကြီးနေတာဟာ ကျန်းမာရေးအရမကောင်းပါဘူး။ ဒါပေမဲ့ မမြတ်အိကေသွယ်ဟာ တက္ကသိုလ်မှာ ခြေလျင်တောင်တက်သမားတစ်ဦးဖြစ်လို့ အခုလိုကြမ်းတမ်းပင်ပန်းမှုတွေကို ခံနိုင် ရည်ရှိခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။
“မိုးရွာရွာ၊ နေပူပူတောင်တက်ခဲ့ရတော့ ပင်ပန်းတာနဲ့က နေသားကျသွားပြီ။ တစ်နေကုန် ရေတစ်ပိုင်းစိုနေလည်း ဘာမှမဖြစ် ဘူး။ ရေထဲအကြာကြီးနေလို့ ရာသီလာတာနာကျဉ်တာ၊ကိုက်တာဘာမှမရှိဘူး။” လို့ မမြတ်အိကေသွယ်က ပြောပါတယ်။
ငယ်စဉ်ကတော့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတွေကို အားကျတဲ့စိတ်ကြောင့် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားခဲ့ပေမယ့် လက်ရှိအနေအထားအရ မဖြစ်နိုင်သေးတဲ့အပေါ်မှာတော့ စိတ်ပျက်အားလျော့ သွားတာလည်း မရှိပါဘူးလို့ သူကဆိုတယ်။
ဒါပေမဲ့ သူတို့တွေးထင်မထားတဲ့ကိစ္စရပ်တစ်ခုက အဆင်ပြေနေတဲ့ သူတို့မိသားစုဘဝလေးကို ရိုက်ချိုးလိုက်သလိုဖြစ်သွားခဲ့ ပါသေးတယ်။ ဒါကတော့ ဖေဖော်ဝါရီလလောက်က ကျူးကျော်နေရာမှာ ဖွင့်ထားတဲ့သူ့ဆိုင်လေးဟာ အဖျက်ခံလိုက်ရတဲ့အ ထဲ ပါသွားတာပါ။ ဆိုင်ဖျက်ခံရတာနဲ့အတူ သူတို့ရဲ့အလုပ်နဲ့ဝင်ငွေလည်း ရပ်သွားခဲ့တယ်။
“ ဆိုင်လေးဖျက်လိုက်ရတဲ့နေ့ သုံးလေးရက်လောက်အိပ်မပျော်ခဲ့ဘူး။ ဒီဆိုင်လေးကရတဲ့ငွေနဲ့ မိသားစုရပ်တည်နေတာဆို တော့ ဘယ်လိုရှေ့ဆက်လုပ်ရမလဲလို့ပူတာလေ။” လို့ မမြတ်အိကေသွယ်က ပြောပြပါတယ်။
မမြတ်အိကေသွယ်ဟာ ဆိုင်ဖျက်လိုက်ရပေမယ့် သူ့ဆိုင်လေးပြန်ဖွင့်လို့ရနိုးနိုးနဲ့ နေ့တိုင်းဖျက်ထားတဲ့နေရာလေးကို သွား သွားကြည့်ခဲ့တယ်။ တပတ်လောက်ကြာတော့ အမိုးအကာတွေမရှိတော့တဲ့ သူ့ဆိုင်နေရာလေးမှာ ပြန်ဖွင့်ခွင့်ရခဲ့တယ်။
“ ဒီနေရာကလေ ကျူးကျော်ပေမယ့် အရင်ပိုင်ရှင်က ရေတွင်းတူးထားခဲ့တော့ ကားရေဆေးဖို့အရမ်းအဆင်ပြေတဲ့နေရာပါ။ ရေတွင်းမရှိရင် ကားရေဆေးတဲ့အလုပ်က အဆင်မပြေဘူး။ ဒါ့ကြောင့်တခြားမပြောင်းတာ။ ရေတွင်းတူးရတာလည်း အရင်း အနှီးကြီးတယ်။”လို့ သူက ရှင်းပြပါတယ်။
ဒီဆိုင်လေးဖျက်လိုက်ရကတည်းက သူ့လုပ်ငန်းက အရင်လိုအလုပ်မဖြစ်တော့ပါဘူး။ တစ်လကိုငွေကျပ်သုံးသိန်းလောက် အသားတင်ရတဲ့လုပ်ငန်းဟာ လက်ရှိမှာရှစ်သောင်းလောက်သာရတော့တဲ့အတွက် မိသားစုဝမ်းရေးခက်လာပါတယ်။
သို့ပေမဲ့ အခုလိုမိသားစုအတွက် စိတ်ပူပန်ရတာတွေရှိနေပေမယ့် ဒီအပေါ်မှာစိတ်ပျက်အားငယ်မနေဘဲ နိုင်ငံခြားထွက်ဖို့ အတွက် ပြင်ဆင်နေပါတယ်။ ယခင်ကဒူဘိုင်းသွားဖို့ကြိုးစားခဲ့ဖူးပေမယ့် အလိမ်ခံလိုက်ရတာကြောင့် မသွားဖြစ်ခဲ့ပါဘူး။
အခုတော့ ဒူဘိုင်းမသွားဘဲ အပျော်စီးသဘောၤတွေမှာ စားပွဲထိုး(waitress)လုပ်ဖို့ အင်္ဂလိပ်စာသင်နေတာဖြစ်တယ်။ ဒါက လည်း သူ့ဆိုင်လေးရုတ်တရက်ပိတ်သွားခဲ့ရရင် ဝင်ငွေရပ်တန့်သွားမှားစိုးတာကြောင့် တခြားတစ်ဖက်ကို ကြိုလှမ်းထားတဲ့ သဘောပါ။
“ အဖေအလုပ်ကလည်း လစာမရတာနှစ်လရှိပြီ။ အမနဲ့ညီမရတဲ့ငွေပဲ အိမ်စရိတ်သုံးနေရတာ။ နောက်ဒီဆိုင်လေးက ဖယ် ရမယ်လို့လည်းကြားတော့ တခြားပြောင်းလုပ်ဖို့ကလည်း အရင်းအနှီးမရှိဘူး။ အဲ့တော့မိသားစုအတွက် အလုပ်တစ်ခုတော့ လုပ်ရမှာပေါ့။” လို့ ရှေ့ရေးအတွက် စဉ်းစားထားပုံကို သူကပြောပြပါတယ်။
ဒါ့အပြင် သူဟာ မိသားစုပိုင်ဖြစ်တဲ့ဒီကားရေဆေးဆိုင်လေးကို ဒီထက်ပိုကောင်းတဲ့ဆိုင်လေးနဲ့အတည်တကျဖြစ်ချင်တဲ့ဆန္ဒ ရှိတဲ့အတွက် နိုင်ငံခြားသဘောၤလိုက်ပြီးငွေစုကာ ကားရေဆေးဆိုင်ကြီးဖွင့်ဖို့လည်း ရည်မှန်းထားတယ်လို့ သူကဆိုပါတယ်။
ဒီလို မမြတ်အိကေသွယ် ကြိုးစားလုပ်ကိုင်ပြနေရခြင်းက အမျိုးသမီးဆိုရင် အိမ်မှုကိစ္စနဲ့အိမ်ထောင့်တာဝန်သာ ထမ်း ဆောင်ရမယ်လို့ အများစုသတ်မှတ်ထားကြတဲ့ ရှေးရိုးစွဲအမြင်တွေကို တစ်ကိုယ်ရေတွန်းလှန်ကျော်ဖြတ်နေခြင်းဆိုလည်း မမှားပါဘူး။
လက်ရှိမှာလည်း အမျိုးသမီးတွေဟာ စီးပွားရေး၊ပညာရေး၊ ကျန်းမာရေးနဲ့ စစ်ရေးလိုနေရာတွေမှာပါ ရှေ့တန်းကနေ ဦး ဆောင်မှုတွေရှိလာပါပြီ။ ဒါ့အပြင် အဌားယာဉ်မောင်းတာ၊ ဘတ်စ်ကားမောင်းတာတွေအပြင် ကားပြင်တဲ့လုပ်ငန်းတွေကနေ ဆိပ်ကမ်းတွေမှာ ကုန်ထမ်းနေတဲ့နေရာတွေအထိ အမျိုးသမီးတွေဟာ လုပ်ကိုင်ဆောင်ရွက်နေကြပါပြီ။
မမြတ်အိကေသွယ်ဆိုလည်း အမျိုးသားတွေသာလုပ်ရမယ်လို့ အများစုသတ်မှတ်ထားကြတဲ့ ကားရေဆေးတဲ့လုပ်ငန်းမှာ အမျိုးသမီးတစ်ဦးအနေနဲ့ ဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်ပြီး သူ့အလုပ်နဲ့ပတ်သက်လို့လည်း ယခုလိုရဲရဲဝံ့ဝံ့စကားဆိုတယ်။
“ မိန်းမအလုပ်၊ ယောကျ်ားအလုပ်လို့ခွဲခြားနေတာကိုတော့ မကြိုက်ပါဘူး။ လက်လည်းမခံဘူး။ သူများလုပ်နိုင်ရင် ကိုယ် လည်းလုပ်နိုင်ရမယ်လို့ခံယူတယ်။ သာတူညီမျှပဲကောင်းပါတယ်။”