Home သတင်း တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ

သြဂုတ်လ ၂၈ ကနေ စက်တင်ဘာ ၃ရက် အတွင်းတစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

  • ဝက်လက်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အမျိုးသမီးအားအဓမ္မပြုကျင့်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က အသက် ၂၀ အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အဓမ္မပြု ကျင့်ပြီး စစ်ရှောင်ပြည်သူအမျိုးသားသုံးဦးကိုပါ သတ်ဖြတ်သွားခဲ့ပါတယ်။

ဝက်လက်မြို့နယ်၊ ကျီးကန်မြောက်ရွာမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်မှာ တောင်သူလုပ်ကိုင်နေသူတစ်ဦး ဖြစ်ပြီး ယင်းအမျိုးသမီးကို ဖခင်ရှေ့မှာပင် အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ယင်းဖြစ်စဥ်ကို စစ်ရာဇဝတ်မှုအဖြစ် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးယန္တရား-IIMM သို့ ပေးပို့ထားပြီး ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးအတွက် စစ်တပ်ရဲ့ ကျုးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ရန် အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Source- People’s Spring

  • ကျောက်ကြီးတွင် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး၄ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရ 

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၆၄ က ကညင်ကျိုးကျေးရွာ အတွင်းကို ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်  ကလေးတစ်ဦး အပါအဝင်အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါ တယ်။

လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သူတွေမှာ ကညင်ကျိုးကျေးရွာနေ အသက်၄၅နှစ် အရွယ် ဒေါ်ပြုံးပြုံးရီ ၊ အသက်၅၂နှစ် အရွယ်ဒေါ်စန်းစန်း ၊ အသက်၆၆နှစ်အရွယ် ဒေါ်စန်းဌေးနဲ့ အသက်၄နှစ် အရွယ်မမေမြတ်နိုးဝေတို့ဖြစ်ပြီး ဒေါ်စန်းဌေးရဲ့ ဒဏ်ရာ မှာ ပြင်းထန်တယ်လို့ သိရပါတယ်။

Source- Irrwaddy

  • မူဆယ်မှာ ငွေလဲလုပ်ငန်းလုပ်ကိုင်သူအမျိုးသမီးကို သေနတ်နဲ့ပစ်ခတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာနယ်စပ်၊ မူဆယ်မြို့လယ်ခေါင် ညဈေး လမ်းကြားမှာ ငွေလဲ လုပ်ငန်းလုပ်တဲ့ အမျိုး သမီး ၁ ယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး ငွေအိတ်လုယက်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်

ဆိုင်ကယ်စီးလာတဲ့အမည်မသိလူငယ် ၃ ယောက်က အမျိုးသမီးဆီက ငွေအိတ်ကိုလုယူပြီးနောက် သေနတ်နဲ့ ၂ ချက် ပစ်ခတ် ခဲ့ပြီး လုယူသွားတဲ့ပိုက်ဆံအိတ်မှာ မြန်မာငွေ၊ တရုတ်ငွေစုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၅၀၊ ၂၀၀ဝန်းကျင် တန်ဖိုးရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ယင်းအမျိုးသမီးမှာ နံကြားကို သေနတ်ထိမှန်ထားတာကြောင့်အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ဆိုပါတယ်။

Source- DVB

  • ကလေးမြို့တောင်ပိုင်းက စစ်ရှောင်ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအာဟာရချို့တဲ့တာကြောင့် ပေါင်မပြည့် လမစေ့ ကလေးမွေးဖွားမှုများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းမှာနေထိုင်တဲ့ စစ်ရှောင်ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အာဟာရချို့တဲ့တာကြောင့် မွေးလာတဲ့ ကလေးငယ်တချို့မှာ နေ့မစေ့၊ပေါင်မပြည့် မွေးဖွားတာတွေ့ရတယ်လို့ စစ်ရှောင်တွေကို ကျန်းမာရေး ကုသပေး နေသူတွေက ပြောပါတယ်

People’s Healthcare Network (kalay) ကဖွင့်ထားတဲ့ ဆေးရုံမှာ စစ်ရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီး ခွဲမွေး လူနာဦးရေ ၅၀ ဝန်းကျင်နဲ့ ရိုးရိုးမွေးလူနာ ၇၅ ယောက်ရှိပြီး ဇူလိုင်လအတွင်းမှာတော့ ခွဲမွေးလူနာ ၂ ယောက်နဲ့ ရိုးရိုးမွေးလူနာ ၆ ယောက်ရှိခဲ့ ပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ဆေးရုံတွေဆေးပေးခန်းတွေကို နောက်ကျမှရောက်လာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ရှိသလို မမွေးနိုင်မှရောက်လာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး စစ်ရှောင်တွေလည်း ရှိပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဆေးရုံဆေးခန်းတွေကို အချိန်မီမလာနိုင်ကြသလိုယင်းတို့က မွေးလာတဲ့ ကလေးတွေကိုလည်း ကာကွယ်ဆေး မထိုးပေးနိုင်သေးဘူးလို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ People’s Healthcare Network ( kalay) ရဲ့ တာဝန်ခံဆရာဝန်က ပြောပါ တယ်။

Source- DVB

  • တောင်ကုတ်မြို့မှာ အမျိုးသမီးတစ်ဦးအက်စစ်နဲ့ပက်ခံရ

တောင်ကုတ်မြို့နယ်မှာအမျိုးသားတစ်ဦးက အလှပြင်ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကို အလိုမတူဘဲ ကားတင်ပြေးဖို့ကြိုးစားစဉ် ငြင်းဆန်ခဲ့တာကြောင့်ယင်းအမျိုးသမီးကို အက်စစ်နဲ့ပက်မှု ဖြစ်ပွားခဲ့တယ် လို့ တောင်ကုတ် ဒေသခံတွေကပြောပါတယ်။

တောင်ကုတ်ဒေသခံ ဦးသက်ဦးဆိုသူက အလှပြင်ဆိုင်ပိုင်ရှင်အမျိုးသမီးကို ကားတင်ပြေးဖို့ အကြမ်းဖက်ဆွဲရမ်းနေတဲ့အတွက် ဝင်ရောက်တားမြစ်တဲ့ ဦးသက်ဦးရဲ့ အမျိုးသမီးမှာလည်း ပေါင်နှစ်ဖက်နဲ့ လက်မောင်း၊တံတောင်ဆစ်တို့မှာ အက်စစ်ရည်ထိမှန် သွားခဲ့ပါတယ်။

လက်ရှိမှာအက်စက်နဲ့ပက်ခံခဲ့ရသူနှစ်ဦးလုံးဟာ တောင်ကုတ်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြတာဖြစ်ပြီး အလှပြင်ဆိုင်ပိုင်ရှင် အမျိုးသမီးမှာဆံပင်၊မျက်နှာ၊ပခုံး၊ရင်ဘတ်၊လည်ပင်းနဲ့လက်မောင်းတို့မှာ ကျွမ်းလောင်၊ထိခိုက်သွားခဲ့တာကြောင့် တောင်ကုတ် ဆေးရုံမှာ ခွဲစိတ်ထားရတယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်

Source- Border News Agency

  • မန္တလေးမြို့ကNLD ပါတီဝင် မအေးအေးအောင်ကို စစ်ကောင်စီက ထပ်မံဖမ်းဆီး

စစ်တပ်အာဏာသိမ်းစဉ် ကန့်ကွက်ဆန္ဒပြရာမှ အဖမ်းခံရဖူးသူ မန္တလေးမြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် မအေးအေးအောင်ကို စစ်ကောင်စီက ဩဂုတ်လ ၂၃ ရက်နေ့မှာ ထပ်မံဖမ်းဆီးသွားတယ်လို့သိရပါတယ်။

စစ်ကောင်စီဘက်တော်သားတစ်ဦးက ချမ်းအေးသာစံမြို့နယ်နေ အသက် ၃၅ နှစ် ဝန်းကျင်အရွယ် မအေးအေးအောင်ကို ၂၂ လမ်း ၈၉ လမ်းထောင့်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ခုမှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာမအေးအေးအောင်က မန္တလေး နန်းတွင်း စစ်ကြောရေးစခန်းမှာ ရှိနေတယ်လို့ ယူဆရ ကြောင်း နီးစပ်သူတစ်ဦးကပြောပါတယ်  ။

မအေးအေးအောင်က စစ်တပ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလကုန်ပိုင်းမှာ ဆန္ဒပြလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံခဲ့ရကာ ၂ လကျော် အကြာမှာ ပြန်လည်လွတ်မြောက်ခဲ့တာပါတယ်။  ထောင်မှ ထွက်လာပြီး နောက် မန္တလေးမြို့က “ပရဟိတမင်းခေါင်” လူမှုကယ် ဆယ်ရေးအဖွဲ့မှာ လုပ်ကိုင်ခဲ့ပါတယ် ။

Source- Myanmar Now

  • လွိုင်ကော်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မသန်စွမ်းအမျိုးသမီးအပါအဝင် ၂ဦး သေဆုံး

ရှမ်းပြည်နယ်နဲ့- ကရင်နီပြည် နယ်စပ် မိုးဗြဲမြို့ မှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်ရင်းကနေ လွိုင်ကော်မြို့နယ်အတွင်းကို အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦးနဲ့ အသက်၃၈နှစ်အရွယ် မသန်စွမ်းအမျိုးသမီးတစ်ဦး ပွဲချင်းပြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။

စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၄လုံးဟာ လွိုင်ကော်မြို့နယ်၊ နိုးကိုးကျေးရွာအုပ်စုထဲက ကျေးရွာတစ်ရွာထဲကို ၂ လုံး ကျရောက်ခဲ့တာဖြစ်ပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး ထိမှန်ပြီး ထိခိုက်မိသူထဲကနှစ်ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Source- Kantarawaddy Times

  • ရေကျော်တွင် ဆိုက်ကားပုံမှန်စီးနေကျ အမျိုးသမီးအား ဆိုက်ကားနင်းသူက အိမ်တွင်း ဝင်ရောက်သတ်ဖြတ်ကာ ပစ္စည်းလုယက်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် ၊ ရေကျော် ၈ ရပ်ကွက်၊ မြောင်းကြီး လမ်းမှာနေထိုင်တဲ့ အသက်၂၄နှစ် အရွယ် ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ဆိုက်ကားနင်းသူတစ်ဦးမှ သတ်ဖြတ်ကာ အိမ်အတွင်းရှိ အဖိုးတန်ပစ္စည်းများကို လုယက် ယူဆောင်သွားတယ်လို့ ရပ်ကွက်နေ ပြည်သူများထံမှ သိရပါတယ် ။

ပစ္စည်းလုယူသတ်ဖြတ်သွား သူမှာ သေဆုံးသူ အမျိုးသမီး ပုံမှန် စီးနင်းနေတဲ့ ဆိုက်ကားနင်းသူ ဖြစ်ပြီးယင်းဘဏ်ဝန် ထမ်းအမျိုး သမီး ရဲ့ခင်ပွန်းခရီးသွားခိုက်နေအိမ်တွင်တစ်ဦးတည်းရှိစဉ် လုယက်မှုကြံစည်ခဲ့တာလို့ဆိုတယ် ။

Source -MPA

  • ညောင်လေးပင်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်၇နှစ်သမီးနဲ့မိခင်တို့သေဆုံး

ပဲခူးတိုင်းအရှေ့ခြမ်း     ညောင်လေးပင်မြို့နယ်၊ ပျဉ်ရေကြီးကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် ၇ နှစ်သမီးနဲ့ သူ၏ မိခင် တို့သေဆုံးကာ ၄ ဦးထက် မနည်း ဒဏ်ရာရသွားတယ်လို့သိရပါတယ်

ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျမှုကြောင့် ဗုံးခိုကျင်းထဲ ပုန်းခိုနေတဲ့ အသက်၇ နှစ်အရွယ် သွန်းရတီဖူး၊အသက် ၄၄ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်စန်းမျိုးဦးတို့ ထိမှန်ခဲ့ပြီး မိခင်ဖြစ်သူမှာ ညောင်လေးပင်ဆေးရုံ ပိုဆောင်ခဲ့ရာလက်မခံတာကြောင့် ပဲခူးဆေးရုံကိုပို့ဆောင်စဉ် လမ်းမှာသေဆုံးသွားခဲ့ပါတယ် ။

Source- Myanmar Now

  • မတ္တရာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ အမျိုးသမီး ၁ ဦးသေဆုံး 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စျေးဟောင်းကျေးရွာကို စစ်ကောင်စီတပ်က သြဂုတ် ၂၆ ရက်နေ့လည်မှာ လက်နက် ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးကာ ၂ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူမှာ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်မာရွှေဖြစ်ပြီး အသက် ၂ နှစ်အရွယ် မအိဇင်ထွေးမှာ ခြေထောက် ဒဏ်ရာရ ရရှိခဲ့ သလို အသက် ၂၇ နှစ်အရွယ် မစိုးစန္ဒာအောင်မှာလည်း လက်မောင်းမှာ ဒဏ်ရာရရှိခဲ့ပါတယ်။

Source- ​မြေလတ်အသံ

  • ပြစ်ဒဏ်လျှော့ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အမှုတွေအတွက် အယူခံ အထူးတရားရုံးပယ်ချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုများအနက် သြဂုတ်လ ၁ ရက်နေ့က စစ်ကောင် စီက ပြစ်ဒဏ် ၆ နှစ်လျှော့ပေါ့ပေးခဲ့တဲ့အမှု ၅ မှုနဲ့ပတ်သက်ပြီး အထူးအယူခံကြားနာဖို့ လျှောက်ထားချက်ကို နိုင်ငံတော် အထူး တရားရုံးက ပယ်ချလိုက်ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ)၊ သဘာဝဘေးစီမံခန့်ခွဲမှု ၂ မှုနဲ့ စကားပြောစက် လက်ဝယ်ထားရှိတဲ့ ဆက်သွယ်ရေးနဲ့ ပို့ကုန်သွင်းကုန်အမှု ၂ ခု စုစုပေါင်း ၅ မှုအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးထားပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပြစ် ကျူးလွန်မှုမရှိကြောင်း ပြသတဲ့အနေနဲ့ သူမရဲ့ရှေ့နေတွေက ကြားနာခွင့်လျှောက်ထားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပေါ် စွဲဆိုထားတဲ့ နောက်ထပ် ၆ မှု အတွက် အထူးလျှောက်လဲချက် တွေကို လက်ခံသင့်မသင့် စက်တင်ဘာလ ၅ ရက်နေ့မှာ တရားရုံးက ကြားနာမှာ ဖြစ်ကြောင်းလည်း ရှေ့နေ့တွေကပြောပါတယ်။

Source -VOA

  • ပွင့်ဖြူမှာ ငွေအတုထုတ်တဲ့ အမျိုးသမီး ၂ ဦး အဖမ်းခံရ 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှာငွေစက္ကူအတု ထုတ်လုပ်ဖြန့်ဝေ သုံးစွဲနေတဲ့ အမျိုးသမီး ၂ ဦးကို သြဂုတ် ၂၉ ရက် နံနက် ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အဖမ်းခံရသူ ၂ ဦးမှာ မရတနာဆိုသူနဲ့ နောက်ထပ် အမျိုးသမီးတဦးဖြစ်ပြီး ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာမှာ အိမ်ငှားနေ ထိုင်ပြီး ငွေအတုထုတ်လုပ်နေကြတာပါ။

Source မြေလတ်အသံ

  • ဂန့်ဂေါမှာ တလအတွင်း အမျိုးသမီးသုံးဦးအပါအဝင် ကိုးဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ် မှုတွေကြောင့် အမျိုးသမီးသုံးဦးအပါအဝင်အရပ်သား ကိုးဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်း သတင်းအချက်တွေအရ သိရပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းကျေးရွာက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ သြဂုတ် ၈ ရက်ကနေ ၁၅ ရက်အတွင်း ရေသာရွာက အမျိုးသမီးတဦး၊ မြင်သားရွာက အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး၊ အလယ်ရွာ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး စုစုပေါင်း ငါးဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သြဂုတ်လ ၂၈ ရက်က ဂန့် ဂေါမြို့ပေါ် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဂန့်ဂေါတောင်ဘက် စိန်ဒူး ကျေးရွာက အရပ်သား အမျိုးသားတဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Source-Delta News Agency

  • ကြက်တောင်အားကစားမယ်သက်ထားသူဇာ ကမ္ဘာ့အဆင့် ၄၈ သို့ရောက်ရှိ

ကမ္ဘာ့ကြက်တောင်အဖွဲ့ (BWF) ရဲ့ သြဂုတ် ၂၉ ရက် ထုတ်ပြန်ချက်အရ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာက အမျိုး သမီးတဦးချင်း ကမ္ဘာ့​အဆင့် ၄၈ ကို တက်ရောက်နိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် ၅၀ အတွင်း ဝင်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးမြန်မာ့ ကြက် တောင်ကစားသမား ဖြစ်ခဲ့ပါတယ်။

သက်ထားသူဇာက ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ သြဂုတ် ၂၁ ရက်ကနေ ၂၇ ရက်အထိ ကျင်းပခဲ့တဲ့ ၂၀၂၃ ဒိန်းမတ် ကမ္ဘာ့ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့တာကြောင့် ကမ္ဘာ့အဆင့် ၆၁ မှ ၄၈ အထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်

သက်ထားသူဇာက ၂၀၂၄ ပဲရစ်အိုလံပစ် ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့အတွက် တခြား ကြက်တောင်ပြိုင်ပွဲတွေမှာ အကောင်းဆုံး ယှဥ်ပြိုင်ပြီး လိုအပ်တဲ့အမှတ်တွေကို စုဆောင်းနေတယ်လို့သိရပါတယ်။

Source- DVB

  • မိဘမဲ့ကျောင်းမှ သက်ငယ်မုဒိမ်းကျူးလွန်သူကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ရှိအဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတ အသင်း (YGW) မှာစောင့်ရှောက်ထားတဲ့ ၅ နှစ်အရွယ် မိန်းကလေးငယ်တဦးကို အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့သိရပါတယ်။

မိန်းကလေးငယ်ကို ပြစ်မှုကျူးလွန်သူ YGW မှကျောင်းဝေယျာဝစ္စဆောင်ရွက်သူ ကိုအလုံးဆိုသူအား ပုဒ်မ ၃၇၆ (၃)ဖြင့် ထောင်ဒဏ် နှစ် ၂၀ ၊ ပုဒ်မ ၃၇၇ ဖြင့် ထောင်ဒဏ် ၅ နှစ်၊ သီးခြားစီ ထောင်ဒဏ် စုစုပေါင်း ၂၅ နှစ်ကို ဩဂုတ် ၃၁ ရက်တွင် ပုသိမ်ခရိုင်တရားရုံးက ချမှတ်လိုက်တာပဲဖြစ်ပါတယ်

ထို့ပြင် ကျောင်းနေဦးပဉ္ဇင်းတပါး ဖြစ်တဲ့ ဦးစန္ဒာသီရိလည်း တိုင်ကြားခံရပြီး ၎င်းအနေဖြင့် အဆိုပါကလေးငယ်ကို ကျောင်းခန်း အတွင်း ဆေးထည့်ပေးရင်းနှင့် လိင်စိတ်ဖြေခဲ့သည်ဟု ဝန်ခံခဲ့ပါတယ်။

ဦးပဉ္ဇင်း ဦးစန္ဒာသီရိကို အမှုစဖွင့်သည့်ကာလတွင် မဖမ်းသော်လည်း လွန်ခဲ့သည့် ၁ လ ဝန်းကျင်က ဖမ်းဆီးထိန်းသိမ်းထားပြီး လတ်တလော တရားရင်ဆိုင်နေရတယ်လို့သိရပါတယ်။

Source -Irrwaddy News

Author:

Related Articles