ရှင်ငြိမ်း။ ။
“ ရေသန့်ယူကြဦးမလား။ ရေသန့် .. ရေသန့်” လို့ အော်ရင်း ရေတွန်းလှည်းလေးတွန်းလာတတ်သူ ၊ မျက်နှာမှာ သနပ်ခါးအပြည့်လူးထားပြီး ဦးထုပ်ဆောင်းထားကာ စပန့်ဘောင်းဘီပွပွ၊ တီရှပ်အကျီအပေါ်မှာ သူ့ကိုယ်ထက်ကြီးတဲ့ ရှပ်လ က်ရှည်တစ်ထည်ကို ရာသီဥတုပူပူ၊ အေးအေး အမြဲဝတ်ထားတတ်တဲ့ ဒီအသံပိုင်ရှင်ကတော့ ပြည့်ပြည့်ပါ။
အသက် ၁၆ နှစ်သာရှိသေးတဲ့ပြည့်ပြည့်ဟာ လီတာ ၂၀ ဝင် ရေသန့်ဗူးတွေကို အထပ်မြင့်တွေအထိ တစ်ယောက်တည်း ထမ်းပိုးကာ ရေသန့်ရောင်းပြီး မိသားစုစားရိတ်ဖြည့်ပေးနေရတဲ့သူဖြစ်တယ်။
ရေသန့်ဗူးတွေကို တောင်ဒဂုံရပ်ကွက်ထဲက ဈေးဆိုင်ခန်းတစ်ခုကနေယူပြီး လက်တွန်းလှည်းပေါ်သို့ တစ်ဗူးချင်းစီ ပြည့်ပြည့် ကိုယ်တိုင်မတင်ပြီး ဖောက်သည်ရှိတဲ့အိမ်တွေကို လိုက်လံပို့ဆောင်ပေးရပါတယ်။ အများအားဖြင့် မနက်အစောပိုင်းနဲ့ ညပိုင်းတွေမှာ ရေပိုရောင်းရတတ်ပြီး အထပ်မြင့်အခန်းက ဖောက်သည်အိမ်တွေထိ အရောက်ပို့ပေးရတာဖြစ်လို့ အန္တရာယ် တွေနဲ့လည်း ကြုံတွေ့ရတယ်လို့ ပြည့်ပြည့်ကဆိုတယ်။
“ လုပ်ကိုင်စားရတာမလွယ်ပါဘူး။ စချင်၊ နောက်ချင်၊ ထိချင်၊ ကိုင်ချင်နဲ့။ ကျနော်ဆိုဓါးထောက်လုခံရတယ်။ အမျိုး သားတွေ ရှိတဲ့တိုက်ခန်းမှာရေပို့ရတော့ ထိပါးအကြမ်းဖက်ခံရတာရှိတယ်။ အန္တရာယ်များလည်းအလုပ်ကရွေးစရာမရှိတာ”လို့ ပြည့်ပြည့်က ပြောပါတယ်။
ရေကို အပြိုင်အဆိုင်ရောင်းရတာနဲ့ အဖော်အတွက်လည်း ငွေအပိုကုန်မခံနိုင်တာကြောင့် မိန်းကလေးတစ်ယောက်တည်း ရိုးသားစွာ ရေရောင်းတာကို အခွင့်ကောင်းယူ ထိပါးနှောင့်ယှက်ချင်တဲ့သူတွေနဲ့ ကြုံရတာလို့ဆိုပါတယ်။
“ အခုလိုမှ မပို့ရင်ရေသန့်က မရောင်းရတော့ဘူး။ အပြိုင်အဆိုင်တွေကများတော့ နေမကောင်းရင်တောင် နားလို့မရဘူး။ မိသားစုကလည်း ဒီအလုပ်တစ်ခုထဲအပေါ်မှီခိုနေရတာ။ အဲ့တော့ ဘာပဲဖြစ်ဖြစ်သည်းခံပြီးလုပ်ပေါ့။ အန္တရာယ်ကြုံရင်တော့ ကိုယ့်ဘာသာကြည့်ရှောင်ရမှာ” လို့ ပြည့်ပြည့်က သူ့ရေသန့်လှည်းကို မှီရင်း ပြောပါတယ်။
ပြည့်ပြည့်မှာ မကျန်းမာတဲ့ဖခင်၊ မောင်ငယ်နဲ့အတူ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲမှာ ဌားရမ်းနေထိုင်ကြပါတယ်။ မိခင်ကတော့ သူ ၁၁ နှစ်အရွယ် ၆ တန်းတက်နေချိန်မှာ ဆုံးပါးသွားခဲ့တာဖြစ်တယ်။
မိခင်ဆုံးပါးတဲ့နှစ်မှာပဲ ဖခင်က အစာအိမ်ရောဂါနဲ့ အိပ်ယာထဲ လဲတဲ့အတွက် ကျောင်းထွက်ခဲ့ပြီး ကားပစ္စည်းရောင်းတဲ့ ဆိုင်ရှင်အိမ်မှာ တစ်လကို ငါးထောင်နဲ့ ကလေးထိန်းအဖြစ်ဝင်လုပ်ခဲ့တယ်။ ကလေးထိန်းဆိုပေမယ့် ရံဖန်ရံခါမှသာကလေး ထိန်းရတာပါ။ ကျန်တဲ့အချိန်တွေမှာ အိမ်ရဲ့တောက်တိုမယ်ရ အလုပ်တွေကို လုပ်ပေးရတာဖြစ်တယ်။
ပြည့်ပြည့်အလုပ်ဝင်စက ဒီအိမ်ရှင်တွေက ခြောက်လစာကြိုထုတ်ပေးပြီး ဌားထားပေမယ့် သုံးလလောက်လုပ်အပြီးမှာ အိမ်ရှင် မိသားစုတစ်ခုလုံးနိုင်ငံခြားကိုပြောင်းရွေ့သွားတဲ့အတွက် ကြိုငွေပြန်မတောင်းပေမယ့် အလုပ်ကတော့မရှိတော့ပါ။
သူ့မှာအကိုတစ်ယောက်ရှိပေမယ့် ဖားကန့်မှာအလုပ်သွားလုပ်နေတာ ရှစ်နှစ်ကျော်ပြီဖြစ်ပြီး ယခင်က ပုံမှန်ငွေပို့နိုင်ပေမယ့် အာဏာသိမ်းပြီးနောက် ငွေမပို့တော့သလို အဆက်အသွယ်ပြတ်နေတာ နှစ်နှစ်ကျော်ရှိပါပြီ။
အကိုဖြစ်သူဆီက ထောက်ပံ့ငွေမရတော့တဲ့အချိန်မှာ အလုပ်မရှိတဲ့ ပြည့်ပြည့်လည်း အလုပ်ရှာရပါတော့တယ်။ ပထမဆုံး အလှပြင်ဆိုင်မှာ ခေါင်းလျှော်ပေးရတာ ထမင်းကျွေးပြီး တစ်နေ့ကို ငွေကျပ် သုံးထောင်ရပါတယ်။ သို့ပေမဲ့အသွားအပြန်စ ရိတ်က ၅၀၀ လောက်ကုန်ပြီး အလုပ်မရှိရင် တစ်ထောင်ကျပ်သာရတဲ့အတွက် ၁၀ ရက်သာလုပ်ခဲ့ပါတယ်။
ပြည့်ပြည့်အနေနဲ့ မိသားစုစရိတ်အတွက် အလုပ်မျိုးစုံလုပ်ခဲ့ပေမယ့် အလုပ်မှာ အဆင်မပြေတာတွေရှိတဲ့အတွက် တစ်ခါတစ် ရံ တစ်ရက်၊ နှစ်ရက်လောက်လုပ်ပြီး ထွက်ခဲ့ရတဲ့အလုပ်တွေလည်းရှိပါတယ် ။
ရာသီပေါ်သီးနှံတွေ၊ ဆပ်ပြာဆီဗူးတွေ ရပ်ကွက်ထဲလှည့်ရောင်းတော့လည်း မရောင်းရတာများပြီး အဝတ်လျှော်တာလည်း မလျှော်ရတစ်ရက်၊ လျှော်ရတစ်ရက်နဲ့ ဝင်ငွေပုံမှန်မရှိတော့ ဆက်မလုပ်ဖြစ်တော့ပါ။
ဒီအလုပ်တွေအဆင်မပြေလို့ အလုပ်ကြမ်းတွေဖြစ်တဲ့ငါးဖမ်းတာ၊ ကုန်စိမ်းထမ်းတာ၊ ငါးရွေးတာတွေပြောင်းလုပ်ပြန်တယ်။
“ အလုပ်တွေမှာက သူ့လူနဲ့သူရှိတယ်။ အလုပ်ကြမ်းပေမယ့် ငွေလည်းသိပ်မရဘူး။ နောက်တစ်ချို့ကအလုပ်သမား အချင်း ချင်းကုန်းတိုက်တယ်။ အနိုင်ကျင့်တာ၊ ခေါင်းပုံဖြတ်ရှိတော့ ဆက်မလုပ်ဖြစ်တော့ဘူး”လို့ ပြည့်ပြည့်က သူ့အခက်အခဲကို ပြောပြပါတယ်။
လုပ်တဲ့အလုပ်တိုင်း အဆင်မပြေတာများတော့ အိမ်စားရိတ်မလောက်တော့ပါ။ တစ်ခါတစ်ရံဖခင်ဆေးဖိုးသာမက နေ့စဉ် ပုံမှန် ထမင်းစားဖို့ အခက်အခဲတွေရှိလာပါတယ်။ ဒီအခက်အခဲတွေကို သူများမှာအတိုးနဲ့ငွေယူပြီး ဖြေရှင်းရတာများပါတယ်။
တစ်နေ့၊ တစ်နေ့ စားလိုက်ကုန်လိုက်၊ ရှာလိုက်နဲ့ မိသားစုကိစ္စတွေဖြေရှင်းနေရတာနဲ့ သူ့အတွက် အိပ်မက်၊ ရည်မှန်းချက် ဆိုတာဘာမှန်းပင် မသိခဲ့။ သို့ပေမဲ့ ပြည့်ပြည့်အမြဲစိတ်ကူးကြည့်မိတဲ့အရာတစ်ခုတော့ရှိပါတယ်။ အဲ့ဒါကတော့ ကိုယ်ပိုင် အိမ်လေးနဲ့နေဖို့ပါ။ ဒီစိတ်ကူးက သူရဲ့ပင်ပန်းမှုတွေ သက်သာစေတာကြောင့် မကြာခဏဆိုသလို တွေးမိတယ်လို့ ပြည့်ပြည့်က ဆိုပါတယ်။
ဒီရေသန့်ရောင်းတဲ့အလုပ်ကိုတော့ ယခင်က သူနဲ့အတူအလုပ်အတူလုပ်ခဲ့ဖူးတဲ့ အမျိုးသမီးကြီးတစ်ယောက်က အကူအလုပ် သမားအနေနဲ့ခန့်ခဲ့လို့ လုပ်ဖြစ်ခဲ့တာဖြစ်တယ်။ ဒီအလုပ်က နေ့စားအလုပ်ဆိုပေမယ့် စားစရိတ်ငြိမ်း တစ်ရက်ကို အသားတင် ငွေ ၃,၀၀၀ ကျပ်ရတဲ့အတွက်လုပ်ပျော်တယ်လို့ဆိုတယ်။
ဗူးအရေအတွက်နဲ့ပေးတာမဟုတ်ဘဲ ပုတ်ပြတ်သဘောနဲ့ပေးတာဖြစ်ပြီး အလှူ၊ မင်္ဂလာဆောင်တွေကို ရေသန့်ပို့ပေးရတဲ့ ရက်ဆိုရင် ငါးထောင်၊ တစ်သောင်းအထိရလို့ အိမ်စရိတ်နဲ့ အတိုးအတွက် အနည်းငယ်အဆင်ပြေပါတယ်။
အဲဒီလိုနှစ်ယောက်အတူလုပ်ရင်း အလုပ်ပေးတဲ့အမျိုးသမီးကြီးဟာ ရုတ်တရက်နေမကောင်းဖြစ်တော့ လုပ်ငန်းအစအဆုံးသူ လုပ်ပေမယ့် ရတဲ့ငွေရဲ့သုံးပုံတစ်ပုံကိုတော့ ဒီအမျိုးသမီးကြီးကိုဆေးဖိုးသဘောမျိုး ငွေခွဲပေးပါတယ်။
ဒီအမျိုးသမီးကြီးက ကျန်းမာရေးကြောင့် ဒီအလုပ်ကိုလုံးဝပြန်မလုပ်နိုင်တဲ့အခါ ပြည့်ပြည့်က သူတစ်ယောက်တည်း ဆက်လုပ်ရင်းက ရေသန့်စရောင်းဖြစ်ခဲ့တာပါ။
အလုပ်ချိန်သတ်မှတ်မထားပေမယ့် မနက် ၈ နာရီဆိုတာနဲ့ ပြည့်ပြည့်ဟာ ရေပို့ရမယ့်တောင်ဒဂုံကို ရောက်လာပါတယ်။ သူ ပထမဆုံးအလုပ်တာဆိုတော့ ရေသန့်ဗူးခွံတွေကို ကိုယ်ပိုင်မဝယ်နိုင်တဲ့အတွက် ဆိုင်ရှင်ဆီမှာဗူးအပေါင်ဖိုးပေးပြီး သူက ရပ်ကွက်တွေထဲ ရေသန့်လိုက်ရောင်းရတာပါ။
သို့ပေမဲ့ပြည့်ပြည့်က လုပ်တာကြာပြီဖြစ်သလို ရေသန့်ဆိုင်ပိုင်ရှင်ကလည်း အသက်ငယ်ငယ်နဲ့မိဘလုပ်ကျွေးနေတဲ့ သူ့ကို သနားတာကြောင့် ရေဗူးအပေါင်ဖိုးကို လုပ်ငန်းသဘောအရငွေ ၃,၀၀၀ ကျပ်သာယူပြီး ဗူးအရေအတွက်ကန့်သတ်မထားဘဲ စိတ်ကြိုက်ယူရောင်းခွင့်ပြုထားတာဖြစ်တယ်။
ဒါပေမဲ့ ဆိုင်ပိုင်ရှင်ကို ရေဖိုးအတွက်က သီးသန့်တစ်ဗူးကို ၂၀၀ ကျပ်ပေးရပြီး ရေသန့်တစ်ဗူးရောင်းရင် ပြည့်ပြည့်အတွက် ၅၀၀ ကျပ်ကျန်ပါတယ်။ ရေတစ်ဗူးကို ၇၀၀ ကျပ်နဲ့ အိမ်အရောက်လိုက်ပို့ရတဲ့သဘောပါ။ ရေသန့်က တစ်နေ့ကို ဗူး ၃၀ နဲ့ ၅၀ ကြားရောင်းရလေ့ရှိပြီး ဒီထဲမှာအလှူ၊ မင်္ဂလာဆောင်၊ မွေးနေ့တွေ ဘာတွေရောင်းရရင်တော့ ဗူး ၅၀ အထက် ရောင်း ရလေ့ရှိတယ်။
သို့ပေမဲ့ ပြည့်ပြည့်ရေရောင်းရတဲ့ တစ်နေ့ဝင်ငွေဟာ အနည်းဆုံး ၁၅,၀၀၀ လောက်ပဲရတယ်ဆိုပါစို့။ အိမ်စရိတ်က တစ်နေ့ တာအတွက် ငွေ ၅,၀၀၀ ကုန်တယ်ဆိုရင် ကျန်တာကို လစဉ်ပေးရမယ့် အကြွေးတစ်သိန်းခွဲအတွက် အတိုး ၁၅,၀၀၀ နဲ့ အိမ်ဌားခတစ်လစာ ၃၀,၀၀၀ အတွက် ပြည့်ပြည့်က ဖယ်ထားရပါတယ်။
ဖခင်ရဲ့ဆေးဖိုးနဲ့ မောင်ငယ်ကျောင်းစရိတ်ကိုတော့ ငွေပိုပိုသာသာရတဲ့ နေ့တွေမှာပဲ သီးသန့်ခွဲစုပါတယ်။ ဒါပေမဲ့ ရေသန့် ရောင်းရတဲ့အလုပ်ကလည်း ဝင်ငွေတော့ပုံမှန်ရပေမယ့် လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။
ပြည့်ပြည့်ဆိုရင် အဖော်နဲ့ရေသန့်ပို့စဉ်က မသိသာပေမယ့် တစ်ယောက်တည်းဖြစ်လာတော့ စနောက်တာတွေနဲ့ကြုံရပါ တယ်။ သူ့ကိုယ်သူ ကျနော်လို့ နမ်စားသုံးပြောတတ်တဲ့ ပြည့်ပြည့်ကို “ဘောပြား”လို့ အမျိုးသားတစ်ချို့က စနောက်ကြတယ်။
သူ့ဆီရေယူနေတဲ့ဖောက်သည်တချို့ကလည်း “ဟဲ့ . နင်ကဘာလဲ။ မိန်းမယူမှာလား။ ယောကျ်ားယူမှာလား”လို့ မေးပြီး စနောက်တာလည်းရှိပါတယ်။
ဒါ့အပြင် ပြည့်ပြည့်ဟာ အရင်ကဆို အမြဲတမ်းအဖော်နဲ့ သွားလာရေပို့နေတာဆိုတော့ အန္တရာယ်ရှိလာနိုင်တယ်ဆိုတာကို သတိမထားမိခဲ့သလို အန္တရာယ်ကိုကာကွယ်ဖို့လည်းကြိုတွေးမထားခဲ့မိပါဘူး။ တစ်ရက်မှာတော့ တစ်ယောက်တည်း ရေပို့ ပြီးအပြန် လူသူကင်းနေတဲ့လမ်းမှာ ဆိုင်ကယ်နှစ်စီးနဲ့အမျိုးသားငါးယောက်က လှည်းကိုပိတ်ရပ်ပြီး ဓါးထောက်ငွေလုတဲ့ အတွက် ငွေနှစ်သောင်းနီးပါး ပါသွားခဲ့တယ်။
“ သူတို့က ဖုန်းလည်းတောင်းတယ်။ မရှိဘူးပြောတော့ လိမ်တယ်ဆိုပြီးခေါင်းကိုရိုက်တယ်။ နောက်အသားယူပြီး ကိုင်သွား သေးတယ်။ အဲ့နေ့ကတော့ အိမ်တောင်ပိုက်ဆံသိပ်မပါတော့ဘူး”လို့ ပြည့်ပြည့်က ဆိုပါတယ်။
ဒီအကြောင်းကို ရပ်ကွက်ရုံးတိုင်ဖို့သွားပေမယ့် လက်နက်ကိုင်စစ်သားအချို့ရှိနေတာဖြစ်လို့ ကြောက်ပြီး မတိုင်ဘဲပြန်လာခဲ့ တယ်။
တစ်ခါကလည်း ဘောလုံးကန်ပြီး ပြန်လာတဲ့ကောင်လေးသုံးယောက်က ရေပို့ပြန်လာတဲ့သူ့ကို စနောက်သလိုနဲ့ ဖင်ပုတ်၊ ခေါင်းပုတ်လုပ်တာလည်း ခံရဖူးပါတယ်။
“စသလိုလိုနဲ့ လည်ပင်းကနေသိုင်းဖက်ပြီး ရင်ဘတ်ကိုကိုင်တယ်။ ပြီးတော့ နင်မကျေနပ်ရင် ငါ့အမေနဲ့လာတိုင်တဲ့သူတို့အိမ် က ကျနော့်ဆီရေယူနေကြဖောက်သည်တွေလေ။ အဲ့အချိန်ကသူတို့လုပ်တာမြန်တော့ အော်ဖို့အချိန်တောင်မရလိုက်ဘူး”လို့ ပြည့်ပြည့်က ပြောပါတယ်။
ဒါတွေပဲမဟုတ်ပါဘူး။ ပြည့်ပြည့် ရေသန့်ရောင်းလာတဲ့တစ်နှစ်တာကာလထဲမှာ အခုထိပြန်ပြောတိုင်း ထိတ်လန့်ကြောက်ရွံ့ ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုလည်း ရှိပါသေးတယ်။ ထိုနေ့က သူရေသန့်အိမ်ကိုရောက်တော့ အိမ်ရှင်က ရေသန့် ၁၀ ပုံး မှာထားတဲ့အိမ်ကို အရင်ပို့ပေးပါလို့ ပြောလာတဲ့အတွက် သွားပို့ပေးဖြစ်ခဲ့တယ်။
ရေပို့ရမယ့်တိုက်ခန်းကအပေါ်ဆုံး ခုနစ်လွှာ၊ ညာဘက်အခြမ်းဖြစ်ပြီး အဲ့ဒီအခန်းက ပုံမှန်လူမနေတဲ့အခန်းပါ။ ဘယ်ဘက် အခန်းကတော့ လူရှိပါတယ်။ ဒါကြောင့် သူ့ကိုရေသွားပို့ရမယ်ပြောတုန်းက အဲ့ဒီတိုက်ခန်းကလူရှိလား။ မရှိလားဆိုတာ ဇဝေဇဝါဖြစ်နေခဲ့ပါသေးတယ်။
သို့ပေမဲ့လိပ်စာကသေချာနေတာကြောင့် သွားပို့ခဲ့တယ်။ ပု့ိရမယ့်တိုက်ခန်းရောက်တော့ တံခါးခေါက်တာကြာနေပြီ လာမဖွင့် တော့ လူမရှိဘူးဆိုပြီး သူပြန်ဆင်းဖို့အလုပ်မှာ အမျိုးသားတစ်ယောက်လာဖွင့်ပါတယ်။
“ ရေဗူးထားဖို့ အိမ်ထဲဝင်လိုက်တော့ တခန်းလုံးက မှောင်မဲနေတယ်။ မီးရောင်မှိန်မှိန်လေးတွေတော့ထွန်းထားတယ်။ အဲ့မှာ ပိုးလို့ပက်လက်အိပ်နေတဲ့လူတွေက အဝတ်မပါကြဘူး။ ဒါနဲ့ကျနော်လည်း ချက်ခြင်းမျက်နှာလွှဲပြီး နောက်ဖေးတန်းဝင်သွား လိုက်တယ်”လို့ ပြည့်ပြည့်က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။
တိုက်ခန်းအနီးနေထိုင်သူတွေကတော့ ဒီအမျိုးသားတွေဟာ ညဆိုရင် မိန်းကလေးတွေခေါ်ပြီး ပျော်ပါးကြတယ်လို့ ပြောကြ သလို တချို့ကတော့ မိန်းကလေးတွေနဲ့အတူ မူးယစ်ဆေးသုံးကာ ကလပ်သဘောမျိုး ကခုန်ပျော်မြူးကြတယ်လို့ အခုလိုနေ ထိုင်ကြတာဖြစ်မယ်လို့ ထင်ကြေးပေးကြပါတယ်။
ဘာလို့ဆို ဒီအမျိုးသားတွေဟာ တစ်ခါလာရင်အနည်းဆုံး ငါးယောက်ကနေ ၁၀ ယောက်လောက်အထိလာတတ်ပြီး လာတိုင်းလည်း တစ်ခါတစ်ရံမှာ မိန်းကလေးတွေအတူပါလာတတ်သလို တစ်ခါတစ်ရံတော့ ညပိုင်းမှ မိန်းကလေးတွေက သပ်သပ်ရောက် လာတာလည်း ရှိပါတယ်။
သူတို့တွေက တစ်ခါတစ်လေ နေ့တစ်ပိုင်းလောက်နေတာရှိသလို နှစ်ည သုံးညလောက် နေသွားတဲ့အခါတွေလည်း ရှိပါ တယ်။ သူတို့ ပြန်သွားတာနဲ့ ကောင်လေးနှစ်ယောက်ရောက်လာပြီး သန့်ရှင်းရေးလုပ်ကာ သော့ပိတ်ပြီး ပြန်သွားတယ်လို့ ပတ်ဝန်းကျင်ရဲ့ ပြောစကားတွေအရ သိရပါတယ်။
နောက် ဒီတိုက်ခန်းဟာ စစ်တပ်ပိုင်းဆိုင်ရာ ဗိုလ်မှူးတစ်ဦးရဲ့တူဖြစ်သူရဲ့အခန်းလို့ ပြောနေကြပေမယ့် အတိအကျတော့ ဘယ်သူမှမသိပါဘူး။
ပြည့်ပြည့်ဟာ ရေဗူးထားဖို့ နောက်ဖေးခန်းဝင်သွားတဲ့အချိန်မှာ အရက်ပုလင်းတွေ၊ စားလက်စ အစားအသောက်တွေ ကလည်း ဒီအတိုင်း။ အောက်မှာလည်း ရေတွေလား၊ အရက်တွေလားမသိ စိုစွတ်စွတ်နဲ့ တစ်ခန်းလုံးလည်းအရက်နံချည်းပဲ။
“သူတို့မှာထားတာပို့ပြီး ပြန်အထွက်မှာ ဘယ်အချိန်က ဘယ်လိုရောက်လာလဲမသိတဲ့ကိုယ်လုံးတီးနဲ့လူကြီးက နောက်ကနေ ဖက်တယ်။ ကျနော်လန့်ပြီးအော်တော့ ဘေးကမှောင်နေတဲ့အခန်းထဲကို အတင်းဆွဲခေါ်သွားတယ်။ ကျနော်က ပါးစပ်က လည်းအော်၊ ပြန်လည်းလုပ်တော့ သူကလည်း လက်သီးနဲ့ပြန်ထိုးတယ်”လို့ ပြည့်ပြည့်က ဆိုပါတယ်။
ဒီလူကြီးက ပြည့်ပြည့်ကို ဆွဲလား၊ ရမ်းလားလုပ်လိုက် ပြည့်ပြည့်က ပြန်ခုခံလိုက်နဲ့ အချိန်က နာရီဝက်နီးပါးကြာသွားပါ တယ်။ အခန်းကလည်း မှောင်မဲနေပြီး ဘာပစ္စည်းမှမရှိတဲ့အတွက် ပြည့်ပြည့်အဖို့ ခံသာသွားတယ်လို့ပြောရမှာပါ။
ဘာလို့ဆို ဒီမုဒိမ်းကျင့်ဖို့ကြံတဲ့အမျိုးသားက ပြည့်ပြည့်ကိုမထိန်းနိုင်တဲ့အတွက် တစ်စုံတစ်ခုနဲ့ထုရိုက်ဖို့ကြံတာကြောင့် ဖြစ်တယ်။ ထုရိုက်စရာမရှိတော့ လက်သီးနဲ့ထိုးပေမယ့် ပြည့်ပြည့်က ရှောင်တာရယ်၊ အခန်းက မှောင်တာရယ်ကြောင့် အပြင်းအထန်သေစေနိုင်တဲ့အထိ ထိခိုက်တာတော့ မရှိပါဘူး။
“ သူ့လက်သီးတစ်ချက်သာသေချာမိလိုက်ရင်ကျနော်တစ် ချက်ထဲနဲ့သေသွားနိုင်တယ်။ ကျနော်ကအားရှိသမျှအတင်းရုန်း တယ်။ ကန်တော့ နုတ်ခမ်းကွဲသွားတယ်။ ပုခုံးလည်းနာသွားတယ်။ သူဖမ်းမိထားတဲ့လက်တစ်ဖက်ဆို လှုပ်လို့တောင်မရဘူး”လို့ သူက ပြောပြပါတယ်။
ခဏကြာတော့ ရေလာပို့စဉ်က တံခါးလာဖွင့်ပေးတဲ့အမျိုးသားပြေးဝင်လာပြီး ပြည့်ပြည့်ကို အတင်းဆွဲထုတ်ပေးခဲ့လို့ ပြန် လွတ်လာခဲ့တာဖြစ်တယ်။ ဒီအတွက်တော့ အဲ့ဒီမှာရှိတဲ့အမျိုးသားတွေ တစ်ယောက်မှတာဝန်မယူကြပါဘူး။
ပြည့်ပြည့် ဒီအဖြစ်အပျက်ဖြစ်တာနဲ့ ရေသန့်ဖိုးငွေတောင်မယူနိုင်ဘဲ ရေသန့်ဗူးယူတဲ့အိမ်က အမျိုးသမီးကို ဖြစ်စဉ်ကို ပြော ပြပါတယ်။ ဒီတခါတော့ ရပ်ကွက်ရုံးကို ဆိုင်ရှင်အမျိုးသမီးက ဦးဆောင်ပြီး ဒီအမျိုးသားတွေက ပြည့်ပြည့်ကို မုဒိမ်းကျင့်ဖို့ ကြိုးစားလို့ အရေးယူဆောင်ရွက်ပေးဖို့ သွားတိုင်ခဲ့တယ်။
ရပ်ကွက်ရုံးမှ တာဝန်ရှိသူက သွားကြည့်ပြီး ဖြေရှင်းပေးမယ်လို့ပြောတာကြောင့် သူတို့နှစ်ယောက်ပြန်လာခဲ့တယ်။ သို့ပေမဲ့ တိုင်ကြားထားတာ နှစ်ရက်ရှိသွားသည့်တိုင်အောင် ဘာအကြောင်းမှမကြားလာတဲ့အတွက် ရပ်ကွက်ရုံးကို နောက်တစ်ကြိမ် သွားပြောပြန်တယ်။
“ရုံးက ခင်ဗျားတို့ကိစ္စလိုက်ဖြေရှင်းဖို့ ကျနော်တို့အဲ့လောက်မအားဘူး။ အဲ့ကိစ္စထက်အရေးကြီးတာတွေအများကြီး ရှိတယ်။ ခင်ဗျားတို့ပြဿနာ ခင်ဗျားတို့ကြိုက်သလိုဖြေရှင်းကြဗျာလို့ ပြောတယ်။ အဲ့ဒါကအဲ့မှာပြီးသွားတယ်”လို့ ပြည့်ပြည့်က ပြောပါတယ်။
ပြည့်ပြည့်ဟာ ဒီဖြစ်စဉ်ကြောင့် နေမကောင်းဖြစ်တဲ့အထိ တုန်လှုပ်ခြောက်ခြားသွားခဲ့တာပါ။ သူနေမကောင်းတော့ ရေသန့် ရောင်းတာက ရပ်ထားလို့မရတဲ့အတွက် အသက် ၁၂ သာရှိသေးတဲ့မောင်ဖြစ်သူက ကျောင်းခွင့်ယူပြီး ရေရောင်းပေးရပါတယ်။
မောင်ဖြစ်သူကလည်း အစာအိမ်ကင်ဆာနဲ့အိပ်ယာထဲလဲနေတဲ့ဖခင်ကို ပြုစုဖို့ရှိတာကြောင့် အမြဲလိုက်မရောင်းပေးနိုင် ပေမယ့် ရံဖန်ရံခါတော့ ဝိုင်းကူလုပ်ပေးပါတယ်။
ဒီနေရာမှာ တခြားအလုပ်ပြောင်းလုပ်လို့မရဘူးလားလို့ မေးစရာရှိပါတယ်။ တခြားအလုပ်ကို ပြောင်းလုပ်ဖို့ဆိုတာကလည်း အတန်းပညာ ၆ တန်းထိသာတက်ဖူးတဲ့ပြည့်ပြည့်အနေနဲ့ ပုံမှန်ဝင်ငွေရအလုပ်တစ်ခုရဖို့က မလွယ်လှပါဘူး။
လက်ရှိမှာလည်းခေါ်တဲ့အလုပ်နဲ့ အလုပ်လိုအပ်သူအရေအတွက်ဟာ အဆမတန်ကွာဟလွန်းနေတာကြောင့် အလုပ်တစ်ခု ရဖို့က ကောက်ရိုးပုံထဲ အပ်ရှာရထက် ခက်နိုင်ပါတယ်။
အခုလိုပြဿနာတွေကို ပြည့်ပြည့်တစ်ယောက်ထဲတော့ ရင်ဆိုင်နေရတာမဟုတ်ပါ။ လက်ရှိစစ်အုပ်ချုပ်ရေးကာလမှာ ပြည်သူတွေဟာ အလုပ်အကိုင်တွေမရှိရတဲ့ကြားထဲ စစ်သားကြောက်ရ၊ ခိုးဆိုးလုယက်ကြောက်ရနဲ့ တပြည်လုံးကျီးလန့်စာ စားသလိုနေကြရတယ်။
ဒီလိုမလုံခြုံမှုတွေကြားထဲကုန်ဈေးနှုန်းက အဆမတန်မြင့်လာတော့ ဝင်ငွေနည်းတဲ့ပြည့်ပြည့်တို့လို နွမ်းပါးသူတွေအနေနဲ့ အကြွေးနွံမှာ နစ်သထက်နစ်ဆင်းကြရတယ်။ ဒီအတွက်ရရာအလုပ်တွေမှာ ဝင်လုပ်ကြရတဲ့မိန်းကလေးတွေဟာ အန္တရာယ် တွေနဲ့ ကြုံကြရတာဖြစ်တယ်။
အခုလိုပြဿနာတွေကို တာဝန်ရှိသူတွေအနေနဲ့ လစ်လျူရှူထားမယ်ဆိုရင်တော့ ပြည့်ပြည့်တို့လိုအမျိုးသမီးတွေအတွက် တော့ လူကုန်ကူးခံရတာတွေဖြစ်လာနိုင်တယ်လို့လည်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ပါတယ်။
ဒါပေမဲ့ နိုင်ငံတော်အာဏာကို ယူထားတဲ့တာဝန်ရှိသူတွေကတော့ ယနေ့အထိ ပြည်သူတွေရဲ့စားဝတ်နေရေး၊ ကျန်းမာရေး စတာတွေနဲ့ပတ်သက်လို့ စဉ်းစားပေးတာ၊ တစ်စုံတစ်ရာဆောင်ရွက်ပေးတာမျိုးမတွေ့ရသေးပါဘူး။
ဘယ်လိုအန္တရာယ်ပဲရှိရှိ အိမ်စရိတ်အပူ အကြွေးပူတွေက အရေးကြီးနေတာဖြစ်လို့ ဒီအန္တရာယ်များတဲ့အလုပ်ကို ဆက်ပြီး လုပ်နေရမှာပဲလို့ ပြည့်ပြည့်က အခုလိုပြောပါတယ်။
“အကြွေးတွေ၊ အိမ်စရိတ်တွေအတွက်တော့ ကျားခံတွင်းထဲဝင်ရမယ်ဆိုလည်း ဝင်မှရမယ့်အခြေအနေဆိုတော့ ဆက်ရုန်းရ ဦးမှာပေါ့”