ဒေဝီ။ ။
” သားက အသုတ်စားချင်တာ” လို့ သားဖြစ်သူအပြောကြောင့် ဒေါ်စန်းစန်း ပိုက်ဆံအိတ်ဖွင့်ကြည့်မိလိုက်တော့ အိတ်ထဲ ငွေရှစ်ရာသာ ကျန်တော့တယ်။
စျေးမလာခင်က သားနဲ့သမီးပေးလိုက်တဲ့ စျေးဖိုးတစ်သောင်းခွဲနဲ့ ဆန်၊ဆီ၊ဆား ဟင်းချက်စရာကို နှစ်ရက်စာ စားလောက် အောင် စီစစ်ဝယ်ခဲ့ပြီးနောက် လက်ထဲတစ်ထောင်ပင်မကျန်တော့။
အသက်၁၃နှစ်အရွယ် သားဖြစ်သူစားချင်တဲ့ အသုတ်စုံက အရင် ၇၀၀ကနေ တစ်ထောင် ဖြစ်သွားတာကြောင့် လက်ထဲရှိတာနဲ့ မလောက်င ၊ သားဖြစ်သူကို နောက်ရက်မှစားဖို့ ချော့မော့ပြောဆိုပြီး သားအမိနှစ်ဦး စျေးကနေ တိတ်ဆိတ်စွာပြန်ခဲ့တယ်။
ကလေးငါးဦး မိခင်ဒေါ်စန်းစန်း စျေးသွားတိုင်းမပျော်တော့တာကြာပါပြီ။ လွန်ခဲ့တဲ့ နှစ်နှစ် အာဏာမသိမ်းခင်ကာလတွေက လက်ထဲ ငွေငါးထောင်ရှိရင် တစ်နေ့စာစားသောက်ဖို့ လုံလုံလောက်လောက်နဲ့ ဝယ်ခြမ်းလို့ရတယ်။ အာဏာသိမ်းပြီးနောက် မှာတော့ ကျပ်တည်းလာတဲ့စီးပွားရေးနဲ့ တရိပ်ရိပ်တက်နေတဲ့ ကုန်စျေးနှုန်းကြောင့် ငွေတစ်သောင်းရှိလည်း မလုံလောက် တော့ဘူး။
ကုန်စျေးနှုန်းတက်တယ်ဆိုတာ ပြည်သူတွေကြားမှာ အမြဲကြားရတဲ့စကားပါ။ အာဏာမသိမ်းခင်ကာလတွေနဲ့ နှိုင်းယှဉ်ရင် နှစ်ဆကျော်သုံးဆနီးပါး မြင့်တက်လာတဲ့ ကုန်စျေးနှုန်းဒဏ်ကြောင့် ပြည်သူတွေမှာ ဆင်းရဲတွင်း နက်သထက်နက်လာတယ်။
ကုန်စျေးနှုန်းတက်တဲ့ဒဏ်ကို ပြည်သူတွေ အားလုံးခံရပေမယ့် အခြေခံလူတန်းစားတွေမှာတော့ ပိုသိသာပါတယ်။ ကုန်စျေး နှုန်း က မြင့်လာပေမယ့် ဝင်ငွေကတော့ တက်မလာတာကြောင့် ပိုလို့ဒုက္ခရောက်ရတယ်။
အာဏာသိမ်းပြီးနောက် နောက်ဆက်တွဲနိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် ကုန်စည်စီးဆင်းမှု ကျဆင်းတာ၊ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုတွေကြောင့် ကုန်ကျစရိတ်ကြီးမြင့်လာတာ၊ကုန်သည်တွေစျေး ကစားတာတွေကြောင့် ကုန် စျေးနှုန်းက အာဏာမသိမ်းခင်ကာလထက် နှစ်ဆကျော်တက်လာပါတယ်။
အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီက ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၅၅,၀၀၀- ၅၈,၀၀၀ ဝန်းကျင်ရှိရာကနေ အာဏာသိမ်းပြီး နှစ်နှစ်အကြာ၂၀၂၃ ဖေဖော်ဝါရီမှာ ၁၀၀,၀၀၀-၁၁၀,၀၀၀ ဝန်းကျင်၊ ငစိန်ဆန်ကြမ်းမှာ ၂၀,၀၀၀- ၂၂,၅၀၀ ကနေ ၆၀,၀၀၀ ဝန်းကျင် ၊စားအုန်းဆီ တစ်ပိသာ၂,၇၀၀- ၂,၉၀၀ ဝန်းကျင်က နေ ၆,၀၀၀ -၇,၀၀၀ ဝန်းကျင်အထိ ဖြစ်လာခဲ့ပါတယ်။
အသားငါးဆိုလည်း လွန်ခဲ့တဲ့ နှစ်နှစ်က စျေးနှုန်းထက် တစ်ပိသာကို သုံးထောင်ကနေ ငါးထောင်အထိ တက်လာသလို၊ တစ်လုံး ၁၂၀-၁၅၀ ဝန်းကျင်ရှိတဲ့ ကြက်ဥဘဲဥမှာလည်း ၂၅၀-၃၅၀ အထိ ဖြစ်လာခဲ့တယ်။
ဒီလိုကုန်စျေးနှုန်းအခြေအနေတွေကြား ဝင်ငွေနည်းလူတန်းစားတွေမှာတော့ မလူးသာမလွန့်သာ အခြေအနေပါ။
ဒီလိုသူတွေထဲ ဒေါ်စန်းစန်းတို့မိသားစုလည်းအပါအဝင်ပါ။ ခင်ပွန်းမရှိတော့တဲ့နောက် ကလေးငါးဦးနဲ့အတူ ရုန်းကန်နေ ထိုင်ခဲ့ရပေမယ့် သူစျေးရောင်းတဲ့ဝင်ငွေ၊ သားသမီးတွေဝင်ငွေနဲ့ မိသားစုတွေအဆင်ပြေပြေ စားသောက်လည်ပတ်နိုင်ခဲ့တယ်။
အဲ့ဒီအချိန်ကာလတုန်းက သားနဲ့သမီးက ပုံမှန်အလုပ်ဝင်ငွေနဲ့ အဆင်ပြေသလို သူကလည်း အိမ်ရှေ့လေးမှာ မနက်ခင်း မုန့်ဟင်းခါးရောင်းတော့ မိသားစုဝင်ငွေလေးက မဆိုးလှ။
ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာကာလတွေမှာ စျေးရောင်းမကောင်းတာ၊ အလုပ်လက်မဲ့ဖြစ်တာတွေကြောင့် မိသား စုတွေ ပိုရုန်းကန်ရသလို ငွေကြေးလည်း ပိုကျပ်တည်းလာခဲ့တယ်လို့ သာကေတမြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဒေါ်စန်းစန်းကပြောပါတယ်၊
ရန်ကုန်မြို့က ဘားတစ်ခုမှာ အလုပ်လုပ်တဲ့ သားသမီးနှစ်ဦးက သူတို့ဝင်ငွေပေါ်မူတည်ပြီး နေ့စဉ် ခုနှစ်ထောင်ကနေ တစ်ခါ တစ်ရံ တစ်သောင်းခွဲ ပုံမှန်ပေးပါတယ်။ သားတွေသမီးတွေပေးတဲ့ ငွေကြေးနဲ့ မိသားစုခြောက်ဦး စားသောက်ဖို့ ဆန်ဆီ ဆားနဲ့ ဟင်းချက်စရာတွေကို မျှဝယ်ရတယ်။
ကြက်ဥတစ်လုံး ၂၅၀-၃၀၀ ဆန်ကြမ်းတစ်ပြည် ၂,၄၀၀ ရှိနေတဲ့အချိန်မှာ ဒီငွေပမာဏက မလောက်ငတာကြောင့် စီစစ်ပြီး ချွေတာသုံးစွဲရတယ်လို့ ဒေါ်စန်းစန်းက ဆိုတယ်။
ကလေးတွေကလည်း ငယ်ရွယ်တဲ့သူတွေဆိုတော့ မနက်စာဆိုလည်း သူများတွေစားသလို မုန့်ဟင်းခါး၊ အသုတ်တွေ စားချင် ပေမယ့် အမြဲမကျွေးနိုင်။ မုန့်ဖိုးငါးရာနဲ့လောက်ငအောင် စားခိုင်းပြီးသူကတော့ ထမင်းဟင်း စောစောချက်ပြုတ်လို့ ကျက်မှ သာ စားသောက်ရတယ်။
ဆန်ဆီဝယ်ရတဲ့နေ့တွေဆိုရင်လည်း အသားမစားနိုင်၊ အရွက်ကြော်လေး အရွက်သုတ်လေးတွေနဲ့ မျှဝေစားသောက်ရတယ်။ အလုပ်ပင်ပင်ပန်းပန်းလုပ်ရတဲ့ သားသမီးတွေကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးမွေးချင်ပေမယ့် တက်လာတဲ့ ကုန်စျေးနှုန်းနဲ့ စားကောင်းသောက်ဖွယ် မဝယ်စားနိုင်။
ရသမျှငွေကြေးကို စားသောက်ဖို့သာ ချွေတာသုံးစွဲနေရတဲ့အတွက် နာမကျန်းရင်တောင် ဆေးကုသဖို့အတွက် အပိုငွေကြေး မသုံးစွဲနိုင်ဘူးလို့ဆက်ပြောတယ်။
” ဟိုနေ့က နေမကောင်းတော့ ဆေးခန်းသွားချင်တာမသွားနိုင်ဘူး။ ဆေးဖိုးရှစ်ထောင်တစ်သောင်းကုန်မှာ ဘယ်လို တတ်နိုင် မလဲ။ ဒီပိုက်ဆံကို ဆေးခန်းသွားမယ့်အစား စျေးဖိုးပဲလုပ်လိုက်တယ်။ မိသားစုတွေစားလို့ရတာပေါ့။” လို့ ဒေါ်စန်းစန်းက ပြောပါတယ်။
နေ့စဉ်စားသောက်ဖို့စရိတ်အပြင် အိမ်ငှားနေထိုင်ရတဲ့အတွက် လစဉ် အိမ်လခ၊ မီးဖိုး ၊ ရေဖိုးနဲ့ အခြားဗာဟီရစရိတ်တွေနဲ့ တစ်လ တစ်လ ပူပန်နေရတယ်လို့ဆိုတယ်။
” တစ်ခါတစ်လေကျရင် သေတောင်သေချင်တယ်၊ ကလေးတွေကပြောတယ် အမေကဘာလို့သေချင်ရတာလဲ ရှာရတာ မဟုတ်ဘဲနဲ့ ပြောတယ်။ ကိုယ်ကသူတို့ပေးတဲ့ဟာနဲ့ ဟိုဟာလေးပဲဝယ်ရတော့မလို ဒီဟာလေးပဲ ဝယ်ရတော့မလိုနဲ့”လို့ ဒေါ်စန်းစန်းကဆိုတယ်။
အစစအရာရာ ချွေတာနေရင်းတောင်မှ ခက်ခဲနေတော့ ရေရှည်နေထိုင်စားသောက်အတွက် စိတ်မောမိတယ်လို့ဆိုတယ်။
” ဒီထက်ချွေတာမယ်ဆိုရင် အဆင်မပြေတော့ဘူး။ ဖြစ်သလိုစားတော့ ဘယ်လိုအားရှိမလဲ။ ရောဂါတွေဝင်လာတော့ ဘယ်လို ဆေးကုမလဲ။” လို့ ဒေါ်စန်းစန်းက ပူပန်စွာနဲ့ဆိုတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှာနေထိုင်တဲ့အသက် ၅၀ကျော်အရွယ်ဒေါ်မြင့်ရီကလည်း “နိုင်ငံရေးတွေဖြစ်ပြီးကတည်းက ကျပ်တည်း လာတာပေါ့။ စားစရာမရှိလို့ တစ်နေ့တစ်နေ့ ဘာပေါင်စရာရှိမလဲပဲ ရှာနေရတယ်။ “လို့ ပြောပါတယ်။
ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ ဒေါ်မြင့်ရီတို့မိသားစုက မိသားစုတွေများသလို လက်လုပ်လက်စားတွေဆို တော့ တစ်နေ့လုပ်မှ တစ်နေ့စားသောက်ရပါတယ်။
သားသမီးတွေကလည်း ကျပန်းလုပ်သားတွေဆိုတော့ ဝင်ငွေက အတည်တကျမရှိဘဲ ဝမ်းရေးအတွက် သူက အဝတ်လျှော် ၊ မီးပူတိုက် လုပ်ရသလို ခင်ပွန်းဖြစ်သူက ဆိုက်ကားနင်းဝင်ငွေရှာရတယ်။
” ကလေးတွေက အရင်ကလည်း ကျပန်းလုပ်တာဆိုပေမယ့် ဒီနေ့ထလုပ် လုပ်စရာအလုပ်ရှိတယ်။ အခုက အလုပ်တွေပဲ မရှိတော့တာလား၊ ဘာလုပ်ရလုပ်ရဆိုတာတောင် ခေါ်မယ့်သူမရှိဘူး။ ဒီကြားထဲ ကုန်စျေးနှုန်းကလည်း မတရားတက်နေ တော့ ငတ်ပြီပေါ့။” လို့ဒေါ်မြင့်ရီကဆိုတယ်။
သားသမီးတွေရဲ့ အလုပ်တွေတင်မက သူ့ပုံမှန်လုပ်နေတဲ့ အဝတ်လျှော်မီးပူတိုက်အလုပ်အတွက် အရင်ခေါ်နေကျ နေအိမ် အချို့တောင် စီးပွားရေးမကောင်းတာကြောင့် အလုပ်ခေါ်မခိုင်းတော့။ သူ့ခင်ပွန်းဖြစ်သူမှာလည်း ငွေခုနှစ်ထောင် ရှစ်ထောင် ရဖို့ မိုးလင်းမိုးချုပ် ပင်ပင်ပန်းပန်းနင်းပြီး ရှာဖွေနေရတယ်လို့ ဆက်ပြောတယ်။
” လူတွေကလည်းကျပ်တည်းနေကြတော့ သိပ်မသုံးချင်ကြတော့ဘူး။ အကုန်စျေးတက်နေလို့ဆိုက်ကားခလေး နှစ်ရာသုံးရာ တိုးတောင်းရင်တောင်မပေးချင်ကြဘူး။”လို့ ဒေါ်မြင့်ရီကပြောတယ်။
နေ့စဉ်တက်နေတဲ့ ကုန်စျေးနှုန်းကျပ်တည်းနေတဲ့ အလုပ်အကိုင်တွေကြား နေရာအချို့မှာ သွားလာစားသောက်သူတွေ မပြတ် ရှိနေပေမယ့် သူတို့လို လက်လုပ်လက်စားသမားတွေမှာတော့ မနက်ထမင်း၊ ညထမင်း နပ်မှန်ဖို့တောင် မနည်းရုန်းကန် နေရ တယ်လို့ဆိုတယ်။
တစ်ခါတစ်ရံ ဆန်ဖိုးတောင်မရှိလို့ ချေးငှားရ၊ပေါင်နှံရ၊ အိမ်နီးချင်းအချင်းချင်း မျှဝေစားသောက်ရ၊ ရပ်ကွက် အနီးမှာ ထမင်း ဟင်းတွေ လာလှူဒါန်းတာရှိရင် မြေးအဖွားတတွေ သွားတန်းစီပြီး စားသောက်ကြနဲ့ ဖြတ်သန်းနေရတယ်လို့ ဆက်ပြောတယ်။
“ပရဟိတအဖွဲ့တွေ လာလာလှူရင်ပျော်တာပေါ့၊ ကောင်းကောင်းစားရတယ်။ အစစအရာရာစျေးကြီးနေတော့ မရှိတဲ့အချိန် နေ့တိုင်းလာလှူပါစေလို့ ဆုတောင်းနေရတယ်” လို့ ဒေါ်မြင့်ရီကပြောတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက အတားအဆီးအခက်အခဲတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပြီး လက်ရှိ အခြေအနေနဲ့ ရှေ့ကာလတွေမှာ ဆက်လက်ပြီး စိုးရိမ်စရာအနေအထားရှိတယ်လို့ ကမ္ဘာ့ဘဏ် (ADB) က ခန့်မှန်းထားပါတယ်။
စိုက်ပျိုးရေးထွက်ကုန်လျော့ကျလာတာ၊ အလျှင်အမြန်ကုန်စျေးနှုန်းဖောင်းပွတာ၊ ချေးငွေရရှိမှုနည်းပါးလာတာကြောင့် စားနပ် ရိက္ခာ ဖူလှုံနိုင်မှုကို ပိုဆိုးရွားလာစေနိုင်တယ်လို့ဆိုတယ်။
မြို့ပြက ပြည်သူတွေမှာ စစ်ဖြစ်နေတဲ့ဒေသက ပြည်သူတွေလောက် ဒုက္ခမခံရပေမယ့် စီးပွားရေးတွေ ကျပ်တည်း၊ ကုန်စျေး နှုန်းတွေတက်၊ အလုပ်အကိုင်တွေလည်းရှားပါး၊ ခိုးဆိုးလုယက်မှုတွေစိုးရိမ်ရနဲ့ မြို့ပြရဲ့အပူတစ်ခုပဲလို့ မန္တလေးတိုင်း ဒေသကြီးမှာ နေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် ဦးသန့်ကပြောပါတယ်။
” ဒီလဆို အိမ်ငှားခကသုံးသောင်းတိုးတောင်းတယ်။ အစစအရာရာစျေးတက်လို့ဆိုပြီး စားဖို့တောင်အနိုင်နိုင်ဖြစ်နေတာ ဘယ်လိုဆက်သွားကြမလဲ။ စစ်ဖြစ်နေတဲ့ ဒေသတွေကိုအားမနာလို့တော့မဟုတ်ဘူး။” လို့ ဦးသန့်က ပြောပါတယ်။
ဆန်ဆီလို အခြေခံစားသောက်ကုန်တွေတင် စျေးတက်တာတင်မဟုတ် ၊ လျှပ်စစ်မီးပျက်လို့ မီးသွေး၊ ဂတ်စ်ပိုသုံးရတာ၊ အိမ်ငှားခတွေ ပိုပေးရတာတွေနဲ့ အခြားလူမှုရေးနေရာတွေမှာတောင် မသုံးစွဲနိုင်တော့ဘူးလို့ ဆက်ပြောတယ်။
” စျေးသွားရင် ဘာဝယ်မယ်ဆိုပြီး စဉ်းစားသွားပေမယ့် ပြန်လာရင် ဟိုဟာလို ဒီဟာမပါနဲ့ ဖြစ်လာရော။ ” လို့ ဦးသန့်က ပြောတယ်။
လွန်ခဲ့တဲ့နှစ်နှစ် အာဏာမသိမ်းခင်ကာလအချိန်နဲ့ နှိုင်းယှဉ်ရင် ကုန်စျေးနှုန်းက ထက်ဝက်လောက် တက်လာပေမယ့် လူ တစ်ဦးချင်းစီရဲ့ငွေဝင်က လိုက်မတက်လာဘဲ ပုံမှန်ဝင်ငွေအပေါ် လျှော့နည်းတာတွေရှိနေတဲ့အတွက် လူတွေမှာ ပိုခက်ခဲ လာတာအမှန်ပဲလို့ ဦးသန့်ကဆိုတယ်။
” သမီးရဲ့အလုပ်ကလည်းမကောင်းတော့ ဝန်ထမ်းတွေထပ်လျှော့မလား စိုးရိမ်နေရတာ၊ သူ့အလုပ်မရှိရင် နေထိုင်စားသောက် ဖို့က ခက်ပြီ။”လို့ ဦးသန့်က ငြီးတွားတယ်။
စီးပွားရေးကျပ်တည်းပြီး ကုန်စျေးနှုန်းတက်တဲ့ဒဏ်ကို မြို့ပြနေသူတွေတင်မက စစ်ဘေးသင့်ဒေသတွေက ပြည်သူတွေလည်း ထိခိုက်ခံစားနေရပါတယ်။
စစ်ကြောင့် နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးပြီး စစ်ရှောင်စခန်းတွေမှာနေထိုင်ရတဲ့ စစ်ဘေးရှောင်သူတွေကို စားနပ် ရိက္ခာနဲ့ဆေးဝါး၊ တစ်ကိုယ်ရေတစ်ကာယပစ္စည်းတွေ ထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ရတဲ့အခါ အစစအရာရာ စျေးနှုန်း ကြီးမြင့်လာတဲ့အတွက် ထောက်ပံ့ရာမှာ အခက်အခဲဖြစ်လာတယ်လို့ ထောက်ပို့ကူညီသူတွေက ပြောပါတယ်။
” အလှူငွေက အရင်ကထက် နည်းလာတဲ့အပြင် ကုန်စျေးနှုန်းတွေလည်းတက်တော့ တစ်ခေါက်တစ်ခေါက်ပို့ဖို့ကို မနည်း ကြိုးစားရတယ်။ အရင်လို များများစားစားမပို့နိုင်တော့ဘူးပေါ့၊ ရေရှည်အတွက်ဆိုရင်တောင် မစဉ်းစားတတ်တော့ဘူး။”လို့ ကရင်နီပြည်နယ်ကစစ်ဘေးရှောင်တွေကို ထောက်ပံ့ကူညီနေသူတစ်ဦးက ပြောပါတယ်။
နိုင်ငံရဲ့စီးပွားရေးအခြေအနေက ကုန်ထုတ်လုပ်မှုက အစပြုပြီး လုံးဝအားလျော့သွားတဲ့ ကုန်သွယ်ရေး ၊ အလုပ်အကိုင် ၊နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု စတဲ့အခြေအနေအရပ်ရပ်က ချက်ခြင်းပြန်လည်ကောင်းမွန်တဲ့ အနေအထား မရှိသေးဘူးလို့ စီးပွားရေး သုတေသီတွေက ပြောပါတယ်။
နိုင်ငံရေးအခြေအနေအပြောင်းအလဲကနေ ဖြစ်လာတဲ့ ငွေကြေးစီးပွားရေးနှေးကွေးမှုတွေကြောင့် စီးပွားရေးကျဆင်းနေခဲ့ပြီး နိုင်ငံတွင်းက လုပ်ငန်းအကြီးစား၊ အလတ်စားနဲ့အသေးစားလုပ်ငန်းတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဆိုကြပါ တယ်။
” လူမှုစီးပွားအခက်အခဲတွေကို ပုံစံမျိုးစုံနဲ့ ခံစားနေရတဲ့သူတွေထဲ အိမ်ရှင်မတွေကတော့ အခြားသူတွေထက် တိုက်ရိုက် ပိုပြီးထိတယ်” လို့ သုတေသီတစ်ဦးက ဆိုတယ်။
ဒီလိုအခြေအနေက ရေရှည်မှာ ဘယ်လောက်ထိကြာမှန်းမသိပေမယ့် ပြည်သူတွေမှာတော့ ကြာရင် ငတ်ပြတ်မယ့် အခြေ အနေမျိုး ကြုံရမှာတောင် တွေးပူမိတယ်လို့ ကုန်စျေးနှုန်းဒဏ်ခံနေရတဲ့ မြို့ပြနေပြည်သူတွေက ဆိုတယ်။
ဒေါ်စန်းစန်းကတော့ ” ဆန်စျေးတွေကလည်း ဒီထပ်တက်မှာဝယ်ထား ၊ စားစရာတွေကြိုစုထားလို့ ပြောပေမယ့် ဝယ်စရာ အပိုမရှိပါဘူး။ ဖြစ်ရင်တော့ငတ်မှာပဲ မထူးတော့ပါဘူး။”လို့ ဆိုပါတော့တယ်။