Home သတင်း “တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ”

“တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ”

ဖေဖော်ဝါရီ ၂၀ မှ ၂၆ အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားသည်များကို Hi မှ စုစည်းဖော်ပြပေးလိုက်ရပါသည်။

  • မိသားစုထမင်းဝိုင်းပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ တုံးတောကျေးရွာမှာ အခြေချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခမရ (၅၉၉) တပ်က ပစ်ခတ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီးဟာ ကျွန်းတောကျေးရွာကို ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ပွဲချင်း ပြီး သေဆုံးခဲ့ပါတယ်။

လက်နက်ကြီးကျည်ဟာ ကျွန်းတောကျေးရွာရှိ မမြင့်မြင့်ဆန်းတို့ သားအမိသုံးဦး ထမင်းစားနေစဉ် ကျရောက်ပေါက်ကွဲခြင်း ဖြစ်ပြီး မမြင့်မြင့်ဆန်း ပွဲချင်းပြီးသေဆုံးကာ ကျန်ကလေးငယ်နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

လက်နက်ကြီးကျည်ဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ ည ၇ နာရီခန့်မှာ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်တယ်လို့ ကရင်အမျိုး သားအစည်းအရုံး (KNU) ဗဟိုက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ရက်စွဲနဲ့ တရားဝင် ထုတ်ပြန်ထားပါတယ်။

သေဆုံးသူ မမြင့်မြင့်ဆန်းရဲ့ ကျောင်းနေအရွယ် သားသမီးနှစ်ဦးဖြစ်တဲ့အသက် ၁၂ နှစ်အရွယ် နှင်းမြတ်မွန်ဟာ ညာဘက် ခြေထောက် ထိမှန်ခဲ့ပြီး အသက်ငါးနှစ်အရွယ် မောင်ရန်လင်းထက်ကတော့ ဘယ်ဘက်ခြေထောက်ဖြတ်လိုက်ရပြီး ညာဘက် ခြေထောက်မှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပါတယ်။

Source – Mizzima

  • စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ရမ်းပစ်လို့ အင်းတော်မှာ အဖွားအိုအပါအဝင် ပြည်သူလေးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့လို့ အဖွားအိုတစ်ဦး အပါအဝင် ပြည်သူလေးဦး ဒဏ်ရာရခဲ့တယ်လို့   Indaw Revolution က ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၂၁ ၊ နံနက် ၁၁နာရီခန့်မှာ အင်းတော်မြို့တောင်ဘက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းပစ် ခဲ့လို့ ကျော်ရွာက အသက် ၇၈ နှစ်အရွယ် အဖွားအိုနဲ့ အမျိုးသားနှစ်ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မိုးယူရွာမက အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ဖော်ပြထားပါတယ်။  

Source – People’s Spring

  • ပုလောတွင် CDM ကျောင်းဆရာမ ၂၀ ကျော်ကို စစ်ကောင်စီတပ် ဝင်ဖမ်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က CDM ကျောင်းဆရာမအယောက် ၂၀ ကျော်ကို ဝင်ရောက်ဖမ်းဆီး သွားပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က အင်အားသုံးကာ ပုလောမြို့နယ်ထဲရှိ ရပ်ကွက်ကြီး လေးခုအတွင်းသို့ ရှောင် တခင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပုလောအခြေစိုက် ပူရိယက္ခညီနောင်စစ်ကြောင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။

ဖမ်းဆီးခံရတဲ့ CDM ဆရာမတွေဟာ ပုလောမြို့နယ်အတွင်းရှိ စာသင်ကျောင်းတွေက ဆရာမတွေဖြစ်ပြီး ၁ရပ်ကွက်၊ ၂ရပ် ကွက်၊ ၃ရပ်ကွက်နှင့် ၄ရပ်ကွက်တို့မှာ နေထိုင်ကြသူတွေဖြစ်တယ်လို့ အမှတ် ၂ ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောပါတယ်။

Source – MPA  

  • ကချင်ပြည်နယ်တွင် မိန်းကလေးငယ်တွေအပါအဝင် အသက်မပြည့်သေးတဲ့လူငယ်တွေ မူးယစ်ဆေးသုံးစွဲမှုများလာ

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေပိုမိုများပြားလာပြီး အသက်မပြည့် သေး တဲ့ လူငယ်တွေလည်းမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ပိုမိုများပြားလာတယ်လို့ ဒေသခံတွေထံကသိရပါတယ်။  

အသက်မပြည့်သေးတဲ့ (၁၈)နှစ်အောက်လူငယ်တွေဟာ WY စိတ်ကြွဆေးပြားနဲ့ ဘိန်းဖြူသုံးစွဲတာတွေ အရင်ကထက် ပိုများ လာပြီးအရေးယူမှုအားနည်းတဲ့အတွက် မိဘတွေအနေနဲ့စိုးရိမ်ပူပန်နေကြပါတယ်။

WY စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူ ၊ မူးယစ်ဆေးဝါးရောင်းချသူတွေကို စစ်ကေင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီး တာရှိပေမယ့် လိုင်းကြေးယူပြီး ဥပဒေမဲ့ ပြန်လွှတ်ပေးတာတွေလည်းရှိနေပါတယ်။   

မူးယစ်ဆေးဝါး ရောင်းချသူတွေဟာ စစ်ကောင်စီလက်အောက်ခံ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့၊ မူးယစ်တပ်ဖွဲ့ ၊နယ်ထိန်းတပ်ဖွဲ့ဝင် တွေကို တရားမဝင်လိုင်းကြေးပေးလာဘ်ထိုးရောင်းချနေတာပါ။

Source – DVB

  • PDF စခန်းလိုက်မပြလို့ CDM သူနာပြုဆရာမကို စစ်ကောင်စီတပ် ပစ်သတ်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ CDM သူနာပြုဆရာမတစ်ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းမိသွားပြီး PDF စခန်းကို လိုက်ပြခိုင်းရာမှာ ငြင်းဆန်တဲ့အတွက် စစ်ကောင်စီတပ်တွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

CDM သူနာပြုဆရာမ မေဇွန်မိုးဟာ စစ်တပ်ရန်ကနေ တိမ်းရှောင်နေရင်း လွတ်မြောက်နယ်မြေတစ်ခုကို ရောက်သွားပြီး အဲဒီက ဒေသခံ PDF တွေကို သူတတ်ထားတဲ့ဆေးပညာနဲ့ အကူအညီပေးရင်း နေထိုင်ခဲ့ရာက မြို့ကိုပြန်အသွားမှာ ဖမ်းမိသွားတာလို့ အုတ်ဖို PDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

သူနာပြုဆရာမ မေဇွန်မိုးနဲ့ သူ့အမျိုးသား ကိုအောင်ဇင်တို့ဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဆန္ဒပြပွဲတွေမှာ ဦးဆောင် ပါခဲ့တာကြောင့် စစ်ကောင်စီက သူတို့အိမ်ကို ဝင်ရောက်ဖမ်းဆီးရာမှာ ကိုအောင်ဇင်ကို ဖမ်းမိသွားပြီး ဆရာမ မေဇွန်မိုးကတော့ လွတ်မြောက်သွားခဲ့တာပါ။

Source – DVB

  • စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းကားပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦးနှင့်ပြည်သူတစ်ဦး ဒဏ်ရာရ  

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ခင်ဦးနယ်အနောက်ခြမ်း၊ အင်းပတ်ကျေးရွာထဲသို့   စစ်ကောင်စီတပ်မှလက်နက်ကြီးနဲ့ ရမ်းကားပစ် ခတ်တာကြောင့် အသက် ၆၀ကျော် အဘွားအိုတစ်ဦးနဲ့  အမျိုးသားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။

ပစ်ခတ်မှုကို အင်းပတ်ကွေ့ဈေးတန်းမှာအထိုင်ချနေတဲ့ စစ်ကောင်စီတပ်နဲ့ ရွာသစ်ကုန်းရွာမှ ပျူစောထီးများပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဖေဖော်ဝါရီ (၂၂)နေ့ ည ၈ နာရီခွဲခန့်က ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ  မိနစ်၃၀ ကြာအောင် ရမ်းကားပစ်ခတ်ခဲ့ပြီး အင်းပတ်ကျေးရွာအတွင်းသို့ လက်နက်ကြီး သုံးလုံး ကျရောက်ကာ တစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပါတယ်။

Source – BAP

  • မြန်မာပြည်ဖွား သြစတေးလျနိုင်ငံသူအလှမယ် မဲဆောက်မြို့ရှိ စစ်ဘေးရှောင်များကို သွားရောက်လှူဒါန်း  

Mrs. Universe Australia Charity Queen (2022) ရရှိထားတဲ့ မြန်မာပြည်ဖွား သြစတေးလျနိုင်ငံသူ Mrs. Sophia Sarkis ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ စစ်ဘေးရှောင်ကလေးတွေနဲ့ စာသင်ကျောင်းအချို့ကို သွားရောက်လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။

Mrs. Sophia Sarkis ဟာ ဖေဖော်ဝါရီလ (၂၀)ရက်နေ့က ဆာသူးလေအထက်တန်းကျောင်း၊ သွေးသစ်ကျောင်း၊ မယ်တော် ဆေးခန်းတို့ကို သွားရောက်ခဲ့ပြီး စာသင်ကြားနေတဲ့ကလေးတွေနဲ့ ဆေးကုသမှုခံယူနေတဲ့ လူနာတွေကို အားပေးစကားပြော ခြင်းနဲ့ ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယခုကဲ့သို့ မဲဆောက်မြို့ကို လာရောက်တာဟာ စစ်အာဏာသိမ်းမှုကြောင့် တိမ်းရှောင်လာရတဲ့ဒုက္ခသည်တွေရဲ့ လိုအပ်ချက် တွေကို သိရှိနိုင်ရန် လာရောက်လေ့လာခြင်းဖြစ်ပြီး သြစတေးလျနိုင်ငံသို့ ပြန်ရောက်တဲ့အခါ သြစတေးလျအစိုးရ တာဝန်ရှိသူ တွေနဲ့ အမတ်တွေကို ပြန်လည်တင်ပြပေးသွားမှာဖြစ်တယ်လို့ အလှမယ် Sophia Sarkis က ပြောဆိုခဲ့ပါတယ်။

Source – The Irrawaddy

  • ဖားကန့်အချုပ်ထောင်က ပစ်ခတ်မှုကြောင့် အရပ်သူတစ်ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ၊ မဇွပ်ယန်ကျေးရွာ ၊ဖားကန့်အချုပ်ထောင်မှာစောင့်နေတဲ့ စစ်ကောင် စီ တပ်သားတွေက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လက်နက်ကြီးပစ်ခတ်လိုက်တာကြောင့် မဇွပ်ယန်ရွာထဲက အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်နှစ်လုံးလည်း ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

PDF အဖွဲ့တွေကို အချုပ်ထောင်ထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ ရွာထဲက အရပ်သားအမျိုးသမီး ထိခိုက်ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရရှိခဲ့အမျိုးသမီးဟာ ကလေးနှစ်ယောက်မိခင် ဒေါ်လခိဂျာအန့်ဆိုသူဖြစ်ပါတယ်။

Source – RFA

  • ၈၈ မျိုးဆက် မနီလာသိန်းဦးဆောင်တဲ့ “Project ဝရဇိန်” ကမ်ပိန်းမှ ကန်ဒေါ်လာတစ်သိန်းရရှိထား

အကြမ်းဖက်စစ်အုပ်စုက သေဒဏ်ပေးခဲ့တဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ဇနီးဖြစ်သူ မနီလာ သိန်း ဦးဆောင်တဲ့ “Project ဝရဇိန်” ကမ်ပိန်းကနေ အမေရိကန် ဒေါ်လာတစ်သိန်း ကနဦးရရှိထားတယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။   

ဒီကမ်ပိန်းကတော့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို တုံ့ပြန်တိုက်ခိုက်နေကြတဲ့ မြေပြင်တော်လှန်ရေးဒရုန်းအဖွဲ့တွေဆီ အဓိကထောက်ပို့ပေးနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီးတော့ ပြည်သူတွေအနေနဲ့ ထောက်ပို့ပါဝင်နိုင်ကြဖို့ဖိတ်ခေါ်ထားတာပါ။

Source – DVB

  • ပင်လောင်းတွင် လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကောင်စီတပ်က ပင်လောင်းမြို့နယ်ရှိ အရပ်သားပြည်သူတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး ထိမှန် သေဆုံးခဲ့တယ်လို့ KNDFက ဖေဖော်ဝါရီလ (၂၅)ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။  

ဖေဖော်ဝါရီလ ၂၄ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပင်လောင်းမြို့နယ်  တောင်စလုံး၊မြောက်စလုံးနဲ့ ကောင်မဲတင်း ကျေး ရွာတွေကို စစ်ကောင်စီတပ်ရဲ့ ဖယ်ခုံမြို့အခြေစိုက် စကခ (၇) မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်စလုံးကျေးရွာနေ အသက် ၄၆နှစ်အရွယ် အမျိုးသမီး တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်။

Source – သံလွင်ခက်

  • ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က အမျိုးသမီး ၁၁ဦးနှင့် အမျိုးသားတစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

တနင်္သာရီတိုင်း ၊ ပုလောမြို့နယ်မှာ စစ်ကြောင်းနှစ်ခုပေါင်းပြီး အင်အားဖြည့်ချိန် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီး ၁၁ဦးနဲ့ အမျိုးသားတစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မြိတ်ခရိုင် PDF တပ်ရင်း (၁)က ပြောပါတယ်။

(ဖေဖော်ဝါရီ ၂၄)နံနက်ပိုင်းက ပုလောမြို့နယ် ၊ပလမြို့ကနေ ပဝက်ကုန်းကျေးရွာဘက်သို့ တပ်အင်အားပေါင်းစဥ် သင်္ကန်းတော ကျေးရွာဘက်မှ ဒေသခံပြည်သူ ၁၂ဦးအား လူသားဒိုင်းအဖြစ်အသုံးပြုရန် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်။

စစ်ကောင်စီတပ်မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့အမျိုးသမီးတွေအပါအဝင် ဒေသခံပြည်သူ ၁၂ဦးကို ပြန် လွှတ်ပေးခဲ့ပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြန်ရခဲ့ပါတယ်။

Source – People’s Spring

  • ကျိုက်ထိုတွင် မူလတန်းကျောင်းအုပ်တစ်ဦးပစ်သတ်ခံမှု PDF များက ၎င်းတို့မဟုတ်ကြောင်းငြင်းဆို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တကေးချောင်းဖျားရွာ မူလတန်းကျောင်းအုပ်ဖြစ်သူ ဒေါ်နွယ်နွယ်ဦးကို ဖေဖော်ဝါရီလ ၂၃  နေ့လည် ၁၂ နာရီဝန်းကျင်က အမည်မသိလက်နက်ကိုင်တွေ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

မူလတန်းကျောင်းအုပ် ဆရာမတစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်ဦးကို စာသင်ကျောင်းမှာရှိနေစဉ် အမည်မသိလူတွေက ဖမ်းဆီးခဲ့ပြီး နောက် ကျေးရွားအနီးမှာသေနတ်ဖြင့် ငါးချက်ခန့်ပစ်သတ်ခဲ့ပြီး နေရာမှာပင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။  

ဆရာမပစ်ခတ်ခဲ့ရမှုကို စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာ PDF တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဝါဒဖြန့် ပြောဆိုထားကာ PDF ဘက်မှလည်း ၎င်းတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

Source- Ayeyarwaddy_Times  

  • ယင်းမာပင်မြို့နယ်၊ တာ၀ကျေးရွာမှာ စစ်တပ်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ တာ၀ကျေးရွာကို ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နံနက်ပိုင်းမှာ စစ်တပ်က သေနတ်များ ပစ်ဖောက်ပြီး မီးတင်ရှို့နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်ပြီး အင်အား ၁၀၀ ပါတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ ယင်းမာပင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာပြီး အထက်ငါးနန်းကျေးရွာအတွင်းသို့ သေနတ်တွေ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ကာ၊ စစ်တပ်ရဲ့ပစ်ခတ်မှု ကြောင့် အထက် ငါးနန်းကျေးရွာမှ ပြည်သူအမျိုးသမီးတစ်ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့ပါတယ်။

Source – Khit Thit

Author:

Related Articles