ခွန်း။ ။
“သား… အမေတော့ ကံကုန်ပြီထင်တယ်” ဟု တစ်ရွေ့ရွေ့သွားနေသည့် လူနာတင်ကားထဲက ဒေါ်သူဇာက ဘေးနားတွင် လိုက်ပါလာသည့် သူ၏သားကို ပြောလိုက်သည်။
သေရတော့မည်ဟူသည့် အသိစိတ်ကြောင့် ဘေးတွင်ရှိနေသည့် သားဖြစ်သူအား ဒေါ်သူဇာတယောက် နောက်ဆုံးအကြိမ်အဖြစ် စိတ်မချသည့် အကြည့်ဖြင့် တလမ်းလုံးကြည့်နေခဲ့မိသည်။ သေလောက်သည့် ဒဏ်ရာများကပေးသည့် နာကျင်မှုများကတစ်ဖက်၊ သားဖြစ်သူနှင့် ခွဲခွာရတော့မည်ဟူသည့် ရင်ဘတ်ထဲက နာကျင်မှုကတစ်ဖက်ဖြင့် ကြီးစွာသော ဝေဒနာတို့ကိုခံစားရင်း လွိုင်ကော်ဆေးရုံသို့ ဦးတည်သွားနေသည့် ကားပေါ်မှ ဒေါ်သူဇာ၏ အဖြစ်အပျက်က ဆိုးရွားလှသည်။
“ကံကုန်ရင်တောင် ဘုရားတရားနဲ့ပဲ ကံကုန်မယ်ဆိုတဲ့စိတ်နဲ့ ဘုရားစာကို လမ်းတစ်လျှောက်လုံး ကျမရွတ်လာခဲ့တယ်။ လွိုင်ကော်ရောက်ခါနီးမှပဲ ကျမသတိလစ်သွားတယ်” ဟု ဒေါ်သူဇာက ပြောသည်။
ပွဲလမ်းသဘင်တွေနှင့် ပြည့်နှက်နေပြီး “Sweet December” ဟုတင်စားကြသည့် ဒီဇင်ဘာလက ဒေါ်သူဇာ့အတွက်ကတော့ ချိုမြိန်မှုမရှိခဲ့ဘဲ ကံဆိုးမိုးမှောင် ကျရောက်ခဲ့သည့်ကာလဖြစ်သည်။ တစ်ရက်ကျပ် ၇၀၀၀ ရသည့် နေ့စားတောင်ယာအလုပ်သမ ဒေါ်သူဇာတယောက် ပြီခဲ့သည့်နှစ် ၂၀၂၁ ဒီဇင်ဘာ ၂ ရက်နေ့က သူ၏အလုပ်ခွင်သို့ သွားရောက်ခဲ့သည်။ ထိုနေ့က စိတ်ထဲတွင် လေးလံနေသော်လည်း စားဝတ်နေရေးအတွက် ရှာဖွေရအုံးမည်ဟူသည့် စိတ်ကြောင့် ရွေးချယ်စရာမရှိသည့် အလုပ်ကို လုပ်ခဲ့ရသည်။
နံနက် ၇ ခွဲကတည်းကပင် တောင်ယာသွားခဲ့ကြသော်လည်း လမ်းအားရှာဖွေနေရင်းနဲ့ပင် အချိန်ကုန်ခဲ့ရာ နံနက် ၉ ခွဲမှ တောင်ယာသို့ ရောက်ရှိခဲ့သည်။ ခြံအထိ ထော်လဂျီမရောက် နိုင်သည့်အတွက် လမ်းဘေးတစ်နေရာ တွင်ထားခဲ့ကြပြီး တောင်ယာအထိ ခြေကျင်ဖြင့်သွားခဲ့ကြသည်။ တောင်ယာသို့သွားသည့် ကုန်းအတက်လမ်း၌ပင် အသက် ၄၀ အရွယ် ဒေါ်သူဇာတစ် ယောက် မိုင်းနင်းမိ၍ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“ကျမရှေ့မှာသုံးယောက်ဖြတ်သွားပြီးပြီ။ ကျမသားလည်း ကျမရှေ့မှာပဲဖြတ်သွားတယ်။ ဒါပေမယ့် မိုင်းကမပေါက်ကွဲဘူး။ ကျမသွားတဲ့ အချိန်ကျမှ ပေါက်ကွဲသွားတယ်” ဟု ကံဆိုးသူ သူ၏အကြောင်းကို ပြန်ပြောင်းပြောပြသည်။
တပ်အနီးတွင်ရှိနေသည့် ခြံဖြစ်သည့်အတွက် သွားရောက်ခြင်းမပြုရန် စစ်ကောင်စီများမှ သတိပေးခဲ့သော်လည်း ဒေါ်သူဇာတို့ တစ်ဦးတစ်ယောက်မျှ ထိုသတိပေးချက်ကို မသိခဲ့ဟုဆိုသည်။ သွားလို့ရသည်ဟူသည် စိတ်ကြောင့်သာ သွားခဲ့သည့်အတွက် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
“ကျမမိုင်းနင်းမိတဲ့အချိန်မှာ မိတဲ့နေရာကနေ လွင့်စင်သွားတယ်။ ကိုယ့်ကိုဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။ တစ်ကိုယ်လုံးထုံကျင်ပြီး ပူထူသွားတယ်။ ယမ်းနံ့တွေလည်းရခဲ့တယ်။ ခြေထောက်ကို မကြည့်လိုက်မှ ခြေထောက်မရှိတော့မှန်းလိုက်တော့ ငါသေပြီလို့တောင် ထင်သွားတယ်” ဟု ဒေါ်သူဇာကပြောသည်။
သူမိုင်းနင်းမိလိုက်သည့်အချိန်တွင် သတိလစ်မသွားပဲ သူအားဆေးရုံသို့ ရောက်အောင်ပို့ဆောင်ပေးသည့်ကား ဆေးရုံရောက်ခါနီးမှပင် သတိလစ်မေ့မျောသွားခဲ့သည်။ လွိုင်ကော်ဆေးရုံတွင် ၁၄ ရက်ခန့်ပင်ကုသမှုခံယူခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးဆီသို့ လွဲပြောင်းပေးခဲ့သည်။ ရန်ကုန်ဆေးရုံတွင် ၂ လခန့်ပင်ဆေးကုသမှုခံယူခဲ့သည်။
“ဒေါ်သူဇာ ရန်ကုန်ကို သွားမှရမယ်။ ရန်ကုန်ကိုမသွားဘူးဆိုရင် သေနိုင်တယ်လို့ ဆရာဝန်က ကျမကိုပြောတယ်။ ကျမလည်းဒီမှာပဲနေမယ် သေရင်လည်း ဒီမှာပဲသေမယ်လို့ ဆရာဝန်ကိုပြန်ပြောလိုက်တယ်။ နင်မသေရဘူး။ ရန်ကုန်ရောက်အောင် သွားရမယ်လို့လည်း ပြောခဲ့တယ်”
ဘယ်ဖက်ခြေထောက်တစ်ချောင်းလုံး ရစရာပင်မရှိတော့လောက်အောင် ကျိုးကြေပျက်စီးသွားခဲ့သည်။ ညာဖက်ခြေထောက် နှင့် ဆီးခုံ၊ တင်ပဆုံတွင်လည်း ပေါက်ပြဲဒဏ်ရာများက အများသား။ လက်မောင်းနှင့်မျက်နှာတွင်လည်း ထိခိုက်ဒဏ်ရာများဖြင့် ပြည့်နက်နေသည်။
ဒဏ်ရာအပြည့်ဖြင့် ကုတင်ပေါ်တွင်လှဲလျှောင်းနေသည့် ဒေါ်သူဇာ၏အတွေးထဲတွင် “ငါ့မှာပိုက်ဆံမရှိဘူး။ ရန်ကုန်ဆေးရုံကြီးထိ ဘယ်လိုသွားမလဲ။ ငါဒီမှာပဲ သေလိုက်တော့မယ်” စသည့်အရာများဖြင့်သာ ပြည့်နက်နေခဲ့သည်။
သို့သော် အလှူရှင်များ၏ ပံ့ပိုးကူညီမှုကြောင့်သာလျှင် ရန်ကုန်ဆေးရုံအထိ ရောက်ရှိခဲ့ပြီး ဆေးရုံတက်နေစဉ် အတောအတွင်း၌လည်း အလှူရှင်များကြောင့်သာလျှင် အဆင်ပြေခဲ့သည်ဟုဆိုသည်။
ဒေါ်သူဇာသည် ခွဲခန်းထဲ (၅) ကြိမ်တိတိဝင်ရောက်ကုသခြင်းခံခဲ့ရသည်။
ဒေါ်သူဇာသည် စင်ကာပူသို့ သွားဖို့ရန်ပင် အားလုံးပြင်ဆင်ခဲ့ပြီးဖြစ်သည်။ မသွားခင်၂ရက်အလို၌ပင် ဆိုးဝါးသည့် အဖြစ်အပျက်အား တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။
“ စိတ်ဓာတ်ကျလို့ခဏခဏငိုတယ်။ အလုပ်ကြမ်းမှန်သမျှ အကုန်လုပ်ခဲ့တယ်။ အခုတော့ ဘာမှမလုပ်နိုင်တော့ဘူး။ တစ်ခါတည်းသေမယ်ဆိုလည်း သေလိုက်ချင်တယ်”
ဒဏ်ရာများ သက်သာနေပြီဖြစ်သော်လည်း ဆေးများဝယ်သောက်နေရဆဲ။ စားဝတ်နေရေးလည်းခက်ခဲနေသည့် အတွက်ကြောင့်လည်း သောက်ဆေးများပင် မှန်မှန်ဝယ်မသောက်နိုင်သည့် အခြေအနေနှင့်လည်း ရင်ဆိုင်တွေ့ကြုံနေရသည်။ တစ်ခါတစ်ရံ ထုံကျင်မှုများခံစားရသည့် အချိန်တွင် နေလို့ပင်မရပဲ သူအားရှော့ရိုက်နေသကဲ့သို့ ခံစားနေ ရသည်ဟုလည်းဆိုသည်။
“ကျွန်တော်အရင်းအနှီးလေးရှိရင် ကိုယ်ပိုင်ဆိုင်လေး ဖွင့်ချင်တယ်။ပြီးတော့ သူ့ကိုအနီးကပ်စောင့်ရှောက်ချင်တယ်။ အလှူရှင်တွေကိုပဲ မှီခိုပြီးစားသောက်နေရတယ်ဆိုတဲ့ ဘဝမျိုးလည်းမဖြစ်ချင်ဘူး။ သူများကို အလှူခံရတာလည်း ရှက်လာပြီ” ဒေါ်သူဇာဘေးတွင် ထိုင်နေသည့် ခင်ပွန်းဖြစ်သူမှ ပြောပြနေခြင်းဖြစ်သည်။
ဒေါ်သူဇာခင်ပွန်းသည် ကိုဗစ်ကပ်မဆိုက်မီ ကာလများက လက်ဖက်ရည်ဆိုင်တစ်ခုတွင် အကြော်ဆရာအဖြစ် လုပ်ကိုင်ခဲ့သော်လည်း ကိုဗစ်ဖြစ်သွားသည့်နောက်ပိုင်း အရောင်းပါးလာသည့်အတွက် အလုပ်နားလိုက်ရသည်။ အလုပ်နားသည့်နောက်ပိုင်း တစ်နိုင်တစ်ပိုင် ကြိုးစားခဲ့သော်လည်း ဒေါ်သူဇာ၏ ယခုလိုဆိုးဝါးသည့် အခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ အနားမှာနေ၍ ပြုစုစောင့်ရှောက် ပေးခဲ့ရသည်။
“ကျမသား ဒါမှဟုတ် ကျမယောင်္ကျားအတွက် အလုပ်လေးရစေချင်တယ်။ ဒါမှကျမတို့ စားဝတ်နေရေး အဆင်ပြေမှာ။ ဒီအချိန်မှာ လူတိုင်းခက်ခဲနေတော့ အမြဲတမ်းတော့ မကူညီနိုင်ကြဘူးလေ” ဟုလည်းဆိုသည်။
ဒေါ်သူဇာတို့ ဇနီးမောင်နှံသည် အလုပ်အကိုင်ရရှိရန် ကြိုးစားရှာဖွေနေရဆဲဖြစ်သည်။ ရပ်ဝေးနေရာတွင် သွားရောက်လုပ်ကိုင်ရန်လည်း နေဖို့ရန်နေရာ အဆင်မပြေသည့်အတွက် ဖယ်ခုံမြို့တွင်သာ အလုပ်အကိုင်တစ်ခုရရန် ရှာဖွေနေခြင်းဖြစ်သည်။
“ ကျမလေ စိတ်ကူးမိတယ်။ အလှူရှင်တွေသာ ကျမကိုခြေထောက်အတုတပ်ပေးပြီး အဆင်ပြေမယ် ဆိုရင်ကောင်းမှာပဲ။ ကျမတတ်နိုင်တဲ့ အပိုင်းလေးနဲ့ မိသားစုအတွက် လုပ်ပေးချင်သေးတယ်” ဟု ဒေါ်သူဇာက ပြောသည်။
လက်ရှိတွင် ဒေါ်သူဇာတစ်ယောက် သူ့အားခြေထောက်အတု လုပ်ပေးနိုင်မည့် အလှူရှင်များအား ရှာဖွေနေသော်လည်း လက်ရှိအချိန်ထိ အဆင်ပြေသေးပေ။ ဝှီးချဲပေါ်တွင် တစ်ဖက်သာ ကျန်တော့သည့် ခြေထောက်လေးနှင့် အတူထိုင်နေရသည့် ဘဝထက် လမ်းလျှောက်ချင်သည့်စိတ်က သူမ၏မျှော်လင့် ချက်တစ်ခုပင်ဖြစ်သည်။
သေလောက်သည့် ဒဏ်ရာကို အလူးအလဲခံစားရင်း၊ ဘဝအတွက် ရည်မှန်းထားသည့် မျှော်လင့်ချက်များကို စွန့်လွှတ်ရင်း ခြေတဖက်ဖြင့် အသက်ဆက်နေရသော်လည်း အဆိုးထဲက အကောင်းကို ဒေါ်သူဇာက အခုလိုပြောသည်။
“ကျမသားကို မထိလို့ တော်သေးတယ်။ မဟုတ်ရင် ကျမဒီထက်ရင်ကျိုးမှာ”