ရှင်ငြိမ်း ။ ။
နွမ်းရော်နေတဲ့ အဖြူရောင် ရှပ်လက်ရှည်နဲ့ ညိုဖျော့ဖျော့ ထဘီဝတ်ဆင်ထားတဲ့ အမျိုးသမီး တစ်ယောက်ဟာ ပြင်းလွန်းတဲ့ နေရောင်ကို အံတုပြီး သူရဲ့လျင်မြန်တဲ့ လုပ်ဆောင်မှုကြောင့် အချိန် ၂ နာရီအတွင်းမှာ ဓနိပြင်ချပ်ရေ ၃၀၀ လောက် ပြီးနေပါပြီ။
ဓနိထိုးတယ်ဆိုတာက ရေထဲမှာပေါက်တဲ့ ဓနိပင်တွေကို ခုတ်၊ ဓနိစိုတွေ ဝါသွားတဲ့အထိ ခြောက်အောင် ထားပြီးမှ ဝါးခြမ်းတွေနဲ့ ညှပ်၊ ညှပ်ပြီး သက်ကယ်ဝါး ရက်သလို ရက်လုပ်ရပါတယ်။
လုပ်ခအနေနဲ့တော့ ၃ ပေ၊ ၄ ပေလောက်ရှိတဲ့ ဓနိပြင် တချပ်ကို ငွေကျပ် ၁၅ ကျပ်သာ ရကြပါတယ်။
ဒီအလုပ်ကလည်း ထင်သလောက် လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ မလုပ်တတ်ရင်၊ လုပ်နေကျ မဟုတ်ရင် ဝါးခြမ်းတွေ ရှတာ၊ စူးတာ၊ ဓါးထိတာတွေလည်း ဖြစ်တတ်တဲ့အပြင် ဂရုတစိုက်နဲ့ အင်အား စိုက်ထုတ် လုပ်ကိုင်ရတဲ့ အလုပ်ကြမ်းပါ။
ဒီအလုပ် လုပ်တာ ၆ လသာရှိသေးတဲ့ ဒေါ်သစ်သစ်ဆိုရင်လည်း စလုပ်တဲ့အချိန်က ဝါးတွေရှ၊ လက်တွေ ပေါက်ပြဲလို့ ထမင်းစား မရ၊ ရေခပ်မရနဲ့ ညဆိုအိပ်မရတဲ့အထိ နာကျင်ခဲ့ရတယ်လို့ ဒဏ်ရာတွေနဲ့ ကြမ်းတမ်းနေတဲ့ သူရဲ့လက်အစုံကို ပြသရင်း ပြောပါတယ်။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်သစ်သစ်ဟာ သူ့ရွာမှာ နေ့စားအလုပ်တွေ မရှိတဲ့အတွက် ရွာနဲ့ ခန့်မှန်းချေ မိုင် ၃၀ ခန့်ဝေးတဲ့ ကျိုက်လတ်မြို့ပေါ်ကို နေ့တိုင်းလမ်းလျှောက်ပြီး ပင်ပန်းကြီးစွာ အလုပ်လုပ်ကြရတယ်။
အာဏာသိမ်းပြီးနောက် ကျိုက်လတ်မြို့က နေ့စားလယ်သမားတွေဟာ လယ်အလုပ်တွေ မှန်မှန် မရတဲ့ကြား စစ်တပ်ကပါ ငါးဖမ်းခွင့် ပိတ်ထားတာကြောင့် လုပ်ကိုင်စားသောက်ရာမှာ များစွာ ခက်ခဲသွားရပါတယ်။
အရင် NLD အစိုးရလက်ထက်က ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့၊ ပေချောင်ကျေးရွာသူဖြစ်တဲ့ ဒေါ်သစ်သစ်ဟာ ခင်ပွန်းသည် နေ့စား ကောက်စိုက်လို့ရတဲ့ ဝင်ငွေနဲ့ သူတို့ မိသားစု ၅ ယောက် အဆင်ပြေပြေ ဝဝလင်လင် စားသောက် နေထိုင်နိုင်တဲ့သူတွေ ဖြစ်တယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ သူတို့ရဲ့ အလုပ်တွေ၊ အသွားအလာတွေကို စစ်တပ်က လုံခြုံရေး အကြောင်းပြပြီး ဟန့်တား၊ ပိတ်ပင်လိုက်ပါတယ်။ ဒီတော့ ဒေသခံ နေ့စား လယ်သမားတွေဟာ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးများစွာ ခက်ခဲသွားရတာပါ။
စစ်တပ်က ကျိုက်လတ်ဒေသခံတွေ အားကိုးအားထားပြုနေတဲ့ ငါးဖမ်းခွင့်ကို ပိတ်ပင်လိုက်ပြီး ငါးဖမ်းတာ တွေ့ရင် ငါးဖမ်းပစ္စည်းတွေ၊ စက်လှေတွေကို သိမ်းဆီးတာအပြင် ဒဏ်ငွေပေးရပါတယ်။ ငွေမပေးနိုင်ရင် စခန်းမှာ ထိန်းသိမ်းခံရပါတယ်။
နောက် စစ်တပ်က အလုပ်သွား၊ အလုပ်ပြန်သူတွေကို ကိုဗစ်လက်မှတ်၊ မှတ်ပုံတင်စတာတွေ စစ်ဆေးမေးမြန်းလေ့ ရှိတယ်။ မှတ်ပုံတင် မရှိသူတွေက အရင်လို ထောက်ခံစာနဲ့လည်း သွားလို့ မရပါဘူး။ ဒဏ်ကြေးပေးရပါတယ်။
ဒါတင်မက စစ်တပ်ရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တချို့ ရှိပါသေးတယ်။ ဥပမာ Mask အမည်း မတပ်ရတာတို့၊ နေကာ မျက်မှန် မတပ်ရတာတို့၊ ဆံကျစ် မကျစ်ရတာနဲ့ သနပ်ခါးပါးကွက် မကွက်ရတာအပြင် သူတို့နားမှာ ဖုန်းသုံးလို့လည်း မရပါဘူး။
အမျိုးသားဖြစ်ရင် စစ်တပ်က ပိုမိုတင်းကျပ်စွာ စစ်ဆေးလေ့ရှိပြီး သူတို့အမြင် မကြည်ရင်လည်း အကြောင်းရှာ ဖမ်းဆီးလို့ အများစုသော အမျိုးသားတွေဟာ မသွားမလာရဲကြတော့ပါဘူး။ သွားရင်လည်း ရှောင်ကွင်းသွားရတဲ့အတွက် အချိန်ကြာပါတယ်။
ဒါတွေကြောင့် အလုပ်ရှင်တွေကလည်း အလုပ်နှောင့်နှေးတာတွေဖြစ်မှာနဲ့ စစ်တပ်နဲ့ ပတ်သက်ရမှာတွေ စိုးတာကြောင့် တော်ရုံ နေ့စားအလုပ်သမားတွေကို ခေါ်မခိုင်းတော့တာကြောင့် အလုပ်လက်မဲ့တွေ ဖြစ်သွားရတာပါ။
ဒီလို အလုပ်မရှိလို့ ဝင်ငွေမရှိတဲ့ နေ့စားလယ်သမားတွေဟာ ထမင်းလုံးဝ မစားရတဲ့ရက်တွေ ရှိလာသလို တချို့မိခင်တွေဆိုလည်း သားသမီးတွေရဲ့ဆာလောင်တဲ့ ငိုကြွေးသံတွေကို မခံနိုင်တဲ့အတွက် သတ်သေဖို့ ကြံရွယ်တဲ့အထိ ဖြစ်လာခဲ့တယ်။
ဒေါ်သစ်သစ်ဆိုရင် ဗိုက်ဆာလို့ ငိုကြွးနေတဲ့ သားသမီးတွေရဲ့အသံကို မခံနိုင်တဲ့အတွက် ကိုယ့်အသားကိုယ် လှီးကျွေးဖို့ အထိ ကြံရွယ်ခဲ့ဖူးတယ်လို့ အခုလို ပြောပြပါတယ်။
“ကလေးတွေက ဆာလို့ငို၊ စားစရာလေးတခုလေး ရရင်ပဲ ဝိုင်းပြီး လုယက်စားတော့တာပဲ။ အဲ့ထဲမှာ အငယ်လေးက အားပြတ်ပြီး မလှုပ်နိုင်တော့ ကျမ ရူးမတတ်ပါပဲ။ ဒါနဲ့ပဲ နီးရာဓါးနဲ့ လက်ကို ခုတ်လိုက်တာ ဘေးအိမ်ကလာဆွဲလို့ အထဲထိ မဝင်သွားဘူး” လို့ တစ်တောင်ဆစ်နားက သူ့အမာရွတ်ကို ပြရင်း ဒေါ်သစ်သစ်က ဆိုနင့်နေတဲ့ အသံနဲ့ ပြောပါတယ်။
အရင်ကဆို ဒေါ်သစ်သစ် ခင်ပွန်းသည် နေ့စား လယ်လုပ်ခက ပျိုးတစ်ပင်စိုက်ရင် ငွေကျပ် ၃၀ ရတဲ့ အတွက် တစ်နေ့လုပ်ခ ၆၀၀၀ ကျပ်နီးပါးရလေ့ ရှိပါတယ်။ ဒီငွေ ၆၀၀၀ ကျပ်ဟာ သူတို့ စားလောက်တဲ့အပြင် သားအကြီး နှစ်ယောက်ကိုပါ ကျောင်းထားနိုင်ခဲ့တယ်။
စစ်တပ်ရဲ့ ကန့်သတ် ပိတ်ဆို့မှုတွေကြောင့် ခင်ပွန်းသည်မှာ အလုပ်မရှိတဲ့အခါ ဒေါ်သစ်သစ်သာမက ၅ တန်းတက်နေတဲ့ သားအကြီးပါ နေ့စားအလုပ်တွေ ထွက်လုပ်ရင်း သူတို့ဝမ်းစာကို ဖြည့်နေရပါတယ်။
“စစ်တပ်ကသာ မတားဆီး၊ မပိတ်ပင်ရင် ကျမတို့လည်း အခုလောက် ဒုက္ခမရောက်ဘူး။ သူတို့က ကျမတို့တွေကို ဘယ်လို အငြိုးတွေနဲ့ အခုလို ဒုက္ခရောက်အောင် လုပ်နေတာလဲဆိုတာ မတွေးတတ်တော့ဘူး”လို့ ဒေါ်သစ်သစ်က ညည်းတွား ပြောပါတယ်။
ဒေါ်သစ်သစ်ဟာ ဓနိထိုးသာတင်မက သူ့အမျိုးသားနဲ့အတူ ပေါင်းမြက်ရှင်းတာ၊ ကွမ်းပင်တက်တာ၊ ထင်းခုတ်တာတွေအပြင် ရွာထဲကအလှူမင်္ဂလာတွေမှာ ထမင်း၊ ဟင်းချက်တာစတဲ့ အလုပ် တိုတိုထွာထွာလေးတွေ လိုက်လုပ်နေရပါတယ်။
နေ့စားလယ်သမားတွေ အလုပ်လက်မဲ့တွေ များလာရတဲ့ နောက်ထပ် အကြောင်းရင်းကတော့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်လာတာနဲ့ လယ်လုပ်ငန်းခွင်မှာလည်း စက်ယန္တရားကြီး အစားထိုးလာတာတွေကြောင့် ဖြစ်တယ်။
စက်ယန္တရားတွေ ဝင်လာတဲ့အခါ လယ်သမားတွေဟာ စပါးမျိုးကျဲတာ၊ ထွန်တာ၊ ရိတ်တာစတဲ့ အလုပ်တွေ မရတော့တဲ့အခါ ဝင်ငွေက လျော့ကျသွားပါတယ်။
“လယ်ရှင်တွေက ပိုက်ဆံရှိတယ်ဆိုပြီး စက်ကြီးတွေနဲ့ လုပ်နေတော့ ကျမတို့လည်း တခြားအလုပ်ကို ပြောင်းလုပ်ရတာပေါ့။ ထင်းပေါက်၊ မြက်ရှင်း၊ အုန်းပင်တက်တို့ လုပ်တယ်။ တချို့ဝက်တို့၊ ကြက်၊ ဘဲမွေးထားတဲ့သူတွေက သူတို့ မလုပ်နိုင်တဲ့အလုပ်တွေ ခေါ်ခိုင်းတာ ရှိတယ်”လို့ ဒေါ်စောမူက ပြောပါတယ်။
ကျိုက်လတ်မြို့၊ ထနီးစုရွာက ကလေးနှစ်ယောက်မိခင် အသက် ၅၂ နှစ်အရွယ်၊ ဒေါ်စောမူဆိုလည်း သူ့အမျိုးသား လယ်လုပ်ငန်း မလုပ်ရတော့ ရတဲ့ နေ့စားအလုပ်တွေမှာ သူပါဝင်လုပ်နေတာပါ။
ဒေါ်စောမူဟာ အတန်းပညာ လေးတန်းပဲ စာသင်ခဲ့ရလို့ ဒီလိုအလုပ်ကြမ်းတွေ လုပ်ရတယ်ဆိုတဲ့ ယူဆချက် ရှိလို့ သူ့သမီးနှစ်ယောက်ကို ဆရာဝန်ဖြစ်အောင် ပညာသင်ပေးဖို့ ရည်မှန်းချက်ရှိသူပါ။
လက်ရှိ သမီးနှစ်ယောက်ရဲ့ကျောင်းစရိတ်နဲ့ နေထိုင်စားသောက်ဖို့ကို ကျိုက်လတ်မြို့ပေါ်မှာနေတဲ့ ဒေါ်စောမူရဲ့ အစ်မကြီးက တာဝန်ယူထားပေမယ့် သူ့တို့ကလည်း ရသမျှကို တတ်နိုင်တဲ့ဘက်ကနေ သမီးတွေကို ပံ့ပိုးပေးနေတာ ဖြစ်တယ်။
ဒီအတွက် ဒေါ်စောမူတို့ လင်မယားနှစ်ယောက်ဟာ ရွာထဲမှာရှိတဲ့ မြက်ရှင်းတဲ့အလုပ်ကို တစ်ယောက်ကို တစ်နေကုန်လုပ်မှ ငွေကျပ် ၄၀၀၀ ရတာရှိသလို ၈၀၀၀ ရတဲ့အခါလည်းရှိပြီး တခါတရံ မြက်ရှင်းအပြင် အလုပ်ရှင်အိမ်ကို ရေခပ်ပေးရတာ၊ သန့်ရှင်းရေးလုပ်ပေးရတာလည်း ရှိပါသေးတယ်။
ထင်းခုတ်တဲ့အခါမှာလည်း အမျိုးသားတွေက သစ်ပင်ကို အရင် ချိုင်(အပင်ကနေ သစ်တုံးကြီးတွေ ဖြစ်အောင် လွှနဲ့ဖြတ်၊ ပုဆိန်နဲ့ပေါက်) ပြီးတာနဲ့ အမျိုးသမီးတွေက ထင်းစိုက်တဲ့အရွယ်ရအောင် ပုဆိန်နဲ့ ထပ်မံ ပေါက်ရပါတယ်။
ဒီအလုပ်မှာ အမျိုးသားက ကိုယ့်ထမင်းကိုယ်စားဆိုရင် ငွေကျပ် တစ်သောင်းရပြီး အမျိုးသမီးကတော့ ၃၀၀၀၊ ၄၀၀၀ ကျပ် လောက်သာရပါတယ်။ ဒေါ်စောမူကတော့ အသက် ၅၀ ကျော် ရှိပေမယ့် လူငယ်တောင် လုပ်နိုင်ဖို့ မလွယ်တဲ့ ထင်းပေါက်တဲ့ အလုပ်ကို ယောကျာ်းနည်းတူ လုပ်နိုင်တဲ့ အမျိုးသမီးပါ။
ဒေါ်စောမူတို့ကို သူ့အစ်မကြီးက ရွာမှာ ပင်ပင်ပန်းပန်းအလုပ်လုပ်တွေ လုပ်နေရလို့ မြို့ပေါ်မှာ အလုပ်လာလုပ်ဖို့ ခေါ်ပေမယ့် စစ်ဆေးရေးဂိတ်ကို ဖြတ်ရမှာ စိုးကြောက်တာကြောင့် မသွားကြပါဘူး။
စစ်ဆေးရေးဂိတ်တွေ ရှိနေတာက သူတို့အတွက် အကျိုးတရားတစ်ခု ဖြစ်သွားတာ ဘာတစ်ခုမှ မရှိဘဲ ဆုံးရှုံးထိခိုက် နစ်နာဖို့ သပ်သပ်ဖြစ်သွားရတယ်လို့ ဒေါ်စောမူက ပြောပါတယ်။
ကျိုက်လတ်မြို့ပေါ်မှာတော့ နေ့စားအလုပ်တွေ ရှိတော့ စက်လှေ၊ ဆိုင်ကယ်ရှိတဲ့သူတွေက သွားအလုပ်လုပ်ကြတာ ရှိပေမယ့် အလုပ်လုပ်မှ စားရမယ့် ဒေါ်သစ်သစ်တို့လို လူတွေအတွက်တော့ လမ်းလျှောက်ပြီးအလုပ်သွားရပါတယ်။
“မြို့ဘက်ကမ်းကို သွားတော့လည်း လှေမရှိရင် တော်တော်နဲ့ မကူးရဘူး။ မြို့ပေါ်တက်လိုက်တာနဲ့ ဆိုင်ကယ်၊ကယ်ရီခက အနည်းဆုံး ၃၀၀၀ပဲ။ အသွားအပြန်ဆို ၆၀၀၀ လောက်ပေးရတယ်။ ရွာက မြို့နဲ့နီးပေမယ့် အရမ်းခေါင်တယ်။ မီးလည်း မရှိဘူး။ ပိုက်ဆံရှိလည်း မနေသင့်တဲ့အရပ်ပါ”လို့ ဒေါ်စောမူက သူ့ရွာလေးကို မှတ်ချက်ပြုပါတယ်။
ကျိုက်လတ်မြို့မှာ ကျေးရွာအုပ်စုပေါင်း ၉၃ အုပ်စုရှိပြီး လူဦးရေ စုစုပေါင်းက တစ်သိန်းကျော်သာ ရှိပါတယ်။ ရေလမ်းကို အားထားရတဲ့မြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသလို စက်ရုံ၊ အလုပ်ရုံတွေလည်း မရှိတဲ့အတွက် ပုံမှန် ဝင်ငွေရ အလုပ်အကိုင်တွေ ရှားပါးပါတယ်။
ဒီနေရာမှာ မြေရှိတာပဲ သီးပင်စားပင်တွေ စိုက်မရဘူးလားလို့ မေးစရာ ရှိပါတယ်။ မြေသားက နုံးမြေ ဖြစ်တာကြောင့် စိုက်မရသလို အိမ်စားဖို့တောင် မြေကို အတော်လေးပြုပြင်၊ မြေသြဇာတွေ ထည့်ပေးမှ အနည်းငယ် ဖြစ်ထွန်းပါတယ်။
ဒါကလည်း မြေရှင်တွေမှသာ စိုက်ပျိုးစားနိုင်တာပါ။ နေ့တိုင်းစားဖို့တောင် မနည်းရုန်းနေရတဲ့ လယ်သမားတွေကတော့ မြေသြဇာသုံးပြီး မစိုက်နိုင်ပါဘူး။ ဒါ့အပြင် မွေးမြူရေးလည်း ဒီလိုပါပဲ အရင်းအနှီးမရှိတဲ့ လယ်သမားတွေအနေနဲ့ မွေးမြူရေးလည်း မလုပ်နိုင်ကြပါ။
ဒီလို အလုပ်မရှိတဲ့အတွက် စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုကို တစ်နိုင်ငံလုံးနီးပါး ရင်ဆိုင် ကြုံတွေ့နေရတယ်ဆိုပေမယ့် လိုအပ်ချက်တွေကတော့ တစ်နေရာနဲ့ တစ်နေရာ တူမယ် မထင်ပါဘူး။
အများအားဖြင့် အလုပ်လိုအပ်ချက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျိုက်လတ်က နေ့စား လယ်သမားတွေကတော့ စစ်တပ်ရဲ့ ဟန့်တားပိတ်ဆို့မှုတွေကို ဖယ်ပေးစေချင်တဲ့ဆန္ဒ ရှိနေကြပါတယ်။ ဒါမှသာ သူတို့ငါးဖမ်းခွင့်ရပြီး ဝမ်းစာမခက်ခဲတော့မှာ ဖြစ်တယ်။
တကယ်လို့ စစ်တပ်အနေနဲ့ အခုလို ပိတ်ဆို့ဟန့်တားတာတွေကို ဆက်လုပ်နေမယ်ဆိုရင် လယ်သမားတွေအနေနဲ့ ပိုမိုဒုက္ခ ရောက်လာနိုင်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့ ပြဿနာတွေလည်း ရှိလာနိုင်လို့ပါ။ ဒါ့ကြောင့် ဒေါ်သစ်သစ်က ရေရှည်မှာဖြစ်လာမယ့် ပြဿနာတွေအတွက် သူ့ဖြစ်စေချင်တဲ့ဆန္ဒကို အခုလို ဖွင့်ဆို တောင်းခံလိုက်ပါတယ်။
“ဒီပြဿနာအားလုံး ဖြေရှင်းဖို့ဆို ဒီဂိတ်စောင့်နေတဲ့ စစ်သားတွေ အရင်ဆုံးဖယ်ပေးရဖို့ လိုတယ်”