Home သတင်း အမယ်အို၏ နာကျဉ်းချက်များ

အမယ်အို၏ နာကျဉ်းချက်များ

သန့်ရှင်းထွန်း။ ။

အသက် ၆၄ နှစ်အရွယ် ဒေါ်နုစိန်ဟာ သူ့ခင်ပွန်းသေဆုံးခဲ့ရပုံကို ရှင်းပြဖို့ကြိုးစားပေမယ့် ဖြစ်ရပ်ဆိုးကို တစ်ပိုင်းတစ်စ ပြောပြီးတဲ့အခါမှာ မျက်ရည်တွေစီးကျလာပြီး ငိုပါတော့တယ်။

“ဒီအဖြစ်အပျက်ကို မပြောပြချင်တော့ဘူး။ အရမ်းခံစားရတယ်”လို့ ဒေါ်နုစိန်က ငိုရှိုက်ရင်း ပြောပါတယ်။

ဒေါ်နုစိန်နေထိုင်တဲ့ ဆင်အင်းကြီးရွာဟာ ရခိုင်ပြည်မှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားခဲ့တဲ့ တကျော့ပြန်တိုက်ပွဲကာလမှာ အထိနာခဲ့တဲ့ ရွာတရွာဖြစ်ပြီး အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး နှစ်ဦးကို စစ်ကောင်စီတပ် က သတ်ဖြတ်ခဲ့တဲ့ ကျေးရွာတရွာဖြစ်ပါတယ်။ သတ်ဖြတ်ခဲ့သူများထဲမှာ ဒေါ်နုစိန်ရဲ့ ခင်ပွန်းဖြစ်သူ အသက် ၆၄ နှစ်အရွယ် ဦးမောင်ကျော် သိန်းလည်းတစ်ဦး အပါအဝင်ဖြစ်ပါတယ်။

ဆင်အင်းကြီးကျေးရွာဟာ ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမဘေး ပုဏ္ဏားကျွန်းမြို့နှင့် ၂ မိုင်ခွဲသာ ကွာဝေးတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၁၁၅ လုံးနှင့် လူဦးရေ ၄၀၀ ကျော်ရှိနေထိုင်လျက်ရှိပါတယ်။ တကျော့ပြန်တိုက်ပွဲအတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ဆိုးကို ဒီနေ့ထိမေ့မရသေးဘူးလို့ ဒေါ်နုစိန်က ပြောပါတယ်။

ထိုနေ့က ဒေါ်နုစိန်ဟာ လမ်းလုပ်ဖို့အတွက် နေအိမ်ကထွက်ဖို့လုပ်နေချိန်မှာပဲ ရွာလမ်းထဲက သေနတ်ပစ်ခတ်သံတွေကို ကြားခဲ့ရပြီး ခဏအကြာမှာ သေနတ်သံတွေ တိတ်ဆိတ်သွားတယ်လို့ ပြောပြပါတယ်။ သေနတ်သံတိတ်သွားချိန်မှာ သူပြင်ဆင်ထားခဲ့တဲ့အတိုင်း လမ်းလုပ်မယ့်နေရာကို အိမ်ကနေထွက်ခွာခဲ့ပြီးတော့ လမ်းလုပ်တဲ့နေရာကို ရောက်တဲ့အချိန်မှာတော့ လက်နက်ကြီးပစ်သံတွေကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

လက်နက်ကြီး ပစ်ခတ်သံကို ကြောက်လန့်လို့ ဒေါ်နုစိန်မှာ ရွာထဲက နေအိမ်ကို အပြေးလာခဲ့ပြီး နေအိမ်မှာ ကျန်နေခဲ့တဲ့ ခင်ပွန်းဖြစ်သူ ဦးမောင်ကျော်သိန်းကို ထမင်းစောစီးစွာစားပြီး အိမ်ထဲရှိ ဗုံးခိုကျင်းမှာ ပုန်းခိုကြဖို့ တိုင်ပင် ခဲ့ကြတယ်လို့ ပြောပြတယ်။

အဲဒီလိုအချိန်မှာပဲ ရွာအပေါ်ဘက်က လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေါ်နုစိန်မှာ အိမ်ရှိ ဗုံးခိုင်ကျင်း မှာ မနေတော့ဘဲ ရွာရှိဘုန်းတော်ကြီးကျောင်းကို သွားရောက်ခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်နေတဲ့ကြားက ဒေါ်နုစိန်မှာ ရွာရှိဘုန်းကြီးကျောင်းကို ဘေးမသီရန်မခ ရောက်ရှိခဲ့ပေမယ့် ခင်ပွန်းဖြစ်သူမှာတော့ နေအိမ်ကိုစောင့်ရင်း ဗုံးခိုကျင်းမှာ နေခဲ့တယ်လို့ ပြောပါတယ်။

အဲဒီလိုနဲ့ ညနေဘက်ရောက်လာချိန်မှာ ဒေါ်နုစိန်ရဲ့ ခင်ပွန်းဖြစ်သူကို ဖမ်းထားတယ်ဆိုပြီး သတင်းကြားခဲ့ရတယ်လို့ ဒေါ်နုစိန်က ပြောပြပါတယ်။

“အဒေါ်ကတော့ ဖမ်းထားရင်လည်း သက်ကြီးအဘိုးအိုပဲ လွတ်လာလိမ့်မယ်ဆိုပြီး စိတ်ထဲမှတ်ထားခဲ့တယ်။”လို့ ပြောပါတယ်။

ဒါပေမယ့် ဒေါ်နုစိန် တွေးထားခဲ့တာနဲ့ တကယ့်အဖြစ်အပျက်က လွှဲချော်နေခဲ့ပါတယ်။ မနက်မိုးလင်းလို့ အမျိုးသမီးကြီး တချို့က ကျေးရွာအတွင်းမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ သွားကြည့်တဲ့အချိန်မှာတော့ ရွာထိပ်မှာ ရွာသားနှစ်ဦး အသတ်ခံရလို့ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဒေါ်နုစိန်က သူမြင်တွေ့ခဲ့ရပုံကို ပြောပြပါတယ်။

ရွာသားတချို့သေဆုံးနေတာကို တွေ့ရှိခဲ့တဲ့ ဒေါ်နုစိန်ဟာ နေအိမ်ကို အပြေးအလွှားသွားပြီး ခင်ပွန်းဖြစ်သူကို ရှာဖွေခဲ့ချိန်မှာတော့ ခင်ပွန်းသည်နှင့်အတူ နောက်ထပ်ရွာသားတစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။ လည်ပင်းကို လှီးဖြတ်ခံထားရတဲ့ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ခင်ပွန်းဖြစ်သူကိုမြင်ပြီး သွေးပျက်သွားတဲ့ ဒေါ်နုစိန်ဟာ ဘုန်းကြီးကျောင်းကို ပြန်ပြေးခဲ့တယ်လို့ ပြောပါတယ်။

“အဒေါ်ခင်ပွန်းကို လည်လှီးပြီးတော့ သတ်ပစ်ခဲ့တာ။ ခင်ပွန်းအလောင်းကိုတောင် သဂြိုလ်ဖို့ အဒေါ်မသွားရဲတော့ဘူး။” ဒေါ်နုစိန်က ပြောပြပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၀ ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာနှင့် ပဒေသာကျေးရွာကြား ပြည်ထောင်စု ကားလမ်းမပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော် (AA) က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ညနေပိုင်းကစလို့ ဒေါ်နုစိန်နေထိုင်တဲ့ ဆင်အင်းကြီးကျေးရွာဟာလည်း အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဆင်အင်းကြီးရွာသား ကိုးဦးကို သတ်ဖြတ်ခဲ့ရုံမက လူနေအိမ် ဆယ်လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တာဟာ တိုက်ပွဲဖြစ်တဲ့နေရာနှင့် ဆင်အင်းကြီးကျေးရွာမှာ သေကြေပျက်စီးရတာဟာ ဘာမှမသက်ဆိုင်ဘူးလို့ ဆင်အင်းကြီးရွာခံ ဦးစံသာကျော်က ပြောပါတယ်။

“မမျှော်လင့်ဘဲ ဒီဖြစ်ရပ်ဆိုးဖြစ်ကို ဆင်အင်းကြီး ကျေးရွာတစ်ရွာလုံး ခံစားခဲ့ရတယ်”လို့ ဦးစံသာကျော်က ပြောပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်တိုင်း စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိတဲ့ ရွာသားတွေကို တိုက်ခိုက်နေတာဟာ အလေ့အကျင့်တခုဖြစ်နေပြီလို့ စစ်ရေးလေ့လာသူတချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက် ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် မြောက်ဦးမြို့နယ် ကင်းဆိပ်ရွာက ရွာသူ/သားနှစ်ဦး၊ ချောင်းသစ်ရွာသားတစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး သုံးဦး အပါအဝင် ခုနစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာက အရပ်သားတွေ သေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ(၅၅၀)နှင့် ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူတွေကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်သွားမယ်လို့ ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာ ၁၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်မှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ဟာ နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲ ထားကြပါတယ်။

အခုလို တိုက်ပွဲတွေရပ်ထားလို့ ရခိုင်ပြည်သူတွေဟာ အေးချမ်းစွာသွားလာနေထိုင်နေကြပေမယ့် ဒေါ်နုစိန်ရဲ့ ရင်ထဲမှာ တောက်လောင်နေတဲ့ အပူမီးကို မငြိမ်းသတ်နိုင်သေးဘူးလို့ ပြောပါတယ်။

သားသမီးတွေ ကိုယ့်အိမ်ထောင်နဲ့ကိုယ် သီးခြားနေထိုင်နေပြီး ခင်ပွန်းဖြစ်သူနှင့် နှစ်ဦးတည်းနေထိုင်လုပ်ကိုင်စား သောက်ခဲ့တဲ့ ဒေါ်နုစိန်မှာ လက်ရှိမှာတော့ သူရဲ့ဘဝကို ခင်ပွန်းသည်နှင့်အတူနေထိုင်ခဲ့တဲ့ ဆင်အင်းကြီးရွာက နေအိမ်မှာ ဖြတ်သန်းနေပါတယ်။

“သားသမီးတွေကလည်း ကိုယ့်အိမ်ထောင်နဲ့ ကိုယ်ဆိုတော့ အဒေါ်မှာ တယောက်တည်း အခက်ခဲတွေ အများကြီး ရှိနေတာပေါ့။ အခု အဒေါ်ဘဝက သားသမီးက ပေးရင်စားရမယ်၊ မပေးရင်မစားရတော့ဘူး။”လို့ ဒေါ်နုစိန်က စိတ် မကောင်းစွာနဲ့ ပြောပါတယ်။

အပြစ်မရှိတဲ့ ခင်ပွန်းဖြစ်သူအပါအဝင် သက်ကြီးရွယ်အိုတွေ၊ အမျိုးသားအမျိုးသမီးတွေကိုပါ သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်ကို ဒေါ်နုစိန်က အခုလို ပြောပါတယ်။

“ဒီဖြစ်ရပ်အတွက် အဒေါ် လုံးဝ မကျေနပ်ဘူး။ ကလဲ့စားချေချင်တယ်။”

Author:

Related Articles