ရှင်ငြိမ်း။ ။
အာဏာသိမ်းစစ်တပ်နဲ့ စစ်ရေးပြင်းထန်နေတဲ့ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရ တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဖျက်ချတာတွေ များပြားလာလို့ အမျိုးသမီးဆိုင်ရာ ကျန်းမာရေးအသိပေးမှုတွေ နဲ့ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက စိုးရိမ်ကြီးစွာနဲ့ ထောက်ပြနေကြပါတယ်။
အဓိကကတော့ နိုင်ငံရေးမတည်ငြိမ်မှု၊ တိုက်ပွဲတွေထဲ ပြေးလွှားနေရတာ၊ ကျန်းမာရေးဝန်ထမ်း ရှားပါးတာနဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေ မရတာတွေကြောင့်ဖြစ်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ရဲ့ အထွေထွေ အတွင်းရေးမှူး နော်ဆဲဆဲက ပြောပါတယ်။
“စစ်ပွဲတွေ နေ့တိုင်းလိုလိုဖြစ်နေတဲ့ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်တွေမှာ ကိုယ်ဝန်ဖျက်ချမှုက ပိုများပါတယ်။ ဒေတာရဖို့ကတော့ လုံခြုံရေးနဲ့ တချို့က လူမသိ၊ သူမသိဖျက်ချတော့ အချက်အလက်ရဖို့ ခက်တယ်။ ဒါပေမဲ့ ကျမ တို့အဖွဲ့ဝင်၊ အဖွဲ့အစည်းရှိတဲ့နေရာတွေမှာတော့ ဒါတွေဖြစ်နေတယ်ဆိုတာ သိရတယ်” လို့ သူက ဆိုပါတယ်။
သို့ပေမဲ့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ လူဦးရေ ၅၀၀ ကျော်သာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာတော့ အာဏာသိမ်း ထားတဲ့ လပေါင်း ၂၀ ထဲမှာ ကိုယ်ဝန်ဖျက်ချသူ ၇ ဦးရှိပြီး ကိုယ်ဝန်ဖျက်ချမှုကြောင့် အခန့်မသင့်ဘဲ သေဆုံးရသူ ၃ ဦး ရှိတယ်လို့ စခန်းတာဝန်ခံတစ်ဦးဆီက သိရပါတယ်။
ဒီအချက်အလက်တွေက တာဝန်ခံကို အသိပေးလာတာတွေဖြစ်ပြီး တာဝန်ခံမသိလိုက်တဲ့ ကိုယ်ဝန်ဖျက်ချလို့ သေ ဆုံးရသူကို တိတ်တဆိတ် သင်္ဂြိုလ်တာလည်းရှိတယ်လို့ သူက ဆိုပါတယ်။
“ကိုယ်ဝန်နဲ့ဆိုတော့ ပြေးရလွှားရအဆင်မပြေ၊ မွေးဖို့လည်းအဆင်မပြေတော့ ဖျက်ချကြတော့တာပဲ။ ကျနော်တို့ မှာက ကိုယ်ဝန်မရအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ပညာပေးတာတွေမရှိတော့ အန္တရာယ်မကင်းတဲ့ဆေးတွေ၊ အနှိပ်သည်တွေနဲ့ ဖျက်ချတော့ အသက်ပါသွားတာတွေလည်းရှိတယ်”လို့ သူက ပြောပါတယ်။
အခုလိုကိုယ်ဝန်ဖျက်ချလို့ သေဆုံးရသူတွေထဲမှာ ဒီစခန်းမှာ စစ်ရှောင်နေရတဲ့ ဒေါ်နန့်ပန်းမူရဲ့သမီးငယ်လည်း ပါ ဝင်ပါတယ်။
ခင်ပွန်းသည်မရှိတော့တဲ့နောက်ပိုင်း ဒေါ်နန့်ပန်းမူဟာ သားသမီး ၅ ယောက်ထဲမှာ လေးယောက်ကို အိမ်ထောင်ချ ပေးခဲ့ပြီး အိမ်ခွဲနေခဲ့ပါတယ်။ အတူနေသမီးငယ်ကတော့ အာဏာမသိမ်းမှီ တစ်လလောက်အလိုမှာ အိမ်ထောင်ပြု ခဲ့ပြီး အတူနေထိုင်ခဲ့တယ်။
သမီးငယ်ရဲ့ခင်ပွန်းသည်ဟာ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်သူဖြစ်တဲ့အလျောက် မကြာခဏ တိုက် ပွဲထွက် နေရသူပါ။ တိုက်ပွဲမလိုက်ရတဲ့အခါတွေမှာတော့ ဇနီးသည်ရှိတဲ့ စစ်ရှောင်စခန်းကို ခဏတာ ပြန်လာလေ့ရှိ ပါတယ်။
“သမီးက တိုင်းပြည်ကလည်းမငြိမ်ဘူး။ ကလေးလည်း မယူချင်သေးဘူးဆိုပြီး အနှိပ်သည်နဲ့ ဖျက်ချတာ။ သွေး သွန်တော့ ကုပေးမယ့်ဆရာဝန်၊ ဆရာမတွေက နယ်မှာရောက်နေတာ ဘယ်လိုမှ ကယ်လို့မရတော့ဘူး”လို့ ပြော ရင်း ကျလာတဲ့ မျက်ရည်ကို ဒေါ်နန့်ပန်းမူက လက်ခုံနဲ့သုတ်လိုက်ပါတယ်။
ဒီနေရာမှာ “ကလေးမရအောင် အစထဲက ကွန်ဒုံးမသုံးပါလား။ တားဆေးတွေမသုံးစွဲဘူးလား” စသဖြင့် မေးစရာရှိ ပါတယ်။ မြို့ပေါ်မှာ အလွယ်တကူဝယ်လို့ရတဲ့ ကွန်ဒုံးတို့၊ သန္ဓေတားဆေးတို့ဆိုတာတွေဟာ စစ်ရှောင်စခန်းတွေ မှာတော့ ရဖို့အင်မတန်ခက်ခဲတဲ့ ပစ္စည်းတွေပါ။
ဘာလို့ဆို သူတို့တွေဟာ တိုက်ပွဲတွေကြောင့် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရသူတွေဖြစ်တဲ့ အလျောက် ဒီလိုတားဆေးတွေဝယ်ဖို့ ငွေကြေးအပြင် ကျန်းမာရေးပညာပေးမှုတွေ မရတာကြောင့်ဖြစ်တယ်။
အဲ့လိုပညာပေးတာတွေ မရတဲ့အတွက် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ စစ်ရှောင်နေရတဲ့ အသက် ၃၀ နှစ် အရွယ် အက်စတာနူးလည်း သူရဲ့ဒုတိယကိုယ်ဝန်ကို အလွယ်တကူနဲ့ ဈေးပေါပေါရတဲ့ တရုတ်စာနဲ့ တိုင်းရင်းဆေး မှုန့်ကို သောက်ပြီး ဖျက်ချခဲ့ပါတယ်။
အက်စတာ ကိုယ်ဝန်စရှိချိန်မှာ ခင်ပွန်းသည်က ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ပါတယ်။ စစ်ပြေးရချိန်မှာ အလုပ် သွားလုပ်နေတဲ့ ခင်ပွန်းသည်မရှိတာကြောင့် ကိုယ်ဝန်သုံးလရှိနေပြီဖြစ်တဲ့ အက်စတာဟာ ၃ နှစ်အရွယ် ကလေး ငယ်နဲ့ မိအိုဖအိုတွေကို တွဲခေါ်ကာ ကိုယ်တိုင်အထုပ်အပိုးတွေထမ်းပြီး စစ်ပြေးလာခဲ့တယ်။
သူတို့တွေဟာ ဒီစစ်ရှောင်စခန်းလေးမှာ ခိုလှုံနေထိုင်နေတာ ၈ လကျော်ရှိပါပြီ။
“ကျမငယ်ငယ်နဲ့ အိမ်ထောင်ကျတော့ ကိုယ်ဝန်မရအောင် ဘယ်လိုလုပ်ရတယ်ဆိုတာမသိဘူး။ ပြောပြသူလည်း မရှိဘူး။ ဖျက်ချလို့ရတယ်ဆိုတာပဲသိတာ။ စစ်ပြေးရတော့ ကိုယ်ဝန်မလိုချင်လို့ ဖျက်ချလိုက်တာ”လို့ အက်စတာ က ပြောပါတယ်။
နောက်သူဟာ မိခင်မရှိဘဲ ကြီးပြင်းလာရပြီး အိမ်ထောင်ကျပြီးနောက်ပိုင်းလည်း ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးမှုတွေ၊ သားဆက်ခြားနည်းတွေ ရှိမှန်းမသိခဲ့ဘူးလို့ ဝန်ခံစကားဆိုပါတယ်။
အခုလိုဆေးသောက်ပြီး ကိုယ်ဝန်ဖျက်ချတာဟာ အခန့်မသင့်ပါက သူမအသက်လည်း ဆုံးရှုံးနိုင်တယ်ဆိုတဲ့ အချက်ကိုတော့ အက်စတာ ထိုက်သင့်သလောက် သိပေမယ့် “ဒီမှာ အဲ့လိုတွေ အများသုံးပြီး ဖျက်ချနေတာဆို တော့ ကြောက်တာတော့မရှိဘူး”လို့ ပြောပါတယ်။
အိမ်ထောင်စု ၁၀၀ လောက်သာရှိတဲ့ ဒီစစ်ရှောင်စခန်းမှာ အက်စတာအပြင် အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချမှု တွေရှိပေမယ့် စာရင်းပြုစု မှတ်သားထားတာမရှိပါဘူး။ သို့ပေမဲ့ ခန့်မှန်းချေအရ စစ်ပြေးလာတဲ့တနှစ်အတွင်းမှာ ကိုယ်ဝန်ဖျက်ချသူ ၃ ဦးနဲ့ ၆ ဦးကြားမှာ ရှိတယ်လို့ စခန်းတာဝန်ရှိသူက ပြောပါတယ်။
ကရင်ပြည်နယ်၊ ကယားပြည်နယ်က စစ်ရှောင်စခန်းတွေမှာလိုပဲ ချင်းပြည်နယ်က စစ်ရှောင်အမျိုးသမီးတွေ ကြား မှာလည်း ကိုယ်ဝန်ဖျက်ချမှုတွေ ရှိနေပါတယ်။ ချင်းပြည်နယ်ဟာ မတ်စောက်တဲ့ တောင်တန်းတွေရှိတာကြောင့် ဆက်သွယ်၊ သွားလာရေး အင်မတန်ခက်တဲ့ ဒေသဖြစ်တယ်။
ဒီလိုဒေသအမျိုးသမီးတွေဟာ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေ မရဘူးဆိုတာက သိပ်တော့မထူးဆန်းလှ ပါဘူး။
ဘာကြောင့်လဲဆိုတော့ ရန်ကုန်လိုတိုးတက်ဖွံ့ဖြိုးတဲ့ မြို့ကြီးအနီးအနားက ကျေးရွာတွေနဲ့ ကျူးကျော်လိုနေရာ တွေက အမျိုးသမီးတွေတောင် သားဆက်ခြားကျန်းမာရေးနဲ့ လိင်ကျန်းမာရေး ပညာပေးတွေကို လက်လှမ်းမမှီ တာတွေ ရှိနေပါသေးတယ်။
ရန်ကုန်မြို့၊ လှိုင်သာယာအနောက်ခြမ်းက ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာနေတဲ့ သားသမီး ၇ ဦးနဲ့ မြေး ၃ ယောက်ရှိ တဲ့ ပျံကျအလုပ်သမားတစ်ဦးက သန္ဓေတားဆေးနဲ့ ကွန်ဒုံးတို့ဆိုတာ သားဆက်ခြားဖို့သုံးရတယ်ဆိုတာကို မသိ ကြောင်း ပြောပါတယ်။
တချို့အလုပ်သမားတွေက ကွန်ဒုံးဆိုတာမသိပေမယ့် အဖော်လို့ပြောရင်တော့ အများအားဖြင့် သိကြပါတယ်။ သို့ပေမဲ့ ငွေကြေးမတတ်နိုင်တာကတစ်ကြောင်း၊ အိမ်ထောင်ရေးမှာ မလိုအပ်ဘူးထင်တာတွေကြောင့် မသုံးကြ ဘူးလို့ ဖြေဆိုပါတယ်။
ငယ်ရွယ်တဲ့စက်ရုံ၊ အလုပ်ရုံ အမျိုးသမီးအလုပ်သမား အများစုကတော့ အထူးသဖြင့် အိမ်ထောင်မရှိတဲ့ မိန်းမပျို လေးတွေ ကြားမှာတော့ ကွန်ဒုံးတို့၊ တားဆေးတို့အကြောင်းကို မဆွေးနွေးလိုကြပါဘူး။ ဒီအကြောင်းတွေ ပြောဆို ရင် အထင်သေး ခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဒီအကြောင်းကို စကားထဲထည့်ပြောဖို့ ဝန်လေးကြပါတယ်။
မြို့ကြီးက လူတွေတောင် ဒီလိုသားဆက်ခြား အသိဗဟုသုတကို လုံလောက်အောင်မရကြရင် ဝေးလံခေါင်သီ လွန်းတဲ့ ချင်းပြည်နယ်လိုဒေသက ပြည်သူတွေနဲ့ စစ်ရှောင်နေရသူတွေအတွက်တော့ လက်လှမ်းမှီဖို့ ပိုခက်ခဲနိုင်ပါတယ်။
ဒါတွေဟာ နိုင်ငံရဲ့ကျန်းမာရေးအသုံးစရိတ်က နည်းပါးလွန်းလို့ဖြစ်ရပြီး ကျန်းမာရေးအသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ထားတဲ့ ဆရာ ဝန်တစ်ဦးက ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ စစ်ရေးပြင်းထန်နေတဲ့ကယား (ကရင်နီ) ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်က အသက် ၂၅ နှစ် အရွယ် မဒါလီဆိုလည်း ကိုယ်ဝန်နဲ့ စစ်ပြေးနေရလို့ ဖျက်ချခဲ့တဲ့သူဖြစ်တယ်။
မဒါလီဟာ ဒီစစ်ရှောင်စခန်းကို အခုနှစ်ဇန်နဝါရီလလောက်က ကိုယ်ဝန် ၃ လနဲ့ ရောက်လာခဲ့တဲ့သူပါ။ သူရဲ့ အမျိုးသားက နယ်မှာအလုပ်သွားလုပ်နေချိန် သူက မိဘနှစ်ပါးနဲ့အတူ စစ်ပြေးခဲ့ရတာဖြစ်တယ်။
“ကျမက အာဏာသိမ်းတော့မှ အိမ်ထောင်ကျတာဆိုတော့ သားဆက်ခြားတာတွေ ဘာတွေမသိခဲ့ရဘူး။ အပျို တုန်းကလည်း အဲ့ဒီကွန်ဒုံးတို့၊ သန္ဓေတားဆေးတို့ဆိုတာပြောရင် ရှက်စရာလိုဖြစ်ခဲ့တော့။ ဘာတွေဆိုတာ မသိခဲ့ရ ဘူးပေါ့” လို့ သူက ပြောပါတယ်။
ရှေးရိုးစွဲအယူအဆတွေ လိုက်နာကျင့်သုံးဆဲဖြစ်တဲ့ မြန်မာ့လူမူအသိုင်းအဝိုင်းမှာ လိင်ပညာပေးတို့၊ ကွန်ဒုံးတို့၊ သန္ဓေတားဆေးတို့ စတဲ့အကြောင်းအရာတွေကို ပြောဆိုဆွေးနွေးတာဟာ ရှက်စရာလို့ သဘောထားကြတာ ဖြစ်တယ်။
ဒီလိုအယူအဆတွေကြောင့်ပဲ အမျိုးသမီးတွေဟာ လိင်ပညာပေးတွေ၊ သားဆက်ခြားတာတွေ၊ မျိုးဆက်ပွားကျန်း မာရေး ပညာပေးတွေ မရကြတာများပါတယ်။
ရုတ်တရက်ကြည့်လိုက်ရင် သားဆက်ခြားတာ၊ ကိုယ်ဝန်ဆောင်တာ၊ ကလေးမွေးစတဲ့ကိစ္စရပ်တွေဟာ အမျိုး သမီးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ချင်စရာပါ။
တကယ်တော့ ကိုယ်ဝန်မရအောင် တားဆီးဖို့တာဝန်ဟာ အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးလုံးမှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ခေတ်အဆက်ဆက်မှာ ကလေးမွေးတာ၊ ပြုစုတာအပြင် ကလေးမရအောင်လုပ်တဲ့ တာဝန်တွေပါ မိန်းမ တာဝန်လို့ သတ်မှတ်လာတဲ့အတွက် ဒီတာဝန်တွေကို အမျိုးသမီးတွေက ယူနေရတာဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ်ဝန်မရအောင် သန္ဓေတားတဲ့နည်းတွေ ကြည့်မယ်ဆိုရင် အမျိုးသမီးတွေ သုံးလို့ရတဲ့နည်းတွေက ၁၀ မျိုး လောက်ရှိပြီး အမျိုးသားတွေကျတော့ ကွန်ဒုံးသုံးတာနဲ့ သားကြောဖြတ်တာ နှစ်ခုပဲရှိတာပါ။
နောက် ဒီတားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးမှာလည်း အမျိုးသားတွေက ခံစားရတာမရှိပေမယ့် အမျိုးသမီးတွေ ကတော့ မြောက်များစွာသော ဆိုးကျိုးတွေ ခံစားနေရတာဖြစ်တယ်။ ဒီထဲမှာ မလိုချင်တဲ့ကိုယ်ဝန် ရခဲ့ရင်လည်း အန္တရာယ်နဲ့ ဒုက္ခတွေကို အမျိုးသမီးတွေပဲ ခါးစည်းခံကြရပါတယ်။
မဒါလီဆိုလည်း ဒီကိုယ်ဝန်ဟာ သားဦးဖြစ်တဲ့အတွက် ဖျက်ချလိုက်ရတဲ့အပေါ်မှာ စိတ်မကောင်းပြီး အပြစ်ရှိ တယ်လို့ ခံစားနေရတာအပြင် ဖျက်ချခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုကိုပါ ကုသခွင့်မရပါဘူး။
ဒီအတွက် ကိုယ်ဝန်ဖျက်ချပြီးနောက်ပိုင်း အပြင်းအထန် စိတ်ဓါတ်ကျတဲ့ဝေဒနာကို ခံစားနေရပြီး တခါတရံ အလို လိုနေရင်း သတ်သေချင်စိတ် ဖြစ်တယ်လို့ မဒါလီက ဆိုပါတယ်။
ကိုယ်ဝန်ဖျက်ချတဲ့သူတွေအနေနဲ့ နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေမှာ ဆိုးကျိုးတွေ ဖြစ်လာနိုင်တာကြောင့် သေချာစဉ်းစား လုပ်သင့်တယ်လို့ CDM ဆရာဝန်တစ်ဦးက သတိပေးထားပါတယ်။
အခုလိုကိုယ်ဝန်ဖျက်ချလို့ နောက်ဆက်တွဲကျန်းမာရေး ထိခိုက်မှုခံစားနေရရင်တော့ ဆေးဝါးကုသမှုတွေ ဆက် လက်ခံယူသင့်တယ်။ နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေကို ပြသင့်တယ်လို့ သူက အကြံပြုပါတယ်။
အကြောင်းက ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးတွေအနေနဲ့ မိန်းမကိုယ်က သွေးဆင်းတာ၊ ပျို့အန်တာ၊ ဝမ်းလျှော တာ၊ ဗိုက်နာတာ၊ ဖျားတာတွေအပြင် သွေးအုပ်စု ဓါတ်မတည့်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်လို့ ဖြစ်ပါတယ်။
ဒါ့အပြင် မကြာခဏ ကလေးဖျက်ချတတ်သူတွေမှာ နောက်ပိုင်းမှာ သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်မှု ပိုမိုဖြစ်ပွား နိုင်တာကြောင့် အမျိုးသမီးရဲ့ခန္ဓာကိုယ်ကို တစ်သက်လုံး ပျက်စီးစေခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
၂၀၁၈ ခုနှစ်မှာ ရန်ကုန်မြို့တစ်ခုထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးသေဆုံးမှုဟာ ၈၅ ယောက်ရှိပြီး အဲဒီအထဲမှာ ကိုယ်ဝန်ပျက်ကျမှုနဲ့ ဖျက်ချမှုကြောင့် သေဆုံးသူ ၂၇ ယောက်ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ၈၁ ယောက်ရှိပြီး ကိုယ် ဝန်ကြောင့် သေဆုံးတာ ၂၃ ယောက်လောက် ရှိခဲ့တယ်လို့ တိုင်းကျန်းမာရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကမ္ဘာတဝှမ်းလုံးမှာ တစ်နှစ်အတွင်း ကိုယ်ဝန်ဖျက်ချမှု ၅၆ သန်းခန့်ရှိပြီး ၄၅ ရာခိုင်နှုန်းမှာ အန္တရာယ်မကင်းဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ဆိုထားပါတယ်။
အန္တရာယ်မကင်းတဲ့ ကိုယ်ဝန်ဖျက်ချခြင်း (မတတ်ကျွမ်းသူများ၊ ဘေးဖြစ်စေမယ့် အသုံးအဆောင်များ သို့မဟုတ် မသန့်ရှင်းသောနေရာများ) ကြောင့် နှစ်စဉ်သေဆုံးရတဲ့ ကိုယ်ဝန်ဆောင်ဦးရေဟာ ၄၇၀၀၀ နဲ့ ဆေးရုံတက်၊ ကုသရ မှုပေါင်း ၅ သန်း ခန့်ရှိတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။
အခုလို ကိုယ်ဝန်ဖျက်ချတာတွေ များလာတာကတော့ စစ်အာဏာသိမ်းမှုကြောင့် ပြည်သူတွေဟာ စစ်ပြေးနေရလို့ ဖြစ်ပြီး ဒီထဲမှာ မိခင်တွေဟာ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးတာ၊ သားဆက်ခြားနည်းတွေကို လက်လှမ်း မမှီတာတွေကြောင့်လို့ CDM ဆရာဝန်တစ်ဦးက ထောက်ပြပါတယ်။
ယခင်နှစ်တွေကဆိုရင် စက်တင်ဘာ ၂၉ ရက်ဆိုရင် ကမ္ဘာ့သားဆက်ခြားနေ့ကိုကျင်းပပြီး သားအိမ်ခေါင်းကင်ဆာနဲ့ မျိုးဆက်ပွား၊ သားဆက်ခြား ကျန်းမာရေးအသိပညာပေး အစီအစဉ်တွေ ပြုလုပ်နိုင်ခဲ့တာကြောင့် အခုလို ပြဿနာ တွေနဲ့ မကြုံခဲ့ကြရပါဘူး။
ဒီလိုနေ့ရောက်တိုင်း ကလေးမွေးပြီး စွန့်ပစ်တာမရှိစေဖို့နဲ့ မလိုလားအပ်တဲ့ကိုယ်ဝန် မရစေဖို့အတွက် လိင်ဆက် ဆံရာမှာ အမျိုးသားနဲ့ အမျိုးသမီး အကာအကွယ်အသုံးပြုဖို့အတွက် သန္ဓေတားပစ္စည်း အမျိုးမျိုးကို အသုံးပြု နည်းနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို အသိပညာပေး ပြုလုပ်နိုင်တာကြောင့်ဖြစ်တယ်။
ကျန်းမာရေးဝန်ထမ်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ NGO တွေ စတဲ့လူမူကူညီရေး အဖွဲ့အစည်းတွေကလည်း ခက်ခဲတဲ့ စစ်ရှောင်စခန်းတွေထိ ဆင်းပြီး ကျန်းမာရေးအသိပညာပေးရင်း ကွန်ဒုံးတွေ၊ သန္ဓေတားဆေးတွေကို အခမဲ့ ပေးဝေတာတွေ ရှိခဲ့လို့ဖြစ်တယ်။
စစ်အာဏာသိမ်းပြီးနောက်မှာတော့ လိုက်လံဖမ်းဆီးခံနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒီလိုလူမူကူညီရေး လုပ် ပေးသူတွေဟာ တိမ်းရှောင်နေရတဲ့အတွက် ယခင်လို လိင်ကျန်းမာရေးဆိုင်ရာ ပညာပေးမှုတွေ ဆက်မလုပ်နိုင် တော့တာဖြစ်တယ်။
ဒီလိုကျန်းမာရေးဆိုင်ရာ ပညာပေးမှုတွေမရတဲ့အခါ အမျိုးသမီးတွေဟာ အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချတဲ့နည်း တွေ အသုံးပြုလာတဲ့အတွက် အသက်ဆုံးရှုံးရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်။
အခုလို ကိုယ်ဝန်ဖျက်ချတာတွေ ရှိလာတဲ့အတွက်လည်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီး အဖွဲ့အစည်းတွေအပြင် ကိုယ်ဝန်ဆောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းအတွက်တော့ လွန်စွာပဲ စိုးရိမ်စရာ အခြေအနေဖြစ်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ အကြံပေးဖြစ်တဲ့ ဒေါ်တင်တင်ညိုက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ သားဆက်ခြားတာနဲ့ပတ်သက်လို့ အသိပညာပေးအဖွဲ့အစည်းတွေ အများအပြားရှိသလို သန္ဓေတား ဖို့အတွက်လည်း နည်းမျိုးစုံရှိပေမယ့် နွမ်းပါးသူတွေ၊ စစ်ပဋိပက္ခဒေသက ပြည်သူတွေအတွက်တော့ လက်လှမ်း မမှီနိုင်သေးပါဘူး။
စစ်ရှောင်စခန်းတွေမှာဆိုရင် ဒီလိုကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေမပြောနဲ့ မီးဖွားဖို့ဆရာဝန်မရှိတာ၊ ဂွမ်း၊ အရက်ပျံကအစ ပိုးသတ်ထားတဲ့အခန်း၊ ကတ်ကြေး၊ ဓားအဆုံး ဘာမှမရှိပါဘူး။
တချို့စခန်းတွေဆို မီးဖွားဖို့လိုအပ်တဲ့ပစ္စည်း ဘာတခုမှမရှိတာကြောင့် ကလေးကို ကောင်းမွန်စွာမမွေးနိုင်တာ၊ မွေးကင်းစကလေး သေဆုံးရတာ၊ စစ်ပြေးရင်း အာဟာရချို့တဲ့တာတွေကြောင့် မိခင်နဲ့ကလေးပါ အသက်ဆုံးရှုံး ရတာတွေ ရှိလာခဲ့တာ ဖြစ်တယ်။
မီးဖွားချိန်ဟာ အမျိုးသမီးတစ်ယောက်အတွက် အခက်ခဲဆုံးအချိန်ပေမယ့် စစ်ဘေးရှောင်ဒေသမှာတော့ ဝမ်းဆွဲ သည် (အရပ်ခေါ်- လက်သည်) မရှိတာတောင် ကြုံရတတ်ပါတယ်။ မွေးပြီးရင်လည်း ကလေးနို့တိုက်ဖို့အတွက် အာဟာရပြည့်အောင် စားစရာ လုံလုံလောက်လောက် မရကြပါဘူး။
ဒါနဲ့ပတ်သက်လို့ အာဏာရယူထားသူတွေသာ တာဝန်အရှိဆုံးဖြစ်တဲ့အတွက် စစ်ရှောင်တွေရဲ့အရေးကို သေချာ တာဝန်ယူဆောင်ရွက်ပေးဖို့ လိုတယ်လို့ စစ်ရှောင်တွေရဲ့အရေး ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ထောက်ပြ ပါတယ်။
BWU ရဲ့ အကြံပေးဖြစ်တဲ့ ဒေါ်တင်တင်ညိုကလည်း “အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချတဲ့ကိစ္စရပ်တွေ ပိုမိုမဖြစ် အောင် တားဆီးနိုင်ဖို့ ပညာပေးတွေလုပ်ဖို့လိုမယ်။ တစ်ဖက်ကလည်း ဖျက်ချမယ်ဆိုရင် အန္တရာယ်ကင်းကင်းနဲ့ ကိုယ်ဝန်ဖျက်ချနိုင်မလား။ ဒါတွေလည်း ထည့်သွင်းစဉ်းစားရမယ့် အခြေအနေမှာ ရှိလာတယ်”လို့ အသိပေးစကား ဆိုလိုက်ပါတယ်။