Home ဆောင်းပါး တရားခွင်ထဲက ကျား-မတန်းတူရေး

တရားခွင်ထဲက ကျား-မတန်းတူရေး

သန့်ရှင်းထွန်း။ ။

တရားခွင်ထဲမှာ တဖက်ရှေ့နေရဲ့ ထိုးနှက်တဲ့မေးခွန်းတွေနဲ့ လိုရာဆွဲသွင်းနေတဲ့ မေးခွန်းတွေကို မခိုင်တယောက် ယုံကြည်မှုအပြည့်နဲ့ ဖြေဆိုခဲ့ပါတယ်။

တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဟုတ်ရင် ဟုတ်တယ်။ မဟုတ်ရင် မဟုတ်ဘူးလို့ ဖြေရတဲ့ အဖြေတွေထက် ပြန်လည်ရှင်းပြတဲ့ အဖြေမျိုးကို ဥပဒေပညာ မေဂျာယူထားတဲ့ မခိုင်က သေသေချာချာ ဖြေဆိုပေးနေပါတယ်။

‘မြန်မာနိုင်ငံမှာ LGBT ကို တရားဝင်လက်မခံဘူးဆိုတာကို သိပါသလား’ ဆိုတဲ့ မေးခွန်းကြောင့် မခိုင်မှာ အံ့ဩ မှင်တက်သွားခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်က စစ်တွေမြို့ ဘားတခုမှာ အမျိုးသားတစ်ဦးရဲ့ ကန်ကျောက်ရိုက်နှက်မှုကို ကြုံတွေ့ခဲ့ရသူ မခိုင်ဟာ တရားမျှတမှုရရှိဖို့အတွက် တရားရုံးမှာဦးတိုက်လျှောက် တရားစွဲဆိုထားပြီး ဆုံးရှုံးနေတဲ့ LGBT တွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က LGBT အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မခိုင်ဟာ အဲဒီနေ့က သူငယ်ချင်းတချို့နဲ့ စစ်တွေ မြို့က ဘားတခုမှာ ပျော်ရွှင်နေရင်း အမျိုးသားတစ်ဦးက ၎င်းဝတ်ထားတဲ့ စကတ်ကိုလာကိုင်တဲ့အတွက် ပါးစပ်က ပြန်လည်တုန့်ပြန်ခဲ့ရာကနေ အဆိုပါအမျိုးသားက မခိုင်ကို ကန်ကျောက်ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

“ခြေထောက်နဲ့ အားနဲ့ဆောင့်ကန်တယ်။ စကားမများချင်လို့ အဲလောက်ပဲပြောပြီး ဟိုဘက်ကိုလှည့်လိုက်တာ တောင်မှ သူကခြေထောက်နဲ့ ဆောင့်ကန်တယ်။ ဆောင့်ကန်တဲ့အချိန်မှာ မခိုင်လဲကျသွားတယ်” လို့ ပြောပြပါ တယ်။

အဲလို လဲကျသွားပြီး ပြန်ထလာချိန်မှာလည်း အဲဒီအမျိုးသားက ပါးကိုနှစ်ချက်ဆင့်ပြီး ရိုက်နှက်ခဲ့တယ်လို့ မခိုင်က ပြောပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် မခိုင်ဟာ တရားမျှတမှုရရှိဖို့အတွက် စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက် တရားစွဲ ဆိုခဲ့ပြီး တရားရုံးကလည်း အမှုကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ ဖြစ်တဲ့ မိမိအလိုအလျောက် နာကျင်စေမှုနဲ့ အသ ရေဖျက်မှု ပုဒ်မဖြစ်တဲ့ ပြစ်မှုပုဒ်မ ၅၀၀ နဲ့ အမှုကို လက်ခံစစ်ဆေးခဲ့ပါတယ်။

အခုလို တရားရုံးကို ဦးတိုက်လျှောက် တရားစွဲဆိုရတာဟာ ရဲစခန်းတွေမှာ LGBT တွေကို ခွဲခြားဆက်ဆံနေတဲ့ အတွက်ဖြစ်ကြောင်း မခိုင်က ပြောပါတယ်။

“ရဲစခန်းတွေမှာ သွားတိုင်တဲ့အခါ ရဲတွေက တာဝန်ယူမှုလည်းမရှိဘူး။ တာဝန်ခံမှုလည်းမရှိဘူး။ LGBT သွားတိုင် လို့ရှိရင် LGBT တွေကို မတူသလိုလို မတန်သလိုလို ဘာမှတာဝန်ယူမှု မရှိတာတွေကိုလည်း အမတွေ့ရတယ်” လို့ သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

LGBT တွေကို ရဲစခန်းက ခွဲခြားဆက်ဆံတဲ့အတွက် ရဲစခန်းကို ရှောင်ပြီး တရားရုံးမှာ တိုက်ရိုက်တရားစွဲဆိုခဲ့တဲ့ မခိုင်ဟာ တဖက်ရှေ့နေရဲ့ ခွဲခြားဆက်ဆံမှုကို ထပ်ပြီး ကြုံတွေ့ခဲ့ရလို့ ဆိုပါတယ်။
အဲဒီလို ခွဲခြားဆက်ဆံခံရတာကတော့ LGBT ဖြစ်တဲ့ မခိုင်နဲ့ အမျိုးသားတဦးဖြစ်တဲ့ ပြဿနာမှာ အမျိုးသား အချင်း ချင်းဖြစ်တဲ့ ပြဿနာအဖြစ် အတင်းဆွဲသွင်းခံရတာလို့ ပြောပြောပါတယ်။

“ရုပ်အဆိုးဆုံးကတော့ အမကို ယောက်ျားအချင်းချင်းဖြစ်တဲ့ ပုံစံမျိုး ဖန်တီးချင်တာပေါ့နော်” လို့ တဖက်ရှေ့နေရဲ့ စစ်ဆေးမေးမြန်းချက်အပေါ် မခိုင်က ပြန်ပြောပြပါတယ်။

ဒါပေမယ့် မခိုင်ကတော့ LGBT တယောက်အနေနဲ့ တရားမျှတမှုကို ရရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောပါ တယ်။

အခုလို LGBT တစ်ဦးကို ကိုယ်ထိလက်ရောက် စော်ကားတာဟာ ရခိုင်ပြည်နယ်က LGBT အသိုင်းဝိုင်းကြားမှာ အတိုင်းအတာတခုထက်ပိုပြီးတော့ ဆိုးဝါးတဲ့ ဆက်ဆံရေးရှိနေတာကြောင့်ဖြစ်တယ်လို့ LGBT အရေးလှုပ်ရှားသူ တွေက ပြောပါတယ်။

LGBT တွေဟာ ကလေးဘဝတည်းက သူငယ်ချင်းအပေါင်းသင်းတွေကြားမှာ အနှိမ်ခံရတာ၊ သားရှင်မိဘတွေက သူတို့ရဲ့ သားတွေကို LGBT အုပ်စုထဲမှာ မပေါင်းသင်းခိုင်းတာတွေရှိနေပြီး ပတ်ဝန်းကျင်ကလည်း LGBT တွေကို ကူးစက်ရောဂါ ရှိတဲ့လူလို ရှောင်ဖယ်သွားတာ၊ ဝိုင်းဝန်းလှောင်ပြောင်တာတွေက အရိုးစွဲပြီး ရှိနေတယ်လို့ မောင် တောမြို့က LGBT တစ်ဦးဖြစ်တဲ့ မာမီဖြူက ပြောပါတယ်။

“တချို့ LGBT မိဘ၊ မောင်နှမမှာဆိုလို့ရှိရင် အိမ်တွင်းအကြမ်းဖက်မှုတွေတောင် ရှိတယ်ပေါ့နော်။ ပညာသင်ကြား မှုတွေ ရပ်တန့်လိုက်တာတွေပေါ့” လို့ မာမီဖြူက သူ့အတွေ့ကြုံကို ပြောပြပါတယ်။

အလားတူပဲ တချို့မိသားစုတွေမှာဆိုရင် ကိုယ့်ရဲ့မိသားစုအတွင်းမှာတောင် အိမ်တွင်းအကြမ်းဖက်မှုပုံစံမျိုး၊ LGBT ဖြစ်နေတယ်ဆိုရင် LGBT မဖြစ်ရအောင် ညှဉ်းပန်းနှိပ်စက်တာတွေ တွေ့ရတယ်လို့ မာမီဖြူက ပြောပါတယ်။

ခေတ်အဆက်ဆက်မှာ LGBT တွေဟာ ရဲတွေ၊ စစ်သားတွေနဲ့ အစိုးရဝန်ထမ်းတွေရဲ့ အသုံးချတာကို အမြဲခံနေရ တယ်လို့ မခိုင်က ပြောပါတယ်။

တချို့ရဲတွေဆိုလို့ရှိရင် အမှုလိုတဲ့အခါ LGBT တွေကို မှောင်ရိပ်ခိုမှုစတဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး ဆွဲထည့်တာတွေ ရှိနေသေးတယ်လို့ မခိုင်က ဆက်ပြောပါတယ်။

“ဒါတွေက ရိုးရာအစဉ်လာတခုလို ဖြစ်နေပြီး ဟိုးအရင်ကတည်းကဖြစ်နေတာ” လို့ LGBT တွေမတရားသဖြင့် တွေ့ ကြုံနေရတာတွေကို ပြောပြပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှာ LGBT တွေ ခွဲခြားဆက်ဆံခံနေရတဲ့ အဓိကအကြောင်းရင်းကတော့ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၇၇ ဖြစ်ပြီး အဲဒီပုဒ်မမှာ ယောက်ျားနဲ့ဖြစ်စေ၊ မိန်းမနဲ့ဖြစ်စေ၊ တိရစ္ဆာန်နဲ့ဖြစ်စေ မည်သူမဆို မိမိအလိုလျောက် ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမယှက်စပ်မှုကို ပြုရင် အဲဒီသူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

LGBT တွေ ခွဲခြားဆက်ဆံခံနေရတဲ့ နောက်တချက်ကတော့ မိဘတွေနဲ့ ပတ်ဝန်းကျင်က လူတွေက ကလေးတွေကို LGBT တွေနဲ့ ပတ်သက်ရင် စနောက်စရာ၊ ကဲ့ရဲ့စရာ၊ ဖိနှိပ်ခံလူသား၊ နိမ့်ကျတယ်ဆိုပြီး ကလေးငယ်တွေရဲ့ ခေါင်း ထဲကို ရိုက်သွင်းခဲ့တာကြောင့် အခုချိန်ထိ LGBT ဟာ ခွဲခြားဆက်ဆံခံနေရတာလို့ မာမီဖြူက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ LGBT တွေကို ခွဲခြားဆက်ဆံနေပေမယ့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ LGBT တွေ အတွက် ဥပဒေပြဌာန်းပြီးတော့ အကာကွယ်ပေးဖို့ ကြိုးစားနေပြီလို့ စစ်တွေတက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။

“ထိုင်းနိုင်ငံမှာရှိတဲ့ LGBT တွေဟာ အလုပ်တွေမှာ ယောက်ျား၊ မိန်းမတွေနဲ့တန်းတူ အလုပ်လုပ်ပိုင်ခွင့်တွေ သူတို့မှာရှိ တယ်။ သူတို့ရဲ့ဘဝကို သူတို့အလှပဆုံး အကောင်အထည်ဖော်ပြီးတော့ နေလို့ရတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ LGBT တွေနဲ့ ပတ်သက်ပြီး တခုခုပြဿနာဖြစ်လာရင် ဘာသာရေးနဲ့ ကိုင်ပေါက်တာ၊ LGBT တွေက နိုင်ငံကိုဖျက်ဆီးတော့မလို၊ စီးပွားရေးပဲ ထိုးဆင်းတော့မလို လုပ်ဇာတ်တွေခင်းနေတာ အခုချိန်ထိရှိနေ တယ်လို့ စစ်တွေတက္ကသိုလ်ကျောင်းသားက ဆက်ပြောပါတယ်။

အခုလို လူမှုပတ်ဝန်းကျင်မှာ ခွဲခြားဆက်ဆံနေရခြင်းကြောင့် LGBT တွေဟာ အရည်အချင်းရှိပေမယ့် သူတို့ရဲ့ အရည်အချင်းတွေကို အစိုးရရဲ့စီးပွားရေးကဏ္ဍတွေမှာ အသုံးချခွင့်မရဘဲ မိတ်ကပ်၊ ဆံပင်ဒီဇိုင်းနဲ့ အနုပညာလိုင်း တွေမှာသာ လုပ်နေကြရတယ်လို့ မခိုင်က ပြောပါတယ်။

တကယ်လို့ LGBT တွေကို ခွဲခြားဆက်ဆံတာမရှိဘဲ တန်းတူညီမျှထားပြီး လုပ်ငန်းခွင် အသီးသီးမှာ ပါဝင်ခွင့်ပေး မယ်ဆိုရင် သူတို့ရဲ့ အရည်အချင်းတွေကိုလည်း လက်တွေ့ကျကျ အသုံးချနိုင်မှာဖြစ်ပြီး နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအတွက်လည်း များစွာအထောက်အကူဖြစ်စေမှာလို့ မခိုင်က ဆက်ပြောပါတယ်။

LGBT တွေ တန်းတူအခွင့်အရေးရဖို့အတွက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၇ ကို အရေးတကြီး ပြင်ဆင်ဖို့ လိုအပ် နေပြီး LGBT တက်ကြွလှုပ်ရှားသူတွေကလည်း LGBT နဲ့ပတ်သက်လို့ အသိပညာပေးတာ၊ ဟောပြောပွဲတွေ တန်း တူအခွင့်အရေး ရပိုင်ခွင့်တွေကို တက်တက်ကြွကြွ လှုပ်ရှားတောင်းဆိုသင့်တယ်လို့ မာမီဖြူက ပြောပါတယ်။

“LGBT ဆိုတာ လူထဲကလူပဲ။ ယောက်ျား မိန်းမတွေနဲ့ တန်းတူပဲဆိုတာကို ပတ်ဝန်းကျင်ကလူတွေ နားလည်လက်ခံ နိုင်လာအောင် အမတို့ဘက်က လုပ်ဆောင်ပြနိုင်ဖို့လိုမယ်”လို့ မာမီဖြူက ဆိုပါတယ်။

လက်ရှိ ရခိုင်မှာတော့ Gender တန်းတူအခွင့်အရေးအတွက် လှုပ်ရှားမှုတွေ အားနည်းနေသေးပြီး LGBT အရေးနဲ့ ပတ်သက်ပြီး ဦးဆောင်နိုင်မယ့်၊ ရှေ့ထွက်မယ့် LGBT တွေ မရှိသေးဘူးလို့ မာမီဖြူက ပြောပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှာ LGBT တွေအတွက် ကာကွယ်ပေးထားတဲ့ ဥပဒေမရှိသေးဘဲ အကာကွယ် ပေးဖို့ထက် ဖိနှိပ်ဖို့အတွက် ပြဌာန်းထားတဲ့ ဥပဒေတွေကိုသာ တွေ့မိတယ်လို့ ဥပဒေအထူးပြုဘာသာယူထားတဲ့ မခိုင်က ပြောပါတယ်။

ဒါပေမယ့် LGBT တွေအနေနဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ လူ့အခွင့်အရေးကြေညာစာတမ်းပါ ပြဌာန်း ချက်တွေနဲ့ အကာကွယ် ယူလို့ရတယ်လို့ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံ က လိုက်နာပါမယ်လို့ လက်မှတ်ရေးထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂ မှာ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊ မ သဘာဝအားဖြင့်ဖြစ်စေ ခွဲခြားမှု မရှိစေရလို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် လူ့အခွင့်အရေးကို လေးစားလိုက်နာမှု အားနည်းနေသေးတဲ့ မြန်မာနိုင်ငံမှာတော့ LGBT တွေ တန်းတူ အခွင့်အရေးရဖို့ ကြိုးစားရအုံးမယ်လို့ မခိုင်က ပြောပါတယ်။

လက်ရှိမှာတော့ အမျိုးသားတစ်ဦးနဲ့ ပြဿနာကြုံတွေ့ခဲ့ရတဲ့ မခိုင်ဟာ တရားရုံးမှာ LGBT အရေးနဲ့ ပတ်သက်ပြီး ဆက်လက်တိုက်ပွဲ ဝင်ရအုံးမှာပါ။

ဒီတကြိမ်တိုက်ပွဲ အောင်မြင်ဖို့အတွက် မခိုင်ကတော့ ယုံကြည်မှုအပြည့်ရှိနေပြီး ယောက်ျားချင်းဖြစ်တဲ့ ပြဿနာ မျိုးဖြစ်အောင် ဖန်တီးနေတဲ့ တဖက်ရှေ့နေရဲ့ မေးခွန်းတွေကို ဆက်ပြီးထုချေရအုံးမှာ ဖြစ်ပါတယ်။

တဖက်ရှေ့နေက ဘယ်လောက်ပဲ ယောက်ျားချင်းဖြစ်တဲ့ ပြဿနာလို့ ဖန်တီးနေပါစေ မခိုင်ကတော့ သူ့ခံယူချက်ကို အခုလိုပြောပြပါတယ်။

“LGBT တယောက်လို့ ခံယူထားတယ်။ ကျမကိုကျမ ယောက်ျားလို့ မမြင်တဲ့အတွက် ယောက်ျားချင်းဖြစ်တဲ့ ပြဿ နာ မဟုတ်ဘူး”

Author:

Related Articles