Home ဆောင်းပါး “ ဒီ တစ်မိုးဒဏ်ကို ခုခံနိုင်ဖို့အတွက် တာပေါ်လင်စ ရရင်ပဲ အဆင်ပြေပါလိမ့်မယ်”

“ ဒီ တစ်မိုးဒဏ်ကို ခုခံနိုင်ဖို့အတွက် တာပေါ်လင်စ ရရင်ပဲ အဆင်ပြေပါလိမ့်မယ်”

သန့်ရှင်းထွန်း။ ။

တန်ခူး၊ ကဆုန်၏ အပူဒဏ်သည် မြေကြီးကွဲထွက်မတတ် ပူပြင်းသောကြောင့် အပူသက်သာရန် လူတိုင်းက မိုးကို မျှော် လင့်နေကြသော်လည်း ဒေါ်စိန်နုမှာ မိုးရွာမည်ကို စိုးရိမ်လျက်ရှိသည်။

ယခုလိုနွေရာသီတွင် ရေရှားပါးသည့် ဒေသများက လူများအပါအဝင် ကျွဲနွားများကပင် မိုးကိုမျှော်တတ်ကြသည်။ သို့သော် လည်း ဒေါ်စိန်နုနှင့်အတူ လူတစ်ချို့မှာမူ မည်မျှပူပြင်းနေပါစေ မိုးရွာမည့်အသံကို မကြားချင်ကြပါပေ။

ဒေါ်စိန်နုသည် အသက် ၈ နှစ်အရွယ် သမီးငယ်တစ်ဦးနှင့် အသက် ၆ နှစ်အရွယ် သားငယ်တစ်ဦးတို့ဖြင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ မြတောင်တိုက်ပွဲရှောင်စခန်းတွင် နေထိုင်နေသူဖြစ်သည်။

မိုးရွာသွန်းမည်ကို ဒေါ်စိန်နု စိုးရိမ်နေသည်မှာ ယိမ်းယိုင်နေပြီဖြစ်သော အလျား ၈ ပေ၊ အနံ ၆ ပေ ခန့်ရှိသော ဓနိမိုး၊ ဝါးထ ရံကာ၊ ဝါးထရံခင်းနေအိမ်လေးပြိုကျသွားမည်ကို ကြောက်လန့်နေခြင်းကြောင့်ပင်ဖြစ်သည်။ ဒေါ်စိန်နု၏ နေအိမ်လေးမှာ သက်တမ်းအားဖြင့် နှစ်နှစ်ကျော်ရှိပြီဖြစ်သောကြောင့် အိမ်တိုင်များပိုးကျခြင်းနှင့် ထရံများပေါက်ပြဲကာ ခေါင်မိုးများလည်း မိုးယိုနေပြီဖြစ်သည်။

“ အိမ်ခေါင်မိုးက မြင်တဲ့အတိုင်းပဲ၊ အိပ်ယာပေါ်ကနေ ကောင်းကင်ကို မြင်နေရတယ်”ဟု သူ၏ ကြယ်မြင်လမြင် ခေါင်မိုးကို လက်ညှိုးညွန်၍ ဒေါ်စိန်နုက ပြောသည်။

မြတောင်တိုက်ပွဲရှောင်စခန်းမှာ တောင်စောင်းနှစ်ဘက်တွင် တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် ပြီးခဲ့သည့် မိုးတွင်း ကာလကလည်း တောင်ကျရေများကြောင့် မြေများပြိုကျကာ လူနေအိမ်များပြိုပျက်မှုဖြစ်ပေါ်ခဲ့သေးသည်ဟု မြတောင် တိုက်ပွဲရှောင်စခန်းတာဝန်ခံက ပြောသည်။

“ နွေရာသီက ဘယ်လောက်ပဲပူပူ မြေပြင်မှာ နေလို့အဆင်ပြေပါတယ်။ မိုးရွာရင်တော့ မခိုင်ခန့်တဲ့ ဒီအိမ်လေးတွေပေါ်မှာ နေတဲ့သူတွေအားလုံးက ပြိုကျမှာကို စိုးရိမ်ကြတယ်” ဟု ၎င်းကဆိုသည်။

မြတောင်တိုက်ပွဲရှောင်စခန်းကို ရခိုင်လက်နက်ကိုင်အဖွဲ့(AA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ် က ယာယီတည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ယာယီဟုဆိုသော်လည်း နှစ်နှစ်ကျော်ကြာသည်အထိ အဆိုပါစခန်းက မိသားစု များမှာ မိမိနေရပ်မပြန်နိုင်သေးဘဲ ယခုမိုးတွင်းကာလကိုလည်း တိုက်ပွဲရှောင်စခန်း၌ပင် ဖြတ်ကျော်ရဦးမည်ဖြစ် သည်။

ဒေါ်စိန်နုကဲ့သို့ မိုးရွာမည်ကို စိုးရိမ်နေသူများမှာ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုက စစ်ရှောင်စခန်းများတွင် ရှိနေကြသည်။ ရခိုင်ပြည်နယ်တွင် တိုက်ပွဲရှောင်စခန်းများ၌ ခိုလှုံနေသော မိသားစုဝင်များမှာ ၇၅,၀၀၀ ကျော်ရှိပြီး အများစုမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိသေးသည့်အတွက် မိမိတို့၏ နေရပ်ဒေသကို မပြန်နိုင်ကြသေးပေ။

မြေပုံမြို့နယ် ဟင်းခရော်ကျေးရွာ တိုက်ပွဲရှောင်စခန်းက ဒေါ်ကျော့နုမေက “ ဆောက်ထားတာ နှစ်နှစ်ကျော်နေပြီ။ အကုန် လုံးအပေါက်အပြဲတွေနဲ့ မိုးတစ်ကြိမ်ရွာတော့ ဟိုနေရာကမိုးယို၊ ဒီနေရာကမိုးယိုနဲ့ အပေါက်ဖာရင်း မိုးရွာတာရပ်သွားခဲ့ တယ်”ဟု သက်ပြင်းချရင်း ဆိုလေသည်။

မိုးတွင်းကာလတွင် မိုးမလုံသည့်ဒဏ်အပြင် ခြင်အန္တရာယ်ကိုပါ စိုးရိမ်ရသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအတွက်လည်း ဂရုစိုက်ရသည်ဟု မြတောင်တိုက်ပွဲရှောင်စခန်းက ဒေါ်ငယ်လေးက ပြောသည်။

“ မိုးတွင်းကျရင် အမိုးအကာက အရေးကြီးလာပါပြီ။ လုံခြုံတဲ့အမိုးအကာအောက်မှာ မနေရရင် ရောဂါဘယတွေများပြီး စိတ်ပင်ပန်းရပါတယ်”ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)နှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲများကြောင့် စစ် ရှောင် စခန်းများစွာပေါ်ပေါက်လာပြီး သန်းချီသောမိသားစုဝင်များမှာ ခိုလှုံနေကြရသည်။

ထိုသို့ တိုက်ပွဲရှောင်များ၏ အပူပေါ်ကို နောက်ထပ်တစ်ပူထပ်ဆင့်လိုက်ခြင်းမှာ အာဏာသိမ်းခံရပြီး ခန့်မှန်းမရသော နိုင်ငံ ရေးအခြေနေများကြောင့်ဖြစ်သည်ဟု ရခိုင်အမျိုးသမီးများကွန်ရက် ဉက္ကဌ ဒေါ်ညိုအေးက ပြောသည်။

“ တောင်မင်းကို မြောက်မင်းမကယ်နိုင်သလိုမျိုးဖြစ်နေပြီ။ ဘယ်လိုမျိုး ဒုက္ခတွေပဲ ကြုံရကြုံရ အထိခိုက်လွယ်တဲ့သူတွေက အမျိုးသမီးတွေပါ”ဟု ဒေါ်ညိုအေးက ဆိုသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး၏ အဖွဲ့ဝင်တစ်ဉီးဖြစ်သူ မဝင်းဘုကလည်း တိုက်ပွဲများဖြစ်ပွားနေသည့် အချိန် ကာလတွင် တိုက်ပွဲရှောင်မိသားစုများအတွက် အစိုးရအပါအဝင် လူမှုကူညီရေးအဖွဲ့များက လိုအပ်သောအကူညီများကို ပံ့ပိုးပေးနိုင်ခဲ့သော်လည်း လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ တိုက်ပွဲရှောင်များကို စိတ်ဝင်စားမှုအားနည်းလာသည်ဟု ပြောသည်။

“ အာဏာသိမ်းလိုက်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့လူတွေ ဒုက္ခမျိုးစုံရောက်သွားတော့ တစ်ဦးဒုက္ခကို တစ်ဦးမကယ်နိုင်သလို ဖြစ်သွားတယ်” ဟု ၎င်းကပြောသည်။

အစိုးရကိုယ်တိုင်လည်း လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ တိုက်ပွဲရှောင် မိသားစုများ၏ နေထိုင်၊ စားသောက် ရေး အတွက် အကူအညီမပေးနိုင် ၊ မည်သည့်အစီအစဉ်မျှ မချနိုင်ဖြစ်နေသည်။

ဘူးသီးတောင်မြို့၊ ရန်အောင်မြေတိုက်ပွဲရှောင်စခန်းက ဒေါ်ဝင်းနုကတော့ ယိမ်းယိုင်နေပြီဖြစ်သော သူ့နေအိမ်လေးကို ကိုယ်ထူကိုယ်ထပြုပြင်နိုင်ရန် သားဖြစ်သူမှာ တောထဲသို့သွား၍ သစ်လုံးတိုင်များကို ခုတ်ယူနေရသည်ဟု ပြောသည်။

“ သူများဆီကရမယ့်ဟာကို မျှော်ကိုးနေမယ့်တူတူ ကိုယ်လည်းတတ်နိုင်သလောက် ရုန်းကန်ရတာပဲ။ ကျွန်မသားက အုတ်ဖုတ်ဖို့အတွက် တောထဲမှာ ထင်းသွားခုတ်တယ်။ အဲလိုအုတ်ဖုတ်ထင်းခုတ်ရင်းနဲ့ သစ်မာတိုင်လုံးလေးတွေ သယ် လာတယ်။ အဲသစ်လုံးလေးတွေနဲ့ နေအိမ်ကို ထောက်ကန်ထားတယ်”ဟု ဒေါ်ဝင်းနုက ပြောသည်။

ရခိုင်ပြည်နယ်သည် မိုးတွင်းကာလ၌ မိုးများသည့်ဒေသဖြစ်ပြီး နှစ်စဉ်တောင်မြေပြိုကျခြင်း၊ ရေကြီးရေလျှံခြင်းတို့ကို ကြုံ တွေ့နေရသည်။ မုန်တိုင်းအန္တရာယ်မှာလည်း နှစ်စဉ်နီးပါး ရှိနေသည်။ ယင်းသို့ရာသီဥတုမျိုးကြောင့် တောင်စောင်းတွင် တည်ဆောက်ထားရသော မြတောင်တိုက်ပွဲရှောင်စခန်းက မိသားစုများမှာ မိုးရွာမည်ကို ထိတ်လန့်နေကြပါသည်။

မြတောင်တိုက်ပွဲရှောင်စခန်းက ဒေါ်စိန်နုကတော့ “ ရှေ့ဆက်ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူမှခန့်မှန်းလို့မရဘူး။ လက်ရှိနေတဲ့နေရာမှာပဲ ပင်ပန်းခံပြီးနေရမှာပဲ” ဟု ပြောသည်။

ဒါ့အပြင် ဒီတစ်မိုးကိုကျော်ဖြတ်ရန် သူ့အတွက်လိုအပ်သည့် အရာတစ်ခုကိုလည်း ယခုလို တောင်းဆိုပါသည်။

“ ဒီ တစ်မိုးဒဏ်ကို ခုခံနိုင်ဖို့အတွက် တာပေါ်လင်စ ရရင်ပဲ အဆင်ပြေပါလိမ့်မယ်”

Related Articles