ဒေဝီ။ ။
ဘဝတလျှောက်လုံး အိုးပိုင်အိမ်ပိုင်နဲ့ နေချင်တဲ့ ဒေါ်ခင်ဝေ (အမည်လွှဲ)ဟာ သူအသက် ၅၀ အရွယ်မှာတော့ ရည်မှန်းချက်ပြည့်ခဲ့ပါတယ်။
ရန်ကုန်မြို့အဝင်နားက မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ဆိုတဲ့ ကျေးရွာအုပ်စုမှာ ပေ၂၀ ပေ၆၀ အကျယ်အဝန်းရှိတဲ့ ခြံနဲ့မြေကို ငွေကျပ် ၃၅သိန်းနဲ့ ရောင်းမယ်လို့ မိတ်ဆွေတစ်ဦးဆီက သတင်းစကားကို ဒေါ်ခင်ဝေ ကြားခဲ့ရပါတယ်။ အသက်၅၀ကျော် အရွယ်ထိ မိဘအိမ်တလှည့် အိမ်ငှားတလှည့်နဲ့ နေထိုင်ခဲ့ရတာကနေ သူ့စိတ်ကူးထဲကအတိုင်း အပင်တွေနဲ့ ကိုယ်ပိုင်အိမ်လေးတစ်လုံး ရမယ်ဆိုတော့ နှစ်ခါမစဉ်းစားပဲ စုဆောင်းထားသမျှရင်းနှီးပြီး ဝယ်ယူခဲ့တယ်။
နောက်ခြောက်လအကြာမှာတော့ သူဝယ်ထားတဲ့ မြေနေရာဟာ တပ်ပိုင်မြေမှာကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်ခံလိုက်ရပါတယ်။ နှစ် ၅၀ ကြာမှာ ပြည့်ဝခဲ့တဲ့ ဒေါ်ခင်ဝေရဲ့ စိတ်ကူးအိမ်မက်ထဲက အိမ်ကလေးကလည်း နေ့ချင်းညချင်း တစ်စစီ နင်းခြေဖျက်ဆီး ခံလိုက်ရပါတော့တယ်။
ဝယ်ယူစဉ်က ဂရန်မြေမဟုတ်ဘူးဆိုတာသိပေမယ့် လမ်းအမည်၊ရပ်ကွက်အမည် အတိအကျ ရှိပြီးသားဖြစ်တဲ့အပြင် နေထိုင်သူတွေမှာလည်း ယာယီသန်းခေါင်စာရင်းရှိတာ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးလည်း ရှိတာကြောင့် စိတ်ချလက်ချနဲ့ ဝယ်ယူဖြစ်ခဲ့တာလို့ ဒေါ်ခင်ဝေက ဆက်ပြောတယ်။
“မဝယ်ခင်က စုံစမ်းတယ်၊ တခြားသူတွေနေတာလည်း ၁၀နှစ် ၁၈နှစ်ကြာပြီ၊ ကိုယ်တိုင်လည်း အိမ်ငှားနဲ့ နေရတာကနေ ကိုယ်ပိုင်ဆို စိတ်ချရမယ်ဆိုတာနဲ့ မက်မောသွားတာ”လို့ ဒေါ်ခင်ဝေကပြောပါတယ်။ ရန်ကုန်လို မြို့ကြီးမှာ ဂရန်မြေရဖို့ဆိုတာ ဒေါ်ခင်ဝေတတ်နိုင်တဲ့ ငွေကြေးနဲ့လည်း မဖြစ်နိုင်ပါဘူး။
၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံတဝှမ်းမှာ ကျူးကျော်ရှင်းလင်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်ခင်ဝေရဲ့အိမ်အပါအဝင် အိမ်ခြေထောင်နဲ့ချီပြီး ဖြိုဖျက်ခံနေကြရပါတယ်။ နေအိမ်ဆုံးရှုံးသွားတာကြောင့် ကိုယ့်ဘဝကိုယ် အဆုံးစီရင်သွားကြသူတွေရှိသလို ရှင်လျှက်နဲ့ ဘဝသေကြရတဲ့ သူတွေလည်း ဒုနဲ့ဒေးပါ။
“အိမ်ဖျက်ခံရတယ်ဆိုမှတော့ ဒီထက်ကြီးတဲ့ ဒုက္ခရှိဦးမလား” လို့ အသက်၅၂နှစ်အရွယ် ဒေါ်ခင်ဝေက သူ့ဘဝရဲ့ အကြီးမားဆုံး ဒုက္ခအကြောင်းကို ပြောပြပါတယ်။
နေအိမ်ဖျက်ဖို့ စစ်ကောင်စီက အမိန့်ထုတ်ခဲ့ပြီးတဲ့နောက် ဒေသခံတွေဟာ သူတို့နေအိမ်တွေကို အခြားနေရာမှာ ပြန်အသုံးပြုနိုင်အောင် ဖြိုဖျက်ပြီး သတ်မှတ်ရက်မရောက်ခင် ပြောင်းရွှေ့သွားကြပေမယ့် ၊အချို့ကတော့ ပြောင်းရွှေ့စရာငွေကြေးမရှိ ၊အခြားမှာလည်း နေစရာမရှိတာကြောင့် ပေတေပြီး နေကြသူတွေလည်း ရှိတယ်လို့ဆိုတယ်။
အိမ်ထောင်စုအချို့က ကိုယ်တိုင်ဖြိုဖျက်ပြီး ရရာပစ္စည်းတွေ ယူဆောင်သွားကြပေမယ့် ဒေါ်ခင်ဝေကတော့ သူ့နေအိမ် ကိုမဖျက်ရက်ခဲ့ ၊ ပိုင်ဆိုင်ရာပစ္စည်းအချို့နဲ့ သူစိုက်ပျိုးထားတဲ့ အပင်လေးတွေယူဆောင်ကာ ပြောင်း ရွှေ့ခဲ့တယ်။
“ကိုယ်စိုက်ထားတဲ့ အပင်လေးနဲ့ ကိုယ်ပုံဖော်ထားတာလေး ပျက်သွားတော့ စိတ်မကောင်းဖြစ်တာပေါ့၊ အိမ်ကိုတော့ မဖျက်ခဲ့ဘူး နေချင်တဲ့သူ နေဆိုပြီး ထားခဲ့တယ်”လို့ ဒေါ်ခင်ဝေကပြောတယ်။
သူတို့မိသားစုက နေအိမ်ကနေရွှေ့ပြောင်းပြီး မိဘအိမ်မှာ ခိုလှုံနေပေမယ့် အချို့မိသားစုတွေမှာ သက်ကြီးရွယ်အိုတွေ ကလေးတွေနဲ့ နေစရာသွားစရာမရှိနဲ့ ဒုက္ခရောက်ကြသလို၊ နေစရာဆုံးရှုံးတာကြောင့် စိတ်ထိခိုက်ပြီး သတ်သေသူတွေလည်း ရှိကြတယ်လို့ ဆိုတယ်။
စစ်ကောင်စီက မင်္ဂလာဒုံမြို့နယ်ထဲက နေအိမ်တွေကို အတင်းအကျပ် ဖိအားပေး ဖယ်ရှားခိုင်းတဲ့အတွက် စိတ်ဓာတ်ကျပြီး နိုဝင်ဘာ ၁၈ အမျိုးသားတစ်ဦး နဲ့ ၂၈ မှာ နောက်ထပ် အမျိုးသားတစ်ဦး သေကြောင်းကြံစည်ခဲ့ပါတယ်။
“လူ့ဘဝကြီးက နေဖို့တောင် မကောင်းတော့ဘဲပဲ သေချင်စိတ်တောင် ပေါက်လာကြတာ၊ အိမ်ခြေကတော်တော် များတာလေ၊ ကိုယ့်နိုင်ငံက ပြည်သူတွေက မြေလွတ်မြေရိုင်းမှာ နေခွင့်မရှိရင် မြန်မာနိုင်ငံမှာ နေဖို့တောင် မကောင်းတော့ဘူး” လို့ ဒေါ်ခင်ဝေက ပြောတယ်။
သူတို့နေထိုင်ရာ ရပ်ကွက်လေးကို တပ်ပိုင်မြေဆိုပြီး အတင်းအကြပ်ရွှေ့ပြောင်းဖို့ ဖိအားပေးခဲ့တာကြောင့် ရွှေ့ပြောင်းခဲ့ရပေမယ့် ဘာကြောင့်ဖျက်ခိုင်းတယ်ဆိုတာကို ယနေ့အထိမသိရှိဘူးလို့ဆက်ပြောတယ်။
နေအိမ်တွေကနေရွှေ့ပြောင်းဖို့ စာထုတ်ပြန်ချိန်က အိမ်ထောင်စုတွေအများအပြားဆိုတော့ အခြားမှာ နေရာ ထိုင်ခင်း ချပေးမလား ဆိုတာ မျှော်လင့်မိပေမယ့် နေအိမ်တွေကိုဘာမှရစရာ မရှိအောင်ဖျက်စီးတာတွေကြောင့် လူတွေပါ ကူရာမဲ့ ဖြစ်ခဲ့ရတယ်လို့ဒေါ်ခင်ဝေကပြောပါတယ်။
“အိမ်တွေဖျက်ခံရတယ်လို့ ကြားတဲ့အချိန်က တော်တော်ခံစားရတယ်၊ ငိုတာရောရယ်တာရော၊ အမတို့က အရမ်းကြီးပြေလည်လို့မဟုတ်ဘဲ ရှိတာအကုန်လုံး စုဆောင်းပြီးတော့ ဝယ်ထားတဲ့ဟာ အရမ်းခံစားရတယ်”လို့ နေအိမ်ဆုံးရှုံးသွားသူတစ်ဦးဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ် ရဲမြံအောင် ရပ်ကွက်က မလွင်လွင်ကပြောတယ်။ မလွင်လွင်က ရဲမြံအောင်ရပ်ကွက်နေအိမ်ကို ဝယ်ယူထားတာ ၂၀၁၉ကတည်းကပါ။
ဝယ်စဉ်က ပိုင်ဆိုင်မှုကိုစုံစမ်းခဲ့ရာမှာ မှန်ကန်တယ်လို့ဆိုတဲ့အပြင် စာချုပ်ချုပ်ဆိုရာမှာလည်း ရပ်ကွက်လူကြီးပါ အသိသက်သေအနေနဲ့ ပါဝင်ချုပ်ဆိုပေးခဲ့တာကြောင့် စုဆောင်းထားသမျှရင်းနှီးလို့ ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဆက်ပြောတယ်။
“ခြံရှင်က ဘိုးဘွားပိုင်ဆိုပြီးပြောတယ်။ ဒီမြေက ရုံးကို ၂ခါလောက် ရောက်ခဲ့ဖူးတယ်၊ ဘိုးဘွားပိုင်မြေဆိုပြီးဆိုပြီး ဦးတိုက်လျှောက်တာ နှစ်ခါတောင်နိုင်တယ်။ တရားနိုင်ပြီးသားမြေ စိတ်ချလက်ချ ဝယ်ပါဆိုပြီး၊ ဘေးနားကို စုံးစမ်း ကြည့်တော့လည်း စိတ်ချလက်ချ ဝယ်လို့ရတယ်ဆိုပြီး ပြောတာနဲ့ဝယ်ခဲ့တာ လို့ဆိုတယ်” မလွင်လွင်က ပြောတယ်။
ဝယ်ယူခဲ့ပြီးနောက် အိမ်လေးသပ်သပ်ရပ်ရပ် ဆောက်လို့ အိမ်အငှားတင်ခဲ့ပြီး၊ လျှပ်စစ်မီး လျှောက်ထားတာရပြီးတဲ့အခါ မိသားစုတွေ ပြောင်းနေမယ်လို့ စိတ်ကူးထားပေမယ့် နေအိမ်တွေ ဖျက်ခံလိုက်ရတယ်ဆိုတဲ့နောက် သူ့စိတ်ကူးတွေလည်း ပျောက်ကွယ်ခဲ့ရတယ်။
ယင်းရပ်ကွက်မှာ နေထိုင်သူတွေအများစုက နေထိုင်တာ ကြာပြီဖြစ်တဲ့အပြင် အိမ်ခြေတွေကလည်း အခိုင်အမာ ဆောက်လုပ်ထားတာ ဖြစ်တဲ့အတွက် ကျူးကျော်လို့ သတ်မှတ်ပြီး ဖျက်သိမ်းခံရတဲ့အတွက် ဝမ်းနည်းမိတယ်လို့ ဆိုတယ်။
“စိတ်ထဲမှာခံပြင်းတာ ဘယ်လိုမှာကို ဆောက်တည်လို့မရဘူး၊ ထမင်းတောင်မစားနိုင်ဘူး သူများတကာတွေလို အခြေအရမ်းကြီးပျက်မသွားဘူးဆိုပေမယ့် အမက အနှစ်နှစ် အလလ စုဆောင်းထားတာ”လို့ ဆိုတယ်။
နေအိမ်တွေကို ဖျက်မယ်လို့ဆိုတဲ့အချိန်ကရော ဖျက်စီးနေတဲ့အချိန်ကရော အိမ်သားတွေက သူစိတ်ထိခိုက်မှာ စိုးရိမ်တာကြောင့် မပြောပဲထားတဲ့အတွက် မသိရှိခဲ့ရပဲ သတင်းတွေတက်လာမှသာ သူ့နေအိမ်ပါ ပါသွားတယ်ဆိုတာ သိခဲ့ရတယ်လို့ဆက်ပြောတယ်။ အရွယ်ရောက်ကတည်းက အလုပ်လုပ်၊ အိမ်ငှားဘဝနဲ့နေထိုင်ပြီး စုဆောင်းထားသမျှ ရင်းနှီးဝယ်ယူထားတဲ့ သူ့အိမ်နေရာလေးကို သွားကြည့်ချင် ပေမယ့်လည်း အခွင့်မသာတော့ဘူးလို့ ဆိုတယ်။ လက်ရှိမှာ ပြည်သူပေါင်းမြောက်များစွာ နေအိမ်ဖျက်ခံရလို့ အခက်အခဲဒုက္ခတွေ ပိုင်ဆိုင်သမျှတွေ ဆုံးရှုံးသွားပေမယ့် အရပ်သားအစိုးရ တက်လာရင်တော့ အဆင်ပြေနိုင်ကောင်းပါတယ်လို့ ဆက်ပြောတယ်။
မင်္ဂလာဒုံမြို့နယ်က နေအိမ်တွေကို ဖျက်တာက ယခုမှမဟုတ် ၂၀၁၅တုန်းကတစ်ကြိမ် နေထိုင်သူတွေကို ဖယ်ရှားရှင်းလင်းခဲ့ပြီး၊ နောက်ပိုင်းနေစရာမရှိတာကြောင့် ယင်းနေရာမှာပဲ ပြန်လည်နေထိုင်ခဲ့ကြတာလို့ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုက ဦးအောင် (အမည်လွှဲ) ကပြောပါ တယ်။
“အဲ့ဒီအချိန်တုန်းက ဖျက်ပေမယ့် နေစရာမရှိလို့ပြန်ဝင်နေကြတယ်၊ ဝင်ပြီးတော့မှ အခုတခါ အင်နဲ့အားနဲ့ ဖျက်တာ၊ NLD လက်ထက်မှာ မလုပ်ခဲ့ဘူးလေ ပြည်သူတွေကိုကြည့်တယ်” လို့ဦးအောင်ကပြောတယ်။
ဖြိုဖျက်ခံခဲ့ရတဲ့ ရပ်ကွက်နေအိမ်တွေက လွန်ခဲ့တဲ့ နှစ်၂၀ ခန့်က လယ်မြေအဖြစ်ရှိခဲ့ရာကနေ တဖြည်းဖြည်း ခုတ်ထွင်ရှင်းလင်းပြီး လူနေအိမ်တွေ တစ်စတစ်စနဲ့ နေထိုင်လာကြတာလို့ဆိုတယ်။
“တောကြီးလိုနေရာမျိုးပေါ့ ရာသီချိန် သီးနှံတွေစိုက်ကြတယ်၊ တက်နိုင်သလောက် ခုတ်ထွင်ရှင်းလင်းပြီးတော့ နေကြတယ်၊ ဓားမဦးချနေရာလိုပေါ့” လို့ ဦးအောင်ကပြောတယ်။
ဦးအောင်တို့မိသားစုတွေလည်း ယင်းရပ်ကွက်မှာနေထိုင်တာ ၁၅နှစ်ဝန်းကျင်ရှိနေပါပြီ။ ရောက်စက ယင်းလယ်မြေတွေမှာ စိုက်ပျိုးလုပ်ကိုင်တာကနေ သူ့လိုလုပ်ကိုင်သူတွေ တစတစများလာပြီး ရပ်ကွက်ကြီး အခိုင်အမာ ဖြစ်လာတဲ့အထိ ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။
“ဒီမှာစနေတဲ့အထဲ ကျွန်တော်တို့လည်း ပါတယ်ပြောရမယ်၊ဘုန်းကြီးကျောင်းတွေလည်းစတည်ခဲ့၊ ရပ်ကွက်သာရေးနာရေးတွေလည်း ပါတယ်။ကျွန်တော်တို့ ပြုစုခဲ့တဲ့ ရပ်ကွက် လေးလို့ပြောရမှာပေါ့”လို့ ဦးအောင် ကပြော တယ်။
သူတို့မိသားစုတွေလည်း ဒီမှာပဲ လုပ်ကိုင်စားသောက်ရင်း စီးပွားလည်းဖြစ်ခဲ့တာပါ။နေထိုင်ရာအိမ်တွေကနေ ဖယ်ရှားခံရပြီးနောက် မိသားစုတွေမှာ ရပ်တည်ရာမဲ့ ဖြစ်ခဲ့ပြီး ပိုင်ဆိုင်သမျှတွေ အကုန်ဆုံးရှုံးခဲ့ တယ်လို့ ဆက်ပြောတယ်။
” တော်တော်ဆိုးဆိုးပဲငိုချင်ပေမယ့် ငိုလို့မရ၊ အများရှေ့မှာ စိတ်ဓာတ်ကျပြန်တော့လည်း ကျန်တဲ့သူတွေမှာ ပိုဆိုးမှာပေါ့၊ တော်တော်တော့ခံစားရတယ်”လို့ဦးအောင်ကပြောတယ်။
လတ်တလောမှာ သူတို့မိသားစုတွေမှာ အခြားနေရာမှာ ငှားရမ်းနေထိုင်ပြီး ဘဝရပ်တည်ဖို့ အားယူ နေရ တယ်လို့ဆက်ပြောတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းက ကျူးကျော်တွေကို အင်အားသုံးဖျက်ခဲ့သလို မန္တလေးမြို့နယ်က ရပ်ကွက်အချို့ကိုပါ ကျူးကျော်အဖြစ်သတ်မှတ်ပြီး အင်အားသုံး ဖျက်ခဲ့ပါတယ်။ နေအိမ်တွေကို တပ်ပိုင်မြေ ကျူးကျော်မြေဆိုပြီး အကြောင်းအမျိုးမျိုးနဲ့ အဖျက်ခံရတဲ့ သတင်းတွေ ကအာဏာသိမ်းပြီးနောက် ခပ်စိတ်စိတ်တွေ့လာရပြီး စီးပွားရေးကြပ်တည်းတဲ့ ကာလမျိုးမှာအတင်းအဓမ္မရွှေ့ ပြောင်းစေပြီး အင်အားသုံးနှိမ်နင်းတယ်ဆိုတာ က ပြည်သူတွေကို ဒုက္ခပေးတဲ့လုပ်ရပ်ပဲ လို့ အိမ်ခြံမြေရှေ့နေ တစ်ဦးကပြောတယ်။
“အရင်အစိုးရလက်ထက်မှာတောင် ကျူးကျော်တွေနဲ့ ပတ်သတ်ပြီး လက်လွတ်စပယ်မလုပ်ခဲ့ဘူး “လို့ ယင်းရှေ့နေက ပြောတယ်။
အများစုက လယ်ယာမြေ အကွက်ရိုက်ရောင်းတဲ့ မြေကိုဝယ်မိလို့ အဖျက်ခံရတဲ့ ပြသနာတော်တော်များများ ကြုံနေရပြီး၊ ကိုယ်ဝယ်ယူမယ့်မြေအမျိုးအစားကို နားလည်သူတွေနဲ့တိုင်ပင်ဆွေးနွေးပြီးမှ ဝယ်ယူသင့်တယ် လို့ဆက်ပြောတယ်။
“အခြားနည်းသုံးစွဲခွင့် ကျပြီးသားဆိုပေမယ့် ဘာအတွက် ကျထားလဲ ဆိုတာသိရမယ်၊ စုံစမ်းရမယ် စစ်ဆေးရမယ်၊ဒီလိုမှမဟုတ်ရင် ကိုယ့်ချွေးနှဲစာတွေ ဆုံးရှုံးမှာပဲ” လို့ယင်းရှေ့နေကပြောတယ်။
စစ်မက်ဖြစ်ပွားနေတဲ့ ပဋိပက္ခနယ်မြေတွေမှာ မီးရှို့ဖျက်စီးခံရတာကြောင့် ပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်ရသလို မြို့ပြက နေရာအချို့မှာလည်း တပ်ပိုင်မြေ၊ ကျူးကျော်မြေဆိုပြီး နေအိမ်တွေ ဖျက်စီးခံရတာကြောင့် ပြည်သူတွေမှာ အပူတွေ ကိုယ်စီနဲ့လို့ နေအိမ်ဖျက်ခံရသူတွေက ဆိုတယ်။
ဒေါ်ခင်ဝေကိုယ်တိုင်လည်း နေအိမ်ကနေ ပြောင်းရွှေ့ခဲ့ပြီးနောက် အစစအရာရာ အဆင်မပြေမှုတွေနဲ့ နေထိုင်ရုန်းကန်နေရပေမယ့် ယာယီခိုလှုံခဲ့ရတဲ့ သူ့နေအိမ်လေးကို အမြဲသတိရလွမ်းဆွတ်နေပြီး ပြန်နေခွင့်ရရင် ပြန်နေချင်တယ် လို့ ဒေါ်ခင်ဝေက ပြောတယ်။
“ပြောင်းရွှေ့ပြီးကတည်းက နောက်ပိုင်းမရောက်တော့ဘူး တခေါက်လောက်တော့ သွားကြည့်ချင်တယ်။ နေခွင့်ရမယ်ဆိုရင် အပင်လေးတွေ ပြန်စိုက်ချင်တယ်”လို့ဒေါ်ခင်ဝေကပြောပါတယ်။