နန်းဆိုင်နွမ်။ ။
အသက် ၃၀ အရွယ် မိန်းကလေးရဲ့ လက်ပေါ်မှာ အနှီးတွေနဲ့ထုပ်ပိုးထားတဲ့ ရက်သားကလေးငယ်ကို ချီပိုးပြီး ရွာထဲ ကို တစ်အိမ်ဝင်၊ တစ်အိမ်ထွက်နဲ့ “ကလေးယူမလား” ဆိုပြီး လိုက်ပေးနေပါတယ်။
အဲ့လို ကလေးကိုလက်မှာချီပြီး ရွာထဲကို သူမ ဝင်လာခဲ့ပေမယ့် ဘယ်သူမှ လက်မခံကြဘဲ လျစ်လျူရှုတာကိုပဲ ခံခဲ့ ရပါတယ်။
သူမက ကွတ်ခိုင်မြို့နယ်ထဲမှာနေထိုင်တဲ့ တအာင်း (ပလောင်) လူမျိုး မအိုဖြစ်ပါတယ်။ သူမ ချီပြီး ရွာထဲမှာ လိုက်ပေးနေတဲ့ကလေးဟာ မုဒိမ်းကျင့်ခံရပြီး မွေးဖွားလာတဲ့ကလေးဖြစ်ပြီး၊ ရှာဖွေမကျွေးနိုင်မှာကို စိုးရိမ်တဲ့စိတ် နဲ့ လိုက်ပေးရခြင်းဖြစ်တယ်လို့ မအိုက စိတ်မကောင်းစွာပြောပြလာပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၁ ခုနစ် ဧပြီလပိုင်းလောက်မှာ အသက် ၅၀ အရွယ် အိမ်ထောင်ရှင် အမျိုးသားတစ်ယောက်က မအို ကို မုဒိမ်းကျင့်ခဲ့ပြီး ကိုယ်ဝန်ရလာခဲ့ပါတယ်။
မအိုတယောက် ကိုယ်ဝန်ရလာတာကို ရွာကလူတွေသိပြီးနောက် သူမကို ရွာပြင်ထုတ်ခဲ့တာပါ။ ရွာနဲ့ ဝေးတဲ့နေရာ လူသူမရှိတဲ့ နေရာမှာ မအို၊ သူ့ရဲ့အမ တယောက်နဲ့ ခဲအို တစ်ယောက်က လိုက်ကူနေထိုင်ပေးပါတယ်။
“အဲ့အချိန်တုန်းက ကျမရှက်တာပဲသိတယ်။ ကိုယ်မှားတယ်ပဲထင်ခဲ့တာ။ ရွာပြင်မှာဆိုတော့ မီးကလည်းမရှိ။ တဲနဲ့ ပဲနေရတော့ အရမ်းကို ဝမ်းနည်းမိတယ်” လို့ အတိတ်က ဖြစ်ခဲ့တာတွေကို မအိုက တုန်ရီတဲ့အသံနဲ့ ပြန်ပြောနေပါ တယ်။
လက်ရှိမှာတော့ မအိုရဲ့ သမီးလေးဟာ အသက် ၈ လ အရွယ်ရှိနေပါပြီ။ သမီးလေးကို ရွာပြင်ရဲ့ တဲထဲမှာ ပစ္စည်းစုံစုံ လင်လင်မရှိတဲ့ကြား အမဖြစ်သူက ခက်ခက်ခဲခဲ မွေးပေးခဲ့ရကြောင်းကိုလည်း မအိုကပြောပါတယ်။
“ ကျမရဲ့ အမမွေးပေးတာ။ ကြောက်လားဆိုတော့ ကြောက်တာပေါ့။ မီးကလည်းမရှိ၊ ဓာတ်မီးနဲ့ ခက်ခက်ခဲခဲ မွေး ခဲ့တာ” လို့ သူမက ဆိုပါတယ်။
မအိုဟာ အသက် ၅၀ ကျော် အမျိုးသား မုဒိမ်းကျင့်တာမခံရမှီက အိမ်ထောင်ရှိခဲ့ဖူးတဲ့ အမျိုးသမီးဖြစ်ပြီး ကလေး ၂ ယောက်ရဲ့ မိခင်လည်းဖြစ်ပါတယ်။
ကျေးရွာကလူတွေဟာ မုဒိမ်းကျင့်တဲ့အမျိုးသားကို ပြစ်တင်ဝေဖန်မှုမရှိဘဲ အိမ်ထောင်ကွဲခဲ့ဖူးတဲ့ မအိုကို အနေ အထိုင် မတတ်တဲ့အတွက် အခုလို မုဒိမ်းကျင့်ခံရတယ်လို့ ပြစ်တင်စွပ်စွဲပြီး ရွာပြင်ထုတ်လိုက်ပါတယ်။
ဒါတင်မက မအိုကြောင့် ရွာဟာ မသန့်ရှင်းမှုဖြစ်ရတဲ့အတွက်ဆိုပြီး ရွာဆေးကြောတဲ့အနေနဲ့ ရွာသူကြီးတွေကို ထင်းရောင်းရတဲ့ငွေ ၄ သိန်း ပေးဆောင်ခဲ့ရကြောင်း မအိုက ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာပါတယ်။
“မိဘတွေ ထင်းခုတ်ပြီးရောင်းရတဲ့ငွေ ၄ သိန်းကို ရွာသူကြီးဆီပေးခဲ့ရတယ်။ အစကတော့ ပိုက်ဆံပေးပြီးရင် ရွာ ပြင်မထုတ်တော့ဘူး ထင်ခဲ့တာလေ။ အခုတော့ ငွေလည်းပေးရ၊ ရွာပြင်လည်းထုတ်ခံရတယ်” လို့ သူမက ငိုမဲ့မဲ့ နဲ့ပြောပါတယ်.
ဒါ့အပြင် ကွတ်ခိုင်မြို့နယ်ထဲမှာ လွေးမို (အမည်လွှဲ) ဟာ လူငယ်အချင်းချင်း ချစ်ကြိုက်ပြီး ကိုယ်ဝန်ရလို့ ဆိုကာ ရွာပြင်မှာ တဲနဲ့နေထိုင်ခဲ့ရတဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါသေးတယ်။
ဘိုးဘွားစဥ်ဆက်ကျင့်သုံးလာတဲ့ ဓလေ့အရ လူငယ်အချင်ချင်း လက်မထပ်ဘဲ မှားယွင်းခဲ့ပြီး ကိုယ်ဝန်ရခဲ့ပါက ရွာ ခိုက်တာတွေ၊ ရွာမှာ ဒုက္ခတွေ ကြုံတွေ့နိုင်တယ်ဆိုပြီး ရွာပြင်ကို မောင်းထုတ်ခဲ့ခြင်းဖြစ်တယ်လို့ လွေးမိုက ပြန် ပြောပါတယ်။
“ကျမတို့ ရွာပြင်မှာ ကလေးမွေးရတာ။ အဲ့ချိန်က အေးတဲ့အချိန်ဆိုတော့ ဒုက္ခရောက်တာပေါ့။ ဒါက ဘိုးဘွားစဥ် ဆက်က လုပ်လာတဲ့အလုပ်ဆိုတော့ ကျမတို့လည်း ဘာမှပြန်ပြောလို့မရဘူးလေ” လို့ လွေးမိုက ဆိုပြန်ပါတယ်။
လွေးမိုတို့ မိသားစုဟာ အဲ့ဒီကိစ္စကြောင့် ရွာလမ်းတွေခင်းပေးရသလို ရွာသူကြီးတွေကိုလည်း ဒဏ်ကြေးငွေအနေ နဲ့ ပေးဆောင်ရပါတယ်။
မြန်မာနိုင်ငံမှာ အရင်ပြဌာန်းထားတဲ့ ဥပဒေအရ ရာဇသတ်ကြီးပုဒ်မ ၃၇၆ မှာ မုဒိမ်းမှု ကျူးလွန်သူကို အနှစ် ၂၀ ထောင်ဒဏ် ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါ တယ်။
ဥပဒေတွေကို ပြဌာန်းထားပေမယ့်လည်း ဝေးလံခေါင်သီတဲ့ တိုင်းရင်းသားဒေသတွေမှာ ရိုးရာနည်းနဲ့ ကျေအေးမှု တွေ၊ ကျူးလွန်ခံရတဲ့သူကို ရွာပြင်ထုတ်တာ၊ ရွာကိုဆေးကြောတဲ့အနေနဲ့ ကျူးလွန်ခံရတဲ့သူက ဒဏ်ကြေး ပေးဆောင်ရတာတွေလည်းရှိသလို ဘာသာရေးဆရာတွေ သြဇာနဲ့ ကျေးအေးနေတာတွေ အခုခေတ်ကာလထိ ရှိနေကြဆဲပါ။
တောင်ပေါ်ဒေသတွေမှာ မင်္ဂလာမဆောင်ဘဲ အတူနေပြီး ကိုယ်ဝန်ရလာတာ၊ မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ရလာပါက ရွာထိခိုက်မှုရှိပြီး ရွာမတိုးတက်ဘူးဆိုတဲ့ အယူအဆကြောင့် ရွာပြင်ထုတ်တာ၊ ဒဏ်ကြေးငွေပေးရတဲ့ ဓလေ့ဟာ မရှိသင့်တော့ကြောင်းလည်း ကွတ်ခိုင်မြို့က တအာင်း (ပလောင်) အမျိုးသမီးရေးရာ ဒေါ်ခမ်းမတ်က ပြောပါတယ်။
“အမျိုးသမီးတွေက မုဒိမ်းလည်းကျင့်ခံရတယ်။ ကိုယ်ဝန်လည်းရတယ်။ ဒါတောင် ကျင့်ခံရတဲ့အမျိုးသားကို အပြစ်မတင်ဘဲ အမျိုးသမီးကို ရွာပြင်နှင်ထုတ်တဲ့ဓလေ့က ရှိကိုမရှိသင့်တော့တာ” လို့ ဒေါ်ခမ်းမတ်က ပြတ်သား စွာ ပြောဆိုလိုက်ပါတယ်။
ကွတ်ခိုင်မြို့နယ်မှာ ဖြစ်တဲ့ မုဒိမ်းမှုတွေဟာ ကျူးလွန်ခံရတဲ့သူတွေကို ပြစ်တင်မှုမရှိတဲ့အပြင် အမျိုးသမီးငယ်တွေ အနေအထိုင်မတတ်တဲ့အတွက် မုဒိမ်းကျင့်ခံရကြောင်း၊ ကျူးလွန်ခံရတဲ့သူကပဲ ဒဏ်ကြေးပေးဆောင်ရတာတွေ ဟာ အခုထိရှိနေဆဲလို့ ဒေါ်ခမ်းမတ်က ဆိုပါတယ်။
“တကယ်ဆိုရင် ကျူးလွန်တဲ့သူကို အပြစ်ပေးရမှာ။ အခုကျမတို့ တောင်ပေါ်ဓလေ့ကျတော့ ကျူးလွန်ခံရတဲ့သူ က အပြစ်ပေးခံရတယ်။ ဒါဟာမှားယွင်းမှုပဲ။ ကျမတို့တွေ ဒီကိစ္စကို ပညာပေးလုပ်ဖို့ အများကြီးလိုအပ်နေတယ်” လို့ ဒေါ်ခမ်းမတ်က ထောက်ပြပြောဆိုလိုက်ပါတယ်။
တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတာတွေကို ရွာပြင်ထုတ် ကလေးမွေးခိုင်းတဲ့ ဘိုးဘွား စဥ်ဆက် သုံးခဲ့တဲ့ဓလေ့ဟာ အမျိုးသမီးတွေကို ဒုက္ခတွင်းထဲကို ပို့ဆောင်နေတဲ့သဘောဖြစ်ကြောင်းလည်း ဒေါ်ခမ်း မတ်က ပြောပါတယ်။
“တောင်ပေါ်ဒေသမှာ ကျန်းမာရေးအားနည်းပါတယ်ဆိုမှ မုဒိမ်းကျင့်ခံရလို့ ဗိုက်ကြီးလာရင် ရွာပြင်ထုတ်ပြီး ကလေးမွေးခိုင်းတာဟာ တော်တော်အန္တရာယ်များတဲ့ကိစ္စပါ။ အခန့်မသင့်ရင် အသက်ပါသေသွားနိုင်တယ်” လို့ သူမက ထပ်လောင်းပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပညာပေးကွင်းဆင်းဖို့ အလွန်ခက်ခဲလာတဲ့အရာဖြစ်ကြောင်း၊ မုဒိမ်းကျင့်ခံရတဲ့ကိစ္စတွေမှာ ဓလေ့အရ ဖြေရှင်းနေတဲ့ကိစ္စတွေကို သက် ဆိုင်ရာ ကျေးရွာလူကြီးတွေနဲ့ နယ်မြေခံ လက်နက်ကိုင်တပ်ဖွဲ့တွေကိုပါ နားလည်အောင် ပညာပေးဖို့ အများကြီး လိုအပ်နေသေးကြောင်း တအာင်း (ပလောင်) အမျိုးသမီးအဖွဲ့အစည်း (TWO) က ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါး က ဆိုပါတယ်။
“ ဒီလိုကာလမှာတော့ ပညာပေးဖို့ခက်ပေမယ့် ကျမတို့ ရတဲ့နည်းလမ်းနဲ့တော့ လုပ်နေပါတယ်။ မုဒိမ်းမှုကို ဓလေ့ အရပဲသွားရင်တော့ မထူးတော့ဘူး။ ကျူးလွန်ခံရတဲ့သူပဲ ထပ်ခါထပ်ခါနာနေတာ” လို့ လွေးချီဆငါးက ပြောပါ တယ်။
မုဒိမ်းမှုကျူးလွန်ခံရတဲ့သူကိုပဲ ဆက်အရေးယူနေတဲ့ ဓလေ့နဲ့ ဆက်ဖြေရှင်းနေပါက မုဒိမ်းမှုဟာ ပပျောက်သွားမှာ မဟုတ်တဲ့အပြင် လူမျိုးရဲ့ ဂုဏ်သိက္ခာအရပါ ထိခိုက်လာနိုင်ကြောင်း၊ အဲ့ဒီဓလေ့တွေကို ပပျောက်အောင်လုပ်ဖို့က အမျိုးသားတွေပါ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း လွေးချီဆငါးက ဆိုပြန်ပါတယ်။
“ဓလေ့နဲ့ဖြေရှင်းနေတာတွေ ကျမတို့ အမြစ်ပြတ်ဖို့ လုပ်ရမယ်။ ကျင့်သုံးတဲ့သူတွေကိုပါ အရေးယူနိုင်တဲ့အထိ လုပ်သင့်တယ်။ ဒီလိုမှ မဖြေရှင်းရင် ကျမတို့ တအာင်းလူမျိုးတွေ ဂုဏ်သိက္ခာပါထိခိုက်လာမယ်” လို့ လွေးချီဆ ငါးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ရိုးရာဓလေ့ ကျင့်သုံးနေတဲ့ နေရာအများစုဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာ၊ ဝေးလံခေါင်ဖျားပြီး ပညာ ရေးချို့တဲ့ရာ ဒေသတွေမှာ အဖြစ်များကြောင်းလည်း ကွတ်ခိုင်မြို့ တအာင်း (ပလောင်) အမျိုးသမီးရေးရာ ဒေါ်ခမ်း မတ်က ထောက်ပြ ပြောဆိုလိုက်ပါတယ်။
“ကျမတို့က မြို့နဲ့နီးတဲ့ ကျေးရွာတွေမှာတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ပညာပေးနိုင်ခဲ့ပါတယ်။ လုပ် လည်း လုပ်နေပါတယ်။ ကျေးရွာနဲ့အရမ်းဝေးတဲ့ဒေသကိုတော့ မရောက်နိုင်သေးဘူး။ ကြိုးစားပြီးတော့ လုပ်ရ မယ်” လို့ ဒေါ်ခမ်းမတ်က ဆိုပြန်ပါတယ်။
လက်ရှိအခြေအနအရဆိုရင် မအိုရဲ့ ဖြစ်ရပ်ကိစ္စကို တအာင်း (ပလောင်) အမျိုးသမီးရေးရာအဖွဲ့က လိုက်ပါ ကူညီ ဆောင်ရွက်ပေးမှုကြောင့် ရွာသူကြီးတွေဟာ လက်ခံလာကြောင်း၊ အမျိုးသမီးတွေကလည်း အခုလို မုဒိမ်းကျင့် ခံရတဲ့ အမျိုးသမီးအချင်းချင်း ကူညီရိုင်းပင်းတတ်ရန် ပညာပေးနိုင်ခဲ့ကြောင်း ဒေါ်ခမ်းမတ်က ပြောပါတယ်။
“ဒီနှစ်အောင်မြင်မှုကတော့ မအိုတို့ ရွာလို့ပြောရမယ်။ မအိုကိစ္စကိုအခြေခံပြီး ပညာပေးမှုတွေ ထိရောက်အောင် လုပ်နိုင်ခဲ့တယ်။ တခြားဝေးလံတဲ့ ကျမတို့ လူမျိုးတွေနေထိုင်တဲ့ဒေသကိုလည်း ဆက်ပြီး ပညာပေးလုပ်ရမယ်” လို့ ဒေါ်ခမ်းမတ်က မှတ်ချက်ပြုလိုက်ပါတယ်။
ဒီလိုဒုက္ခတွေကြား ကလေးမွေးဖွားလာရပြီး ရွာသားတွေရဲ့ ကဲ့ရဲ့မှုကို မခံစားနိုင်တဲ့အတွက် မအိုတယောက်ဟာ သူ့ကလေးကို သူတပါးဆီပေးဖို့ ကြိုးစားခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျမက သမီး ၂ ယောက်လည်း ရှိထားပြီးပြီ။ နောက်ဒီကလေးကိုလည်း ထပ်မွေးဖို့ ခက်ခဲတယ်လေ။ ရွာကလူ တွေကလည်း ကဲ့ရဲ့တော့ စိတ်မကောင်းဘူး” လို့ မအိုက စိတ်မကောင်းစွာပြောပါတယ်။
မအိုဟာ ကလေးကို သူများဆီပေးဖို့ ကြိုးစားနေစဥ်ကာလမှာ ကွတ်ခိုင် အမျိုးသမီးအဖွဲ့အစည်းနဲ့ တွေ့ဆုံပြီး အဲ့ဒီ အဖွဲ့ရဲ့ ကူညီမှုနဲ့ သူမရဲ့ကလေးကို တပါးသူထံမပေးတော့ဘဲ ကျူးလွန်ခဲ့တဲ့ အမျိုးသားကိုပါ ပြစ်ဒဏ်ပေးနိုင်ခဲ့ပါ တယ်။
“အစက ကျမတို့ ရွာကလူတွေက ဒီလိုကိစ္စကို အသေးအမွှား အမျိုးသမီးတွေပဲအပြစ်တင်ကြတာ။ နောက် ကျမ အမျိုးသမီးအဖွဲ့ကိုတွေ့တော့ သူတို့ရဲ့ ကူညီမှုတွေကြောင့် ကျမ တော်တော်အဆင်ပြေခဲ့ရတယ်” လို့ မအိုက ဆိုပါ တယ်။
အခုချိန်မှာတော့ မအိုတယောက် တောင်ယာအလုပ်ကို တရက် ကျပ်ငွေ (၅၀၀၀) နဲ့ နေ့စားလိုက်နေပါတယ်။ သူမ ရဲ့ ၈ လသားအရွယ် ကလေးကိုလည်း တပါးသူထံ မပေးတော့ပါဘူး။
သူမအနေနဲ့ကတော့ အများသူငှာရှေ့မှာ ရွာပြင်ထုတ်၊ ဒဏ်ငွေရိုက်ခဲ့တဲ့ ကိစ္စတွေကို တရားမျှတမှု ရချင်ကြောင်းနဲ့ မိမိကို ကျူးလွန်ခဲ့တဲ့ အမျိုးသားကိုလည်း ကြီးလေးတဲ့ ပြစ်ဒဏ်ပေးစေချင်ကြောင်းလည်း ဆိုပါတယ်။
“ကျမကတော့ မိဘတွေအရှက်ကွဲခဲ့တာတွေ အရှက်ပြန်ဆယ်ဖို့ အမှန်တရားကိုလိုချင်ပါတယ်။ ကျူးလွန်တဲ့ သူ ရော နောက်တခြားသူတွေကို မကျူးလွန်အောင်လည်း ပြစ်ဒဏ်ချဖို့လိုပါတယ်။ နောက်ရွာဓလေ့တွေလည်း ပြင်ဖို့ လိုအပ်နေပြီ” လို့ မအိုက တောင်းဆိုလိုက်ပါတယ်။