ရှင်ငြိမ်း
ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ် တောင်ဘက်ပိုင်းက စစ်ရှောင်တွေနေတဲ့ အစိမ်းရောင်တာလပါတ်မိုး ထားတဲ့ မြေစိုက်တဲအိမ်လေးရဲ့ အပြင်ဘက်မှာ အမျိုးသမီးတစ်စုဟာ ဂျင်း၊ ကြက်သွန်၊ ငရုတ်၊ အာလူး စတာတွေ လှီးဖြတ်၊ ထုထောင်းရင်း အသံဝဲဝဲနဲ့ ဗမာလို ဝိုင်းဖွဲ့စကားပြောနေကြပါတယ်။
သူတို့ပြောနေတဲ့ အသံအင်အားဟာ သစ်ကိုင်းတွေနဲ့ ဆော့ကစားနေတဲ့ကလေးတွေကို ကရင်နီစကားနဲ့ သတိလှမ်း ပေးတဲ့ အမျိုးသမီးကြီးတွေရဲ့ အော်သံကို လွှမ်းသွားတဲ့အထိပါပဲ။
သူတို့တွေဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာနေ့ဖြစ်တဲ့ တနင်္ဂနွေ ဘုရားကျောင်းတက်ရမယ့် နေ့မှာ စားသောက်ဖို့အတွက် ပြင်ဆင်နေကြတာပါ။
ခရစ်ယာန်ဘာသာဝင်တွေအတွက် တနင်္ဂနွေနေ့ (Sunday) ဆိုတာ သခင်ယေရှု သေခြင်းက ရှင်သန်ထမြောက် တဲ့နေ့ဖြစ်လို့ အားလုံးက ဝမ်းမြောက်ဝမ်းသာနဲ့ မိတ်သဟာရဖွဲ့ (ဝတ်ပြုဆုတောင်း) တဲ့နေ့ ဖြစ်တယ်။
ဒါ့ကြောင့် ဘယ်လိုပဲအရေးကြီး အလုပ်ကိစ္စရှိနေပါစေ။ ဘုရားကျောင်းကို မဖြစ်မနေတက်ကြရတယ်။ ဘုရား ကျောင်းမှာ မိတ်ဆွေ၊ အပေါင်းအသင်းတွေစုဖွဲ့ပြီး ဘုရားရှိခိုး၊ ဘုရားအတွက် ဝမ်းမြောက်ဝမ်းသာနဲ့ သီချင်းတွေ ဆို ဆုတွေတောင်းကာ ကောင်းမှုကုသိုလ်တွေ လုပ်ရတယ်။
ဒါ့ကြောင့် ခရစ်ယာန်ဘာသာဝင်တွေဟာ တနင်္ဂနွေနေ့၊ ဘုရားကျောင်းတက်တဲ့ရက် ရောက်တိုင်းမှာ ပျော်ရွှင်စည်း လုံးစွာ စုပေါင်းချက်ပြုတ် စားသောက်လေ့ ရှိပါတယ်။
အမျိုးသမီးတွေက ချက်ပြုတ်ဖို့ ပြင်ဆင်ကြသလို အမျိုးသားတွေကလည်း မြေကြီးတူးကာ မီးဖိုသူ၊ ထင်းထည့်သူ၊ ရေနွေးတည်သူနဲ့ အလုပ်တွေ ရှုပ်နေကြပါတယ်။ ခဏအကြာမှာတော့ အမျိုးသားတွေက ဟင်းအိုးကြီးတွေထဲ ယောင်းမကြီး တစ်လက်နဲ့ အားပါးတရမွှေကာ ချက်ပြုတ်နေပါတော့တယ်။
လူအယောက် ၅၀ စာအတွက် ဟင်းအမယ်သုံးလေးမျိုးကို ဒယ်အိုးကြီး၊ အိုးငယ်လေးတွေနဲ့ ခွဲ၊ ခွဲချက်နေရလို့ ပင်ပန်းပေမယ့် စကားပြောရင်း ချက်လိုက်၊ ပြုတ်လိုက်နဲ့ ပင်ပန်းလို့ပင်ပန်းမှန်းပင် မသိလိုက်။
ချက်ပြုတ်ပြီးတော့လည်း လူအယောက် ၅၀ လုံး စားသောက်နိုင်ဖို့ တာလပါတ်တွေ၊ ဝါးကြမ်းတွေခင်းထိုင်ပြီး ညစ်ထေးထေး စတီးပန်းကန်လေးတွေထဲ ထမင်းတွေ၊ ဟင်းတွေပုံကာ အားလုံးဝိုင်းဖွဲ့ စားသောက်နေပုံက မြင်တွေ့ ရသူရဲ့စိတ်ကို ကြည်နှုး ပီတိဖြစ်စေပါတယ်။
သူတို့တွေဟာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ် (PDF) တွေ အပြင်းအထန်တိုက်ပွဲဖြစ်နေတဲ့ ဖရူဆို မြို့နယ်က စစ်ရှောင်လာရတဲ့သူတွေဖြစ်တယ်။
လူဦးရေ ၈၀၀ ခန့်ရှိတဲ့ ဒီစစ်ရှောင်စခန်းမှာ သူတို့တွေ နေထိုင်နေတာ ၁ နှစ်ကျော်ရှိပါပြီ။ ဒီစခန်းထဲမှာ အများစုက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပြီး ခရစ်ယာန်၊ ရိုးရာနဲ့ နတ်ကိုးကွယ်သူတွေကတော့ အနည်းငယ်သာ ရှိကြပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေရဲ့ ချက်ပြုတ်ရေးမှာ လူမျိုး၊ ဘာသာ မတူတဲ့သူတွေလည်း ဝိုင်းဝန်းကူညီပေးနေတာ ကြောင့် အများနားလည်လွယ်တဲ့ ဗမာစကားနဲ့ ပြောနေကြတာဖြစ်တယ်။
ဗုဒ္ဓဘာသာဝင်၊ မြန်မာလူမျိုးဖြစ်တဲ့ အသက် ၇၀ နှစ်အရွယ် ဒေါ်စိန်စိန်က “ခုချက်နေတာ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ရိုးရာနဲ့ နတ်တို့ကိုးကွယ်သူ အကုန်ပါတယ်။ နောက် ဝက်သားမစား၊ သက်သတ်လွတ်စားတဲ့သူတွေတောင် ပါသေး တယ်။ သူတို့က ခေါ်လို့လာတာမဟုတ်ဘူး။ သူတို့သဘောနဲ့ သူတို့လာတာ”လို့ ပြောပါတယ်။
ငွေကြေးအခြေအနေအရ ဈေးသက်သာတဲ့ ဝက်သားချက်ရင် အားလုံးလောက်ငှအောင် စားနိုင်ပေမယ့် ဝက်သား မစားသူ သက်သတ်လွတ်သမားတွေ ပါဝင်တာကြောင့် ဗူးသီးနဲ့ ကြက်သားချက်ကာ၊ ဟင်းရွက်စုံကြော်နဲ့ ငရုတ်သီး ထောင်းကို တနင်္ဂနွေနေ့တိုင်း ချက်စားလေ့ရှိတယ်။
ကရင်နီလူမျိုးဖြစ်ပြီး နတ်ကိုးကွယ်တဲ့ မထူးထူးကတော့ သူမ မစားတဲ့ဝက်သားကို ဟင်းချက်ရာမှာမတွေ့ရတဲ့ အတွက် စိတ်လက်ပေါ့ပါးမှုဖြစ်ရသလို အားလုံးအတူစားရတဲ့အတွက် ရင်းနှီးမှုပိုရတယ်လို့ ဆိုပါတယ်။
အမှန်တော့ သူတို့တွေအနေနဲ့ အသားဟင်းစားနိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ အခြေအနေပါ။
စစ်ရှောင်စခန်းမှာ ဝါးတိုင်လေးတွေနဲ့ တာလပါတ်တွေအုပ်မိုးကာ ဖြစ်သလိုနေထိုင်ပြီး စားတော့လည်း အလှူရှင်ရှိ မှ ထမင်းနဲ့ ဟင်းစားရတာဖြစ်တယ်။ အများအားဖြင့် တောထဲကရတဲ့မျှစ်တို့၊ မှိုတို့ စတဲ့ အသီးအရွက်သာ စားကြရ တယ်။
သို့ပေမဲ့ တနင်္ဂနွေနေ့မှာ ခရစ်ယာန်ဘာသာဝင်တွေ ဘုရားရှိခိုး၊ ဆုတောင်းနိုင်ဖို့အတွက် လိုအပ်တဲ့ငွေကြေးကို တခြား ဘာသာဝင်တွေက ထည့်ဝင်ကူညီပေးလို့ တနင်္ဂနွေနေ့မှာ အသားဟင်းစားကြရတာ ဖြစ်တယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ခရစ်ယာန်ဘာသာဝင်တွေကိုပဲ ကူညီပေးနေတာမဟုတ်ဘဲ တခြားနတ်နဲ့ ရိုးရာကိုးကွယ် သူတွေကိုပါ ဖေးမကူညီပေးနေတာ ဖြစ်တယ်။
ဒေါ်စိန်စိန်က “ကျမတို့အားလုံးက ဘာသာမတူလို့မပေါင်းဘူး။ မခေါ်ဘူးဆိုတာမရှိဘူး။ ရန်လည်းမဖြစ်ဖူးဘူး။ အဲ့ဒါ ကျမမွေးကတည်းကပဲ။ ရွာမှာ လူဦးရေနည်းလို့လားတော့မသိဘူး။ ဒီရိုးရာတို့ နတ်တို့ကိုးကွယ်သူတွေဆို အိမ်ထောင်စု လေး၊ ငါးစုလောက်ပဲရှိတာ။ သူတို့ရိုးရာပွဲလုပ်လည်း ကျမတို့ပါတာပဲ”လို့ ပြောပါတယ်။
သူတို့တွေအနေနဲ့ ငြိမ်းချမ်းမှုကို လိုလားသူတွေဖြစ်တာကြောင့် အခုလို ဘာသာမတူတဲ့သူတွေ ပေါင်းစည်းနေထိုင် နိုင်တာ ဖြစ်တယ်လို့ ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ မနရားမြှာက ဆိုပါတယ်။
“ကျမတို့က တိုက်ပွဲတွေကြောင့် ပြေးလာရတဲ့စစ်ရှောင်တွေလေ။ ကျမတို့ကိုယ်တိုင်က ဘာသာမတူ၊ လူမျိုးမတူ လို့ ရန်သူလို့ သဘောထားပြီး ရန်ဖြစ်နေရင် ဘယ်လိုသွားငြိမ်းချမ်းမလဲ။ ကိုယ်က အေးအေးချမ်းချမ်းနေချင်ရင် သူများလည်းငြိမ်းချမ်း အောင်လုပ်ပေးရမယ်လေ”လို့ သူက ပြောပါတယ်။
သူတို့တွေဟာ တိုက်ပွဲတွေကြောင့် စစ်ရှောင်လာရတဲ့သူတွေဖြစ်တဲ့အတွက် အခုလိုခက်ခဲနေတဲ့အချိန်၊ ဒုက္ခ ရောက်ချိန်မှာ ပိုပြီးစည်းလုံးကြသလို ပိုလို့လည်း ကူညီဖေးမဖြစ်တယ်လို့ မနေရားမြှာက ဆိုပါတယ်။
ကိုယ်တိုင်က ငြိမ်းချမ်းမှုကိုလိုလားရင် တခြားလူကိုလည်း ငြိမ်းချမ်းအောင်ကူညီဖေးမမယ်။ အချင်းချင်း စည်းလုံး ညီညွတ်စွာ နေမယ်ဆိုရင် ငြိမ်းချမ်းရေးက အလှမ်းမဝေးဘူးဆိုတာ ဒေါ်စိန်စိန်တို့၊ မနရားမြှာတို့ရဲ့ လုပ်ရပ်တွေက သက်သေခံနေပါတယ်။
သူတို့တွေဟာ ယုံကြည်ကိုးကွယ်မှု ဘာသာတရားမတူပေမယ့်လည်း ခရစ်ယာန်ဘာသာဝင်တွေနဲ့အတူ ဘုရား ကျောင်းမှာ သီချင်းတွေလိုက်ဆိုကြတယ်။ အလှူတွေပြုကြ၊ ဝိုင်းဖွဲ့စားသောက်ကြနဲ့ ပျော်ပျော်ရွင်ရွင်နေကြတယ်။
အခုလိုဘာသာမတူ၊ လူမျိုးမတူတဲ့သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွနေထိုင်စားသောက်ကြတယ်ဆိုတာ လူ မျိုးရေး ပဋိပက္ခရှိတဲ့နိုင်ငံလို့ လူသိများတဲ့ မြန်မာနိုင်ငံအတွက်တော့ ကောင်းတဲ့လက္ခဏာပါပဲ။
ဒေါ်စိန်စိန်တို့ဆိုရင် ဘာသာ၊ လူမျိုး မတူသူတွေကို စစ်ရှောင်ဒုက္ခသည်ဖြစ်မှ ကူညီဖေးမခဲ့တာ မဟုတ်ပါဘူး။
ကိုဗစ်ကာလ ရောဂါကူးမှာကြောက်လို့ ဘယ်သူမှ မသွားရဲ၊ မလာရဲဖြစ်နေတဲ့အချိန်မှာ ဒေါ်စိန်စိန်တို့ ရွာလေးမှာ တော့ ရောဂါရှိသူ၊ မရှိသူရယ်လို့ ခွဲခြားခြင်းမပြုခဲ့ပါဘူး။ ရောဂါကူးခံရလို့ အပြင်ထွက်ခွင့်မရတဲ့ မိသားစုဝင်တွေ အတွက် စားစရာတွေပို့ပြီး ဖေးမကူညီခဲ့ကြတယ်။
ဒီလို ဘာသာမတူသူတွေ အချင်းချင်း ဖေးမကူညီတာက လူကြီးတွေကနေ ကလေးတွေအထိ ဒီငြိမ်းချမ်းမှုကို လက်ဆင့်ကမ်း သယ်လာခဲ့တယ်။
အသက် ၁၆ အရွယ် မယွန်းစံတို့ သူငယ်ချင်းသုံးယောက်ဆိုရင် ယုံကြည်ကိုးကွယ်မှု ဘာသာတွေ မတူကြပါဘူး။ တစ်ယောက်က ဗုဒ္ဓဘာသာ၊ တစ်ယောက်က ခရစ်ယာန်နဲ့ တစ်ယောက်က ကရင်နီရိုးရာ ကိုးကွယ်သူဖြစ်တယ်။
မယွန်းစံဟာ သူငယ်ချင်းဖြစ်သူနဲ့အတူ မကြာခဏ ဘုရားကျောင်းတက်ကာ ဘုရားသီချင်းတွေဆိုသလို ခရစ္စမတ် နေ့တွေမှာလည်း အားတက်သရော ပါဝင်တတ်ပါတယ်။
“ကျမတို့တွေ ဘယ်တုန်းကမှ ဘာသာမတူဘူးလို့ မထင်ခဲ့ဖူးဘူး။ ဘာလို့ဆိုကျမက ဘုရားကျောင်းလည်း တက် တယ်။ ရိုးရာပွဲတွေလည်း သွားတယ်။ အဲ့လိုနေလာတော့ မတူဘူးလို့ တခါမှမခံစားမိဘူး” လို့ မယွန်းစံက ဆိုပါ တယ်။
သူတို့တွေဟာ နှစ်အကြာကြီး အတူတကွနေထိုင်သွားလာကြတဲ့အခါ မတူတာတွေကို မေ့သွားပြီး အတူတူလို့ လက်ခံထားတဲ့အတွက် အခုလို ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တာဖြစ်တယ်။
ခရစ်ယာန်ဘာသာဝင်တွေဟာလည်း သူတို့နဲ့ဘာသာမတူသူတွေကို ခွဲခြားဆက်ဆံမှုမပြုဘဲ သက်ဆိုင်ရာ ယဉ် ကျေးမှု၊ ထုံးတမ်းစဉ်လာတွေကို လေးစားကြသူတွေဖြစ်တယ်။ ရိုးရာကိုးကွယ်သူ၊ နတ်ကိုးကွယ်သူတွေကိုလည်း ချန်မထားတတ်သလို ဗုဒ္ဓဘာသာဝင်တွေရဲ့ ကုသိုလ်ရေးမှာလည်း တက်တက်ကြွကြွ ပါဝင်တတ်ပါတယ်။
မယွန်းစံက “ရွာမှာဆို သူတို့ (ခရစ်ယာန်) တွေက ဘုန်းကြီးဆွမ်းလောင်းကြတယ်။ အလှူပွဲတွေ၊ ဘုရားပွဲတွေမှာ လည်း လှူတယ်။ စခန်းမှာလည်း ဥပုသ်နေ့ဆို သီလယူဖို့ သန့်ရှင်းရေးလုပ်ပေးတယ်။ ညကျ တရားခွေဖွင့်ပေး တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တော်သလင်းလပြည့်နေ့ကလည်း ခရစ်ယာန်ဘာသာဝင်တွေက စခန်းတစ်ခုလုံးကို မနက်ပိုင်းမှာ ကြာဇံ ကြော်ကျွေးပြီး ညနေပိုင်းမှာ သီလယူထားတဲ့သူတွေအတွက် အအေးဗူးတွေ ပေးလှူတာမျိုးလည်း ရှိပါတယ်။
ခရစ်ယာန် ဓမ္မဆရာတစ်ဦးဖြစ်တဲ့ ဆရာဂျေဆန်ကတော့ ဒါဟာကောင်းမွန်တဲ့ လူနေမှုစနစ်ဖြစ်ပြီး ငြိမ်းချမ်း ရေးကို ဦးတည်စေလို့ နိုင်ငံသားတိုင်း ကျင့်သုံးနေထိုင်သင့်တယ်လို့ ထောက်ပြပါတယ်။
စစ်ပွဲတွေကြားမှာ မတူညီတဲ့သူတွေ အတူတကွနေထိုင်ဖို့ဆိုတာ မလွယ်ပေမယ့် ခက်ခဲတဲ့အရာတော့မဟုတ်ဘူး။ ပဋိပက္ခကိုဖြစ်စေမယ့် အပြောအဆိုတွေ၊ ခွဲခြားတာတွေမရှိဘူးဆိုရင် ဘာပြဿနာမှမရှိဘဲ ငြိမ်းချမ်းပါတယ်လို့ သူက ဆိုပါတယ်။
ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂဝံသကလည်း “မငြိမ်းချမ်းဘူးဆို တာ အာဏာရှင်တွေက ဘာသာရေး၊ လူမျိုးရေးကို အသုံးချပြီး သူတို့အာဏာရရေးအတွက် ပြည်သူလူထုကြားမှာ စိတ်ဝမ်းကွဲအောင် လုပ်လို့ မတူတာတွေ ရှိနေတာပေါ့” လို့ ရှင်းပြပါတယ်။
အစွန်းရောက်တချို့နဲ့ ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေးကို အသုံးချနေတဲ့ စစ်အာဏာရှင်ကလွဲလို့ ပြည်သူ လူထုကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်နေပါပြီလို့ ဆရာတော်က သူရဲ့အမြင်သဘောထားကို ပြောပါတယ်။
အခုလို ဘာသာ၊ လူမျိုးမတူတဲ့သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူနေထိုင်တာကို ကြိုဆိုတယ်။ ဖြစ်လည်းဖြစ် သင့်တယ်။ နောက်ဒါက တနည်းအားဖြင့်ပြောရရင် စစ်အာဏာရှင်ကို တွန်းလှန်နေတာနဲ့ အတူတူပါပဲလို့ ဆက် ပြောပါတယ်။
ဒေါ်စိန်စိန်တို့၊ မနရားမြှာတို့၊ မယွန်းစံတို့ဆိုရင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က ရိုးရာကိုးကွယ်သူတွေရဲ့ ဒီးကူပွဲ တော်မှာ ပါဝင်ခဲ့ကြတယ်။
စစ်ပွဲတွေကြောင့် အစားအသောက်တွေ ရှားပါးနေတဲ့အချိန်မှာ ဒီးကူပွဲတွေဓလေ့အရ ကယားခေါင်ရည်နဲ့ ရိုးရာ အစားအစာတွေကို ကျွေးမွေးနိုင်ဖို့ ဒေါ်စိန်စိန်တို့တွေက ဝိုင်းဝန်း ပံ့ပိုးပေးခဲ့ကြတာ ဖြစ်တယ်။
ဒေါ်စိန်စိန်တို့တင်မကပါဘူး။ ဒီပွဲလေးဖြစ်မြောက်အောင်မြင်ဖို့ အနီးစစ်ရှောင်စခန်းက ကယန်း၊ ကငန်၊ ပဒေါင် စတဲ့လူမျိုးတွေပါ ပံ့ပိုးကူညီပြီး ပါဝင်ဆင်နွှဲခဲ့ကြတာ ဖြစ်တယ်။
သူတို့ဟာ ငြိမ်းချမ်းရေး လိုချင်သူတွေဖြစ်လို့ ဒီလိုအတူတကွနေထိုင်ပြီး အချင်းချင်းရိုင်းပင်းကူညီရင်း ရိုးရာပွဲတွေ ဘာသာရေး ပွဲတော်တွေ ကျင်းပတဲ့ အလေ့အထကို ဆက်လက်ထိန်းသိမ်းဖို့ ဆန္ဒရှိတယ်လို့ ဒေါ်စိန်စိန်က ပြောပါ တယ်။
“ဒီလိုဘာသာရေး၊ လူမျိုးရေးအပေါ်မှာအခြေခံတဲ့ အမုန်းတရားတွေ မဖန်တီးရင် ပဋိပက္ခဆိုတာ ရှိမှာမဟုတ်ဘူး။ ဘာသာ၊ လူမျိုးကွဲတာ ပြဿနာမှ မဟုတ်တာ”လို့ သူက ဆိုပါတယ်။