Home ဆောင်းပါး တိုက်ပွဲကြားက စိတ်ဒဏ်ရာနှင့် ကလေးငယ်များ

တိုက်ပွဲကြားက စိတ်ဒဏ်ရာနှင့် ကလေးငယ်များ

ဒေဝီ။ ။

အိပ်စက်ချိန်မှာတောင် ကောင်းမွန်စွာမအိပ်နိုင်ဘဲ ဆူညံလွန်းတဲ့ လေယာဉ်သံကြောင့် နားနှစ်ဖက်ကို တင်းတင်းပိတ်ပြီး မျက်စိစုံမှိတ်ကာ ထိတ်လန့်ကြောက်ရွံ့နေတဲ့ ကလေးငယ်တစ်ဦး သွင်ပြင်က မြင်သူတိုင်းကို ဝမ်းနည်းဂရုဏာသက်စေတယ်။

ရှမ်းနဲ့ကယား နှစ်ပြည်နယ်နယ်စပ်မြို့ မိုးဗြဲမှာ စစ်ကောင်စီက လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်စဉ် ဒေသခံကလေးတစ်ဦးရဲ့ ထိတ်လန့်ကြောက်ရွံနေမှုကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်က စစ်ဖြစ်ပွားရာဒေသတွေက ကလေးတွေကြုံတွေ့ခံစားနေရတဲ့ အခြေအနေကို ဖော်ကျူးနေတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှု၊ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းခန်းထဲမှာဖြစ်စေ၊ ဗုံးခိုကျင်းထဲမှာဖြစ်စေ ပုန်းခိုနေရင်း အရွယ်နဲ့အမျှ ထိတ်လန့်ကြောက်ရွံနေရတဲ့ ကလေးတွေက စစ်ဖြစ်ရာဒေသတွေမှာ အများအပြားရှိနေပါတယ်။

စစ်ဘေးသင့်ဒေသတွေက ကလေးငယ်တွေက မိဘရင်ခွင်မှာငြိမ်းချမ်းစွာမနေရဘဲ စစ်ကြောင်းထိုးမှုတွေ၊ တိုက်ပွဲတွေနဲ့ စစ်ရဲ့အနိဌာရုံတွေအကြား ကြောက်ရွံ့ထိတ်လန့်မှုစိတ်ဒဏ်ရာတွေနဲ့ ဖြတ်သန်းနေရပါတယ်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို စက်တင်ဘာ၂၁ရက်ရောက်တိုင်း ကမ္ဘာနဲ့အဝှမ်းမှာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွေ ကျင်းပနေကြပေမယ့် မြန်မာနိုင်ငံက ကလေးသူငယ်တွေအပါအဝင် စစ်ဘေးသင့်ဒေသတွေက ပြည်သူတွေကတော့ မငြိမ်းချမ်းနိုင်သေးပါဘူး။

ရွယ်တူတွေနဲ့ ကျောင်းတက်စာသင်ပြီး ပျော်ပျော်ရွှင်ရွှင်ဆော့ကစားရမယ့် အချိန်မှာ စစ်ဘေးသင့် ဒေသတွေက ကလေးတွေမှာတော့ ရွာထဲစစ်ကြောင်းဝင်လို့ ပြေးလွှားရတာ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဗုံးခိုကျင်းတွေထဲ ပုန်း‌‌အောင်းနေရတာနဲ့ အရွယ်နဲ့အမျှစိတ်ဒဏ်ရာ အပြည့်ပဲလို့ မြိုင်မြို့နယ်က ကလေးတစ်ဦး မိခင် မခင်ခင် (အမည်လွှဲ)ကဆိုတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသက မြိုင်ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ အရပ်ဒေသဖြစ်ပါတယ်။ တော်လှန်ရေးတပ်တွေက စစ်ကောင်စီစစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်တာ၊ ခုခံတွန်းလှန်တာတွေ အဆက်မပြတ်ရှိနေတဲ့ ဒေသဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း ကျေးရွာတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်တာ၊ လေကြောင်းကနေ စစ်ဆင်ရေးပြုလုပ်တာတွေ လုပ်ခဲ့ပါတယ်။

အသက်၅နှစ်အရွယ် သမီးငယ်အပါအဝင် အသက်၁၀နှစ်ကျော် ၁၅နှစ်ခန့်အရွယ် တူ၊တူမတွေနဲ့ ရွာမှာ နေထိုင်ခဲ့စဉ်က ရွာကိုစစ်ကြောင်းဝင်မှုတွေ၊ ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်စီးမှုတွေကြောင့် လူကြီးတင်မက ကလေးတွေပါအချိန်နဲ့အမျှ ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ နေထိုင်ခဲ့ရတယ်။

“ပထမဆုံးသေနတ်သံကြားတုန်းကဆို သားအမိတွေ ကြောက်လို့ ဘာမှမလုပ်နိုင်ဘူး၊ကလေးတွေဆိုလည်းငိုနဲ့ နောက်ကျတော့ ပြေးရမယ်ဆိုတာနဲ့ ကြောက်ကြောက်နဲ့ ပြေးတော့တာပဲ”လို့ မခင်ခင်က ပြောတယ်။

မခင်ခင်ရဲ့သမီးငယ်၊တူ၊တူမတွေနဲ့ အခြားကလေးတွေမှာ ကျောင်းတက်ချိန် ကျောင်းပုံမှန်မတက်ရသလို ကစားချိန်မှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့မဆော့ကစားနိုင်ဘဲ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နေ့စဉ်နဲ့အမျှ စိုးရိမ်မှုတွေ ရှိနေတယ်လို့ဆိုတယ်။

မခင်ခင်တို့ကြုံရတာ စစ်ကြောင်းဝင်လို့ ထွက်ပြေးရတာ ရွာမီးရှို့တာ၊သေနတ်ပစ်ဖောက်တာတွေပဲဖြစ်ပြီး ဒီလိုအခြေအနေမှာတောင် ကလေးတွေမှာကြောက်လန့်မှု စိတ်မလုံခြုံမှုတွေခံစားနေရတဲ့အခါ၊ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ် လေကြောင်းကနေဗုံးကျဲတာတွေကြုံရတဲ့ ဒေသကကလေးတွေရဲ့ ထိတ်လန့်မှု၊စိတ်ဒဏ်ရာတွေက ဘယ်လောက်ထိကြီးမားနေမလဲဆိုတာ တွေးမိတယ်လို့ဆိုတယ်။

“အမသမီးလေးဆို သူနားလည်သလောက် ငိုတယ်၊ ကြောက်တယ်ဆိုတာပဲပြောပေမယ့် သူ့အမူအယာတွေက သိသာတယ်၊ အခြားကလေးတွေ ကြည့်လိုက်ရင်လည်း ငူငူငိုင်ငိုင်နဲ့ စိတ်မသက်မသာဖြစ်နေတာ” လို့မခင်ခင်က ပြောပါတယ်။

ဒီလိုမလုံခြုံတဲ့ အခြေအနေမှာ သမီးဖြစ်သူနဲ့ တူ၊တူမတွေကို မနေစေချင်တော့တဲ့အတွက် ဆွေမျိုးသားချင်းတွေရှိတဲ့ ရန်ကုန်မှာပဲ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆက်ပြောတယ်။

“ဒီမှာက ဘယ်လိုပဲဖြစ်ဖြစ် နယ်မှာထက် နေရတာအဆင်ပြေတယ်၊ ကလေးတွေအတွက်လည်း စိတ်အ‌ပြောင်းအလဲ ဖြစ်စေတာကြောင့် ကြာရင်ကလေးတွေမှာ စိတ်ဒဏ်ရာရော အသက်အန္တရာယ်ရော ပိုဆိုးမယ်”လို့ မခင်ခင် ကပြောပါတယ်။

စစ်ပွဲဒဏ်ကြောင့်စိတ်ထဲမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေ မလုံခြုံမှုတွေက ကလေးတွေရော စစ်ဘေးရှောင် ဒေသက လူတိုင်းနီးပါး ခံစားနေကြရတာဖြစ်ပြီး ထိခိုက်လွယ်တဲ့ ကလေးတွေမှာတော့ ပိုခံစားကြရတာဖြစ်တယ်လို့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ Clean Yangon အဖွဲ့ဝင် မသဉ္ဇာအေး ကပြောပါတယ်။

ကလေးတွေမှာ မွေးကတည်းက နေထိုင်လာတဲ့ နေရာကနေ စွန့်ခွာထွက်ပြေးလာရသလို ရှောင်တိမ်းခိုလှုံတဲ့ နေရာကလည်း လုံခြုံမှုမရှိ။ ဖြစ်သလိုနေထိုင်ပြီး အသက်ရှင်ရပ်တည်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားနေထိုင်နေရ ပါတယ်။

“စာသင်နေရင်းနဲ့ ဆိုင်ကယ်သံကျယ်ကျယ်ကြားရင်တောင် လေယာဉ်သံလားဆိုပြီး အထိတ်တလန့်ဖြစ်ပြီး ပုန်းရှောင်မိတဲ့အထိ စိတ်စွဲပြီး စိတ်ဒဏ်ရာကိုယ်စီနဲ့ ရှင်သန်နေကြရတဲ့ ကလေးတွေ အများကြီးပါပဲ။ “လို့ ဆက်ပြောတယ်။

Clean Yangon အဖွဲ့က ကလေးတွေကို ကျောင်းကျန်းမာရေး‌ အစီအစဉ်အဖြစ်ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်နေစဉ်မှာ ရွာနဲ့အနီးဆုံး နေရာတစ်ခုကို လက်နက်ကြီး ကျတဲ့ ဖြစ်စဉ်တစ်ခုကြုံခဲ့ရတယ်။

“ကလေးတွေခမျာ လက်နက်ကြီးသံကြားလည်းကြားရော ခုံအောက်ပုန်းတဲ့သူကပုန်း ပြေးတဲ့သူကပြေးနဲ့ တကယ့်ကို ဝရုန်းသုံးကားပဲ။ သူတို့အရမ်းကြောက်နေကြတယ်။ ဆရာမ၊ဆရာမလို့ အော်တဲ့သူကအော်၊ ငိုတဲ့ သူကငိုကြပေါ့” လို့ မသဉ္ဇာအေးကပြောပါတယ်။

ကလေးတွေကို မကြောက်ဖို့ မလန့်ဖို့ နှစ်သိမ့်ပြောဆိုခဲ့ပေမယ့် အဲ့ဒီအခြေအနေမှာ ကိုယ်တိုင်လည်း ထိတ်လန့်ကြောက်ရွံ့နေခဲ့တယ်လို့ ဆက်ပြောပါတယ်။ကလေးတွေက လေယာဉ်သံကို နီးနီးကပ်ကပ်ကြားတိုင်း သူတို့ဆီလာတာဖြစ်စေ အခြားကိုပစ်တာဖြစ်စေ အလိုလို ပုန်းစရာရှာတက်လာကြတယ်လို့ ဆိုတယ်။

“ကလေးတွေရဲ့စိတ်မှာ ဒီအသံတွေကြားတိုင်း ဒါတွေက ငါတို့ကို ဒုက္ခပေးနိုင်တာပါလား ငါတို့ကို သေအောင် သတ်နိုင်ပါလားဆိုတဲ့ စိတ်တွေရှိကြတော့ သူတို့မှာ စိတ်ဒဏ်ရာတွေ အရမ်းဖြစ်နေကြတယ်။ လွတ်လပ်မှု မရှိယုံသာမက အချိန်မရွေးအသက်သေသွားနိုင်တယ်ဆိုကဲ့ ထိတ်လန့်မှုတွေနဲ့ နေ့စဉ်ဖြတ်သန်းနေကြရတာပေါ့” လို့ မသဉ္ဇာအေးလို့ ပြောတယ်။

ပုံမှန်ဆိုရင်ကလေးတွေက ရွယ်တူအချင်းချင်းဆော့ကစားကြမယ်၊ ဗိုက်ဆာရင်စားသောက်မယ် အိပ်ချင်ရင် အိပ်မယ်၊ လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမှာဖြစ်ပေမယ့် စစ်ဘေးကြောင့် ပျော်ရွှင်စွာ နေထိုင်ခွင့် အချိန်တွေဆုံရှုံးနေရပါတယ်။

ကလေးငယ်တွေက အုပ်ထိန်းသူလူကြီးမိဘတွေရဲ့ တိုက်ပွဲတွေကြားကစိုးရိမ်ပူပန်မှုတွေ အဆင်မပြေမှုများစွာက သူတို့အပေါ်မှာ တိုက်ရိုက်ဆက်နွှယ်နေတဲ့အတွက် စစ်ဘေးရှောင်ဒေသက ကလေးငယ်တွေမှာ ကြီးမားတဲ့ ထိခိုက်မှုတွေရှိတယ်လို့ မသဉ္ဇာအေးကဆိုတယ်။

ယူနီဆက်ရဲ့ထုတ်ပြန်ချက်အရ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊မလုံခြုံမှုအခြေအနေတွေကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်အပါအဝင် လူပေါင်း သုံးသိန်းကျော်က အိုးအိမ်ကနေစွန့်ခွာထွက်ပြေးနေရပါတယ်။

ယင်းပမာဏက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီ ကာလရှည်ကြာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရတဲ့ လူပေါင်း ၃၄၀,၀၀၀ ကျော်အပြင် ထပ်တိုးလာတဲ့ အရေအတွက်ဖြစ်ပြီး၊ပဋိပက္ခတွေက ယခင်ဖြစ်ပွားခြင်းမရှိတဲ့ ဒေသနေရာတွေကိုပါ ပျံ့နှံ့လာတာကြောင့် ပြည်နယ်နဲ့တိုင်း ၁၅ခုအနက် ၁၄ခုခန့်မှာ မြေမြုပ်မိုင်းအပါအဝင် ပေါက်ကွဲနိုင်တဲ့ စစ်လက်ကျန်ပစ္စည်းကိရိယာအန္တရာယ်နဲ့ကြုံနေရတယ်လို့ဖော်ပြထားတယ်။

စစ်ပွဲတွေနဲ့အပြန်အလှန်ဆက်နွှယ်နေတဲ့ အန္တရာယ်တွေကြောင့်နိုင်ငံတစ်ဝန်းက ကလေးသူငယ်တွေမှာ ရှင်သန်ရပ်တည်မှု၊ ဖွံ့ဖြိုးမှုနဲ့ကောင်းကျိုးသုခတို့အပေါ် ခြိမ်းခြောက်လျှက်ရှိတယ်လို့ ယူနီဆက်က ဖော်ပြထားပါတယ်။

“အိမ်တွေမီးရှို့လို့ ထွက်ပြေးရတယ်ဆိုတာကို အိမ်မက်ထဲ နှစ်ခါလောက်မက်ဖူးတယ်”မြိုင်ဒေသခံ တစ်ဦးဖြစ် တဲ့ အသက်၁၄နှစ်အရွယ် မထူးထူး(အမည်လွှဲ)ကပြောတယ်။

သူတို့ရွာက နေအိမ်အချို့ကို စစ်တပ်က မီးရှို့တာ၊ရွာထဲ မကြာခဏစစ်ကြောင်းဝင်ပြီးဖမ်းဆီးတာတွေကြောင့် စစ်ကြောင်းဝင်လာတာနဲ့ မိုးထဲလေထဲလည်း ရွာလုံးကျွတ်တိမ်းရှောင်ရတယ်လို့ ထူးထူးကပြောတယ်။

မထူးထူးက ကိုဗစ်ကာလကတည်းက ကျောင်းနားခဲ့ရသလို အာဏာသိမ်းပြီးနောက်မှာလည်း စာသင်ခန်းဆီ မရောက်နိုင်သေးဘဲ၊ရွာမှာမငြိမ်သက်မှုတွေကြောင့် စစ်ကြောင်းထိုးလို့ မကြာခဏ တိမ်းရှောင်ရတဲ့ အခြေအနေတွေကို စိတ်ညစ်မိတယ်လို့ ဆိုတယ်။

လက်ရှိမှာဆွေမျိုးအချို့နဲ့အတူ အခြားဒေသတခုမှာအခြေချနေထိုင်နေပြီး ပညာရေးအတွက် ပြန်စနိုင်ပေမယ့် ရွာမှာကြုံရတဲ့ အဖြစ်တွေက ယခုအချိန်ထိ ဦးနှောက်ထဲစွဲနေပြီး ဘယ်အချိန်မှပျောက်မလဲမသိဘူးလို့ဆိုတယ်။

“ကားဘီးပေါက်သံကြားရင်လည်း လူက လန့်ပြီး ချွေးစေးတွေထွက်လာတာ၊ အရင်ကလို စစ်ကားတွေသရဲကား တွေလည်းမကြည့်ချင်တော့ဘူး အသံကျယ်ကျယ်ကြားရင်တောင် လူကရင်တုန် လာတာ”လို့ ဆိုတယ်။

နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ၊ရွာလုံးကျွတ်မီးရှို့ဖျက်စီးမှုတွေ၊ စစ်ကောင်စီရဲ့ဝေဟင်ရော မြေပြင်ကပါ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် မိသားစုဆွေမျိုးသားချင်းဆုံးရှုံးရတာ၊ နေအိမ်တွေမီးရှို့၊လုယက်သတ် ဖြတ်တာစတဲ့ ဆိုးရွားတဲ့အဖြစ်အပျက် တွေကနေတစ်ဆင့် ကလေးငယ်တွေမှာထိတ်လန့်ကြောက်ရွံ့ကာ စိတ်ဒဏ်ရာတွေ ခံစားနေကြရပါတယ်။

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက ကလေးငယ်တွေစာသင်ကြားနေတဲ့ကျောင်းကို လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာကြောင့် ‌အရွယ်မရောက်သေးတဲ့ ကလေးငယ် ၆ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် ကလည်း မြင်တွေ့ ခံစားလိုက်ရတဲ့ လူကြီးတွေရော ကလေးတွေအတွက်သေရာပါမယ့်ခံစားချက်တစ်ခုဖြစ်တယ်လို့ လက်ယက်ကုန်း ကျေးရွာကဒေသခံတစ်ဦးကပြောပါတယ်။

“ကျန်ခဲ့တဲ့ကလေးတွေကတော့ တချို့မြင်တွေ့ရတော့ တော်တော်လေး စိတ်ထိခိုက်တာပေါ့. သူတို့ကံကောင်း ပြီး မထိခိုက်ပဲ ပြန်လွှတ်လာပေမယ့် သူတို့သူငယ်ချင်းတွေဒီလိုဖြစ်တော့ ဝမ်းနည်းကြတယ်လို့ အဆိုပါဒေသခံက ပြောတယ်။

လက်ယက်ကုန်းကျေးရွာမှာ ယခင်ကတိုက်ပွဲဖြစ်တာ ဒေသခံတွေပြေးလွှားပုန်းရှောင်ရတာမျိုး မရှိခဲ့တာကနေ ဒီလိုကြီးကြီးမားမား ဖြစ်ရပ်ဆိုးကြုံတွေ့ခဲ့တဲ့အတွက် ကလေးတွေမှာ ကြောက်စိတ်တော်တော် ဝင်သွား ကြတယ်လို့ ဆက်ပြောတယ်။

” အဓိက ကတော့ ကလေးတွေစိတ်ဒဏ်ရာဖြစ်မယ့်ဟာကို စိုးရိမ်ရတယ် ဘာဖြစ်လို့တုန်းဆို အရွယ်အားဖြင့် လေးနှစ်ငါးနှစ်ကျော် ဆယ်နှစ်ကျော်ကလေးတွေက တောက်လျှောက် အတူနေခဲ့ပြီး မြင်လိုက်ရတော့လေ” လို့ ယင်းဒေသခံကပြောတယ်။

“ကျောင်းဆောင်တွေထဲမှာ ကလေးတွေရဲ့ သွေးအိုင်တွေ စာအုပ်တွေကအစကျန်နေသေးတဲ့အတွက်သူတို့ အတွက် အိမ်မက်ဆိုးကြီးဖြစ်မှာစိုးရိမ်မိတယ်”လို့ ယင်းကဆက်ပြောတယ်။

နေထိုင်ရာဒေသတစ်ခုနဲ့တစ်ခု မတူကြပေမယ့် စစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုပ်မှုတွေ ကြောင့်နေ့စဉ်နဲ့အမျှ ထိတ်လန့်မှု တွေကြောက်ရွံ့မှုတွေ ၊အစားအသောက်အနေ အထိုင် ဆင်းရဲမှုတွေ ၊ စိတ်ဒဏ်ရာအပြည့်နဲ့ နေထိုင်ရ တာခြင်း တော့တူတယ်လို့ ကရင်ပြည်နယ်မှာနေထိုင်တဲ့ စစ်ဘေးရှောင်တစ်ဦးဖြစ်သူမဝါကပြောတယ်။

မဝါတို့နေထိုင်ရာ ကရင်ပြည်နယ်က ကလေးငယ်တွေက မကြာခဏစစ်ပွဲကြားမှာနေထိုင်နေရတဲ့အတွက် တိုက်ပွဲဖြစ်ပွားတဲ့အချိန်ဆို ထိတ်လန့်ကြောက်ရွံ့မှုတွေရှိပေမယ့် ပြေးလွှားရှောင်ရှားဖို့က အသင့်ရှိပြီးသားလို့ ဆိုတယ်။

“အသံကြားပြီဆိုရင် ကတုတ်ကျင်းထဲပြေးဝင်တယ် ကိုယ်ပိုင်ကျောပိုးအိတ်ကလေးတွေ အသင့်ဆောင်ထားတာ၊ ပစ်သံကြားပြီ စစ်ခွေးအသံကြားပြီဆိုရင် ထုတ်ထားတဲ့အိတ်ကို တခါတည်းလွယ်ပြီးသားပဲ သွက်တာ၊ ကြောက်တာတော့ ကြောက်လန့်ကြတာ”လို့ မဝါကပြောတယ်။

စစ်ကြောင်းဝင်လာချိန်မှာ အသက်ဘေးလွတ်ဖို့ ပုန်းရှောင်ရမယ့်အသိရှိတဲ့အပြင် စစ်တပ်က သူတို့ကို အန္တရာယ် ပေးမယ်၊စစ်တပ်ကြောင့် ထွက်ပြေးရတယ်၊ဒုက္ခရောက်ရတယ်ဆိုတဲ့ အမြင်မျိုးလည်း ရှိနေတယ်လို့ဆို တယ်။

“ပါးစပ်ကနေခွေးသတ်မယ် ခွေးသတ်မယ်ဆိုပြီး ပြေးပုန်းကျတာ၊သူတို့မှာ ပြန်ပြီးလုပ်နိုင်တဲ့အင်အားမရှိသေး လို့ သူတို့စိတ်ထဲမှာခွေးတွေဝင်လာရင် ပြန်ပြီးတော်လှန်ချင်စိတ် ပြန်ပစ်ချင်စိတ်ကတော့ရှိတယ်” လို့ဆိုတယ်။

တိုက်ပွဲမရှိ စစ်ကြောင်းမထိုးတဲ့နေ့တွေဆိုရင် ကလေးတွေမှာ ဆော့ကစားကြနဲ့ ပုံမှန်ပဲဖြတ်သန်းကြပြီး မြို့ပြဒေသက ကလေးတွေလို အသစ်အဆန်းဆော့ကစားရတာတွေ ပညာရေးဆိုင်ရာလေ့လာဆည်းပူးမှုတွေ တော့မရှိဘူးလို့ဆိုတယ်။

ကလေးတွေအချင်းချင်းဆော့ကစားရာမှာလည်းဝါးတုတ်အချောင်းလေးတွေနဲ့ သေနတ်ပစ်တမ်း၊ ဓားခုတ် တမ်း ကစားတာမျိုးအပြင် မုန်းတီးတဲ့စိတ်အခြေခံနဲ့ သတ်မယ်ဖြတ်မယ်ဆိုတဲ့ စကားမျိုးပြောဆိုတာရှိတယ်လို့ မဝါကပြောတယ်။

“သူတို့မှာက စိတ်ကြီးကစွဲနေတာ ခွေးလာပြီသတ်သတ်နဲ့၊ စိတ်ထဲမှာခွေးတွေဝင်လာရင် ပြန်ပြီးတော်လှန်ချင်စိတ် ပြန်ပစ်ချင်စိတ်ကတော့ရှိတယ်။ ဒီကောင်တွေကြောင့် ကလေးတွေ ဘယ်လောက်စိတ်ဒဏ်ရာရတယ်ဆိုတာ သိနိုင်တယ်။”လို့ မဝါကပြောတယ်။

ဒါ့အပြင်စစ်ဘေးသင့်ဒေသတွေက ကလေးတွေမှာ ထမင်းကိုတန်ဖိုးထားပြီး မြန်မြန်ဆန်ဆန်စားတတ်တဲ့ အလေ့အကျင့်ရှိသလို ဟင်းမပါဘဲ ထမင်းသပ်သပ်လည်းစားနိုင်တယ်လို့ဆိုတယ်။

“ဒီက ကလေးတွေကျတော့မငတ်ရေးကိုပဲ အဓိက ထားစားနေရတယ်။ရတုန်းစားရမယ် ကိုယ့်ရှေ့မှာပန်းကန် ရှိတုန်းစားရမှာ အဲ့ဒီလိုစိတ်၊ ဘယ်ချိန်ထပြေးရမလဲမသိဘူးဆိုတဲ့စိတ်”လို့ မဝါကပြောပါတယ်။

သိတတ်နားလည်တဲ့ ကလေးတွေကလည်း တိုက်ပွဲကြားထိတ်လန့်တုန်လှုပ်တဲ့စိတ်နဲ့ နေထိုင်ရသလို ငယ်ရွယ် သေးတဲ့ကလေးတွေမှာလည်း လူကြီးမိဘတွေရဲ့ အမူအယာကြည့်ပြီး ထိတ်ထိတ်လန့်လန့်နဲ့ ပြေးလွှားရတယ် လို့ဆိုတယ်။

“ကလေးတွေက ကြောက်ကြပေမယ့် သူတို့အတွက် အသားကျနေသလိုဖြစ်နေတာ၊ ကြည့်ရတာ သနားဖို့ ကောင်းတယ်၊ကျောင်းတက်နေတုန်း လက်နက် ကြီးသံကြား တဲ့အခါ ခုံအောက်ဝင်ပုန်းလိုက်တာတို့ ၊တကယ် လာမပစ်ဘူးတခြားနေရာမှာဖြစ်တာဆို သူတို့မကြောက် တော့ပြန်ဘူး၊”လို့ မဝါကပြောတယ်။

ကလေးတွေမှာ စစ်ရဲ့ဆိုးကျိုးဒဏ်တွေကြောင့် ရေရှည်မှာစိတ်ဒဏ်ရာရနိုင်ပြီး တီဗီဇာတ်လမ်းကြည့်ချိန် ဆူဆူညံညံအသံတွေပါတာ၊ ထိုးကြိတ်သတ်ပုတ်တာ၊သွေးထွက်ဒဏ်ရာ ရတဲ့ ဇာတ်လမ်းမျိုးပါတဲ့အခါ ငိုယိုတာ မျိုးတွေ့ရတယ် လို့ ဆက် ပြောတယ်။

“သေချာမပြောနိုင်ပေမယ့် သူတို့ရင်ထဲ စိတ်ထိခိုက်မှုက ကြီးမှာပဲ။အမဆို သူတို့ကို ကြင်ကြင်နာနာ ယုယု ယယ ဆက်ဆံပေးတယ် ဖက်ထားပေးတာတို့ နူးနူးညံ့ညံ့လေးပြောတာမျိုး ကလေးတွေရှေ့ ရိုက်တာတွေ နှက်တာတွေ မလုပ်ဘဲ ထွေးထွေးပွေ့‌ပွေ့နေပေးတာမျိုးတွေလုပ်ပေးဖြစ်တယ်”လို့ မဝါကပြောတယ်။

စစ်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခတွေအခြေ အနေတွေရင်ဆိုင်ရတဲ့ လူတွေကို စိတ်ပညာရှင်တွေက အသက် အပိုင်းအခြားနဲ့လေ့လာ သတ်မှတ်တဲ့အခါ ကလေးအရွယ် နစ်နာသူတွေကို ” The loss of Basic resources” ဆိုပြီးသတ်မှတ်ထားတယ်လို့ အသက်၂၈နှစ်အရွယ် စိတ်ပညာရှင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

ဒီကလေးတွေက ငယ်စဉ်ထဲကရသင့်တဲ့ အ‌ခြေခံအရာတွေဖြစ်တဲ့ အိမ်၊ ကျောင်း၊ သူငယ်ချင်း၊အမိုးအကာ ကစလို့ ပညာသင်ခွင့်၊ လုံခြုံမှု စတဲ့ အခြေခံအချက်များကို ရဖူးတယ်လို့ မရှိအောင် အခြေခံအခွင့်အရေး ဆုံးရှုံးနေ တယ်လို့ဆက်ပြောတယ်။

စိတ်ဒဏ်ရာက ကလေး လူကြီးအသက်အရွယ်မရွေးဖြစ်နိုင်ပြီး ကလေးငယ်တွေမှာ ငယ်စဉ်က ရခဲ့တဲ့ စိတ်ဒဏ်ရာ၊သိမ်ငယ်မှု၊ ပျောက်ဆုံးမှု၊ အလွယ်တကူ ကြောက်လန့်တက်မှု စတဲ့ အချက်ပေါင်းများစွာက သူ့ကြီးတဲ့ အထိ သူ့ဘဝကိုစိုးမိုးသွားနိုင်တာကြောင့် အထူးဂရုစိုက်ဖို့လိုတယ်လို့ဆိုတယ်။

စစ်ပွဲဒဏ်ကို ခံရတဲ့ ကလေးတွေက သူတို့မိဘတွေရဲ့ ကြောက်ရွံ့တုန်လှုပ်မှုတွေ၊ ပူဆွေးမှုတွေကို မြင်ရရင် ပိုပြီးခံစားရတာကိုတွေ့ရတက်ပြီး၊ စစ်ပွဲတွင်း အခြေအနေကို သူတို့ကို နားလည်အောင်အလွယ်ဆုံးနည်းနဲ့ ရှင်းပြပြီး Survive ဖြစ်ဖို့ လက်ဆင့်ကမ်းသင်ပေးသင့်တယ်လို့အဆိုပါစိတ်ပညာရှင်ကဆက်ပြောတယ်။

“မိသားစုကို ကာကွယ်ဖို့အားလုံးတာဝန်ရှိတယ်၊ အဖွဲ့အစည်းစိတ်ဓာတ်ရှိရမယ်ဆိုတာ ကလေး နားလည်မယ့် စကားရပ်တွေနဲ့ စိတ်ဓာတ်ကိုသွန်သင်ရင်းဒီအခြေအနေကို ကျော်ဖြတ်ဖို့လိုပါတယ်။” လို့စိတ်ပညာရှင်က ဆို တယ်။

စစ်ပွဲကြာလာတာနဲ့အမျှ ကလေးငယ်တွေခံစားရတဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေက တိုးလာမှာ လို့ အငြိမ်းစား ဆရာဝန်တစ်ဦးက မှတ်ချက်ပြုပါတယ်။

” စိတ်ဒဏ်ရာရတာကတော့ ကြောက်စရာလန့်စရာကြုံလာရင်တော့ ကလေးတွေဖြစ်တတ်တာပေါ့၊ မိဘတွေ တကွဲ တပြားဖြစ်တာ ၊သေဆုံးတာမျိုးကြုံရင်တော့ ပိုဆိုးတာပေါ့ “လို့ယင်းဆရာဝန်ကပြောတယ်။

ကလေးတစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှု မတူနိုင်ပေမယ့် မိသားစုဝင်တစ်ဦးဦးကို ဆုံးရှုံးလိုက်ရတာ၊ ဒါမှမဟုတ်ထိတ် လန့်စရာအဖြစ်အပျက်တွေကို တွေ့မြင်လိုက်ရတာစတဲ့ စစ်ပွဲကြောင့် ဖြစ်တဲ့ စိတ်ဒဏ်ရာတွေ ကြုံလာရင်တော့ ရှေ့လျှောက်ဖြတ်သန်းရမယ့် ဘဝမှာသက်ရောက်မှုရှိနိုင်တယ်လို့ဆိုတယ်။

နေထိုင်ရာဇာတိရပ်ရွာနဲ့ အိုးအိမ်ကို စစ်ဘေးဒဏ်ကြောင့် စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေ တွေ့ကြုံခံစားကြရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ ဖိစီးမှုကြီးမားလှပြီး စိတ်ဒဏ်ရာတွေ အဖြစ် သူတို့ဘဝတစ်လျှောက်လုံးအပေါ် သက်ရောက်ခြိမ်းခြောက်စေနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသား ညီညွတ်ရေးအစိုးရ ကထုတ်ပြန်ထားတယ်။

အရွယ်ရောက်ပြီးသူတွေအတွက်တောင် ခက်ခဲကြမ်းတမ်းလှတဲ့ ဒီအခြေအနေဟာ ဆယ်ကျော်သက် လူငယ် တွေအဖို့ ပြင်းထန်လွန်းစွာ သက်ရောက်စေနိုင်တဲ့အတွက်သူတို့ရဲ့ နာကျင်ခံစားရမှုတွေ လျော့ပါးသက်သာ စေနိုင်တဲ့ နည်းလမ်းတွေကိုဆိုင်ရာမိဘအုပ်ထိန်းသူတွေ လုပ်ဆောင်ပေးနိုင်တယ်လို့ဆိုတယ်။

ကလေးငယ်တွေမှာရရှိနေကြတဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်ဖို့ ကလေးတွေနဲ့နေထိုင်ပြီး ကလေးတွေ နဲ့လမ်းလျှောက်၊ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်တာ၊စိတ်ငြိမ်ဖို့ မိနစ်အနည်းငယ်လောက် ဝင်လေထွက်လေ မှတ်စေတာ၊အားကစားပြိုင်ပွဲလေးတွေပြုလုပ်တာ၊မနက်ခင်းမှာ အဟာရဖြစ်‌စေတဲ့ အစားစာတွေကျွေးမွေးတာ၊ လအလိုက်မွေးနေ့ရှင်တွေကိုစုပြီးမွေးနေ့ကိတ်ခွဲပေးတာမျိုးတွေပြုလုပ်ဖြစ်တယ်လို့ မသဉ္ဇာအေးကပြောတယ်။

ဒီလိုလုပ်ဆောင်ပေးတာက အသေးအဖွဲတွေလို့ဆိုနိုင်ပေမယ့် စိတ်မလုံခြုံ ပင်ပန်းနေရတဲ့ ကလေးတွေအတွက် ပျော်ရွှင်မှု အမှတ်တရပဲလို့ဆိုတယ်။

စစ်ဖြစ်တဲ့ဒေသတွေမှာနေထိုင်တဲ့ ကလေးတွေမှာ အဘက်ဘက်က လိုအပ်ချက်တွေများပေမယ့် သူတို့မှာ လိုချင်မှုတွေက အင်မတန်နည်းပါးတာကြောင့် စစ်ဘေးသင့်ဒေသတွေက ကလေးတွေကိုတတ်နိုင်သလောက် ဆက်လက်ပြီး ကူညီပေးကြဖို့ မေတ္တာရပ်ခံတယ်လို့ ဆက်ပြောတယ်။

လွတ်လပ်စွာ ရှင်သန်ခွင့်၊ လုံခြုံစွာနေထိုင်ခွင့်၊ ပညာသင်ကြားခွင့်တွေက လူသားတိုင်းရသင့်တဲ့ အခွင့်အရေး ဖြစ်ပေမယ့်စစ်ဘေးရှောင်ဒေသတွေမှာ လုံးဝပျောက်ကွယ်နေတာကြောင့် ဒီအခွင့်အရေးကို အမြန်ဆုံးဖန်တီးပေး ဖို့လိုတယ်လို့မသဉ္ဇာအေးကပြောတယ်။

Author:

Related Articles