ဒေဝီ။ ။
မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ်ကာလရောက်ခါနီးပြီဆိုတော့ ရန်ကုန်မြို့မှာ စည်စည်ကားကား ကျင်းပပြုလုပ်မယ့် ရေ ကျော် ပွဲဈေးအပါအဝင် ဘုရားပွဲတော်တွေနဲ့ ပွဲဈေးတွေကို ဒေါ်သန်းအေးသတိရမိတယ်။
ရန်ကုန်မြို့မှာ အစဉ်အလာကြီးတဲ့ ပွဲတော်တစ်ခုဖြစ်တဲ့ ရေကျော်ပွဲဈေးမှာ ရောင်းချနိုင်ဖို့ အရင်ကဆို အခုအချိန်ကတည်း က အိုးပုတ်တွေဆေးခြယ်တာ၊ ချိုးရုပ်လေးတွေ ဆေးခြယ်အခြောက်ခံတာ၊ ကလေးတွေဆော့ကစားတဲ့ ပလတ်စတစ် အိုးခွက်လေးတွေကို လက်ကားဒိုင်တွေကနေ ဝယ်ယူတာနဲ့ အလုပ်ရှုပ်နေပြီဖြစ်တယ်။
ဒါပေမယ့် ဒီနှစ်မှာတော့ ဒီလိုရောင်းချဖို့အတွေးကို မစဉ်းစားနိုင်တော့ပါဘူး။ မြန်မာနိုင်ငံကို ကိုဗစ်ရောဂါပိုး စတင်ကူးစက် ကတည်းက လူစုလူဝေးဖြစ်တဲ့နေရာတွေ၊ ပွဲလမ်းသဘင်တွေကို ကန့်သတ်ခဲ့တာကြောင့် ဘုရားပွဲတော်တွေ ပွဲဈေးတွေ မကျင်းပဖြစ်ခဲ့တာ သုံးနှစ်နီးပါးရှိတော့မယ်။
ဒီနှစ်မှာလည်း မငြိမ်သက်တဲ့ တိုင်းပြည်အခြေအနေအရ ပွဲတော်တွေ ကျင်းပနိုင်ဦးမှာ မဟုတ်တာကြောင့် ပွဲတော်တွေကို မျှော်လင့်မိတယ်လို့ ဆယ့်နှစ်ပွဲဈေးသည်တစ်ဦးဖြစ်သူ ဒေါ်သန်းအေးကပြောပါတယ်။
ဆယ့်နှစ်ရာသီကာလပတ်လုံး ကျင်းပပြုလုပ်နေကျဖြစ်တဲ့ အနယ်နယ်အရပ်ရပ်က ဘုရားပွဲတော်တွေကို အမှီသဟဲပြုပြီး ရောင်းချအသက်မွေးဝမ်းကြောင်းပြုကြတဲ့ ဒေါ်သန်းအေးလို ဆယ့်နှစ်ပွဲဈေးသည်တွေမှာ ပွဲတော်တွေမကျင်းပတဲ့ကာလ အတွင်း ခက်ခက်ခဲခဲ ဖြတ်သန်းနေရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ပိုး စတင်တွေ့ရှိပြီးနောက် လူစုလူဝေးတွေ ပွဲလမ်းသဘင်ကျင်းပမှုတွေ ကန့်သတ်လိုက်တဲ့အချိန် ၂၀၂၀ မတ်လက စလို့ ပွဲတော်တွေလည်းရပ်နားခဲ့ရတယ်။
မြန်မာနိုင်ငံက စေတီပုထိုးပေါများတဲ့အပြင် ယင်းတို့ကို အမှီပြုကျင်းပတဲ့ ပွဲလမ်းသဘင်တွေကလည်း ဆယ့်နှစ်လရာသီ ကာလပတ်လုံးနီးပါး ခြိမ့်ခြိမ့်သဲသဲကျင်းပကြတယ်။
တစ်ဒေသနဲ့ တစ်ဒေသ ပွဲတော်အကြီးအသေး မတူညီကြသလို သုံးရက်ကနေ တစ်ပတ်၁၀ရက်အထိ ရက်တိုရက်ရှည် ကျင်းပကြတယ်။ ပွဲတော်အလိုက် ရုပ်သေးပွဲ ၊ ဇာတ်ပွဲကြီးတွေပါဝင်ကြသလို အပျော်စီးချားရဟတ်၊ ဘူးသီးကြော်ဆိုင်၊ ကောက်ညှင်းကျည်တောက်၊ အသုတ်စုံ၊ မုန့်ဟင်းခါး၊ ဒုတ်ထိုး၊ ထမင်းနှဲ၊ ရိုးရာမုန့်မျိုးစုံ၊ ဒေသထွက်ကုန်စတဲ့ ဈေးသည် စုံစုံလင်လင်လည်း တွေ့ရနိုင်တယ်။
ဆယ့်နှစ်ရာသီကာလပတ်လုံး နိုင်ငံအနှံ့က မြို့တွေ ရွာတွေတိုင်းမှာ ဘုရားပွဲတော်တွေ ရှိတော့ သူတို့အတွက် ပွဲမရှားခဲ့တဲ့ကာလတွေပဲလို့ ဒေါ်သန်းအေးကပြောပါတယ်။
ကလေးတွေ ဆော့ကစားတဲ့ မြေကြီးနဲ့လုပ်တဲ့ အိုးပုတ်လို့ခေါ်တဲ့အိုးခွက်၊ ပန်းကန်၊ ဆီမီးခွက်လေးတွေ ၊ချိုးရုပ်လေးတွေနဲ့ ခေတ်ပေါ် ပလတ်စတစ်အိုးခွက်ကစားစရာလေးတွေကို ဘုရားပွဲတော်တွေမှာ လိုက်ရောင်းချတဲ့ ဒေါ်သန်းအေးက ဆယ့်နှစ် ပွဲ ဈေးသည်အဖြစ် လှည့်လည်ရောင်းချတာ ခြောက်နှစ်ကျော်ရှိပါပြီ။
ရေကျော်၊ လမ်းမတော်၊ ဥက္ကလာဘုရားပွဲဈေး ၊ ခရမ်းဘုရားပွဲနဲ့ ပဲခူးခမဲပြင်၊ ကလေးဘုရားစတဲ့ ပွဲတော်တွေက သူ့အတွက် အမျှော်လင့်ရဆုံး ပွဲတွေလို့ ဆိုတယ်။
ဘုရားပွဲတစ်ခုမှာ ရောင်းချနေရင်း အခြားနေရာတစ်ခုမှာ နောက်ပွဲတစ်ခုကျင်းပမယ်ဆိုတဲ့ လက်ကမ်းကြော်ငြာက လက်ထဲ ရောက်ပြီးသားဆိုတော့ သူတို့အတွက် ပွဲမရှိမှာ ဈေးမရောင်းရမှာမပူရ။
ပွဲကထရိုက်ဆီနေရာဝယ်ထားရင်း နောက်ပွဲတစ်ခုမှာရောင်းဖို့ ပြင်ဆင်သင့်တာပြင်ဆင်၊ ဝယ်ချမ်းစရာရှိတာ ဝယ်ချမ်းထား ပြီး လက်ရှိရောင်းနေတဲ့ ပွဲတော်ပြီးတာနဲ့ နောက်တစ်ပွဲအတွက် အဆင်သင့်လိုက်ရုံပဲလို့ဆိုတယ်။
” ဒီနေရာ ငါးရက်ပွဲပြီးရင် နောက်တစ်နေရာဆက်လိုက်တာပေါ့။ နားတယ်ဆိုတာမရှိဘူး” လို့ ဒေါ်သန်းအေးက ပြောတယ်။
ဘုရားပွဲတော်တွေဆိုတာကလည်း ကလေးလူကြီး လူငယ်အရွယ်စုံ ပျော်ပျော်ရွှင်ရွှင်နဲ့ နွှဲဖို့လာကြတော့ ဘယ်ဈေးသည်ပဲ ဖြစ်ဖြစ် မရောင်းရတာ မရှိဘူးလို့ပြောတယ်။ သူ့လိုကလေးကစားစရာရောင်းတဲ့သူတောင် တစ်ညကို တစ်သိန်းကျော် လောက် ရောင်းနေရပြီး မရောင်းရတဲ့ နေ့တွေဆိုရင်တောင် ရှစ်သောင်းတစ်သိန်းကတော့ ရတယ်လို့ဆိုတယ်။
” ပွဲဈေးရှိတဲ့ကာလတွေကတော့ ဈေးသည်တိုင်း ငွေရွှင်တာပေါ့။ ဘာရောင်းရောင်း စားကြဝယ်ချမ်းကြတာပါပဲ” လို့ ဒေါ် သန်းအေးကပြောတယ်။
ပွဲတော်တွေ ရုတ်တရက်ရပ်နားလိုက်ရတော့ ပစ္စည်းတွေသိမ်းပြီး နောက်ပွဲမှာရောင်းဖို့ ထားလိုက်တော့မယ်ဆိုတဲ့ အတွေးနဲ့ ပြန်ခဲ့ပေမယ့် ရက်ကြာလာတဲ့အခါ သူတို့ဘဝတွေတဖြည်းဖြည်းခက်ခဲလာတော့တယ်။
ပွဲဈေးတွေမကျင်းပနိုင်ပေမယ့် စားဝတ်နေရေးရှိတဲ့အတွက် ရပ်ကွက်ဈေးတွေမှာ ကလေးကစားစရာပစ္စည်းတွေရောင်းချ ခဲ့ပေမယ့် ဆယ့်နှစ်ပွဲဈေးသည်ဘဝမှာလို မရောင်းရဘဲ တစ်နေ့စားဖို့တောင်အနိုင်နိုင်ပဲလို့ ဒေါ်သန်းအေးက ပြောတယ်။
” ပွဲမရှိတဲ့ကာလကတော့ တော်တော်ခက်ခဲတာပေါ့။ ဈေးတွေမှာ သွားရောင်းလည်း ရောင်းရတဲ့ပိုက်ဆံက စားလို့မလောက် ဘူး။ လမ်းစရိတ်တောင် ရှုံးတယ်” လို့ ဒေါ်သန်းအေးကပြောတယ်။
ကိုဗစ်နဲ့တစ်ဆက်တည်း အာဏာသိမ်းကာလရောက်ပြန်တော့လည်း ကုန်ဈေးနှုန်းတက်တဲ့ဒဏ်တွေနဲ့ အခက်ခဲဆုံးပဲလို့ ငြီးတွားတယ်။
အရင်တုန်းကဆို လက်ထဲပိုက်ဆံက ရှိနေတော့ မိသားစုတွေ အဆင်ပြေပြေနေနိုင်ခဲ့သလောက် အခုကာလမှာတော့ ချေး ငှားလိုက်၊ ဈေးရောင်းလိုက်၊ အကြွေးပြန်ဆပ်လိုက်၊ အရင်းပါသွားလို့ ပြန်ချေးငှားလိုက်နဲ့ သံသရာလည်နေတယ်လို့ ဒေါ်သန်းအေးက ဆိုတယ်။
ဒေါ်သန်းအေးလိုပဲ ကိုဗစ်ကူးစက်ရောဂါကြောင့် ပွဲဈေးတွေရပ်နားခဲ့ရပေမယ့် လအနည်းငယ်လို့ ထင်ရာကနေ နှစ်နှစ်ကျော် သွားတဲ့အတွက် အခက်အခဲဖြစ်ရသူကတော့ ဆယ့်နှစ်ပွဲဈေးသည်တစ်ဦးဖြစ်သူ ဒေါ်မြတ်(အမည်လွှဲ)ပါ။
မြန်မာ့ရိုးရာမုန့်တစ်မျိုးဖြစ်တဲ့ မုန့်သိုင်းခြုံကို ဘုရားပွဲတော်တွေမှာ ရောင်းချနေတဲ့ ဒေါ်မြတ်က မန္တလေးကျောက်တော်ကြီး ဘုရားပွဲ၊ မြစ်သားတန်ဆောင်တိုင်ပွဲစတဲ့ အထက်မြန်မာပြည်က ပွဲဈေးမှန်သမျှ သူတို့မလိုက်တဲ့ပွဲမရှိခဲ့ဘူးလို့ဆိုတယ်။
ဆယ့်နှစ်ပွဲဈေးသည်ဘဝနဲ့ မုန့်သိုင်းခြုံရောင်းချပြီး အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ ဒေါ်မြတ်တို့က ဒီအလုပ်တစ်ခုတည်း နဲ့ပဲ သားသမီးတွေကို ကျောင်းထားပေးနိုင်ခဲ့၊ ကားဝယ်နိုင်ခဲ့တာလို့ဆက်ပြောတယ်။ ဆယ့်နှစ်ပွဲဈေးသည်အဖြစ်နဲ့ စီးပွားဖြစ် ခဲ့ပေမယ့် ပွဲတွေမရှိတော့ကတည်းက စုဆောင်းထားတာတွေလည်း တဖြည်းဖြည်းနဲ့ကုန်ခဲ့တယ်လို့ဆိုတယ်။
ကိုဗစ်ရောဂါမြန်မာနိုင်ငံမှာကူးစက်လို့ လူစုလူဝေးတွေကန့်သတ်လိုက်ချိန်မှာ ဒေါ်မြတ်တို့ကကျောက်ဆည်မြို့က ဘုရားပွဲ တစ်ခုမှာ ရောင်းချနေတာပါ။ ကိုဗစ်ကြောင့် ပွဲတွေရပ်နားလိုက်တော့ ဈေးသည်တွေလည်း နေရပ်ပြန်ခဲ့ရတယ်။
” အစကတော့ခဏပဲ ပြီးရင်ပွဲဈေးတွေပြန်စမှာပဲဆိုပြီး တွေးထားတာ၊ လကတဖြည်းဖြည်းကြာလာပြီး နားခဲ့ရတာအခုထိပဲ” လို့ ဆိုတယ်။
ပွဲဈေးမရှိတဲ့ ကာလတွေမှာ ရှိတာလေးနဲ့ စားသောက်နေထိုင်ပေမယ့် တဖြည်းဖြည်းရက်ကြာလာတဲ့အပြင် အာဏာသိမ်း ပြီးနောက်ပိုင်း စီးပွားရေးက တဖြည်းဖြည်းကျပ်တည်းလာတဲ့အတွက် ခင်ပွန်းဖြစ်သူကအိမ်မှာရှိတဲ့ ကားလေးကို ကုန်ကား အဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့တယ်။
ဒေါ်မြတ် ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တဲ့ မုန့်သိုင်းခြုံဆိုတာလည်း ပွဲတော်တွေမှာပဲစားကြရောင်းရတဲ့ မုန့်အမျိုးအစားဆို တော့ ဒါတစ်ခုတည်းနဲ့ တစ်နေရာတည်းမှာရောင်းချလို့လည်းအဆင်မပြေသလို အခြားစားစရာလို အွန်လိုင်းကနေ ရောင်း ချတာမျိုးလည်း မလုပ်တတ်တဲ့အတွက် ကုန်စိမ်းရောင်းတာနဲ့ အသက်မွေးရတယ်။
ဈေးမှာ ကုန်စိမ်းရောင်းပေမယ့် ပွဲဈေးမှာ မုန့်သိုင်းခြုံရောင်းသလိုမရောင်းရတာကြောင့် ရှိတဲ့ပစ္စည်းလေး ထုခွဲရောင်းချပြီး အရင်းလုပ်လိုက်နဲ့ ဖြတ်သန်းနေရတယ်လို့ဆိုတယ်။
” ကိုယ်တစ်ယောက်ထဲတော့ မဟုတ်ပါဘူး၊ ကျန်သူတွေကလည်းခက်ခဲကြတယ်၊ ပွဲဈေးသည်မှာတော့ ဒါတွေနဲ့ ကြီးပျင်းပြီး ဒါနဲ့ ရှာစားရတဲ့သူမှန်သမျှ ခက်ခဲကြပါတယ်”လို့ ဒေါ်မြတ်ကပြောတယ်။
လတ်တလောမှာ တိုင်းပြည်အခြေအနေကြောင့် ဘုရားပွဲတော်တွေ ပွဲဈေးတွေ ပြန်မလုပ်နိုင်သေးပေမယ့် နေရာ အချို့မှာ တော့ ဈေးဆိုင်ခန်းအနည်းငယ်နဲ့ ဈေးပွဲတော်လေးတွေ ကျင်းပနေတာကြောင့် ယင်းဈေးပွဲတော်လေးတွေမှာ မုန့်သိုင်းခြုံ ပြန်လည်ရောင်းချနေရတယ်လို့ ဆက်ပြောတယ်။
ဒါပေမယ့်အရင်လို ဇာတ်ပွဲကြီးတွေချိမ့်ချိမ့်သဲသဲ၊ ဈေးဆိုင်ခန်းရာကျော်မပါဘဲ ဆိုင်ခန်းနည်းနည်းနဲ့လုပ်တာကြောင့် ပွဲကြီး တွေလိုတော့ မစည်ကားဘူးလို့ဆိုတယ်။
” အခုပွဲကတော့ ခဏပဲရောင်းရတာမျိုးပေါ့၊ ညနေငါးနာရီ ခြောက်နာရီလောက်လူလာတယ်။ ည၈နာရီဆိုလူပြတ်တယ်။ အရင်တုန်းကလိုတော့ စိတ်လွတ်ကိုယ်လွတ်မရောင်းရဘူး”လို့ဆိုတယ်။
အရင်ကာလတွေတုန်းကဆို ဇာတ်ပွဲကြီးတွေနဲ့ မနက်ရောညရော တစ်နေ့လုံး၊ တစ်ညလုံး ရောင်းချလာခဲ့တာကြောင့် အရင် လို ပွဲဈေးရှိတဲ့ဘဝမျိုးကို ပြန်လွမ်းမိတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာဒေသအလိုက် တစ်နှစ်မှာတစ်ကြိမ်သာကျင်းပတဲ့ ဒေသဆိုင်ရာတန်ခိုးကြီးဘုရားပွဲတော်ကြီးတွေရှိကြပြီး အဲဒီ ပွဲတော်ကြီးတွေထဲမှာ ဒေသကြီးရင်ကြီးသလို ပွဲခင်းကြီးတဲ့ ဘုရားပွဲကြီးတွေကို ဗြိတိသျှအစိုးရ ရှိစဉ်အခါတုန်းက “ဂေဇတ်ရ ဘုရားပွဲကြီးများ” လို့သတ်မှတ်ပေးတယ်လို့ လူထုဒေါ်အမာရေးသားတဲ့ ၁၂ ပွဲ ဈေးသည်စာအုပ်မှာ ဖော်ပြထားပါတယ်။
ရပ်ရွာမှာရှိတဲ့ တန်ခိုးကြီးဘုရားရဲ့ ဆွမ်းတော်ကြီးတင်လှူပွဲ၊ ဆွမ်းကြီးလောင်းပွဲ ၊ဆီမီးပူဇော်ပွဲများကို ဘုရားပွဲတော်တို့ရဲ့ ထုံးစံအတိုင်း ကျင်းပလှူဒါန်းကြပြီး အဲ့ဒီပွဲတော်ကိုမှီပြီး ဒေသထွက်အရောင်းအဝယ်ပြုလုပ်ရာ တစ်နှစ်ကို တစ်ဈေး ဈေးကြီး ခင်းကျင်းတာက ဒီဂေဇတ်ရဘုရားပွဲကြီးများရဲ့ ဝိသေသလက္ခဏာလို့ဆိုတယ်။
ပွဲလာသူ အတော်များများက ကိုယ့်ပါလာတဲ့ထုတ်ကုန်ကလေးတွေကို ပွဲခင်းကြီးထဲမှာပဲ၊ တစ်နေရာရာမှာ ပျံကြဈေးသည် အဖြစ်နဲ့ ချရောင်းတက်ပြီး အဲ့ဒီကရတဲ့ ပိုက်ဆံနဲ့ကိုယ်လိုအပ်ရာရာကို ပွဲဈေးကပြန်ပြီး ဝယ်ကြချမ်းကြတယ်။ ဒီလို ရောင်း စရာမရှိလည်း ငွေရှိတဲ့လူက ငွေပိုက်လာပြီး တစ်နှစ်စာ အိမ်သုံး လယ်ယာသုံး ပစ္စည်းတွေကိုဒီပွဲမှာ လာဝယ်ပါတယ်။
ဒေသတစ်ခုရဲ့ ကောက်ပဲသီးနှံပေါ်ချိန်မျိုးမှာ ခင်းကျင်းပေးတဲ့ ပွဲဈေးကြီးရှိရာကို ဘုရားလည်းဖူးရင်း ကုန်ဖလှယ်မှုလည်း ပြုရင်း ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့လည်းတွေ့ရင်း အနယ်နယ်အရပ်ရပ်ကပဲ ပွဲတော်ကိုလာကြပြီး တစ်နှစ်တာအတွက် အပန်းလည်းဖြေရင်းပေါ့လို့ လူထုဒေါ်အမာက ရေးသားထားပါတယ်။
မြို့နေလူထုတွေက မီနီမားကတ်တို့ ဒီပါ့တ်မင်တယ်စတိုးတို့ ဆိုတာမျိုးတွေကို ဝင်ထွက်သွားလာနေပြီး ဘုရားပွဲကြီးဆိုတာ ရွှေတိဂုံ၊ တပေါင်းပွဲလောက်သာမြင်ဖူးတယ်ဆိုရင်တော့ ဂေဇတ်ရဘုရားပွဲကြီးတစ်ပွဲလောက်ကိုကြုံဆုံရင် သွားကြည့် စေချင်ကာ ဘယ်မှာမှ ဘယ်တော့မှ မမြင်မတွေ့ရဖူးတာတွေကို တွေ့မြင်ရမှာပါလို့လည်း ပွဲတော်တွေရဲ့ သွင်ပြင်ကို လူထု ဒေါ်အမာက ရေးသားထားပါတယ်။
ပွဲတော်တွေမှာ ရောင်းချတဲ့ ဆယ့်နှစ်ပွဲဈေးသည်တွေအဖို့ ပွဲတော်တွေက ဆက်တိုက်ဆိုသလိုနဲ့ နားရတဲ့ လရယ်လို့မရှိဘဲ သီတင်းကျွတ်လဆိုလည်း ကျောက်တော်ကြီးဘုရား၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စသဖြင့် လအလိုက်ပွဲတော်တွေ ကို မျှော်လင့်ခဲ့ရတာလို့ ပွဲဈေးတွေမှာ အပျော်စီးချားရဟတ် လုပ်ငန်းလုပ်ဆောင်နေတဲ့ ကိုမိုး(အမည်လွှဲ)က ပြောပါတယ်။
ကိုမိုးတို့ မိသားစုတွေက အပျော်စီးချားရဟတ်လုပ်ငန်းကို လုပ်ဆောင်ခဲ့တာ နှစ်သုံးဆယ်ကျော် သက်တမ်းရှိပါပြီ။
ဗိုလ်အုန်းသီးလို့ခေါ်တဲ့ သံကားလေးတွေနဲ့ ချားအသေးလေးတွေကနေ၊ ရဟတ်၊ ပင်လယ်ဓားမြလှေအထိ အဆင်ဆင့် ပြောင်းလဲ လုပ်ဆောင်ခဲ့ပြီး ဘဝရဲ့ အချိန်တော်တော်များများက ပွဲဈေးခင်းထဲမှာပဲ ကုန်ဆုံးခဲ့တာလို့ ဆိုတယ်။
ကိုဗစ်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အထိနာခဲ့တဲ့ ဆယ့်နှစ်ပွဲဈေးသည်တွေထဲ သူလည်းတစ်ဦးအပါအဝင် ဖြစ်ခဲ့ပြီး ပွဲဈေး တွေမရှိလို့ အပျော်စီးချားရဟတ်တွေ မလုပ်ဆောင်နိုင်တဲ့အခါ သူပိုင်ဆိုင်တဲ့ ဆယ့်နှစ်ဘီးကုန်တင်ကားနဲ့ ရန်ကုန်-မန္တလေး ကုန်တင်ကုန်ချလုပ်ငန်းအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတယ်။
လုပ်ငန်းပြောင်းလဲ လုပ်ကိုင်ပေမယ့်လည်းကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်တာကြောင့် အဆင်မပြေခဲ့ဘဲ ရှိနေတဲ့ ကားပါ ရောင်းချလိုက်ရတယ်လို့ ဆိုတယ်။
” ကိုယ့်နယ်ပယ်မဟုတ်တော့ အဆင်မပြေကြဘူး။ အရှုံးနဲ့ပဲပြန်နားလိုက်တယ်။ လုပ်မစားချင်တော့ဘူး ရောင်းလိုက်မယ် ထိုင်စားမယ်ဆိုပြီး ကားရောင်းထိုင်စားနေတာပဲ” လို့ ကိုမိုးက ပြောတယ်။
သူနဲ့ဘဝတူ ဆယ့်နှစ်ပွဲဈေးသည်အချို့မှာလည်း ပွဲဈေးတွေမရှိတော့ စားဝတ်နေရေးခက်ခဲကြပြီး ဈေးတွေ လူစည်ကားရာ နေရာတွေမှာ ဈေးရောင်းရတာ၊ ကြံရာကျပန်းနဲ့ ရရာအလုပ် ရှာဖွေစားသောက်နေရတယ်လို့ ဆက်ပြောတယ်။
” တော်တော်များများက သူတို့မှာရှိတဲ့ ကားလေးတွေသုံးဘီးလေးတွေနဲ့ ဈေးပတ်လေးတွေ ပတ်လိုက်ကြတာရှိတယ်။ ကိုဗစ်ပြီးအာဏာသိမ်းပြီးနောက်က အကုန်လုံးကအရောင်းအဝယ်တွေ ပိုကျပ်တည်းတော့ ခက်ခဲကုန်ကြတယ်” လို့ကိုမိုးက ပြောတယ်။
ကိုဗစ်ကြောင့် ပွဲတော်တွေရပ်နားခဲ့စဉ်က လပိုင်းလောက်နားရမှာလို ထင်ခဲ့ပြီး ပွဲတွေရုတ်တရတ်နားလိုက်လို့ နေရပ်မပြန် နိုင်ဘဲ ဘုရားပွဲမှာ သောင်တင်နေတဲ့ ဆယ့်နှစ်ပွဲဈေးသည်အချို့ကိုတောင် မိတ်ဆွေတွေနဲ့ပေါင်းပြီး လအနည်းငယ်လောက် ထောက်ပံ့တာတွေ လုပ်ခဲ့ပါသေးတယ်။
ကိုဗစ်နဲ့အာဏာသိမ်းကာလကြာရှည်လာပြီး ဘုရားပွဲတော်တွေကျင်းပဖို့ကလည်း ဘယ်ဆီနေမှန်းမသိတော့ ဆယ့်နှစ်ပွဲဈေး သည်တွေလည်း တကွဲတပြားစီနဲ့လို့ ကိုမိုးကပြောတယ်။
ဆယ့်နှစ်ပွဲဈေးသည်တွေရဲ့ အသက်က ဘုရားပွဲတော်တွေဖြစ်တဲ့အတွက် အရင်လိုကျင်းပနေကျ ပွဲတော်ကြီးတွေကိုတော့ အမြန်ဆုံးကျင်းပစေချင်ပါတယ်။ ဒါပေမယ့် တိုင်းပြည်အခြေအနေမတည်ငြိမ်တာ၊ မာရှယ်လောထုတ်ထားတာတွေကြောင့် ပွဲတော်လုပ်မယ်ဆိုရင်တောင် အရင်လို ပြန်လည်စည်ကားနိုင်မှာမဟုတ်ဘူးလို့ သူကဆိုတယ်။
လတ်တလော တည်ငြိမ်တဲ့နေရာအချို့မှာ ဈေးပွဲတော်အသေးလေးတွေ ပြန်လုပ်ကြတာကြောင့် သူ့ချားရဟတ်လေးတွေ အပါအဝင် ဈေးသည်အချို့ လာရောက်ရောင်းချပေမယ့် ဂေဇတ်ရပွဲတွေလိုတော့ အားမရတာအမှန်ပဲလို့ ပြောတယ်။
” ၁၄၄ထုတ်ထားတဲ့အရှိန်နဲ့ မာရှယ်လောရှိတော့ များသောအားဖြင့် ၈နာရီဆို လူစုကွဲသွားပြီကို အဲ့ဒါမျိုးတွေကြောင့် တော် တော်များများက အဆင်မပြေဘူး။ ပွဲကြီးတွေစဖို့ကတော့ အလှမ်းဝေးနေဦးမယ်” ကိုမိုးက ပြောပါတယ်။
ဆယ့်နှစ်ပွဲဈေးသည်တွေကတော့ မြို့ကြီးတွေမှာ နယ်မြို့တွေမှာ ကျင်းပလေ့ရှိတဲ့ ဂေဇာတ်ရပွဲတွေ ပြန်လည်ကျင်းပဖို့ မျှော် လင့်ပေမယ့် တိုင်းပြည်တည်ငြိမ်မှ ပွဲတွေပြန်ရှိမယ်ဆိုတာ နားလည်တဲ့အတွက် အေးချမ်းဖို့မျှော်လင့်တယ်လို့ သူက ဆက် ပြောတယ်။
” သီတင်းကျွတ်ဆိုလပြည်နေ့ဆို ကျောက်တော်ကြီးပွဲ စပြီလေ၊နေ့ရောညပါအလုပ်လုပ်ရပြီ၊ မိုးလေလွတ်ရင် ငါတို့ဒီနေရာ မှာ လုပ်နေပြီဆိုပြီးအမှတ်ရနေတာ” လို့ ကိုမိုးက ပြောတယ်။
ပွဲတော်တွေကို အမှီပြုပြီးရောင်းချတဲ့ ဆယ့်နှစ်ပွဲဈေးသည်တွေက ပွဲမရှိရင် ရပ်တည်ဖို့ခက်ခဲတဲ့အတွက် ပွဲဈေးတွေ ပြန်လည် ရှိဖို့ မျှော်လင့်တယ်လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့မပန်းအိကပြောပါတယ်။
ရန်ကုန်မှာလုပ်တဲ့ ရေကျော်ပွဲဈေး၊ဗိုလ်တထောင်ပွဲဈေး၊လမ်းမတော်ပွဲဈေးနဲ့ မန္တလေးကကျောက်တော်ကြီးပွဲ၊ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတို့ နှစ်စဉ်သွားခဲ့တာကိုအမှတ်တရရှိခဲ့ပြီး ပွဲဈေးတွေရှိမှစားရတဲ့ ကောက်ညှင်းကျည်တောက်၊ အောင် ဗလမုန့်၊ မုန့်သိုင်းခြုံ၊ ထမင်းနှဲစတဲ့ မြန်မာ့ရိုးရာမုန့်တွေကို သတိတရရှိတယ်လို့ ဆိုတယ်။
ပွဲဈေးတွေရပ်နားခဲ့စဉ်က ပွဲဈေးတွေမှာ ရောင်းတဲ့ဆယ့်နှစ်ပွဲဈေးသည်တွေ အခက်အခဲဖြစ်တာ၊ နေရပ်မပြန် နိုင်တာတွေ ကြားသိရပြီး ကောက်ညှင်းကျည်တောက်ရောင်းတဲ့ ဆယ့်နှစ်ပွဲဈေးသည်အဖွားတစ်ဦးရဲ့ ကောက်ညှင်းကျည်တောက်တွေ ကို ဝယ်ယူစားသုံးဖို့ အွန်လိုင်းမှာတင်တာတွေလုပ်ခဲ့ပေးတယ်လို့ဆိုတယ်။
” အဲ့ဒီအဖွားက ပွဲဈေးမှာမရောင်းရတော့ သူ့အိမ်မှာ တစ်နိုင်လေးရောင်းနေတာ၊ သူဘယ်နေရာမှာရောင်းနေပါတယ်ဆိုတဲ့ အကြောင်းကို ဖုန်းနံပါတ်တောင်းပြီး အစားအသောက် ပိုစ့်တစ်ခုမှာ တင်ပေးခဲ့တယ်။ အွန်လိုင်းတင်တော့ သွားဝယ်စား ကြတဲ့သူတွေ အများကြီးဖြစ်ခဲ့တယ်”လို့ သူကဆိုတယ်။
ပွဲတော်တွေကို အမှီပြုရတဲ့ဆယ်နှစ်ပွဲဈေးသည်တွေကတော့ ပွဲတော်တွေရှိမှ ဝမ်းရေးအဆင်ပြေတဲ့အတွက် အရင်လို ဂေဇတ်ရပွဲတော်ကြီးတွေပြန်လုပ်ဖို့ မျှော်လင့်ပေမယ့် တိုင်းပြည်အခြေအနေကြောင့် မမျှော်လင့်ရဲပြန်ဘူးလို့ ဆိုတယ်။
ပွဲတော်တွေ ကျင်းပနိုင်မယ်ဆိုရင်တောင် လူတွေကျပ်တည်းနေတာရယ်၊ လက်ရှိကုန်ဈေးနှုန်းတက်ပုံနဲ့ဆိုရင် အရင်လို ရောင်းရပါ့မလားဆိုတာလည်း စိတ်ပူမိပြန်တယ်။
ဘာပဲဖြစ်ဖြစ် ဆယ့်နှစ်ပွဲဈေးသည်ဘဝမှာ ကျင်လည်နေပြီဖြစ်တော့ ပွဲတော်တွေကျင်းပမယ့်အသံကိုပဲ နားစွင့်နေတယ်လို့ ဒေါ်သန်းအေးကဆိုတယ်။
” ပွဲမရှိရင်ဒုက္ခရောက်တယ်။ ပွဲမျှော်နေရတာ ၊ ပွဲကိုပြန်ရှိပါစေဆုတောင်းနေတာ”