ရွှေသွဲ့။ ။
“အိမ်ထောင်ရေးကို လုံးဝ အပျက်အစီး မခံနိုင်ခဲ့ဘူး။ သည်းခံလို့ရသလောက် သည်းခံနေခဲ့တာ။ ဒါက ကိုယ့်ရဲ့ ကမ္ဘာ ကြီးလို့ ထင်ခဲ့လို့လေ”လို့ ဆိုလာတဲ့သူကတော့ ဟိန္ဒူဘာသာဝင် အမျိုးသမီး မစန္ဒာပဲဖြစ်ပါတယ်။
မစန္ဒာဟာ အသက် ၁၈ နှစ်အရွယ်မှာ မိဘပေးစားလို့ ဘာသာတူချင်း ထုံးတမ်းအစဉ်အလာအတိုင်း လက်ထပ် ခဲ့တာ ဖြစ်ပါတယ်။ အပြစ်ပြောစရာ မရှိလောက်အောင် လှပနုငယ်တဲ့ မစန္ဒာဟာ သာမန်ဝင်ငွေသာ ရှိတဲ့ မိသားစု အသိုင်းအဝိုင်းက ဖြစ်ပေမယ့် သူ့မရဲ့ အမျိုးသားကတော့ ချမ်းသာကြွယ်ဝတဲ့ အသိုင်းအဝိုင်းက ဖြစ်ပါတယ်။
အစဉ်အလာအတိုင်း မင်္ဂလာဆောင်ပြီး ယောက်ျားဖြစ်သူရဲ့ အိမ်မှာ လိုက်နေခဲ့ရတဲ့ မစန္ဒာဟာ ယောက်ျားဖြစ်သူရဲ့ ဝေယျာဝစ္စအပြင် မီးဖိုချောင်တာဝန်ကိုလည်း ထမ်းဆောင်ရပါတယ်။
အိမ်မှုတာဝန်တွေကို နေ့စဉ်နဲ့အမျှ ကျေပွန်အောင် ထမ်းဆောင်နေပေမယ့်လည်း အမျိုးသားဖြစ်သူရဲ့ မျက်နှာသာ ပေးခြင်း၊ ချစ်ခြင်းမေတ္တာတွေကတော့ အပြည့်အဝ မရခဲ့တဲ့အပြင် ယောက်ျားဖြစ်သူဟာ နေ့တိုင်းနီးပါး အရက် သောက်ပြီး မိန်းမဖြစ်သူကို မချေမငံ ဆက်ဆံတတ်ပါတယ်။ ဒီလို အခြေအနေကို မစန္ဒာရဲ့ တအိမ်ထဲနေတဲ့ ယောက္ခမတွေ ( ယောက်ျားရဲ့ အဖေနဲ့အမေ) က မြင်တွေ့နေပေမယ့်လည်း တစ်ခါမှ ဆိုဆုံးမတာ မရှိခဲ့ပါဘူး။
ဒီလိုနဲ့ အိမ်ထောင်သက် နှစ်နှစ်ကြာတဲ့အချိန်မှာ သမီးမိန်းကလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ ကလေးရရင် ယောက်ျားဖြစ်သူ စိတ်ပြောင်းပြီး မိသားစုအပေါ် အချိန်ပေးလာမယ်လို့ တွေးထင်ခဲ့ပေမယ့် အခြေအနေတွေက ပြောင်းလဲမလာခဲ့ပါဘူး။
သောက်မြဲတိုင်း သောက်တယ်။ နိုင်ထက်စီးနင်း စကားလုံးတွေနဲ့ ထိုးနှက်တယ်။ ကိုယ်ထိလက်ရောက် ရိုက်နှက်ဖို့ ကြိုးစားတဲ့အခါတွေရှိပေမယ့် အရှောင်ကောင်းတဲ့အတွက် ပြင်းပြင်းထန်ထန် အရိုက်ခံရတာတော့ မရှိခဲ့ဖူးဘူးလို့ မစန္ဒာက ပြောပြပါတယ်။
သမီးမိန်းကလေး တစ်ယောက်ထဲမွေးလို့များ အိမ်ထောင်ရေးက အဆင်မပြေ ဖြစ်နေတာလားဆိုပြီး သားလေး တစ်ယောက် ထပ်မွေးတော့လည်း အခြေအနေက ပြောင်းလဲလာတာ မရှိဘူးလို့ မစန္ဒာက ဆက်ပြောပြပါတယ်။
အိမ်ထောင်ရေးက နေ့တိုင်း ပြဿနာတက်နေပေမယ့်လည်း မစန္ဒာဟာ ဘယ်သူ့ကိုမှ ဖွင့်ဟတိုင်ပြောတာမရှိဘဲ သူတစ်ယောက်ထဲသာ ကြိတ်မှိတ်ခံစားခဲ့ပါတယ်။
ဒီလို သည်းခံပြီး ပေါင်းသင်းနေတာဟာ တည်ဆောက်ထားပြီးသားဖြစ်တဲ့ အိမ်ထောင်ရေး မပြိုကွဲချင်တဲ့အပြင် အိမ်ထောင်ရေးက သူ့ရဲ့ ကမ္ဘာကြီးလို့ တွေးထင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒီလိုတွေးထင်အောင်လည်း အရိုးစွဲနေတဲ့ ရှေး အစဉ်အလာကို လက်ဆင့်ကမ်း သယ်ဆောင်နေပြီး လိုက်နာကျင့်သုံးတတ်အောင် သင်ပြပေးခဲ့လို့ပဲ ဖြစ်တယ်လို့ မစန္ဒာက ဆိုပါတယ်။
“သမီးတွေကို အိမ်ထောင်ချပေးမယ်ဆိုရင် သမီးကိုတော့ အရမ်းဆုံးမကြတယ်။ သေရင် အိမ်ထောင်ကျတဲ့အိမ် ကပဲ အလောင်းထွက်ရမယ်။ သားကိုသခင်၊ လင်ကိုဘုရား မိဘတွေက အဲ့ဒီလိုပဲ သင်ပေးပြီးတော့ အိမ်ထောင်ချ ပေးတာ” လို့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောပြနေတဲ့ မစန္ဒာရဲ့ အသံဟာ ခက်ထန်လာပါတယ်။
သမီးမိန်းကလေးတွေကို အိမ်မှုတာဝန်ကျေပွန်ဖို့၊ လင့်ဝတ္တရားကျေပွန်ဖို့နဲ့ သက်ဆုံးတိုင် ပေါင်းသင်းဆက်ဆံဖို့ကို သင်ကြားပေးပေမယ့် သားယောက်ျားလေးတွေကိုတော့ ယူထားတဲ့ မိန်းမအပေါ်ကို ဘယ်လိုတာဝန်ယူမှု တာဝန်ခံ မှုရှိရမယ်ဆိုတာ သင်ကြားပေးတာမျိုး မရှိသလောက် ရှားတယ်လို့ မစန္ဒာက ဆိုပါတယ်။
နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲပြီး သောကတွေနဲ့ အချိန်ကုန်ခဲ့ရတဲ့ မစန္ဒာဟာ အိမ်ထောင်သက် ရှစ်နှစ်ပြည့်တဲ့ အချိန်မှာ တော့ ဒီနွံထဲက ရုန်းထွက်ဖို့အတွက် ကလေးနှစ်ယောက်ကို လက်ဆွဲပြီး သူ့မိဘအိမ်ကို ပြန်ရောက်လာခဲ့ပါပြီ။
“သူတို့ချမ်းသာတော့ အမတွယ်ကပ်ပြီး သေတဲ့အထိနေသွားမယ် ထင်နေပုံရပါတယ်။ အမဆင်းလာတဲ့အချိန်က ဆို သူတို့က အချိန်တန်ရင် ပြန်တက်လာမယ်လို့ ထင်နေတာလေ” လို့ မစန္ဒာက ဆိုပါတယ်။
အဲ့ဒီအိမ်ကြီးပေါ်ကနေ ဆင်းလာပြီး ကလေးတွေရဲ့ ရှေ့ရေးအတွက် တစ်ယောက်ထဲ ကြိုးစားရုန်းကန်နေတာ အခုဆို ဆယ့်နှစ်နှစ်တိုင်ခဲ့ပါပြီ။ မခံချင်တဲ့ စိတ်နဲ့ အလုပ်ကြိုးစားလုပ်ကိုင်ခဲ့တဲ့အတွက် ထိုက်သင့်တဲ့ အောင်မြင်မှု လည်း ရရှိခဲ့တယ်လို့ မစန္ဒာကဆိုပါတယ်။
အချို့သော ဟိန္ဒူအမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီးရင် အိမ်အပြင်ထွက် အလုပ်လုပ်ခွင့်၊ စီးပွားရှာခွင့်မရတော့ ဘဲ အိမ်မှုတာဝန်တွေဖြစ်တဲ့ သန့်ရှင်းရေး၊ အဝတ်လျှော်၊ အချက်အပြုတ်၊ ကလေးထိန်းအစရှိတဲ့ အလုပ်တွေကို သာ လုပ်ကိုင်ခွင့်ရတာဟာ ရှေးအရင်ကတည်းက အယူတွေ အခုထိ ကိုင်စွဲနေကြဆဲ ဖြစ်တယ်လို့ အမည်မဖော်လို တဲ့ ကချင်ပြည်နယ်က ဟိန္ဒူဘာသာဝင် တရားလွှတ်တော်ရှေ့နေက ဆိုပါတယ်။
ဟိန္ဒူဘာသာဝင်တွေထဲက ငွေကြေးချမ်းသာကြတဲ့ အသိုင်းအဝိုင်းအများစုဟာ အိမ်အကြီးကြီးတွေဆောက်ပြီး အိမ်ထောင်ကျသွားတဲ့ သားတွေကို အိမ်ထောင်ခွဲပေးတာမျိုးမလုပ်ဘဲ မိသားစုဝင်တွေ အများကြီး အိမ်တစ်လုံးထဲ မှာ စုနေကြပြီး ချွေးမတွေကို မီးဖိုချောင်တာဝန်၊ အိမ်ထောင့်တာဝန်တွေကိုသာ ပေးလေ့ရှိပါတယ်။ အဲ့ဒီလို ဂုဏ် ရှိန်ဝါကြီးတဲ့ မိသားစုတွေထဲ ရောက်သွားတဲ့ ချွေးမတွေဟာ လွတ်လပ်စွာ နေထိုင်ခွင့် မရှိတော့ဘူးလို့ အထက်ပါ ရှေ့နေက ဆက်ပြောပါတယ်။
ဒီလိုမျိုးနွယ်စုတွေထဲက မစန္ဒာလို အိမ်ထောင်ကွဲပြီး ဖောက်ထွက်လာတာမျိုး တော်တော်ရှားပါးတယ်လို့ ရှေ့နေက ပြောပါတယ်။
ဟိန္ဒူဥပဒေအရ ကွာရှင်းခွင့်မပေးထားသလို နောက်အိမ်ထောင်ပြုခွင့် မပေးထားပါဘူး။ သို့သော်လည်း အမျိုး သမီးတွေအနေနဲ့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် တသက်လုံး အနှိပ်စက်ခံပြီး နေရမယ့်အခြေအနေနဲ့ ကြုံလာရင် တော့ တရားရုံးမှာ ကွာရှင်းဖို့ လျှောက်ထားလို့ ရတယ်လို့ ရှေ့နေကဆိုပါတယ်။
“နှုတ်ဖြင့်သော်လည်းကောင်း ၊ စိတ်နာကျင်အောင် ပြင်းထန်စွာပြောဆိုပြီး ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်တယ်။ အိမ်ထောင်ရေး ဖောက်ပြန်တယ်ဆိုရင် တရားရုံးမှာ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကို ကွာရှင်းဖို့ လျှောက်ထားခွင့်ရှိ တယ်။ အဲ့ဒီလို အကြောင်းပြချက် မခိုင်လုံရင်တော့ ဘယ်နည်းလမ်းနဲ့မှ ကွာရှင်းလို့ မရပါဘူး” လို့ အဆိုပါ တရား လွှတ်တော်ရှေ့နေက ဆိုပါတယ်။
ဥပဒေအရ ဒီလို လုပ်ပိုင်ခွင့်ပေးထားပေမယ့်လည်း အိမ်ထောင်ရှင် ဟိန္ဒူ အမျိုးသမီး အများစုဟာ သူတို့ အိမ် ထောင်ရေး အဆင်မပြေတာတွေ အများကြီး ရှိနေပေမယ့်လည်း ကြိတ်မှိတ်သည်းခံပြီး ပေါင်းသင်းနေထိုင်ကြတာ များတယ်လို့ အသက် ၃၀ အရွယ် ဟိန္ဒူဘာသာဝင် မရတနာက ဆိုပါတယ်။
“ကိုယ်ထိလက်ရောက် လုပ်တာတွေလည်း ရှိတယ်။ တစ်ခါတစ်လေ သူ့အားကြီးနဲ့ ရိုက်လိုက်ရင် မျက်နှာမှာ ဖူး ယောင်နေလို့ အပြင်မထွက်ရဲဘူး။ မီးဖိုခန်းထဲမှာပဲ တစ်နေကုန် အချိန်ကုန်ခဲ့တယ်။ သမီးလေးက ၁၀ နှစ်ဆိုတော့ သိတတ်နေပြီ။ မေမေ့ကို ဖေဖေလုပ်ထားတာ မဟုတ်လားလို့ မေးရင် တကယ်စိတ်မကောင်းဖြစ်မိတယ်” လို့ မရတနာက ရင်ဖွင့်ပါတယ်။
ဟိန္ဒူဘာသာဝင် မရတနာက အိမ်ထောင်သက် ၁၃ နှစ်ရှိပြီး မိဘပေးစားလို့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အစပိုင်း မှာ အမျိုးသားဖြစ်သူက ကြင်ကြင်နာနာရှိသလို အပြင်ထွက် ပိုက်ဆံရှာတဲ့နေရာမှာလည်း တော်တဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှသာ သိသိသာသာ ပြောင်းလဲလာပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်တဲ့အထိ ဖြစ်လာတာပဲလို့ မရတနာက ဆိုပါတယ်။
“တခါတလေ ဘယ်သူမှ မသိအောင် ထွက်ပြေးချင်စိတ် ပေါက်တယ်။ ကိုယ့်ခံစားချက်တွေ မြိုသိပ်ရတာများလာ တော့။ ဘယ်သူ့မှလည်း ပြောပြလို့ မရဘူး။ ပြောပြရင် ပိုဆိုးမယ့်အခြေအနေမို့ ဘယ်သူ့မှ မပြောဘဲ ကိုယ်တစ် ယောက်ထဲ သည်းခံပြီးနေရတယ်” လို့ သက်ပြင်းချသံနဲ့အတူ မရတနာက ပြောပါတယ်။
သမီးလေးအိမ်ထောင်ကျရင် သူ့လိုဘဝမျိုး မဖြစ်အောင် ပြုစုပျိုးထောင်ပေးမယ်လို့ တွေးထားပေမယ့်လည်း သူ တို့ (ယောက်ျားဘက်က အမျိုးများ) သဘောတူတဲ့သူတွေ့ရင် ပေးစားမှာကိုလည်း စိုးရိမ်စိတ်ဖြစ်တဲ့အခါလည်း ရှိ တယ်လို့ မရတနာက ဆိုပါတယ်။
တစ်ချို့အမျိုးသမီးတွေဟာ သူတို့ကိုယ်တိုင် အကြမ်းဖက်ခံနေရတယ်ဆိုတာ မသိကြပါဘူး။ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်လာအရ လိုက်နာကြတဲ့အခါ သူတို့မှာ အခွင့်အရေးဆိုတာ ဘာမှန်းမသိဘူးဖြစ်နေကြပြီး၊ သူတို့ကို ဆဲဆိုရိုက်နှက်တာကို ဘာမှပြန်ပြီး မတုန့်ပြန်ဘဲ ငြိမ်နေရင်းနဲ့ စိတ်ဒဏ်ရာရနေတဲ့ အမျိုးသမီးတွေ အများကြီးပါလို့ အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးကွန်ရက် တည်ထောင်သူ ဒေါ်ကက် သလင်းသိန်းက ဆိုပါတယ်။
“အမျိုးသမီးတွေအပေါ် အကြမ်းဖက်တယ်ဆိုရင် လူတော်တော်များများက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ တစ်ခုပဲ ထင်နေကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခံရတာတွေကို လည်း သိထားဖို့လိုပါတယ်” လို့ ဒေါ်ကက် သလင်းသိန်းက ဆက်ပြောပါတယ်။
တစ်ချို့သော ဟိန္ဒူဘာသာဝင် အမျိုးသမီးတွေဟာ မကြာခဏဆိုသလို ဆက်သွယ်ပြီး အကူအညီ တောင်းတာမျိုး တွေ ရှိလာတဲ့အခါမှာ အိမ်ထောင်ရေးပျက်ပြားစေမယ့် သဘောမျိုးမပြောဘဲ နှစ်သိမ့်ပေးတာ၊ သူတို့တွေရဲ့ ခံစား ချက်တွေ ရင်ဖွင့်ပြောဆိုလာတာကို နားထောင်ပေးတာလုပ်ပေးပြီး ကြီးမားတဲ့ ပြဿနာတွေဆိုရင်တော့ အမျိုး သမီးရေး တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးတာမျိုးတွေ လုပ်ပေးတယ်လို့ ဒေါ်ကက် သလင်းသိန်းက ဆိုပါတယ်။
ရှေးအစဉ်အလာအရရော ပြဌာန်းထားတဲ့ ဥပဒေအရပါ ဟိန္ဒိူဘာသာဝင် အမျိုးသမီးတွေ အိမ်ထောင်ပြုပြီးရင် ကွဲလို့မရဘူး။ ယောက်ျားသေလို့ပဲဖြစ်ဖြစ်၊ အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီးပဲဖြစ်ဖြစ် နောက်ယောက်ျားယူခွင့် မရှိဘူးဆိုတာကို ကြည့်ခြင်းအားဖြင့် ဥပဒေက ဟိန္ဒိူအမျိုးသားတွေကို အခွင့်အရေး အများကြီးပေးထားတာ ဖြစ် တယ်လို့ အမည်မဖော်လိုတဲ့ ကချင်ပြည်နယ်က ဟိန္ဒူဘာသာဝင် တရားလွှတ်တော်ရှေ့နေက ဆိုပါတယ်။
ဟိန္ဒူ ဥပဒေဖြစ်ပေါ်လာတာဟာ ကျမ်းစာကြီးတွေကနေတစ်ဆင့် ဖြစ်ပေါ်လာတဲ့အတွက် ဖိုဝါဒကြီးစိုးတဲ့ အငွေ့ အသက်တွေက တော်တော်များများ လွှမ်းခြုံထားတယ်လို့လည်း ရှေ့နေက သုံးသပ်ပါတယ်။
ဟိန္ဒိူဘာသာမှာ ပြုပြင်ပြောင်းလဲရမယ့် ဥပဒေတွေ များစွာရှိပေမယ့်လည်း မဖြစ်မနေ ပြောင်းလဲသင့်တဲ့ ဥပဒေ တွေက အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ အမွေဆက်ခံတဲ့ ကိစ္စတွေဆိုရင် ခေတ်နဲ့ညီအောင် ပြန်လည် ပြု ပြင်သင့်တယ်လို့ ရှေ့နေက ဆိုပါတယ်။
“ဥပဒေတွေလည်း ပြင်သင့်တာပြင်မယ်။ ဟိန္ဒူအမျိုးသမီးအခွင့်အရေး အပြည့်အဝရဖို့ လှုပ်ရှားနေတဲ့ အဖွဲ့အ စည်းတွေအနေနဲ့လည်း ဒါတွေကို များများပြောဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေက ကြာလာလေ အမှားကို အမှန်လို့မြင် လာကြလို့ပဲ”လို့ အထက်ပါ ရှေ့နေက ဆိုပါတယ်။
၂၀၁၄ တုန်းက ကောက်ခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော်ရှိသည့် မြန်မာနိုင်ငံမှာ ဟိန္ဒူဘာသာဝင် ဝ.၅ ရာခိုင်နှုန်း ရှိတယ်လို့ ဖာ်ပြချက်အရ သိရပါတယ်။
ဟိန္ဒူဘာသာဝင်တွေ မင်္ဂလာပွဲကျင်းပတဲ့အခါမှာ ဘုရားကျောင်းမှာပဲ ကျင်းပကြပြီး ဘုရားကျောင်းခန်းမရှေ့မှာ ငှက်ပျောပင်ကို ထောင်ရပါတယ်။ အဓိပ္ပာယ်က ငှက်ပျောပင်ဆိုတာက ခုတ်ပြီးပစ်လိုက်လည်း ပြန်ရှင်သန်နိုင် တယ်။ အိမ်ထောင်ရေးဆိုတာလည်း ဘယ်အရပ်၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ရှင်သန်နိုင်ရမယ်ဆိုတဲ့ အတိတ်နမိတ်နဲ့ မင်္ဂလာယူခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘုန်းတော်ကြီးများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦးသန်းအောင်က ဆိုပါတယ်။
နောက်ပြီး ကသစ်ပင်စိုက်ပါတယ်။ ကသစ်ပင်ကလည်း ငှက်ပျောပင်လိုပဲ ဘယ်မှာပစ်ပစ် ပြန်ပေါက်တတ်ပါ တယ်။ ကသစ်ပင် စိုက်ထူတဲ့အခါမှာတော့ မင်္ဂလာမဏ္ဍပ်မှာ ပုရောဟိတ်ဆရာက အိမ်ထောင်သည် အမျိုးသမီး ၅ ယောက်ကိုခေါ်ပြီး ကသစ်ပင်ကိုဆေးပြီး စိုက်ထူရပါတယ်။
သစ်ပင်စိုက်ထူပြီးရင်တော့ ကျောက်ပြင်၊ ကျောက်လုံး၊ ငရုပ်ဆုံ၊ ပဲကိုးမျိုးနဲ့ မီးနတ်ကိုသစ္စာဆိုရကြောင်း၊ မီးနတ် ရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီးမှ လက်ထပ်ပုတီးကြိုးကို သီလ၊ သစ္စာ၊ သမာဓိ ဆိုပြီး အထုံးသုံးထုံးချည်ကာ မဟာ မင်္ဂလာကြိုးကို သတို့သမီးလည်ပင်းမှာ ဆွဲပေးရတာဖြစ်ပါတယ်။
ဆွဲထားတဲ့ကြိုးကို လင်မယားချင်းရန်ဖြစ်သော်လည်းကောင်း၊ ကွာရှင်းထားသော်လည်းကောင်၊ ဒီကြိုးကို ချွတ် တာမရှိဘဲ လင်ယောက်ျားသေဆုံးမှသာ ကြိုးကို ဖြုတ်ရတာဖြစ်ပါတယ်။
သို့သော်လည်း အိမ်ထောင်ရေးမှာ လုံးဝ အဆင်မပြေလို့ ဒီအမျိုးသားနဲ့ ကွာရှင်းခဲ့တယ်ဆိုရင် အမျိုးသမီးကိုယ် တိုင် သူ့ဟာသူချွတ်ပြီး ထုံးထားတဲ့ အထုံးမဖြည်ဘဲ ဘုရားကျောင်းက ဘုရားကို လှူလိုက်တာတွေလည်း ရှိတယ် လို့ ဘာသာရေးပွဲတွေကို ဦးဆောင်ကျင်းပပေးသူလည်းဖြစ်တဲ့ ဆရာဦးသန်းအောင်က အသေးစိတ်ရှင်းပြပါ တယ်။
“တစ်ချို့တွေက အိမ်ထောင်ကွဲပေမယ့်လည်း ယောက်ျားက မှားနေပေမယ့်လည်း ဒီကြိုးရဲ့ သစ္စာကိုကြောက်ပြီး တော့ ကြိုးကိုချွတ်လိုက်ရင် ကျမ်းစာ စူးမလားဆိုတဲ့ ကြောက်စိတ်နဲ့ ဒီကြိုးကို မချွတ်ဘဲ နောက်ဆုံးထိ ချည်နှောင် ပြီး ယောက်ျားသေတဲ့နေ့မှာ သူ့ဟာသူ ကြိုးဖြုတ်လိုက်တာလည်း ရှိတယ်” လို့ ဦးသန်းအောင်က ဆိုပါတယ်။
အဲ့ဒီသဘောတရားမှာ လင်နဲ့မယား လျှာနဲ့သွား ဆိုသလို ကိုက်မိတဲ့အခါ လျှာကိုဖြတ်ပစ်လို့မရသလို၊ သွားကိုနှုတ် ပစ်လို့လည်း မရဘူးဆိုတာကို မင်္ဂလာဆောင်တဲ့အချိန်မှာ သူတို့ကို တစ်ခါထဲ သင်ပေးလိုက်တယ်လို့ ဦးသန်း အောင်က ဆိုပါတယ်။
ပြီးရင်တော့ ကျောက်လုံးပေါ်မှာ သတို့သမီးရဲ့ ခြေထောက်ကိုတင်ပြီးတော့ ခြေကျင်းဝတ်ပေးကာ ခြေသန်းကြွယ် မှာ ငွေကွင်းလေး တပ်ပေးရပါတယ်။ အဓိပ္ပာယ်ကတော့ လမ်းလျှောက်တဲ့ အခါမှာ ငါဟာ အိမ်ထောင်သည်ဖြစ် တယ်။ တခြားသော ယောက်ျားလေးတွေကို မော့မကြည့်ရဘူး၊ ခေါင်းငုံ့ကာ ခြေထောက်ကိုပဲ ကြည့်ပြီးတော့ အပြင်သွားရမယ်ဆိုတဲ့ သဘောဆောင်တယ်လို့လည်း ဦးသန်းအောင်က ဆက်ရှင်းပြပါတယ်။
ဒီလို ရှေးအစဉ်အလာထဲက ပြဌာန်းထားတဲ့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ဟိန္ဒူဘာသာဝင် အမျိုးသမီး
အများစုဟာ လိုက်နာကျင့်သုံးနေကြတာ ဖြစ်ပါတယ်။
“သည်းခံလို့ရသလောက် သည်းခံခဲ့တယ်။ သည်းမခံနိုင်တဲ့အဆုံး ရုန်းထွက်ခဲ့တယ်။ ဘဝကို အသစ်ကပြန်စတဲ့ အခါ သုညကနေစရတော့ ပင်ပန်းတာပေါ့။ ဒါပေမယ့် စိတ်လွတ်လပ်တယ်။ ပျော်ရွှင်ရတယ်။ နောက်အိမ်ထောင် မပြုတဲ့အတွက် ကလေးတွေရဲ့ ပျော်ရွှင်မှုဟာလည်း ဘယ်အရာနဲ့မှ မတူတဲ့ ပျော်ရွှင်မှုကို ပေးနိုင်ခဲ့တယ်”လို့ မစန္ဒာက ဆိုပါတယ်။
ဖြစ်နိုင်ရင် အိမ်ထောင်တစ်ခုကို မပြိုကွဲစေချင်ဘူး။ ပြသနာကိုနှစ်ဘက်ညှိနှိုင်းကြည့်ကြဖို့နဲ့၊ အိမ်ထောင်ပြုမယ်လို့ ကြံရွယ်ထားတဲ့ အမျိုးသမီးတွေဆိုလည်း လွယ်လွယ်နဲ့ မဆုံးဖြတ်ဘဲ သေချာစဉ်းစားပြီးမှ အိမ်ထောင်ပြု၊ လက်ထပ်ဖို့ တိုက်တွန်း ချင်ပါတယ်လို့ မစန္ဒာက ဆိုပါတယ်။
သို့ပေမယ့်လည်း “လုံးဝ ပေါင်းလို့ မရတော့တဲ့ အခြေနေဆိုရင်တော့ ကွဲလိုက်ပါ။ တစ်ချို့အရာတွေက ကိုယ်တိုင်တိုက်ယူမှ ရမှာ မလို့ပါ” လို့ မစန္ဒာက စကားလက်ဆောင် ပါးလိုက်ပါတယ်။
(မစန္ဒာနဲ့ မရတနာတို့ရဲ့ အနာဂတ်အတွက် သူတို့နာမည်ကို ပြောင်းလဲသုံးထားပါတယ်။)