Home ဆောင်းပါး ရိုးမတောမှာ ကြွေခဲ့ရတဲ့သူနာပြုဆရာမလေး

ရိုးမတောမှာ ကြွေခဲ့ရတဲ့သူနာပြုဆရာမလေး

ရှင်ငြိမ်း။ ။   

အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု(CDM)သူနာပြုဆရာမလေး မေဇွန်မိုးဟာ ထိခိုက်၊ နာမကျန်းတဲ့ဒေသကာကွယ်ရေးတပ်(PDF)တွေကို ဆေးကုသပေးရင်း စစ်တပ်လက်ချက်နဲ့ ပဲခူးရိုးမတောမှာ ကြွေလွင့်ခဲ့ရပါတယ်။

“သမီးက အသက်သေတာတောင်တစ်စစီဖြစ်ရတယ်။ အဓမ္မလည်းကျင့်ခံရပြီး ရက်ရက်စက်စက်သတ်ခံရတာဆိုတော့ မိဘ တွေပူဆွေးမှုက ပြောမပြတတ်အောင်ပဲ။ သူ့အဖေဆို သမီးသတင်းကြားနဲ့သတိလစ်သွားတယ်။” လို့ ဒေါ်မိ(အမည်လွှဲ)က ပြောပါတယ်။

အသားဖြူဖြူနဲ့ နူညံ့သိမ့်မွေ့စွာပြောဆိုနေထိုင်တတ်တဲ့ မမေဇွန်မိုးဟာ သူအသတ်မခံရမီအချိန်ထိ ဒေသခံတွေနဲ့ ဒေသကာ ကွယ်ရေးတပ်(PDF)တွေကို သူတတ်တဲ့ပညာနဲ့ဆေးကုပေးနေသူဖြစ်တယ်။

အသက် ၂၈ နှစ်အရွယ်မမေဇွန်မိုးဟာ မိဘ၊ ညီမဖြစ်သူတို့နဲ့အတူ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖို မြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ အေးအေးချမ်းချမ်းနေထိုင်ခဲ့တဲ့ အမျိုးသမီးလေးတစ်ယောက်ပါ။

သူဟာ ပြည်တက္ကသိုလ်ကနေ မြန်မာစာအဓိကနဲ့ ဘွဲ့ရထားပေမယ့် သူနာပြုအလုပ်ကို ဝါသနာပါတာကြောင့် ၂၀၁၄ ခုနှစ်မှာ ရန်ကုန်သူနာပြုသင်တန်းကျောင်းတက်ရင်း အောင်လက်မှတ်ရရှိခဲ့တယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းတော့ မမေဇွန်မိုးဟာ အုတ်ဖိုမြို့နယ်မှာ အစောဆုံးအကြမ်း မဖက်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု(CDM)လုပ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးပါ။

လက်ထပ်ပြီးစဖြစ်တဲ့ဆရာမ မေဇွန်မိုးတို့ဇနီးမောင်နှံဟာ CDM လုပ်ပြီးနောက် စိတ်တူကိုယ်တူနဲ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တယ်။ ဝန်ထမ်းတွေ CDM မှာပါဝင်ဖို့ စည်းရုံးရာမှာလည်း သူတို့က ရှေ့ဆုံးကနေ ပါဝင်ခဲ့တယ်။

ဒီလိုတွေကြောင့် သူတို့လင်မယားနှစ်ဦးကို သူငယ်ချင်းတွေက ရပ်တည်ချက်ခိုင်မာသူ၊ မတရားမှုနဲ့ပတ်သက်လာရင် ဆုံး ဖြတ်ချက်ပြတ်သားသူလို့ မှတ်ချက်ပြုကြတယ်။

နောက်ပိုင်း စစ်အာဏာရှင်က သူတို့လုပ်ရပ်တွေအပေါ် စောင့်ကြည့်လာပါတယ်။ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်၊ မတ်လမှာ စစ်တပ် က သူတို့အိမ်ထဲ ရှာဖွေဖမ်းဆီးတာလုပ်လာတော့ ဆရာမမေဇွန်မိုးက လွတ်သွားပေမယ့် ခင်ပွန်းသည်ကတော့ ဖမ်းဆီးခံခဲ့ ရတယ်။

ဆရာမမေဇွန်မိုးလည်းထွက်ပြေးရင်း လွတ်မြောက်နယ်မြေတစ်ခုမှာ နာမကျန်းသူတွေ၊ PDF တွေကို ဆေးကုပေးနေခဲ့တာ ဖြစ်တယ်။ ကျန်းမာရေးဝန်ထမ်းရှားပါးနေတဲ့ PDFတွေအတွက်တော့ သူက အားကိုးရသူတစ်ယောက်ဖြစ်လာတယ်။

စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် သူနာပြုဆရာမလေး 

ဒီလို ကိုယ်တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ ကူညီကုသပေးနေရင်း စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ မမေဇွန်မိုးအတွက် ကံဆိုးမိုးမှောင်ကျတဲ့နေ့ဟာ ယခုနှစ်အစပိုင်းမှာ ရောက်ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှာ ပဲခူးရိုးမတောထဲက PDF တပ်သားတစ်ဦးရဲ့ဇနီးကို မီးဖွားပေးပြီး ဆရာမ မေဇွန်မိုးပြန်တော့ PDF တပ်သားနှစ်ယောက်က လိုက်ပို့ပေးပါတယ်။

စစ်သားတွေအထိုင်ချကာ အမြဲတမ်းသွားလာနေသူတွေကို တင်းကျပ်စွာစစ်ဆေးလေ့ရှိတဲ့ ကျောက်ဖြူတောင်ကျေးရွာ အနီး က စစ်ဆေးဂိတ်မှာ ဆရာမလေးတို့ စစ်ဆေးခံရင်း ပစ်ခတ်မှုဖြစ်ကြတယ်။

အပြန်အလှန်ပစ်ခတ်နေတဲ့အချိန်မှာ ဆရာမမေဇွန်မိုးက ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ ဆရာမ မေဇွန်မိုးကိုလိုက်ပို့တဲ့ PDF တပ်သားနှစ်ဦးကတော့ နေရာမှာပဲပစ်ခတ်ခံရပြီး ကျဆုံးသွားခဲ့တယ်။

“ ပစ်ကြပြီးတော့ စစ်သားတွေက ဆရာမလေးကို တောနင်းရှာကြတယ်။ မတွေ့ဘူး။ အဲ့သတင်းပေးကောင်က ရေတောင်း သောက်တဲ့ဆရာမလေးကို ခေါ်ထားပြီး တပ်ကိုတိုင်တာ။ ည ၁၁ နာရီခွဲလောက်မှာ လာဖမ်းသွားတယ်။” လို့ ကျေးရွာသား တစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက်က ဖမ်းသွားတဲ့ဆရာမလေး မေဇွန်မိုးအကြောင်းသိရှိဖို့ အုတ်ဖို – PDFတွေက စုံစမ်းပေမယ့် ဘာသတင်းမှ မရခဲ့ပါဘူး။ ဒါပေမဲ့ ရဲစခန်းအသိုင်းအဝိုင်းနဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရ ဆရာမလေးကိုဖမ်းဆီးသွားချိန်မှစလို့ အသတ် မခံရမီအထိရက်ပေါင်း ၂၀ နီးပါးနှိပ်စက်ညှင်းပန်းခံခဲ့ရတာကို သတင်းစကားကြားခဲ့ရတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်မှာတော့ အုတ်ဖိုမြို့မှတဆင့် ပဲခူးရိုးမအဝင်လမ်းမှာ ပစ်သတ်ခံထားရတယ်လို့ သတင်းထွက်လို့ အုတ်ဖို PDF တွေ တောနင်းရှာပေမယ့် မတွေ့တဲ့အတွက် ပြန်လာခဲ့ကြတယ်။

ဒါပေမဲ့ မြေအောက်ပြောက်ကျားတပ်ဖွဲ့က ဆရာမလေးမေဇွန်မိုးကို စစ်သားတွေက ဖမ်းခေါ်သွားတာကို ရွာသားတွေမြင် လိုက်သလို စစ်သားတွေပြန်သွားတော့လည်း ဆရာမလေးမပါလာတာကို သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့(ဖေဖော်ဝါရီ ၂၃ ရက်)မှ ဆရာမလေးရဲ့ရုပ်အလောင်းကို အုတ်ဖိုမြို့နယ်၊ ထန်းပင် ကုန်း ကျေးရွာအစပ်မှာတွေ့ရှိခဲ့တာဖြစ်တယ်လို့ အုတ်ဖို – PDF က ရှင်းပြပါတယ်။

စစ်သားတွေက ဆရာမလေးကို သေနတ်နဲ့ခြိမ်းခြောက်ပြီး အဝတ်တွေချွတ်ခိုင်းကာ မုဒိမ်းကျင့်တယ်။ ပြီးတော့ မျက်လုံးကို အဝတ်စည်းထားပြီး ထွက်ပြေးခိုင်းတယ်။ ပြေးနေတဲ့ဆရာမလေးကို နောက်ကနေ သေနတ်နဲ့ သုံးချက်ပစ်သတ်ထားတယ် လို့ အလောင်းတွေ့ရတဲ့အနေအထားကို ပြောပြပါတယ်။

စစ်သားတွေက သူတို့လုပ်ရပ်ကို ဖုံးကွယ်ဖို့ ဆရာမလေးရဲ့ရုပ်အလောင်းကို ချုံထဲပစ်ကာ မီးရှို့ထားခဲ့တယ်။ မီးမ လာင်ဘဲ ကျန်ခဲ့တဲ့ခန္ဓာကိုယ်အလယ်ပိုင်းကို ခွေးတွေစားထားတဲ့အတွက်တစ်စစီဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

“ကျနော်တို့က ဆရာမလေးအလောင်းကို သေပြီးတပတ်လောက်ကြာမှတွေ့တာဆိုတော့ အတော်ကိုအခြေအနေဆိုးနေ ပြီ။ နံရိုးတွေဆိုလည်း ခွေးတွေဆွဲထားတယ်။ လက်တွေပေါင်တွေဆို ဟိုတပိုင်းဒီတစနဲ့ဗျာ”

ဆရာမလေးရဲ့အဝတ်အစားတွေကိုလည်း အနီးနားက ချောက်ထဲမှာပစ်ထားတာကို တွေ့ခဲ့ရပြီး တစ်စစီပြန့် ကျဲနေတဲ့ ဆရာ မလေး မေဇွန်မိုးရဲ့ရုပ်အလောင်းကို အုတ်ဖို – PDF တွေက တစ်စခြင်းစီကောက်ပြီး မြေမြုပ်သဂြိုလ်ပေးခဲ့တာဖြစ်တယ်။

စစ်တပ်နဲ့ နီးစပ်တဲ့သူတွေကတော့ ဆရာမလေးက တောထဲမှာထွက်ပြေးလို့ သေနတ်နဲ့ပစ်လိုက်ရပြီး သူနေတဲ့ PDF စခန်းကို လမ်းပြမပေးလို့သတ်လိုက်တာလို့လည်း သတင်းလွှင့်ထားပါတယ်။

သူနာပြုဆရာမသေဆုံးပြီးနောက် မုဒိမ်းကျင့်မီးရှို့သတ်ဖြတ်ခံရမှုမှာပါဝင်ပြီး စစ်တပ်ကို တိုင်ကြားခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် မျိုးဝင်းသူကို လက်စားချေတဲ့အနေနဲ့ PDF တပ်ဖွဲ့ဝင်တွေက သွားရောက်သုတ်သင်နိုင်ခဲ့ပါတယ်။

ဆရာမလေး မေဇွန်မိုးကျဆုံးသွားတာဟာ သူတို့အမျိုးသမီးစစ်မေအတွက် ကြီးစွာသောဆုံးရှုံးမှုတစ်ခုဖြစ်သလို ဖြေမဆည် နိုင်အောင် ဝမ်းနည်းရတယ်လို့ တပ်ဖွဲ့ဝင်တစ်ဦးက အခုလိုပြောပါတယ်။

“ဆရာမလေး မမေဇွန်မိုးက ကျမတို့တပ်သားတွေအပေါ်မှာ မိသားစုဝင်တွေလိုကိုစောင့်ရှောက်တယ်။ ကျန်းမာရေးသာ မက ကျမတို့အတွက်တော့ အမကြီးအမိရာလိုပါပဲ။ သူရဲ့ဖော်ရွေ့စွာဆက်ဆံတာ၊ အနစ်နာခံတတ်တာတွေကို အခုထိ မြင် ယောင်သတိရနေတယ်”

အမျိုးသားစစ်သည်တစ်ဦးကလည်း “ဆရာမလေးကျဆုံးမှုက ကျနော်တို့(PDF)တပ်ဖွဲ့တွေအတွက်တော့ ဝမ်းနည်းမှုက ပြောမပြတတ်အောင်ပါပဲ။ သူက ကျနော်တို့ရဲ့ကယ်တင်ရှင်ပါ” လို့ မှတ်ချက်ပေးပါတယ်။

သူနာပြုဆရာမလေး မေဇွန်မိုးရဲ့ခင်ပွန်းသည်ကိုလည်း စစ်တပ်က ဆူပူဖြစ်အောင်လှုံဆော်တယ်လို့စွတ်စွဲပြီး ပုဒ်မ ၅၀၅ – ကနဲ့ သာယာဝတီအကျဉ်းထောင်မှာ ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရတာဖြစ်တယ်။

မကြာမီမှာပြန်လွတ်လာတော့မယ့် ခင်ပွန်းဖြစ်သူစိတ်ထိခိုက်မှာစိုးတာကြောင့် မမေဇွန်မိုးကျဆုံးတာကို အခုထိမပြောရ သေးဘူးလို့ ဒေါ်မိက ပြောပါတယ်။

ဆရာမလေး မေဇွန်မိုးအဖမ်းခံလိုက်ရပြီးနောက်မှာတော့ စစ်သားတွေက မိဘတွေအိမ်ကို လာရောက်ရှာဖွေတဲ့အတွက် သူတို့တွေလည်း ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်။

သမက်ဖြစ်သူကလည်း နိုင်ငံရေးပုဒ်မနဲ့ထောင်ကျနေသလို သူတို့ကိုယ်တိုင်လည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့အထဲ သမီး ဖြစ်သူကို စစ်သားတွေက ရက်ရက်စက်စက်သတ်ဖြတ်သွားတယ်ဆိုတဲ့သတင်းကြားတော့ ဖခင်ဖြစ်သူဟာ နေရာမှာတင် မေ့လဲသွားခဲ့တယ်။

“ သမီးကနှစ်ယောက်ထဲရှိတာ။ လိမ္မာသိတတ်သူတွေဆိုတော့ မိဘတွေကပိုရင်ကျိုးတာပေါ့။ သမီးအလောင်းတောင် မတွေ့လိုက်ရဘဲ အသတ်ခံရတယ်ကြားတာနဲ့ သူ့အဖေက မေ့လဲသွားတာ။” လို့ ဒေါ်မိက ဆိုပါတယ်။

အခုလို CDM ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးသတ်ဖြတ်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မတ်လ ၁ ရက်မှာ ထုတ်ပြန် ထားပါတယ်။

စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း ဆရာဝန်နဲ့သူနာပြုတွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၇၀ ခန့် သတ်ဖြတ်ခံရပြီး ၉၀၀ ခန့်ဖမ်းဆီးခံထားရတယ်လို့လည်း NUG၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒါနဲ့ပတ်သက်လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB မှ အထွေထွေအတွင်းရေးမှူး နာန်းမို့မို့ကလည်း စစ်တပ်က အမျိုးသမီးတွေကိုဦးတည်ပြီး အခုလိုအကြမ်းဖက်တာ၊ သတ်ဖြတ်တာတွေက စစ်ပရိယာယ်၊ စစ်ဗျူဟာတစ်ခုလိုသဘော ထားလုပ်ဆောင်နေတယ်လို့ ထောက်ပြပါတယ်။

“အမျိုးသမီးတွေကို ပုံစံအမျိုးမျိုးနဲ့သတ်ဖြတ်တာက ကျမတို့အနေနဲ့ သည်းခံလို့မရတဲ့အကြမ်းဖက်မှုတွေဖြစ်တယ်။ ဒီလို သတ်ဖြတ်နေတဲ့စစ်တပ်ရဲ့လုပ်ရပ်က တကယ့်လူသားဖြစ်မှုကို ဆန့်ကျင်တဲ့စစ်ရာဇဝတ်မှုမြောက်တယ်။ ဒီလိုလုပ်ရပ်တွေ အတွက် တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ စစ်တပ်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကိုမဖြစ်မနေရှိလာရမှာဖြစ်တယ်။” လို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်က ကျူးလွန်မှုအားလုံးအတွက် ဘယ်စစ်သားကိုမှ စုံစမ်းစစ်ဆေးတာ၊ အပြစ်ပေး၊ အရေး ယူတာနဲ့ပတ်သက်လို့ ယနေ့အချိန်ထိတစ်စုံတစ်ရာလုပ်ဆောင်တာမတွေ့ရသေးပါဘူး။

သို့ပေမဲ့ NUG အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဒီလိုဆိုးရွားတဲ့ရာဇဝတ်မှုတွေကို ကိုယ်ထိ လက်ရောက်ကျူးလွန်သူတွေ၊ ကျူးလွန်ဖို့စေခိုင်းသူတွေကို ပြစ်ဒဏ်တွေပေးနိုင်ဖို့ တိကျသေချာတဲ့အချက်အလက်တွေ ရရှိထားပြီးဖြစ်သလို ပြစ်ဒဏ်ချမှတ်နိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်ရေးနည်းဗျူဟာအမျိုးမျိုးနဲ့ နိုင်ငံတော်ကိုထိန်းချုပ်ဖို့ ကြိုးစားနေသည့်တိုင်အောင် ယနေ့ထိ တော့ အောင်မြင်မှုမရသေးပါ။ သို့ပေမဲ့ ဒီစစ်ပဋိပက္ခရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုတော့ အမျိုးသမီးတွေက တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ထိခိုက်ခံစားနေဆဲပါပဲ။

Author:

Related Articles