Home သတင်း ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်း ထောင်ဒဏ် ၁၀ နှစ် ထပ်တိုးချမှတ်ခံရ

ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်း ထောင်ဒဏ် ၁၀ နှစ် ထပ်တိုးချမှတ်ခံရ

မေတမာ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်း(ခ) မလင်းလင်းကို အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၀-ညနဲ့ ထောင်ဒဏ် (၁၀)နှစ် ထပ်တိုးအမိန့်ချခဲ့တယ်လို့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ရဲ့ထုတ်ပြန်ချက် အရ သိရပါတယ်။

“စစ်တပ်က ကျောင်းသားတွေကို မျက်စိစပါးမွေး စူးပြီးတော့ လွတ်ရက်သိပ်မလိုတော့တဲ့အကျဉ်းကျ ကျောင်း သားတွေ ဆိုရင် နောက်အမှုထပ်ကပ်တာမျိုးနဲ့ ထောင်သက်ကို ဆွဲဆန့်လေ့ရှိတယ်။လို့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ရဲ့ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ထောင်ဒဏ် ၅ နှစ်ကျခံနေရတဲ့မလင်းလင်းကို စစ်ကောင်စီက ၂၀၂၃ခုနှစ် စက်တင်ဘာလမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀– ညနဲ့ ထပ်မံတရားစွဲခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက ထပ်တိုး အမိန့်ချခဲ့တာဖြစ်တယ်။

မလင်းလင်းဟာ လက်ရှိမှာ စုစုပေါင်းထောင်ဒဏ် ၁၅ နှစ်ကျခံရမှာဖြစ်ပြီး စစ်တပ်ရဲ့မတရားနှစ်ရှည်ထောင်ဒဏ် ကိုခံနေရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့မှာရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ညနေပိုင်းသပိတ်ထွက်ဖို့ စီစဉ်နေ ချိန် အရပ်ဝတ်နဲ့လူတစ်စုက မလင်းလင်းကို သေနတ်နဲ့ထောက်ပြီးဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရချိန်မှာ နေမကောင်းဖြစ်နေတဲ့မလင်းလင်းဟာ စစ်ကြောရေးကာလ ၁ လကျော်ကြာမြင့်တဲ့အထိ ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရပါတယ်၊အဲ့ဒီနောက် ၂၀၂၂ခုနှစ် မတ်လ ၃၁ ရက်မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ ထောင်တွင်းတရားရုံးက ပထမအကြိမ် အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး ရက်ပေါင်း ၁၀၂ရက် အကြာမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀ (လိမ်လည်မှု)၊ ၄၆၈ (လိမ်လည်ရန် အလို့ငှာ စာရွက်စာတမ်း လိမ်လည် အတု ပြုလုပ်မှု)နဲ့ တပေါင်းတည်း ထောင်ဒဏ် ၂ နှစ် ထပ်မံချ မှတ်ခဲ့ရလို့ စုစုပေါင်း ထောင် ၅ နှစ်ပြစ်ဒဏ်ခံ ယူနေရသူဖြစ်ပါတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ စိတ်ပညာ၊ ဒုတိယနှစ်အဝေးသင်တက်နေတဲ့မလင်းလင်းဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရဲ့ ပထမဆုံးအမျိုးသမီးကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဖြစ်လာသူ တစ်ဦးပါ။သူမဟာနွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ အမျိုးသမီးမဟာမိတ် အင်အားစု(WAB)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သလို အမျိုးသမီးသပိတ်၊ ပြောက်ကျားသပိတ်တွေကို ဦးဆောင်သူတစ်ဦးလည်းဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်(တကသများ)ရဲ့ မြေပြင်သပိတ်ကော်မတီတာဝန်ခံ ဖြစ်သလို တကသများ-ရန်ကုန်ရဲ့ ကိုယ်စားလှယ်အနေနဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)မှာလည်း ဦးဆောင်သူအနေနဲ့ ပါဝင်နေသူပါ။

“လက်နက်ဆို အပ်တိုတချောင်းတောင်မကိုင်ခဲ့ဘဲ အကြမ်းမဖက်နည်းနဲ့ အာဏာသိမ်း စစ်တပ်ကို အန်တုနေတဲ့ ကျောင်းသူ မလင်းလင်းကို အခုလို အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲ အမှုဖွင့်တာက နွေဦးတော်လှန်ရေးမှာ ပါဝင် နေတဲ့ ကျောင်းသားထု တစ်ရပ်လုံးကို ဖိနှိပ်တဲ့ လုပ်ရပ်” လို့ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေက မှတ်ချက်ပြုပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၆ ဦးရှိတဲ့အထဲ ၁၂ ဦးမှာ ထောင်ဒဏ်အသီးသီးချမှတ်ခံထားရပြီး ကျဆုံးကျောင်းသား ကျောင်းသူ ၂ ဦးအထိရှိနေပြီဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂရုံးက ၂၀၂၂ ခုနှစ်ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

Author:

Related Articles