သျှန်ကီခမ်း။ ။
၂၀၂၁ ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီ အာဏာသိမ်းခဲ့တာ နှစ်နှစ်ထဲကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် ပြည်သူပေါင်းများစွာက စစ်အာဏာသိမ်းမှုကို ဖီဆန်မှုနည်းလမ်းမျိုးစုံနဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ ကြပါတယ်။ နှစ်လအကြာမှာတော့ စစ်ကောင်စီက ဆန္ဒပြလမ်းပေါ်ထွက်လာတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်း ဖမ်း ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားများက လုံခြုံရေးလို့ အမည်တပ်ကာ မြို့တိုင်းလိုလိုရဲ့ အဝင်အထွက်တွေမှာ ဂိတ်တွေချပြီး နေ့နေ့ညည ဖြတ်သန်းသွားလာတဲ့ မည်သူမဆို မှတ်ပုံတင်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလက်မှတ်၊ ဖုန်းစတဲ့ အချက် အလက်တွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ဆေးလို့သံသယဝင်တာ၊ မသင်္ကာတာ၊ စစ်အာဏာသိမ်းတာကိုဖီဆန်တဲ့ အချက်လက်တွေတွေ့ရင် ချက်ချင်း ဖမ်းဆီး ထောင်ချတာတွေ ပြုလုပ်တာပါ။ တင်းကြပ်စွာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်တာကြောင့် ဖြတ်သွားဖြတ်လာ ပြုလုပ် နေရတဲ့ ပြည်သူအများစုဟာ စိတ်အနှောင့်အယှက်ဖြစ်သလို အသွားအလာလည်း မလွတ်လပ်ကြတော့ပါဘူး။
ဒါကြောင့် အလှူရှင်တွေ၊ ပရဟိတအဖွဲ့တွေ၊ ပြည်သူကို လိုက်လံကူညီပေးနေတဲ့အဖွဲ့တွေဟာ ယခင်လို ပေါ်ပေါ်ထင်ထင် ကူညီလုပ်ဆောင်လှုပ်ရှားလို့ မရတော့ဘဲ တိုးတိတ်စွာ လှုပ်ရှားသွားလာနေကြရပါတယ်။
ထိုသို့ တိုးတိတ်စွာ လှုပ်ရှားသွားလာရတဲ့အထဲမှာ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကို ထဲထဲဝင်ဝင် လိုက်လံ ကူညီပေးနေ ပြီး ရှမ်းပြည်နယ်မှာ အချေစိုက်တဲ့ အမျိုးသမီးအဖွဲ့တစ်ခုလည်း ပါဝင်ပါတယ်။
ထိုအမျိုးသမီးအဖွဲ့ဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်စေရန် ရည်ရွယ်ချက်နဲ့ အဖွဲ့တည်ထောင်လာတာ နှစ် ၂၀ ကျော်လာပါပြီ။ အမျိုးသမီးစွမ်းရည်မြှင့်သင်တန်းတွေ၊ ဟောပြောပွဲတွေ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့် ရေး (၁၆) ရက်တာလှုပ်ရှားမှု စတာတွေကို တောက်လျှောက်လုပ်လာခဲ့ပါတယ်။
၂၀၁၀ ခုနှစ်မှာတော့ ရှမ်းပြည်ဒေသအတွင်းရှိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရန်၊ ငွေကြေးနဲ့ ကြေအေးတဲ့ ဓလေ့ထုံးတမ်းများ လျော့ကျလာစေရန်နဲ့ အမျိုးသမီးများ တရားမျှတမှု အပြည့်အဝ ရရှိစေရန် ရည်ရွယ်ပြီး နစ်နာသူအမျိုးသမီးတွေကို တရားရုံးသွားနိုင်အောင် ကူညီပံ့ပိုးမှုတွေ စတင်လုပ်ဆောင်ခဲ့တာပါ။
အမျိုးသမီးတစ်ဦးက အကြမ်းဖက်ခံရပြီဆိုပါက ထိုအမျိုးသမီးအဖွဲ့ကို လာရောက်တိုင်တန်း၊ အကူညီတောင်းတာတွေ ပြုလုပ်ကြပါတယ်။ အမျိုးသမီးအဖွဲ့ကလည်း ဓလေ့ထုံးတမ်းတွေနဲ့ ဖြေရှင်းတာမျိုးဟုတ်ဘဲ တရားရေးလမ်းကြောင်းနဲ့ တရားမျှတမှုရှာတဲ့ အမျိုးသမီးများကို တရားရေးလမ်းကြောင်းမှာ လိုအပ်တဲ့ ရှေ့နေ၊ ဘာသာပြန်၊ စာရွက်စာတမ်း အသုံး စရိတ်တွေကို အသေးစိတ်ကအစ ကူညီလုပ်ဆောင်ပေးခဲ့တာပါ။
တရားရေးလမ်းကြောင်းနဲ့ တရားမျှတမှုရှာတဲ့ နစ်နာသူအမျိုးသမီးဟာ တိုင်းရင်းသားဖြစ်တာကြောင့် ကြောက်ပြီးမပြောရဲ မဆိုရဲဖြစ်တာတွေလည်း ရှိပါတယ်။ ဒါကြောင့် နစ်နာသူအမျိုးသမီး ကြောက်စိတ်မရှိအောင်၊ ပြောရဲဆိုရဲဖြစ်အောင် တရားရုံးရှေ့အထိလိုက်ပြီး အားပေးစကားပြောတာ၊ နှစ်သိမ့်ပေးတာ၊ အကြံပေးတာတွေ ဆောင်ရွက်တာဟာ အာဏာ မသိမ်းခင်ထိလို့ ဆိုရမှာပါ။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာခဲ့တဲ့ အမျိုးသမီးတွေဆိုရင်လည်း ထိုအမျိုးသမီးအဖွဲ့က အနီးကပ်စိတ်ပိုင်းဆိုင်ရာ ကုသမှု တွေ ပြုလုပ်ပေးပါတယ်။
“ ကျမတို့ဆီမှာခေါ်ထားတယ်။ စာအုပ်တွေဖတ်ခိုင်းတယ်။ သင်တန်းတွေပေးတယ်။ အချိန်ဇယားနဲ့တကွလုပ်ပေးတယ်” လို့ အဆိုပါအမျိုးသမီးအဖွဲ့ဝင်တစ်ဦးက ပြောတယ်။
ဒါ့အပြင်လည်း နစ်နာသူအမျိုးသမီး နေထိုင်ရာဒေသ၊ရပ်ရွာထိ ကိုယ်တိုင်သွားရောက်ပြီး စကားပြောတာ၊ တရားရေး အတွက် သက်သေသွားရှာတာ၊ နစ်နာသူအမျိုးသမီးက စားဝတ်နေရေးအခက်ခဲဖြစ်ရင် လိုအပ်တဲ့ အစားအသောက်တွေ ကိုလည်း စိုးရိပ်စရာမရှိဘဲ လွတ်လပ်စွာ သွားရောက် ထောက်ပံ့ပေးတာမျိုးတွေ ပြုလုပ်ခဲ့ကြပါတယ်။
အဲ့ဒီအချိန်က လွတ်လပ်စွာ သွားလာလို့ရသလို စိတ်ချလက်ချဖြင့် ကူညီရတာကြောင့် နစ်နာသူအမျိုးသမီးတွေကို ကူညီတဲ့ အခါမျိုးမှာ အချိန်မီလုပ်ဆောင်နိုင်တယ်လို့ ဆိုရမှာပါ။
ဒါပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီဖက်က နိုင်ငံရေးလှုပ်ရှားသူ၊ တက်ကြွလူပ်ရှားသူလူငယ်၊ လူမှု အဖွဲ့အစည်းတွေကိုပါမကျန် လိုက်လံဖမ်းဆီးတာကြောင့် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ကူညီပေးတဲ့ အမျိုး သမီး အဖွဲ့လည်း ယခင်လို ပေါ်ပေါ်ထင်ထင် ကူညီတာမျိုးတွေ ပြုလုပ်လို့ မရတော့ပါဘူး။ နစ်နာသူ အမျိုးသမီးအတွက် တရား ရုံးအထိ လိုက်ပြီး အားပေးစကား၊ နှစ်သိမ့်ပေးတာမျိုးတွေလည်း အလှမ်းဝေးနေခဲ့ပါတယ်။
အခု နောက်ပိုင်းမှာတော့ လိုက်ပါကူညီပေးတဲ့ အမျိုးသမီးအဖွဲ့ကလည်း လာတိုင်တန်းတဲ့အမှုတွေကို ကိုယ်တိုင်တရားရုံးထိ မလိုက်သွားတော့ဘဲ အဖွဲ့စည်း အချင်းချင်း ချိတ်ပေးတာ၊ ဆိုင်ရာရှေ့နေနဲ့ပဲ ချိတ်ပေးလိုက်ရတာတွေဖြစ်လာပါတယ်။
စစ်ကောင်စီဖက်က မထင်ရင်မထင်သလို လိုက်လံဖမ်းဆီးနေတာကြောင့် “ကိုယ်ပိုင်မိသားစုဆိုလည်း ရှိသေးတော့ အဖမ်း ခံရမှာလားဆိုတဲ့ စိုးရိမ်ချက်တော့ ရှိတာပေါ့” လို့ဆိုပါတယ်။
ဒါ့ကြောင့်“ ကျမတို့မလိုက်သွားတော့ဘဲ ရှေ့နေနဲ့သွားခိုင်းရတယ်”လို့ အဆိုပါ အမျိုးသမီးအဖွဲ့အစည်းက အမျိုးသမီးတစ်ဦးက သူ့ စိုးရိမ်ချက်ကိုပြောပြပါတယ်။
ဒါ့အပြင် အာဏာမသိမ်းခင်ကတည်းက အခုထိမပြီးပြတ်သေးတဲ့အမှုတွေလည်း လက်ရှိအချိန်ထိရှိနေဆဲပါပဲ။ ၂၀၁၉ ခုနှစ် ကတည်းက သက်ငယ်မုဒိမ်းမှုအမှုတစ်ခုဆို သုံးနှစ်ထဲကိုရောက်ရှိလာပါပြီ။ ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရားရုံးက အမိန့်လည်း မချသေးသလို တရားရုံးချိန်းတွေလည်း မရှိတော့ဘဲ ရပ်တန့်နေပါတယ်။
“ ဘယ်ချိန်ထိ ရပ်တန့်နေမှာလဲတော့မသိဘူး။ ဒီတိုင်းပဲပြီးမယ်ဆိုရင်တော့ ရင်လေးစရာပဲ” လို့ အဆိုပါ အမျိုးသမီးအဖွဲ့ဝင်က ဆက်ဆိုပါတယ်။
ဒါ့ကြောင့်လည်း တရားရေး လမ်းကြောင်းဖက် သိပ်မသွားတော့ဘဲ ဓလေ့ထုံးတမ်းအရ ဖြေရှင်းတဲ့ နည်းလမ်းကို ပြန်လည် အသုံးပြုလာခဲ့ရပါတယ်။ ဓလေ့ထုံးတမ်းနဲ့ ဖြေရှင်း၊ ဆုံးဖြတ်ချက်တဲ့နေရာမှာလည်း အမျိုးသမီးတွေပါဝင်သင့်သလို စည်း မျဉ်း စည်းကမ်းတွေလည်း သတ်မှတ်ထားသင့်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ လပိုင်းလောက်မှာ ဓလေ့ထုံးတမ်းအရ ဖြေရှင်းဖို့ကြိုးစားတဲ့ ကာမလိမ်လည်မှု အမှုတစ်ခုအတွက် နစ်နာသူ အမျိုး သမီးရှိရာ ပင်လုံမြို့ရှိ ကျေးရွာတစ်ရွာကို ဆင်းခဲ့ရပါတယ်။
ထိုရွာကိုရောက်တဲ့အချိန်တော့ အိမ်ရှိဘုရားစင်ရှေ့မှာ ကျေးရွာအာဏာရှိသူ အပါအဝင် အမျိုးသား ၁၅ ဦးလောက် ထိုင် နေကြပါတယ်။ နစ်နာသူအမျိုးသမီးကို ကာကွယ်ပေးဖို့၊ တရားမျှတမှုရှာပေးဖို့ လူစုံတက်စုံနဲ့ ရှိနေကြတော့ မဟုတ်ပါဘူး။ ထိုလူတွေက ကျူးလွန်သူအမျိုးသားကို ကာကွယ်ပေးဖို့ ရောက်ရှိနေကြတဲ့သူတွေပါ။
“ နစ်နာသူအမျိုးသမီးက စကားတစ်ခွန်းပြောလိုက်ရင် အကုန်လုံးက ဝိုင်းလက်ညိုးထိုးပြီး သူ့ကို ပြန်ပြီးငြင်းခုန်ကြတယ် ဆဲကြတယ်တဲ့သူတွေပါ” လို့ အဆိုပါ အမျိုးသမီးအဖွဲ့ဝင်က ပြောတယ်။
ထိုအမျိုးသမီးငယ်ဟာ ကိုယ်ဝန်ရပြီး ကလေးတစ်ဦးပါ မွေးဖွားခဲ့ပေမယ့် ကျေးရွာ အာဏာရှိသူတွေက ငွေကျပ် ၁၀ သိန်းနဲ့ ကြေအေးဖို့ လုပ်နေတာပါ။ လိုက်ပါကူညီပေးတဲ့ အမျိုးသမီးအဖွဲ့ကတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူ အမျိုးသမီးတစ်ဦးကို ငွေကျပ်သုံး လေး သိန်းနဲ့ ကြေအေးပေးရတဲ့ ဓလေ့ထုံးတမ်းကို အသုံးမပြုချင်ပါဘူး။
ဒါကြောင့် ထိုအမျိုးသမီး တရားမျှတမှုရရှိဖို့ အခက်အခဲစိန်ခေါ်မှုတွေကြားထဲက ကျေးရွာထိဆင်းပြီး ညှိနှိုင်းမှုတွေ ပြုလုပ် တာပါ။ ဒါပေမယ့် ယခုအချိန်ထိ ညှိနှိုင်းမှုဟာ ထင်သလောက် ခရီးမပေါက်သေးပါဘူး။
အမျိုးသမီးအဖွဲ့ဟာလည်း ကောင်းမွန်ပြီး တရားမျှတတဲ့ ဓလေ့ထုံးတမ်းရရှိလာဖို့ ကောင်းတဲ့ဓလေ့ထုံးတမ်းကို ကျင့်သုံး ပြီးတော့ မကောင်းတဲ့ဓလေ့ထုံးတမ်းတွေကို ပယ်ဖျက်ဖို့အတွက် ကျေးရွာတွင်း အာဏာရှိသူတွေကို အကြံပေးတာ၊ စည်းရုံး မှုတွေ ပြုလုပ်နေရပြီး ကြိုးစားနေဆဲ ဖြစ်ပါတယ်။
လက်ရှိ ဓလေ့ထုံးတမ်းမှာ တစ်ချို့ပြင်ဖို့လိုအပ်တာတွေရှိပြီး အကြမ်းဖက်ခံရတဲ့အမျိုးသမီးကို ဓလေ့ထုံးတမ်းနဲ့ ဖြေရှင်းတဲ့ အချိန်မှာ အမျိုးသားတွေရဲ့ လွမ်းမိုးမှု အရမ်းများတာတွေ ကျေးရွာတွင်း ဆုံးဖြတ်ချက်ချတဲ့အထဲမှာ အမျိုးသားတွေဖြစ် ပြီး အမျိုးသမီးတစ်ဦးမှ မပါတာတွေရှိနေပါတယ်။
အမျိုးသားတွေရဲ့ လွမ်းမိုးမှုများတဲ့အခါ နစ်နာသူအမျိုးသမီးက အမှုပေါ်ပေါက်ဖို့ မပြောရဲ မဆိုရဲတာတွေကြောင့် တရား မျှတမှုရရှိဖို့ အရမ်းလှမ်းဝေးစေပါတယ်။
ဒါ့အပြင် ဓလေ့ထုံးတမ်းဖြေရှင်းမှုဆိုတဲ့နေရာမှာ ဖြစ်လာတဲ့အမှုပေါ်မှာမူတည်ပြီး အဆင်ပြေသလို ဖြေရှင်းတာမျိုးတွေနဲ့ ဖြေရှင်းကြပါတယ်။ ဆုံးဖြတ်ချက်ချတဲ့သူတွေကလည်း အမျိုးသမီးရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း တွေးပေးလေ့ မရှိကြပါဘူး။
“ ကျမတို့ ကောင်းမွန်တဲ့ဓလေ့ထုံးတမ်းရဖို့ကတော့ အရမ်းခက်ခဲပါတယ်။ ဘာလို့ဆိုဒေသခံတွေက သူတို့ယုံကြည်ထားတဲ့ ဓလေ့ထုံးတမ်းကိုပြောရင် အရမ်းထိလွယ်ရှလွယ်ပါတယ်။ သွားပြုပြင်တာဆိုတော့ လွယ်လွယ်လေးနဲ့တော့ ရမှာမဟုတ် ဘူး။ ဘယ်ချိန်မှာရမယ်ဆိုတာ မသိပေမယ့် လက်ရှိမှာတော့ ကျမတို့က အဖွင့်သင်တန်းတွေ ပြုလုပ်ပေးနေတယ်။ တဖြည်း ဖြည်းလေးနဲ့တော့ သွားရမယ်” လို့ဆိုပါတယ်။
ကျေးရွာထိဆင်းပြီး သွားရောက်စည်းရုံးရတဲ့အချိန်မှာလည်း တစ်ချို့ဒေသတွေဆို တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိပါ တယ်။ စစ်ဆေးတာမျိုးတွေမကြုံရပေမယ့်လည်း လမ်းခရီးပေါ်မှာ “ ဖမ်းများဖမ်းမှာလားစိတ်နဲ့ကျောမလုံဘူး” လို့ အမျိုး သမီးအဖွဲ့က ပြောတယ်။
အဆိုပါအမျိုးသမီးအဖွဲ့ဟာ ကျေးလက်နေအမျိုးသမီးများ တရားမျှတမှု ပိုမိုရရှိလာအောင် ဥပဒေတွေကို လက်လှမ်းမှီနိုင်အောင် နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့် လှုပ်ရှားမှုတွေကို အကန့်အသတ်အများကြီးဖြစ်စေခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် အသွားအလာမလွတ်လပ်ခြင်း၊ တစ်ဖက်မှာလည်း ဓလေ့ထုံးတမ်းသော်လည်းကောင်း၊ ဥပဒေသော်လည်းကောင်း “ကျမကသင်ယူရင်းလေ့လာရင်း ပြုလုပ်လာတာဖြစ်တယ်။ ရှေ့တစ်ဦးလည်းမဟုတ်ဘူး။ ဥပ ဒေတွေလည်း အလုံးစုံတော့သိထားနိုင်ရင် ကောင်းပေမယ့် အလုံးစုံမသိလောက်ဘူး”ကြောင့် ကိုယ့်ကိုအားမလိုအားမရတဲ့ အပိုင်းတွေလည်း ရှိနေတယ်လို့ အမည်မဖော်လိုသူ အဖွဲ့ဝင်တစ်ဦးက ပြောတယ်။
လက်ရှိမှာတော့သွားမယ့်လမ်းကြောင်းကို မသွားခင်မှာ ကြိုတင်ပြင်ဆင်ရကာ သိုသိုသိပ်သိပ် ကြိုးစားပြီး ကူညီဆောင်ရွက် နေခဲ့ပေမယ့် “ဘယ်ချိန်မှာ ဘယ်လိုအန္တရာယ်ကျရောက်မယ်မှာလဲတော့မသိဘူး” လို့ ပြောပါတယ်။
အထက်ပါအမျိုးသမီးအဖွဲ့ကနေ ကူညီဆောင်ရွက်ပေးလို့ တရားမျှတမှုရရှိသွားတဲ့သူတစ်ဦးကလည်း “ ကျေးရွာတိုင်းမှာ အမျိုးသမီးအဖွဲ့ လိုတယ် ။ သူတို့မရှိရင် ဘယ်နားတိုင်တန်းရမှာမှန်းမသိဘူး။ ငွေကြေးနဲ့ပဲပြီးသွားလိမ့်မယ်။ တရားမျှတမှုရမှာလည်း မဟုတ် ဘူး ” လို့ သူ့ခံစားချက်အမြင်ကို ပြောပြတယ်။
အဆိုပါ အမျိုးသမီးအဖွဲ့ဟာ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းမှု အပါအဝင် အမှုပေါင်း ၂၅ မှုကို ကူညီဆောင်ရွက်ခဲ့ပါတယ်။ တရားမျှတမှုရရှိပြီး ပြီးမြောက်သွားတဲ့အမှုကတော့ နှစ်မှုရှိခဲ့ပါတယ်။
လက်ရှိမှာတော့ အမျိုးသမီးအဖွဲ့အနေနဲ့ ယခင်လို လွပ်လွပ်လပ်လပ် ကိုင်တွယ်ဖြေရှင်းမှုတွေမလုပ်နိုင်တော့ပေမယ့် ရတဲ့အနေအထားကနေပဲ ရသလောက် ကူညီဆောင်ရွက်ပေးနေကြပါတယ်။
ဒါပေမယ့် မြန်မာ့နိုင်ငံရေး ဒီလိုပုံစံတိုင်းသာဆက်သွားမယ်ဆိုရင်တော့ “အမျိုးသမီးများရဲ့ ဘဝတိုးတက်ရေး၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု လျော့ကျလာဖို့တွေအတွက် ရင်လေးနေမိတယ်။ အမျိုးသမီးအပေါ် အကြမ်းဖက်မှုတွေ အဆ မတန် ပိုမိုတိုးလာနိုင်တယ်” လို့ အဆိုပါအမျိုးသမီး အဖွဲ့က ဆိုပါတယ်။