Home ဆောင်းပါး သဘာဝစိုက်ပျိုးရေး နည်းစနစ်တွေမျှဝေနေတဲ့ ဆရာမသောင်းမေရီ

သဘာဝစိုက်ပျိုးရေး နည်းစနစ်တွေမျှဝေနေတဲ့ ဆရာမသောင်းမေရီ

ဒေဝီ။ ။

လယ်ယာစိုက်ပျိုးရေးမှာ ဓာတုသွင်းအားစုတွေ အများအပြားသုံးစွဲလာတာ၊ မျိုးရိုးဗီဇပြုပြင်ထားတဲ့ မျိုးစေ့သုံးစွဲလာမှုကြောင့် မြေဆီလွှာတွေ မဖြစ်ထွန်းတာ၊ သီးနှံတွေအထွက်နှုန်းလျော့တာ၊ လူမှုဝန်းကျင်နဲ့ဂေဟစနစ် ထိခိုက်ပျက်စီးတာတွေကို တောင်သူတွေခံစားလာရတာ နှစ်ကာလကြာရှည်နေပြီ။

ပိုးသတ်ဆေး ဓာတ်မြေသြဇာတွေ အလွန်အကျွံသုံးစွဲတဲ့ စိုက်ပျိုးနည်းစနစ်တွေကြောင့် လူမှုစီးပွား၊ ကျန်းမာရေးနဲ့ ပတ်ဝန်း ကျင်ထိခိုက် ပျက်စီးလာတာကိုသိမြင်လာတဲ့တောင်သူတွေက မြေဆီလွှာ၊ ဂေဟစနစ်နဲ့လူသားတွေ အပါအဝင် သက်ရှိ တွေကို မထိခိုက်စေဘဲ ရေရှည်တည်တံ့တဲ့စိုက်ပျိုးနည်းလမ်းတွေ ကျင့်သုံးဖို့ကြိုးစားလာကြတယ်။

သဘာဝမပျက်တဲ့ စိုက်ပျိုးနည်းစနစ်တွေကို ကိုယ်တိုင်ကျင့်သုံးနေတဲ့ တောင်သူတွေရှိသလို ဒီလိုစိုက်ပျိုးရေး နည်းစနစ် တွေနဲ့အလှမ်းဝေးတဲ့ ဒေသကတောင်သူတွေ သိရှိကျင့်သုံးနိုင်အောင် အသိပညာပေးမျှဝေနေကြသူတွေလည်း ရှိကြပါ တယ်။

ဒီလိုအသိပညာမျှဝေသူတွေထဲ လီဆူလူမျိုးဆရာမသောင်းမေရီလည်း အပါအဝင်ပါ။ သူနေထိုင်ရာဒေသက လီဆူမျိုးနွယ် တောင်သူတွေကို ရေရှည်တည်တံ့ပြီး ကျန်းမာတဲ့လူနေမှုဘဝရရှိစေဖို့ သဘာဝစိုက်ပျိုးရေး နည်းလမ်းတွေ လမ်းညွှန်ပြသ နေသူပဲဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ပိုးဇာကျေးရွာမှာနေထိုင်တဲ့ အသက်၃၈နှစ်အရွယ် ဆရာမသောင်းမေရီက ပိုးဇာလီဆူနှစ်ခြင်း ခရစ်ယာန်အသင်းတော်မှာ ဖွံ့ဖြိုးရေးတာဝန်ခံ (အချိန်ပိုင်း)အဖြစ် ဆောင်ရွက်နေပြီး ပြင်ဦးလွင် လီဆူ ဓမ္မတက္ကသိုလ် ဓမ္မအမှုတော်ဆောင်အဖြစ် ဆောင်ရွက်နေတာပါ။

အသင်းတော်မှာ ဓမ္မအမှုတော်ဆောင်ရင်း သူနေထိုင်ရာ ဒေသကတောင်သူ‌တွေကို ဓာတုကင်းလွတ်တဲ့ သဘာဝစိုက် ပျိုးရေးဖြစ်စေဖို့ ကြိုးစားလုပ်ဆောင်နေသူပဲ ဖြစ်ပါတယ်။

သူနေထိုင်ရာ ပိုးဇာဒေသက ဒေသခံတွေက ကိုယ်ပိုင်ခြံမြေလယ်ယာတွေနဲ့စီးပွားဖြစ်စိုက်ပျိုး အသက်မွေးကြပေမယ့် လူငယ်တွေက တောင်သူလုပ်ဖို့စိတ်မဝင်စားကြတာ ၊ တောင်သူတွေမှာလည်း စိုက်ပျိုးမြေမကောင်းတာ၊ ပေါင်းသတ်ဆေး သုံးတာတွေကြောင့် မြေဆီမြေနှစ်မကောင်းတာ၊ အထွက်နှုန်းကျတာတွေလည်းကြုံနေရတယ်။

တောင်သူတွေနဲ့ ပြောဆိုဆွေးနွေးတဲ့အခါ စိုက်ပျိုးရေးနဲ့ပတ်သတ်ပြီး သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြန်လည် ကြားရ ပြီးဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်ခဲ့တယ်။

တောင်သူတစ်ဦးဖြစ်တဲ့အပြင် ပြည်ပနိုင်ငံမှာ အော်ဂဲနစ်စိုက်ပျိုးရေးတွေပညာလေ့လာဖြစ်ခဲ့တဲ့ ဆရာမသောင်းမေရီက သူ့ဒေသကတောင်သူတွေကို သဘာဝမြေသြဇာလုပ်ဆောင်တာ မျိုးစေ့တွေအကြောင်းအသိပညာပေးတာ၊ ဒေသထွက် ကုန်တွေကို တန်ဖိုးမြှင့်ထုတ်လုပ်ဖို့ နည်းပညာတွေပြန်လည်မျှဝေခဲ့တယ်။

ပိုးဇာဒေသကတောင်သူတွေက ငှက်ပျော၊သရက်၊ ကဗ္ဗလာ၊ဂရိတ်ဖရု၊သံပုရာစတဲ့ နှစ်ရှည်ပင်တွေကို စီးပွားဖြစ် စိုက်ပျိုး ကြပြီး ပြောင်း၊ပဲ မုန်ညင်း၊ ကိုက်လန် ၊ ချဉ်ပေါင်စတဲ့ ရာသီပေါ်သီးနှံတွေကိုတော့ တစ်ပိုင်တစ်နိုင် စားလောက်ရုံသာစိုက်ပျိုး ကြပါတယ်။

ဒါပေမယ့် စီးပွားဖြစ်စိုက်ပျိုးတဲ့ နှစ်ရှည်ပင်တွေက နှစ်အနှစ်ငယ်သာ သီးနှံခူးဆွတ်အသုံးပြုနိုင်တာနဲ့ ကြုံတွေ့နေရတယ်။ စိုက်ပျိုးပြီးသားနှစ်ရှည်သီးပင်တွေက အသီးစတင်သီးပြီး သုံးနှစ်ကနေ ငါးနှစ်လောက်သာ အသီးအနှံ ဖြစ်ထွန်း‌ကောင်းမွန် ပြီး ယင်းနောက်ပိုင်းမှာအပင်တွေက အသီးမသီးတော့တာ၊ခြောက်သွေ့သေဆုံးတာနဲ့ ကြုံလာရတယ်။

” ဒါကိုစဉ်းစားတဲ့အခါမှာ ကျွန်မတို့ဒေသမှာ မြေပြသနာဖြစ်ပြီဆိုတာ သိလာတယ်၊ဘာလို့ဆိုကျွန်မတို့က အရင်ကတည်းက တောင်သူပဲ။ မြေဆီမြေနှစ်ပြသနာတက်ပြီဆိုတာ သုံးသပ်မိတယ်ပေါ့။”လို့ ဆရာမသောင်းမေရီက ပြောပါတယ်။

နှစ်ရှည်ခံပင်တွေ နှစ်တိုခံပင်ဖြစ်လာခြင်းက ပေါင်းသတ်ဆေးအများအပြားသုံးစွဲလာတာကြောင့် မြေဆီလွှာ အရည်အသွေး ကျဆင်းလာတာဖြစ်တယ်လို့ဆိုတယ်။ ဒါ့အပြင်သစ်ပင်တွေအလွန်အကျွံခုတ်တဲ့ အကျိုးဆက်တွေကြောင့် အပင်တွေကို အကျိုးပြုတဲ့ပိုးမွှား နည်းလာပြီး ဒီအခြေအနေမှာပေါင်းသတ်‌ဆေးဖြန်းတာ အလွန်အကျွံသုံးတဲ့ အခါအကျိုးမပြုတဲ့ပိုးမွှား တွေများလာပြီး အပင်ကို ထိခိုက်စေတာပါ။

” တောင်သူတွေက စိုက်ပျိုးမြေတွေ ချဲ့ထွင်လာတဲ့အခါ ပိုးသတ်ဆေးပေါင်းသတ်ဆေးတွေ သုံးစွဲလာတယ်။ စိုက်ပျိုးမြေ မလုပ်တတ်တော့ဘူး။ လုပ်လို့မဖြစ်တော့ဘူး ယုံကြည်ချက်လည်း မရှိတော့ဘူးပေါ့နော် ပေါင်းသတ်ဆေးသုံးမှဖြစ်မယ်ပေါ့ ဒါတွေဖြစ်လာတယ်။” လို့ ဆိုတယ်။

ဒီအတွက်ကြောင့်တောင်သူတွေကို သဘာဝမပျက်တဲ့နည်းလမ်းတွေနဲ့ စိုက်ပျိုးနိုင်အောင် ဓာတုလွတ်စိုက်ပျိုးနည်းလမ်း တွေ ကူညီမျှဝေပြီးလက်တွေ့ဆန်တဲ့သဘာဝနည်းပညာကို တောင်သူတွေနဲ့ အတူတူလေ့လာနိုင်အောင်သင်တန်းတွေ ပေးဖြစ်ခဲ့တယ်။

သဘာဝမပျက်စိုက်ပျိုးရေးနည်းလမ်းတွေ မျှဝေပေမယ့် စိုက်ပျိုးရေးမှာဦးဆောင်လုပ်ကိုင်နေတဲ့ တောင်သူတွေကတော့ ပါဝင်မှုနည်း ပါတယ်။ ဒါပေမယ့် စိုက်ပျိုးရေးနည်းစနစ် ပြောင်းလဲဖို့ဆိုရင် ဆုံးဖြတ်ချက်ချနိုင်တဲ့ တောင်သူတွေကို အဓိက ပါဝင်မှဖြစ်မယ်လို့ ယူဆထားတဲ့အတွက် ဦးဆောင် စိုက်ပျိုးနေတဲ့ တောင်သူတွေကို များများပါဝင်ဖို့ လုပ်ဆောင်ခဲ့တယ်။

” ကျွန်မတို့ဒေသရဲ့မြေယာ ကျွန်မတို့ဒေသရဲ့ အပင်တွေနှစ်ရှည်မခံတာတွေ မြေကြီးရဲ့နှစ်စဉ် မခံမှုတွေကို ပြန်လည်ဆွေး နွေးပေးနိုင်ဖို့က အပင်တွေမြေကြီးတွေနဲ့နေ့စဉ် ထိတွေ့နေသူပဲသိမှာကိုး ” လို့ ဆက်ပြောပါတယ်။

အစပိုင်းမှာစည်းရုံးရ ခက်ခဲပေမယ့် သဘာဝစိုက်ပျိုးရေးနည်းစနစ်တွေက အထောက်အကူဖြစ်တာကို နားလည်သဘော ပေါက်လာတဲ့ တောင်သူတွေက သူနဲ့အတူ ပူးပေါင်းပါဝင်လာကြပြီး သင်တန်းပြီးသွားတဲ့အခါ တောင်သူအမျိုးသမီးတွေ အစုအဖွဲ့ဖွဲ့ပြီး သဘာဝမြေသြဇာ သဘာပိုးပြေးဆေးစတဲ့ သဘာဝမပျက် တဲ့စိုက်ပျိုး ရေးနည်းလမ်းလုပ်ဆောင်နေကြတာ တွေကို ကျေနပ်ဖွယ်မြင်တွေ့နေရတယ်။

ဆရာမသောင်းမေရီက သူ့ဒေသမှာသဘာဝမပျက်တဲ့စိုက်ပျိုးရေးနည်းစနစ် အကောင်အထည်ဖော်တာအပြင် ဒေသတွင်း မျိုးစေ့တွေကိုထိန်းသိမ်းဖို့လည်း ကြိုးပမ်းနေပါတယ်။

” ဘုရားကျောင်းက လူငယ်နဲ့ကလေးတွေကို တတ်နိုင်သလောက်ပြောပြ လမ်းညွှန်ပြသနေတာ ကြာပြီဖြစ်ပေမယ့် ကျွန်မ တို့ဒေသမှာရှိတဲ့ တောင်သူအဖွဲ့များနဲ့‌ရော တစ်ခြားဒေသက လီဆူခရစ်ယာန်တောင်သူများကိုရော ဒေသမျိုးစေ့ အရေးကြီး လာနေတဲ့အကြောင်းပြောဖြစ်ခဲ့ကြပါသေးတယ်။” လို့ ဆိုတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ဒေသမျိုးစိတ်တွေကို မပျောက်ပျက်စေရေး အလျှင်အမြန်ထိန်းသိမ်းဖို့ လိုအပ်နေပြီး ဒီမျိုးစေ့တွေကို မထိန်းသိမ်းထားနိုင်ရင် ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့မျိုးစေ့တွေအစား အခြားမျိုးစိတ်တွေနေရာ ယူသွား တဲ့အခါ တောင်သူတွေအခက်အခဲဖြစ်လိမ့်မယ်လို့ ယင်းကပြောတယ်။

ဒေသမျိုးစေ့တွေကမြန်မာ့ရေမြေရာသီဥတုနဲ့ကိုက်ညီပြီး ဓာတုဆေးတွေ၊ ဓာတ်မြေသြဇာတွေသုံးစွဲရမှုနည်းတာ၊ ပိုးမွှား ရောဂါ၊ ရာသီဥတုဒဏ်ခံနိုင်တာ ၊အဟာရဓာတ်ပိုကြွယ်ဝတာစတဲ့အားသာချက်တွေရှိပါတယ်။ ဒါပေမယ့် ပြုပြင်ဖန်တီး ထားတဲ့ မျိုးစိတ်တွေ ဝင်ရောက်လာမှုကြောင့် ဒေသမျိုးစေ့အချို့က ပျောက်ကွယ်လုနီးပါဖြစ်နေရပါတယ်။

မျိုးရိုးဗီဇပြုပြင်ထားတဲ့မျိုးစေ့ (GMO) တွေက မျိုးညစ်ညမ်းခြင်း( Gene pollution) ပြသနာရှိသလို Super Weed လို့ ခေါ်တဲ့ ထိန်းချုပ်လို့မရတဲ့ ပေါင်းပင်ပြသနာတွေ နောက်ဆက်တွဲဖန်တီးပြီး ကျန်းမာရေးဆိုးကျိုး ဖြစ်နိုင်တယ်လို့ စိုက်ပျိုး ရေးပညာရှင်တွေက သတိပေးထားပါတယ်။

တောင်သူတွေက GMO မျိုးစေ့တွေ စိုက်ပျိုးလာတဲ့အခါမှာ ဒေသမျိုးထိန်းတဲ့ မိရိုးဖလာ အလေ့အထလည်းပျက်သလို၊ ကိုယ်တိုင်လဲ မျိုးထုတ်မရ ကျန်တဲ့မျိုးလည်းစိုက်မရတော့ပဲ မျိုးစေ့ရောင်းတဲ့ ကုပ္မဏီသာကြွယ်ဝပြီး ဒေသခံ တောင်သူတွေ မှာတော့ ဆုံးရှုံးနစ်နာမှုတွေနဲ့ကျန်ခဲ့တာလို့ဆိုတယ်။

” ဒေသမျိုးစေ့တွေက ဒီနှစ်စိုက်ပြီးရင် နောက်နှစ်အတွက် မျိုးစေ့ထားလို့ရသလို အရည်အသွေးပြည့်တဲ့ အဟာရကို ပေးစွမ်းနိုင်တုန်းပဲ၊ဒါတွေမထိန်းရင် GMO မျိုးစေ့တွေက နေရာယူသွားမယ်”လို့ ဆရာမသောင်းမေရီက ဆိုတယ်။

ထိုင်းနိုင်ငံမှာ စိုက်ပျိုးရေးပညာသွားရောက်လေ့လာစဉ်က မျိုးစေ့ထိန်းသိမ်းရေး နည်းစနစ်တွေကိုပါ လေ့လာခဲ့တာကြောင့် သူ့နေရပ်မှာ ဒေသမျိုးစိတ်တွေကို စုဆောင်းထိန်းသိမ်းဖို့ ပြန်လည် လုပ်ဆောင်ခဲ့တယ်။

ရေရှည်တည်တံ့တဲ့နေထိုင်မှုကိုသွားနိုင်ဖို့ ပိုးဇာခရစ်ယာန်သင်းတော်မှာ ဒေသတွင်းမျိုးစေ့စတင် စုဆောင်းထိမ်းသိမ်းခြင်း အစီအစဉ်ကို ၂၀၂၂ ခုနှစ်မှာ အစပြုဖြစ်ခဲ့တယ်။ ‌တောင်သူတွေ စိုက်ပျိုးပြီးတဲ့အခါ ကျန်ရှိတဲ့ ဒေသမျိုး‌စေ့တွေကို မျိုးစေ့ ဘဏ်မှာ ထားဖို့နှိုးဆော်ထားပါတယ်။

သူတရားဟောညွှန်ပြရာ ဘုရားကျောင်းမှာလည်း တရားဟောချိန်တိုင်း မျိုးစေ့ထိန်းသိမ်းရေး နည်းလမ်းတွေကို အသိပေး မျှဝေခဲ့သလို တောင်သူတွေနဲ့လည်းတွေ့ဆုံပြီး ဆွေးနွေးဖလှယ်တာတွေလုပ်ခဲ့တယ်။

” တောင်သူတွေကို သူတို့ဆီကမျိုးစေ့တွေ ယူလာစေသလို ကျမစုဆောင်းထားတဲ့ မျိုးစေ့တွေကိုလည်း အပြန်အလှန် ဖလှယ်ရင်း မျိုးစေ့ဖလှယ်ခြင်းစကားဝိုင်းတွေလုပ်ဖြစ်တယ်”လို့ ဆိုတယ်။

သူနေထိုင်ရာဒေသလေးမှာ မျိုးစေ့ဘဏ်ပေါ်ပေါက်လာဖို့ အကောင်အထည်ဖော်ပေမယ့် အခက်အခဲတွေက အများကြီးပါ။ မျိုးစေ့တွေသိမ်းဆည်းထားရှိဖို့ အဆောက်အဦ(မြေကြီးအိမ်) ဆောက်လုပ်စဉ်က တောင်သူတွေ စိတ်ဝင်စားမှုနည်း တာ ကြောင့် လူငယ်တွေ ကလေးတွေနဲ့သာ စတင်ခဲ့ရတယ်လို့ဆိုတယ်။

” အမျိုးသမီးအချို့တော့ လာပါဝင်‌ပေးပါတယ်။ ဒါက လက်ရှိတောင်သူတွေရဲ့ ဒီလို မျိုးစေ့ဘဏ်ထားရှိခြင်းနဲ့ စားသုံးသူ ပညာရေးအပေါ်မှာ စိတ်ပါဝင်စားမှု အားနည်းနေသေးတဲ့သဘောပါပဲ။” လို့ဆရာမသောင်းမေရီကပြောပါတယ်။

မျိုးစေ့ထိန်းသိမ်းတာက ဒေသမှာ နှစ်စဉ်စိုက်တဲ့ သန်စွမ်းတဲ့အပင်ကနေ မျိုးစေ့ထုတ်ယူတာဖြစ်ပြီး မျိုးသန့်ဖို့အတွက် မြေကြီးကစလို့ စိုက်ပျိုးတဲ့မြေအနေအထားနဲ့ သိုလှောင်တဲ့နည်းစနစ်ထိအရေးကြီးပါတယ်။

မျိုးစေ့တွေကိုရိတ်သိမ်းတာ၊ ခြောက်ခံတာ၊ မျိုးသန့်အောင် မျိုးစေ့သန့်ရှင်းတာ၊ သိုလှောင်တာ၊ အချက်အလက် ထိန်းသိမ်း တာ၊ အညှောင့်ပေါက်စမ်းသပ်တာ စတဲ့ မျိုးစေ့ထိန်းသိမ်းရေးနည်းစနစ်တွေအဆင့်ဆင့် စနစ်တကျလုပ်ဆောင်ရပြီး ဒါမှသာ ရေရှည်ထိန်းသိမ်းနိုင်မှာလို့ဆိုတယ်။

လတ်တလောမှာတော့ ဒေသမှာပုံမှန်စိုက်ပျိုးစားသောက်လေ့ရှိတဲ့ ပဲအမျိုးမျိုး၊ပြောင်း၊ ဖရုံ၊သခွားမုန်ညင်း၊ ခရမ်းသီး၊ ခရမ်း ချဉ်သီး၊ စမုံစပါးစတဲ့ မျိုးအုပ်စု ၂၂မျိုးခန့်ကို စုဆောင်းထားရှိပြီး မျိုးစေ့တွေပိုစုဆောင်းနိုင်ဖို့ တစ်ပတ်ကို ရက်တစ်ရက် သတ်မှတ်ပြီးတော့တောင်သူတွေဆီက မျိုးစေ့လက်ခံမယ့်အစီအစဉ်တွေလုပ်ဆောင် မယ်လို့ဆိုတယ်။

ဒေသမျိုးစေ့တွေထိန်းသိမ်းတဲ့ မျိုးစေ့ဘဏ်ကို သပိတ်ကျင်းမြို့နယ်က ပိုးဇာကျေးရွာနဲ့ ပြင်ဦးလွင် လီဆူဓမ္မတက္ကသိုလ် တို့မှာ လုပ်ဆောင်ထားပြီး အခြားနေရာတွေမှာလည်း ဒေသအလိုက်မျိုးစေ့စုဆောင်းတဲ့ မျိုးစေ့ဘဏ်လေးတွေ ပေါ်ပေါက် လာဖို့ ပြန်လည်မျှဝေချင်တယ်လို့ဆက်ပြောပါတယ်။

” နေရာအနှံ့မှာမျိုးစေ့က အစုံရှိတယ်လေ၊အားလုံးထိန်းသိမ်းမှပဲ အဟာရကြွယ်ဝတဲ့ဒေသမျိုးစိတ်တွေက ရှိနေမှာပေါ့။ အားလုံးမှာ တာဝန်ရှိတဲ့အတွက် စိတ်ဝင်စားတဲ့သူတွေနဲ့လုပ်သွားဖို့ နည်းပညာ‌ပေးနိုင်သမျှပေးမယ်” လို့ ဆရာမသောင်း မေရီကပြောပါတယ်။

ဒါ့အပြင် ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် စိုက်ပျိုးချိန်မစိုက်ပျိုးနိုင်၊ ရိတ်သိမ်းချိန်မရိတ်သိမ်းနိုင်ခဲ့တဲ့ တောင်သူတွေ အတွက်လည်း သူတို့ပြန်လည်စိုက်ပျိုးချိန်မှာ လိုအပ်တဲ့မျိုးစေ့တွေကို ပံ့ပိုးကူညီဖို့ ပြင်ဆင်ထားတယ်လို့ ဆက်ပြောပါတယ်။

မျိုးရိုးဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေ ဝယ်ယူစိုက်ပျိုးမယ့်အစား ဒေသမျိုးစေ့တွေကို စနစ်တကျထိန်းသိမ်း စုဆောင်းပြီး စိုက်ပျိုး တဲ့အခါ ကုန်ကျစရိတ်လည်း သက်သာသလို စိုက်ပျိုးမြေဂေဟစနစ်လည်း မပျက်ယွင်း စေပါဘူး။

” ဘိုးဘွားစဉ်ဆက်ကမ်းလာတဲ့မျိုးစေ့ကို လွတ်လွတ်လပ်လပ်ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ စိုက်ပျိုးမယ်ဆိုရင် အစား အစာနဲ့ပတ်သတ်ပြီးတော့ ကိုယ်တိုင်စီမံအုပ်ချုပ်နိုင်တဲ့ဟာလေးတွေ ကိုယ်တိုင်ဝယ်စရာ မလိုတဲ့ဟာတွေ ဒီတန်ဖိုးလေး တွေ ပြန်ထိန်းသိမ်းထားနိုင်မယ်” လို့ ဆရာမသောင်းမေရီကပြောတယ်။

ဓမ္မအမှုတော်ဆောင်တစ်ဦးအဖြစ် ဒေသခံတွေကို တရားဓမ္မလမ်းညွှန်ပြသနေသလို တစ်ဖက်မှာလည်း တောင်သူတွေကို ဓာတုလွတ်ကင်းပြီး ရှေရှည်တည်တံ့တဲ့စိုက်ပျိုးရေး နည်းစနစ်ဖြစ်စေဖို့ ကြိုးပမ်းနေပြီး ဒါကဘုရားအမှုတော်အတိုင်း ဆောင် ရွက်တာဖြစ်တယ်လို့ဆိုတယ်။

” ဘုရားအမှုတော်က လူသားတွေ ကျန်းမာမှဖူလှုံနေမှ ဗိုက်ဝနေမှ ဆောင်ရွက်လို့ရမှာကို။ ဓမ္မအမှုတော်ဆောင် တစ်ဦး အနေနဲ့ ပြောပြရမယ်ကူညီရမယ်၊ သူတို့ကို အထောက်အမ တစ်ထောင့်တစ်နေရာကနေ အမြင်ဖွင့်ပေးတာ လုပ်ပေးရ မယ်လို့ ကျွန်မစိတ်ထဲက ခံယူတယ်၊ ယုံလည်းယုံကြည်တယ်။”လို့ သူကပြောပါတယ်။

လူသားတွေကျန်းမာသလို မြေကြီးလည်း ကျန်းမာ၊ သဘာဝတရားကြီးကျန်းမာဖို့က လူတိုင်းက ဝိုင်းဝန်းလုပ်ဆောင်မှသာ ကျန်းမာပျော်ရွှင်တဲ့အသိုင်းအဝိုင်းဖြစ်လာမှာပါ။

ဒီအတွက်လည်း သူ့ရပ်ရွာကတောင်သူတွေ ကျန်းမာပြီးအစားစာဖူလှုံစေဖို့ ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိဖို့ ရေရှည် တည်တံ့တဲ့စိုက်ပျိုးမြေဖြစ်စေဖို့ မျိုးဆက်သစ်လူငယ်တွေ ရပ်ရွာမှာရှင်သန်နိုင်ရပ်တည်နိုင်ဖို့ မျှော်လင့်မိတယ်လို့ဆရာမ သောင်းမေရီကပြောပါတယ်။

” ကျွန်မတို့ဒေသမှာ မြေဆီမြေနှစ်တွေ နဂိုမူလအတိုင်းပြန်ဖြစ်လာပြီး သဘာဝအတိုင်း အာဟာရဖြစ်စေတဲ့ အသီးအနှံ ထွက်ပေါ်လာရင် ကျွန်မကျေနပ်နေပါပြီ။”

Author:

Related Articles