ရှင်ငြိမ်း။ ။
“မီးမကူး၊ ကျည်မတိုးဘူး”လို့ ကြွေးကြော်ထားတဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာက စစ်စခန်းတစ်ခုဟာ သြဂုတ်လ ၂၀ ရက်က ဒရုန်းနဲ့ ဗုံးကျဲပစ်ချခံလိုက်ရပါတယ်။
ပုံမှန်အားဖြင့် ဒီလိုတိုက်ပွဲတွေကို အမျိုးသားတွေဦးဆောင် တာများပါတယ်။
ဒီတိုက်ခိုက်မှာ ထူးခြားတာက အမျိုးသမီးတွေဦးဆောင်တဲ့T.G.R Women Drone Froce အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ် တယ်။ သူတို့ရဲ့တိုက်ခိုက်မှုကြောင့် စခန်းထဲရှိစစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရသွားခဲ့တယ်။
“သူတို့(စစ်စခန်း)က မီးမကူးဘူး။ ကျည်မတိုးဘူးလို့ကြွေးကြော်ထားတော့ ကျမတို့လည်းဒါကိုဖြစ်အောင်လုပ်မယ်ဆိုပြီး အဖွဲ့နဲ့တိုင်ပင်တယ်။ မစ်ရှင်အောင်ပါ့မလားဆိုတဲ့စိုးရိမ်မှုတော့ရှိခဲ့တာပေါ့”လို့ T.G.R ရဲ့ခေါင်းဆောင်အမျိုးသမီးဖြစ်သူ ကျားခင်စိန်က ပြောပါတယ်။
စစ်တပ်ကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ လုပ်ဆောင်တဲ့အဖွဲ့အစည်းတွေကို စုံစမ်းနေပါတယ်လို့ MRTV(မြန်မာ့ရုပ်မြင် သံကြား)မှာ ကြေညာပါတယ်။
သို့ပေမယ့် T.G.R ခေါင်းဆောင် ကျားခင်စိန်ကလည်း လုပ်ဆောင်ခဲ့တဲ့အဖွဲ့အစည်းတွေကို စုံစမ်းမနေပါနဲ့။ T.G.R women Drone Force မှ ကျားခင်စိန်နဲ့ မဟာမိတ်တွေက ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရဲတင်းစွာတုန့်ပြန်ပါတယ်။
ကျားခင်စိန်ရဲ့အခုလိုလုပ်ရပ်တွေကြောင့် သူရဲ့ဆရာလည်းဖြစ်တဲ့ဗိုလ်တိုက်ဂါးက ကျားခင်စိန်ဟာ နာမည်နဲ့လိုက်အောင် ရဲရင့်ပြီး အကြောက်အရွံ့ကင်းကင်းနဲ့တိုက်ခိုက်နိုင်တဲ့အမျိုးသမီးလို့ မှတ်ချက်ပြုပါတယ်။
ကျားခင်စိန်ဟာ အခုမှရဲရင့်ပြတ်သားတာမဟုတ်ပါဘူး။ သူယုံကြည်ရာအတွက်ဆို မိသားစုသာမက သူ့အသက်ကိုပါ စွန့် လွှတ်နိုင်သူပါ။ ဒါတွေကြောင့်ပဲ သူဟာ T.G.R women Drone Force ရဲ့အမျိုးသမီးခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့တယ်။
ကိုဗစ်နဲ့ အာဏာသိမ်းမှုမတိုင်မီက အသက် ၂၅ နှစ်အရွယ်ကျားခင်စိန်ဟာ သာမာန်လွတ်လပ်ပေါ့ပါးတဲ့မန္တလေးတက္ကသိုလ် တက်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါ။
သူရဲ့ရည်မှန်းချက်ဟာလည်း သူများတွေလိုကြီးကျယ်ခမ်းနားမနေဘဲ တောရွာလေးတွေမှာ စာသင်ပေးချင်တဲ့ကျောင်း ဆရာမလေးဖြစ်ချင်ခဲ့ရုံပါ။ တက္ကသိုလ်ပြီးရင်ကျောင်းဆရာမလျှောက်မယ်လို့ ပေါ့ပေါ့ပါးပါးပဲ သူတွေးထားခဲ့ပါတယ်။
နောက်ပြီး သူဟာ မောင်နှမသုံးယောက်ရှိတဲ့ထဲမှာ အငယ်ဆုံးဖြစ်သလို တစ်ဦးထဲသောသမီးလည်းဖြစ်တာကြောင့် မိသားစုရဲ့ချစ်ခင်အလိုလိုက်မှုအောက်မှာ စိုးရိမ်ပူပန်စရာဆိုလို့ မြူတစ်မှုန်တောင်မရှိခဲ့ပါဘူး။
ဒါပေမဲ့အာဏာသိမ်းမှုဖြစ်လာတော့ နိုင်ငံတော်အာဏာကိုမတရားသိမ်းပိုက်ရယူထားတဲ့စစ်တပ်ကို ဆန့်ကျင်တော်လှန်တဲ့ သပိတ်စစ်ကြောင်းတွေထွက်လာခဲ့တယ်။ဒီသပိတ်စစ်ကြောင်းတွေမှာ ကျားခင်စိန်ဟာ တက်တက်ကြွကြွပါဝင်ခဲ့တယ်။
စစ်တပ်ရဲ့မတရားအာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာမှာပါဝင်တဲ့အခါ မိသားစုက တားဆီးတာတွေရှိလာတဲ့အတွက် လိမ်နည်းမျိုးစုံနဲ့အကြောင်းပြချက်ပေးကာ သပိတ်စစ်ကြောင်းတွေမှာ မပြတ်ထွက်နိုင်အောင်သူစွမ်းဆောင်ခဲ့ပါတယ်။
ဒီအထိ သူ့မိသားစုက အငယ်ဆုံးသမီးလေးမို့ စိတ်ပူတားဆီးတယ်လို့ သာမာန်ပဲသူက ယူဆခဲ့တယ်။ သို့ပေမဲ့ မိသားစုက သူထင်သလိုမဟုတ်ဘဲ သူ့အယူအဆနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာကိုသိရတဲ့အခါမှာတော့ မိသားစုကို စွန့်ခွာလိုက်ပါတော့ တယ်။
“အိမ်မှာဆို ကျမလည်းတော်လှန်ရေးလုပ်လို့မရဘူး။ မိသားစုလည်းအန္တရာယ်များမယ်။ ဒါကြောင့်အိမ်ကထွက်လာလိုက် တယ်။ အဝတ်သုံးစုံနဲ့ စုထားတဲ့ပိုက်ဆံတစ်သိန်းပဲပါတယ်။ လက်ဝတ်လက်စားတွေကတော့ အကုန်ချွတ်ထားခဲ့တယ်”လို့ ကျားခင်စိန်က ဆိုပါတယ်။
ကျားခင်စိန်ဟာ အိမ်ကထွက်လာတာနဲ့ မန္တလေးမြို့မှာပဲ ယူဂျီအနေနဲ့ လှုပ်ရှားခဲ့တယ်။ ယူဂျီအလုပ်ကလည်း ဒလန်ရှင်း တာ၊ စစ်စခန်းတွေရှိတဲ့နေရာတွေကို တိုက်ခိုက်ရေးလုပ်တာစတဲ့အန္တရာယ်များတဲ့အလုပ်တွေကို လုပ်ကြရတာဖြစ်တယ်။
တခါတရံ မစ်ရှင်မအောင်မြင်လို့ ပျက်စီးဆုံးရှုံးရတာ၊ စစ်သားတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေနဲ့လည်း ကြုံကြရတယ်။ အန္တရာယ်များတဲ့စွန့်စားရတဲ့အလုပ်တွေမှာ ဝါသနာပါတဲ့ကျားခင်စိန်ဟာ ယူဂျီအလုပ်အပေါ်မှာလည်း ဘယ်လိုအခက်အခဲပဲ ရှိရှိ စိတ်ပျက်အားလျော့လိုက်တာမျိုးမရှိပါဘူး။
ဒါပေမဲ့ သူတို့အဖွဲ့အစည်းထဲက အဖွဲ့ဝင်တချို့ဖမ်းမိသွားတဲ့အခါ သတင်းပေး၊ ဖော်လိုက်တဲ့အတွက် သူတို့နေရာကို စစ်တပ်က ဝင်စီးလာတဲ့အချိန်မှာတော့ သူတို့အဖွဲ့သားတွေအသက်လုပြေးကြရတယ်။
“အဲ့ဒီနေ့က နီးစပ်ရာသူငယ်ချင်းတွေကို တညတာလေးပေးအိပ်ဖို့အကူအညီတောင်းပေမယ့် ဘယ်နေရာမှနေခွင့်မရခဲ့ဘူး။ နောက်ဆုံး မြို့ပြင်သင်္ချိုင်းမှာသွားအိပ်ရတယ်။ စားစရာမရှိ၊ နေစရာမရှိတဲ့ဒုက္ခကိုအတော်လေးခံခဲ့ရတယ်”လို့ ကျားခင်စိန် က စိတ်မကောင်းစွာနဲ့ ပြောပါတယ်။
ကျားခင်စိန်တို့အဖွဲ့တွေ ကွဲပြီး မန္တလေးမှာဆက်ရပ်တည်လို့မဖြစ်တော့တဲ့အခါ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက် မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ တောထဲအသိတချို့ကိုအကူအညီနဲ့ တစ်ယောက်ထဲတောထဲကို ထွက်သွားလိုက်တယ်။
သူတောထဲကို ရောက်တာနဲ့ ဗိုလ်တိုက်ဂါး ဦးဆောင်တဲ့မြောင်မြို့နယ်၊ T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှာ အခြေခံစစ် သင်တန်း ၂ လတက်ခဲ့တယ်။ အများနည်းတူခက်ခဲပင်ပန်းမှုတွေရှိခဲ့ပေမယ့် အချိန်ကြာလာတဲ့အခါ ပင်ပန်းမှုတွေနဲ့သူဟာ နေသားကျသွားခဲ့ပါတယ်။
“ကျမက တော်လှန်ရေးအပေါ်မှာအရမ်းစိတ်အားတက်ကြွလွန်းလို့လားပဲ။ ပင်ပန်းတာတော့ပင်ပန်းတယ်။ ဒါမဲ့ပင်ပန်းတာ ကိုပဲပျော်နေမိတယ်။ လူလည်းအားပိုရှိသလိုပဲ”လို့ ကျားခင်စိန်က ပြောပြပါတယ်။
ဒီစစ်သင်တန်းမှာကတည်းက ကျားခင်စိန်ဟာ ဆရာတွေရဲ့ညွန့်ကြားမှုကို လိုက်နာတယ်။ သင်ကြားမှုအပေါ်မှာလည်း တပါးသူထက်ပိုတက်ကြွတယ်။ ရဲဘော်၊ ရဲဖက်တွေအပေါ်မှာလည်း ကူညီလိုစိတ်ရှိတယ်လို့ ကျားခင်စိန်ကို အနီးကပ် သင်ကြားပေးခဲ့တဲ့ဆရာတစ်ဦးက မှတ်ချက်ပေးပါတယ်။
သင်တန်းကနေ စစ်အာဏာရှင်ကို ဘယ်လိုပုံစံနဲ့တိုက်မလဲဆိုတာ သူတို့ကိုယ်တိုင် စဉ်းစားဆုံးဖြတ်နိုင်အောင်အထိ သင်ကြားပေးထားတယ်လို့ သူက ရှင်းပြပါတယ်။
အခြေခံစစ်သင်တန်းပြီးသွားတော့ တခြားရဲမေတွေက ရုံးလုပ်ငန်းတို့၊ စားဖိုဆောင်တို့၊ ဆေးတပ်သားတွေမှာ လုပ်ကြ ပေမယ့် ကျားခင်စိန်ကတော့ သူရဲ့တိုက်ခိုက်ချင်တဲ့စိတ်ကြောင့် မိုင်းထုတ်လုပ်ရေးပိုင်းမှာ ဝင်လုပ်ခဲ့တယ်။
ဒါကလည်း လက်နက်အင်အားနည်းတာကြောင့် ရှေ့တန်းမထွက်ရတဲ့သူက တတ်နိုင်တဲ့နေရာက ဝင်လုပ်နေတာဖြစ်တယ်။ သင်တန်းမှာ မိုင်းလုံးတာ၊ မိုင်းဆွဲတာနဲ့ မိုင်းဘယ်လိုထောင်ရတယ်ဆိုတာသင်ရပါတယ်။
“ကျမရဲ့စိတ်က ရှေ့ထွက်ပြီး တိုက်ချင်တာ။ စစ်သားတွေကို သတ်ချင်လို့လေ”ဆိုတဲ့ကျားခင်စိန်ရဲ့ပြောစကားဟာ တကယ့် ကို အားမာန်ပါလွန်းလှပါတယ်။
ကျားခင်စိန်က“ကျမက အဲ့ဒီအချိန်ကတည်းက တပ်သားတွေမိုင်းဆွဲသွားကြရင် လိုက်ချင်တာ။ ဆရာကိုခွင့်တောင်းတော့ စိတ်တော့ပူတာပေါ့။ ဒါမဲ့ကျမက အဲ့လိုတွေလုပ်ချင်တာလို့ပြောတော့ လွှတ်ပါတယ်”လို့ ဆိုပါတယ်။
ဒီအချိန်မှာ မြောင်မြို့နယ်၊T.G.R ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ခေါင်းဆောင် ဗိုလ်တိုက်ဂါးက အမျိုးသားတွေသာ အများဆုံး ကိုင်တွယ်တိုက်ခိုက်လေ့ရှိတဲ့ဒရုန်းတွေကို အမျိုးသမီးဦးဆောင်တိုက်ခိုက်လာနိုင်ဖို့စဉ်းစားလာပါတယ်။
သူ့အနေနဲ့က နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေဟာလည်း ခေါင်းဆောင်ဖြစ်နိုင်တယ်။ ဦးဆောင်တိုက်ခိုက်နိုင်တယ် ဆိုတာပြသဖို့ T.G.R Women Drone Force ကို ၂၀၂၂ ခုနှစ်၊ ဇွန်လထဲမှာ ဖွဲ့စည်းလိုက်ပါတယ်။
ဒီအဖွဲ့မှာ ကျားခင်စိန်အပါအဝင် အမျိုးသမီး ၁၅ ဦးနဲ့စတင်ဖွဲ့စည်းပြီး ဒရုန်းမောင်းတာ၊ ဒရုန်းနဲ့ တိုက်ခိုက်ဖို့အတွက် ၁ လ တာသင်တန်းပေးခဲ့ပါတယ်။ ဒရုန်းတွေပျက်စီးသွားရင်ပြင်ဖို့အတွက်က နည်းပညာသမားသပ်သပ်ရှိပါတယ်။
သင်တန်းပြီးတော့ မစ်ရှင်စလုပ်တဲ့အခါ ကျားခင်စိန်ဟာ အစီအစဉ်ချောမွေ့အောင်လုပ်နိုင်တယ်။ သူ့အလုပ်ပေါ်မှာလည်း ကျွမ်းကျင်မှုရှိတယ်။ တိုက်ခိုက်ရေးအမြင်လည်းရှိတော့ သူ့ကို ခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့တာပါလို့ ဗိုလ်တိုက်ဂါးက ဆိုပါတယ်။
ယခင်ကနာမည်အရင်းနဲ့လှုပ်ရှားခဲ့ပေမယ့် T.G.R Women Drone Force ရဲ့ခေါင်းဆောင်ဖြစ်လာတဲ့အခါမှ ကျားခင်စိန်ဆို တဲ့နာမည်ကို ရလာခဲ့တာဖြစ်တယ်။
ကျားတစ်ကောင်လိုရဲရင့်သွက်လက်ပြီး သားကောင်ကိုခြေသံလုံလုံနဲ့ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်တတ်လို့ လူနဲ့လိုက် အောင် ကျားခင်စိန်ဆိုတဲ့နာမည်ပေးထားတာလို့ ဗိုလ်တိုက်ဂါးက ရှင်းပြပါတယ်။
ဒရုန်းသင်တဲ့နေရာမှာ ပစ္စည်းဆုံးရှုံးမှုတွေရှိသလို ငွေကြေးအခြေအနေအရ ပျက်စီးသွားတဲ့ဒရုန်းတွေကို ပြင်သုံးနေရတာ ကြောင့် တချို့တိုက်ခိုက်ရေးတွေမှာ မအောင်မြင်မှုတွေလည်းရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
တော်လှန်ရေးကြာရှည်လာတာကတစ်ကြောင်း၊ စစ်တပ်ရဲ့ဖမ်းဆီးမှုတွေနဲ့ ရွာတွေကို မီးရှို့တာတွေကြောင့် တော်လှန်ရေး အပေါ်မှာ ပြည်သူတွေရဲ့ထောက်ပံ့မှုဟာ လျော့ပါးသွားခဲ့ရတာဖြစ်တယ်။
T.G.Rအဖွဲ့ထဲမှာလည်း ပြည်သူတွေလှူထားတဲ့ငွေကြေးတွေကို တိုက်ခိုက်ရေး၊ ဖောက်ခွဲရေး၊ ရိက္ခာပိုင်းနဲ့ ဒရုန်းတွေမှာ မျှသုံးနေရတဲ့အတွက် နည်းပညာမမှီတဲ့ဒရုန်းကို ပြင်ဆင်သုံးစွဲနေရတာပါ။
ဒရုန်းတစ်ခုကလည်း အနည်းဆုံးငွေကျပ် သိန်း ၃၀ ကနေ ၅၀ လောက်အထိရှိပါတယ်။ အဖွဲ့မှာလက်ရှိသုံးနေတဲ့ဒရုန်းတွေ က ပြည်သူတွေရဲ့ငွေနဲ့ဝယ်ထားပါသလို ရဲဘော်တချို့ရဲ့လယ်၊ ယာတွေ ရောင်းပြီး ဝယ်ယူထားတာလည်းရှိပါတယ်။
ဗိုလ်တိုက်ဂါးကတော့ သူတို့အနေနဲ့ အခုမှတိုက်ပွဲတွေဖော်ဆောင်နေတာဖြစ်တာလို့ လိုအပ်ချက်တွေကို အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)ထံတောင်းခံထားတာမရှိသေးဘူးလို့ ပြောပါတယ်။
အခုလိုဒရုန်းတွေလိုအပ်ချက်ရှိနေတာကြောင့် တိုက်ပွဲမအောင်မှာ၊ ဒရုန်းပစ်ချခံရမှာ၊ ပြုတ်ကျကျန်ခဲ့မှာ၊ ဒရုန်းပျက်စီးမှာကို တော့ ကျားခင်စိန်အနေနဲ့ စိုးရိမ်မှုရှိနေပါတယ်။
အရည်အသွေးညံ့တဲ့ဒရုန်းတွေကို ပြင်သုံးနေရတာကြောင့် တခါတရံမှာမစ်ရှင်အောင်မြင်ခါနီးမှ စက်ချွတ်ယွင်းသွားလို့ စစ်သားတွေသိသွားပြီး လိုက်ပစ်လို့ပြေးရတာ၊ မစ်ရှင်ပေါက်ကြားလို့ ဒရုန်းတွေပစ်ပြေးရတာတွေရှိပေမယ့် ကျားခင်စိန်ဟာ စိတ်ဓါတ်ကျ၊ အားလျော့သွားတာမရှိပါဘူး။
ကျားခင်စိန်က“၂၊ ၃ ကြိမ်လောက်တော့ ပစ်ချခံရဖူးတယ်။ မှတ်မှတ်ရရကတော့ ကျမတို့ ဒရုန်းကို ပြန်ခေါ်တဲ့အချိန်မှာ လိုက်ပစ်တော့ ပြန်မကောက်နိုင်ဘဲ ဒရုန်းက ပြုတ်ကျကျန်ခဲ့ဖူးတယ်”လို့ ပြောပါတယ်။
ဒီအလုပ်က အန္တရာယ်လည်းများသလို သိုသိုသိပ်သိပ်လုပ်ကိုင်ရတာတွေကြောင့် စိတ်ရောလူပါများစွာပင်ပန်းတဲ့အလုပ်ကို သာမာန်ပင်ပန်းမှုလို့ မှတ်ချက်ပေးလိုက်တာခြင်းအားဖြင့် ကျားခင်စိန်ရဲ့ဇွဲနဲ့ သတ္တိကို မြင်တွေ့ရမှာပါ။
ဒါ့အပြင် အကြောင်းတစုံတရာကြောင့် သူတို့တပ်ထဲက ရဲဘော်တစ်ဦးဦး ချွတ်ချော်ကျဆုံးခဲ့ရင်တောင်မှ ဝမ်းနည်းပူဆွေး ရပေမယ့် တော်လှန်ရေးကို ရပ်လိုက်ဖို့ စိတ်ကူးမရှိဘူးလို့ အခုလိုပြောပါတယ်။
“စိတ်ခံစားချက်အနေနဲ့ ဝမ်းနည်းတာ၊ စိတ်ဓါတ်ကျတာတော့ ဖြစ်ပါတယ်။ ရပ်လိုက်မယ်ဆိုတဲ့စိတ်တော့ တခါမှမရှိခဲ့ဘူး။ တစ်ယောက်ကျသွားရင် အဲ့ဒီလူအတွက် နှစ်ဆလုပ်မယ်ဆိုတဲ့စိတ်ပဲရှိတယ်”
အခုလိုအချက်တွေကြောင့်ပဲ ကျားခင်စိန်တို့ရဲ့အမျိုးသမီးဒရုန်းအဖွဲ့ဟာ ယခု(သြဂုတ်လ)စတင်ကာ အောင်ပွဲတွေ ခပ်စိတ်စိတ်ရှိလာခဲ့ပါတယ်။
သြဂုတ်လ ၂ ရက်က စစ်ကိုင်း – မုံရွာလမ်းအတိုင်း သွားနေတဲ့စစ်ယာဉ်တန်း အစီး ၃၀ ကျော်ကို ကျားခင်စိန်တို့အဖွဲ့က ဒရုန်းနဲ့ နှစ်ကြိမ်တိုင်တိုင်ဗုံးကျဲတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ပါတယ်။
သြဂုတ်လ ၉ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ စစ်စခန်းကို အမျိုးသမီးဒရုန်းအဖွဲ့က ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။
အမျိုးသမီးဒရုန်းအဖွဲ့အနေနဲ့ သင်တန်းဆင်းပြီးကတည်းက တိုက်ပွဲက နေ့တိုင်းလိုလိုရှိနေပေမယ့် ဖော်ပြတဲ့တိုက်ပွဲတွေရှိ သလို ထုတ်မပြောဖြစ်တဲ့တိုက်ပွဲတွေလည်း ရှိနေပါတယ်။
သို့ပေမဲ့ T.G.R women Drone Force ဖွဲ့စည်းလာတဲ့ ၂ လတာကာလထဲမှာ တိုက်ပွဲများစွာဖော်နိုင်ခဲ့ပြီး သူတို့လက်ချက်နဲ့ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သားအယောက် ၃၀ လောက်ကျဆုံးထားတယ်လို့ ဗိုလ်တိုက်ဂါးက ပြောပါတယ်။
လုံခြုံရေးအခြေအနေအရ မြေပြင်ကို ချက်ခြင်းမဆင်းနိုင်တဲ့အတွက် ကျန်ခဲ့တဲ့အလောင်းကိုသာရေတွက်ရတာကြောင့် စစ်တပ်ဘက်မှ ကျဆုံးမှုဟာ ယခုထက်ပိုများနိုင်တယ်လို့ ကျားခင်စိန်က ခန့်မှန်းနေပါတယ်။
စစ်တပ်ဘက်က အကျအဆုံးရှိပေမယ့် ကျားခင်စိန်တို့ရဲ့အမျိုးသမီးဒရုန်းအဖွဲ့မှာတော့ ယနေ့ထိပွန်းပဲ့ဒဏ်ရာအနည်းငယ်မှ အပ ကျဆုံးမှုမရှိသေးဘူးလို့ သူက ဂုဏ်ယူစွာနဲ့ပြောပါတယ်။
အမှန်က ဒရုန်းနဲ့တိုက်ခိုက်တယ်ဆိုတာ လွယ်မယောင်နဲ့ အသက်စွန့်လုပ်ရတဲ့အလုပ်ပါ။ သူတို့ဒရုန်းနဲ့တိုက်ခိုက်တာက ပြန်လည်ခုခံဖို့ လက်နက်မပါတဲ့အတွက် ဗုံးပစ်ပြီးတာနဲ့ ချက်ခြင်းပြန်ခေါ်ပြီး ဒရုန်းယူကာ ဖနောင့်နဲ့ တင်ပါးတစ်သားကျ အောင်ပြေးကြရပါတယ်။
ပြေးတာနောက်ကျရင် ဒရုန်းပြန်ခေါ်ရာကို စစ်သားတွေက ခြေရာခံပြီး လိုက်လံတိုက်ခိုက်တတ်တာကြောင့်ဖြစ်ပါတယ်။
ဒါပေမဲ့ အမျိုးသမီးဒရုန်းအဖွဲ့ခေါင်းဆောင် ကျားခင်စိန်ကတော့“အပြန်အလှန်တိုက်ကြတဲ့တိုက်ပွဲတွေမှာ အချိန်မရွေး သေသွားနိုင်တယ်ဆိုတာသိပါတယ်။ ဒါပေမဲ့သေချင်သေပလေ့စေဆိုတဲ့စိတ်နဲ့ ဒီထဲဝင်ခဲ့ကြတာလေ”လို့ ပြောပါတယ်။
စစ်အာဏာရှင်အမြစ်ပြုတ်တဲ့အထိ သေသေကြေကြေဆက်တိုက်ပွဲဝင်သွားမယ်လို့ သူ့ဆန္ဒကို ရဲဝံ့ပြတ်သားစွာ ဖွင့်ဟထား ပါတယ်။
- ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ထောင်တွင်းကနိုင်ကျဉ်းအမျိုးသမီးတွေ - 05/11/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 04/11/2024
- ထောင်တွင်းငရဲခန်းကို ဖြတ်ကျော်လွတ်မြောက်လာသူ ပန်းချီဆရာမ - 30/10/2024