Home ဆောင်းပါး စိုးရိမ်နေရတဲ့ မြစ်ကြီးနားမြို့နေအမျိုးသမီးများ၏ လုံခြုံရေး

စိုးရိမ်နေရတဲ့ မြစ်ကြီးနားမြို့နေအမျိုးသမီးများ၏ လုံခြုံရေး

အယ်ဖြိုးမြတ်သွယ်။ ။

“တိုက်တော့မယ်…တိုက်တော့မယ်” နောက်ကနေ အရှိန်နှင့်တိုးဝင်လာသောဆိုင်ကယ်ကြောင့် ဒေါ်နီနီလန့်သွားသည် ။

ထိုအရှိန်နှင့် တိုက်မလိုတိုးဝင်လာသော ဆိုင်ကယ်အပေါ်မှ လူငယ်နှစ်ဦးသည် ဒေါ်နီနီ၏လက်ထဲမှပစ္စည်းကို ဖြတ်ခနဲ လုယူသွားသည်။

” ကပ်လိုက်လာတာဘာမှမသိလိုက်ဘူး၊ ဆိုင်ကယ် ဘေးနားကပ်လိုက်လာတော့မှ တိုက်တော့မယ်တိုက်တော့မယ် တကယ်လည်းတိုက်တော့မယ်ပုံလုပ်တာ အဲ့မှာအိတ်က ဘေးစောင်းကိုင်ထားတာမှာ စောင့်ချပြီးတော့လုယူသွားတာ” ဟု သူက သက်ပြင်းချလျက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်၏မြို့တော်မြစ်ကြီးနားတွင် လုယက်မှုများ ၊ခိုးဝှက်မှု များနှင့် ဓားမြတိုက်မှုများ ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့် မြင်နေကြားနေ ကြရတယ်လို့ မြစ်ကြီးနားမြို့ခံများက ပြောပြသည်။

မြစ်ကြီးနားမြို့ပေါ်တွင် အာဏာသိမ်းပြီးနောက် သူဌေးသူကြွယ်များသာမက ပလက်စတစ်ဘူးခွံ့ကောက်သော အခြေခံ လူတန်းစားများပါမကျန် ပစ္စည်းနှင့်ငွေလုယက်ခံနေကြရသည်။ မြို့ပေါ်နေအမျိုးသမီးများသည် များသောအားဖြင့် ခိုးဆိုး ယုယက် ဓားမြတိုက်မှုများ၏ အဓိကသားကောင်များအဖြစ်ပစ်မှတ် ဖြစ်လာကြပြီး မြို့ခံအမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည်။

မြစ်ကြီးနား မြို့သစ်ရပ်ကွက်တွင်နေထိုင်သည့် ဒေါ်နီနီသည် အိမ်အပြင်အထွက်နည်းသူတစ်ဦးဖြစ်ပြီး ဈေးနှင့်အိမ်ကိုသာ သွားလေ့ရှိသူဖြစ်သည်။ သို့သော် တစ်ရက်မှာတော့ မွန်းတည့်ချိန် နေ့ခင်းလူမြင်သူမြင်ချိန်တွင် ဒေါ်နီနီနှင့်ချွေးမတို့သည် သူ၏ အိမ်ရှေ့တည့်တည့်တွင် အလုယက်ခံလိုက်ရခြင်းဖြစ်သည်။

” အန်တီက ပိုက်ဆံအိတ်အကြီးတွေမကိုင်ဘူး၊ အဝတ်ထည့်တဲ့အိတ်ကလေးထဲမှာ ပိုက်ဆံကနှစ်သိန်းကျော်နဲ့ ချွေးမဖုန်း ရယ် အန်တီ့ဖုန်းရယ်ပါသွားတာ” ဟု ဆိုသည်။

အိမ်ရှေ့တွင် ပစ္စည်းလုယက်ခံရရုံမက ဒေါ်နီနီတို့ အိမ်သည် စစ်အာဏာသိမ်းပြီး ၂၀၂၁ နောက်ပိုင်းရောက်မှ နှစ်ခါ အဖောက်ထွင်းခံရသည်။ ပထမအခေါက်တွင် ရေစက်မော်တာများနှင့် ဆိုင်ကယ်အပိုပစ္စည်းများ အခိုးခံလိုက်ရသည်။

” ကိုးလလောက်တော့ခြားသွားပြီ၊ အဲ့တစ်ခေါက်က ရေစက်မော်တာတွေပါတယ်၊ ဆိုင်ကယ်ပြင်တဲ့ပစ္စည်းတွေရော၊ ဖိနပ်ပါ စီးသွားသေးတာ ” ဟုပြောသည်။

တူမလေး၏အခန်းထဲမှ ဖုန်းနှစ်လုံးလည်း နောက်ဆုံးအခေါက် အိမ်အဖောက်ခံရသည့်အခါတွင်ပါသွားကြောင်း ပြောပြ သည်။

ဒေါ်နီနီတို့အိမ်အပြင် ဘေးအိမ်နီးနားချင်း အိမ်တစ်ကြောလုံး အခိုးရကြောင်း သိရသည်။

online shopping နှင့် ခေါက်ဆွဲရောင်းခြင်းဖြင့် အသက်မွေးသော အက်စတာသည်လည်း သူ၏ customers များထံ ပစ္စည်းပို့ရန် ဆိုင်ကယ်ဖြင့်သွားနေစဉ် အလုယက်ခံလိုက်ရသည်။

” Customer အိမ်လိုက်ရှာနေတုန်း လမ်းဘေးမှာ(ဆိုင်ကယ်) ဒေါက်ထောက်ပြီးဖုန်းဆက်နေတာ ၊ ပိုက်ဆံအိတ် တစ်ခါ တည်း လုသွားတယ် ၊ ဆိုင်ကယ်လည်း လဲသွားတယ် ” ဟု ပြောပြသည်။

ထိုလုယက်မှုကြောင့် သူ၏အမေကို မိခင်များနေ့လက်ဆောင်ပေးရန် စုထားသော ငွေများပါသွားကြောင်းသိရသည်။ လုယက်သော ယောကျ်ားလေးနှစ်ဦးသည် ၁၀ ကျော်သက်အရွယ်များသာ ဖြစ်ပြီး သန့်သန့်ပြန့်ပြန့် ဝတ်စားထား၍ လူပြတ်သည့် နေရာလည်းမဟုတ်သောကြောင့် အံ့သြမိကြောင်းပြောပြသည်။

အဲ့အဖြစ်အပျက်ဖြစ်ပြီး မကြာမီမှာပဲ အက်စတာသည် သူ၏ခေါက်ဆွဲဆိုင်တွင် ပိုက်ဆံထပ်မံအခိုးခံလိုက်ရပြန်သည်။ လက်ရှိတွင် အက်စတာသည် လမ်းသွားလမ်းလာရာတွင် ယောကျ်ားလေးတွေစုနေသည်ကိုမြင်လျင် ကြောက်လန့်နေ တတ်ပြီး တရားဥပဒေစိုးမိုးမှုမရှိသောကြောင့် သက်ဆိုင်ရာကို မတိုင်တန်းလိုကြောင်း ပြောပြသည်။

” ပိုက်ဆံအရမ်းများနေရင်တောင် ရဲစခန်းမှာတိုင်ရင်အလုပ်ရှုပ်တယ်လေ ” ဟုဆိုသည်။

ဆိုင်ကယ်အခိုးခံလိုက်ရသည့် မြစ်ကြီးနားမြို့၊ စီတာပူ ဈေးတွင်ဈေးရောင်းသော ဒေါ်စီစီကလည်း “ဘယ်သွားတိုင်ရမှန်း လည်းမသိဘူး၊ တစ်နေ့လုံးနေလို့မရဘူး။ တစ်ညလုံးအိပ်လို့မရဘူး” ဟု ဝမ်းနည်းသည့်လေသံဖြင့်ပြောပြသည်။

ဒေါ်စီစီသည် ပျောက်သွားသော သူ၏ဆိုင်ကယ်ကို လောင်းကစားဝိုင်းတွေမှာပါမကျန် ရူးမတတ်လိုက်ရှာမိခဲ့ကြောင်း ပြောပြသည်။

“ တစ်နေကုန်လိုက်ရှာသေးတယ်။ တစ်ယောက်တည်း လောင်းကစားဝိုင်းတွေထဲမှာရောသွားရှာတာ၊ အန်တီ့ဆိုင်ကယ် လုံးဝမတွေ့ဘူး ” ဟု ပြောပြသည်။

ဒေါ်စီစီရောင်းသည့် စီတာပူဈေးတွင် နေ့တိုင်းနီးပါးဆိုင်ကယ်ပျောက်ပြီး ရဲစခန်းကိုတိုင်ပေမဲ့ ပြန်မရကြလို့နောက်ပိုင်းမတိုင် ကြတော့ကြောင်း ဆိုကြသည်။

ဝန်ထမ်းအလုပ်ထွက်၍ ခြံလုပ်ကိုင်နေသော ဒေါ်နုနုသည်လည်း သူ၏အိမ်တွင် ဆိုင်ကယ်သိမ်းသည့်အခန်းကို သော့ခတ် ထားသည့်အပြင် ဆိုင်ကယ်များကိုလည်း ဘီးသော့ခတ်ခဲ့သော်လည်း ဆိုင်ကယ်အသစ်နှစ်စီး အခိုးခံလိုက်ရကြောင်း ပြောသည်။

ဒေါ်နုနုတို့နေထိုင်ရာ ရပ်ကွက်အတွင်း အိမ်တိုင်းလိုလို ဆိုင်ကယ်နှင့်ရေစက်မော်တာ အခိုးခံရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၏ ဆိုင်ကယ်ပါ အခိုးခံနေရသောကြောင့် တိုင်ကြားခြင်းမပြုခဲ့ကြောင်းသိရသည်။

မြို့ပေါ်တွင် အဆောင်ဖွင့်သော ဒေါ်လှလှကလည်း သူမ၏ အဆောင်အတွင်း နှစ်ကြိမ်အဖောက်ခံရကြောင်းဆိုသည်။ အဆောင်အတွင်းပထမအကြိမ်တွင် ဆိုင်ကယ်အခိုးခံလိုက်ရပြီး ဒုတိယအကြိမ်တွင် ဖုန်းနှစ်လုံးအခိုးခံလိုက်ရကြောင်း သိရ သည်။

ဒေါ်လှလှက ” အန်တီက အိမ်မှာသံတိုင်တွေ ကာထားတာ ဘယ်လိုဝင်ခိုးသွားမှန်းမသိဘူး” ဟုဆိုသည်။

မြစ်ကြီးနားမြို့ လုယက်မှုများတွင် အမျိုးသမီးအများစုသည့် လုယက်သူများ၏ အဓိက ပစ်မှတ်ထားခံရပြီး အမျိုးသားတစ် ချို့လည်း အလုယက်ခံနေရထဲတွင် ပါဝင်ပါသည်။

တပ်ကုန်းရပ်ကွက်တွင် မောင်ဆွတ်နော်တို့ ညီအစ်ကိုနှစ်ဦးအား ဓားထောက်လုယက်သောကြောင့် အိမ်ကို လမ်းလျှောက် ပြန်လာခဲ့ရကြောင်းသိရသည်။

“ လူကိုဘာမှလုပ်မသွားတာဘဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီ” ဟု မောင်ဆွတ်နော်က ပြောသည်။

အာဏာသိမ်းပြီးနောက် တရားဥပဒေ စိုးမိုးမှုမရှိတော့သောကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိပြည်သူများ မိမိတို့လုံခြုံရေး အတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ခုခံကာကွယ်နေကြသည်။

တပ်ကုန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးထံမှ ပိုက်ဆံအိတ်လုယက်သူအား ကိုယ်တိုင်ကားဖြင့် လိုက်လံ ကူညီဖမ်းဆီးခဲ့သဖြင့် လုယက်သူမှာ နောက်ဆုံးပိုက်ဆံအိတ်ကို လမ်းဘေးတွင် ပစ်ချထားခဲ့ပြီး ထွက်ပြေးသွား ကြောင်း သူ၏အတွေ့အကြုံကိုပြောပြသည်။

“ ဒီလိုမျိုးတွေကိုယ့်ရှေ့မှာ ခဏခဏဖြစ်နေရင် တရားဥပဒေက မစိုးမိုးတဲ့အခါကျတော့ ဒီတိုင်းခေါင်းငုံ့ခံရမှာလား ရသမျှနဲ့ တော့ ကျွန်တော်သူသေကိုယ်သေပြန်တွယ်မှာပဲ” ဟုပြောသည်။

မြို့ပေါ် ရပ်ကွက်နေအမျိုးသမီးငယ်တစ်ဦးကလည်း တရားဥပဒေစိုးမိုးမှုမရှိသည့်အတွက်ကြောင့် သူနေ့စဉ်ဖြတ်သန်းရ သော နေ့ရက်တိုင်းကို ကြောက်ရွံ့ထိတ်လန့်မှုများကို ကျော်လွှားကြောင်း ပြောပြသည်။

“ ဒီကာလမှာ ကိုယ့်ကိုယ်ကိုကာကွယ်တာ အကောင်းဆုံးဆိုတာကို လက်ခံလာတယ်။ နေ့စဉ်ဘဝမှာ ဆိုင်ကယ်စီးတယ် ဆိုရင် ဆိုင်ကယ်ကိုလုံခြုံအောင် ဘယ်လိုသော့ခတ်မယ် ဘယ်နေရာမှာထားမယ်။ CCTV ရှိတဲ့ အောက်မှာထားရင် တောင် လုံခြုံပါ့မလား စတဲ့အကောင်းဆုံး အလုံခြုံဆုံးဖြစ်မဲ့ဟာကို ကိုယ့်ဟာသာကိုယ်ပဲ စဉ်းစားတယ်။ နည်းလမ်းရှာပြီး ဖြေရှင်း တယ်။ အပြင်သွားရင်လည်း ရွှေငွေလက်ဝတ်တန်ဆာတွေမဝတ်တော့တာမျိုး လက်ထဲမှာပိုက်ဆံတွေအများကြီး ဆောင်မ သွားတာ လမ်းသွားရင်လည်း အဖော်ပါမှသွားတာမျိုး ကားဆိုလည်းအချိန်တိုင်း lock ချထားပြီး မောင်းတာမျိုး စသဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မဲ့နည်းလမ်းတွေနဲ့ ကိုယ့်ဘာသာကိုယ်ကာကွယ်နေကြတယ် နေ့စဉ်ဘဝသေးသေးလေး ရပ်ကွက်ထဲမှာ လမ်းလျောက်တာကအစ အရင်လိုလုံခြုံမှု မရှိတော့ဘူး” ဟုဆိုသည်။

ဧရာရပ်ကွက်နေ အငြိမ်းစားဆရာမတစ်ဦးကလည်း “သွားသတိ လာသတိ စားသတိနဲ့ နေကြတာပေါ့၊ အိပ်ကောင်းခြင်း မအိပ်ရ ၊ စားကောင်းခြင်းမစားရတော့ဘူး” ဟု ဆိုသည်။

ဆရာမက သူ၏ ပတ်ဝန်းကျင်တွင် အိမ်နီးချင်းရပ်ကွက်နေပြည်သူများက ဒုစရိုက်သမားများရန်ကို ပြန်လည်ခုခံကာကွယ် ဖို့ ဝါးတုတ်တွေ ဝါးရင်းတုတ်တွေကို ရှေးတုန်းကလိုပြန်ဆောင်ဖို့ အခြေအနေကို ရောက်လာရကြောင်း သူ့ပတ်ဝန်းကျင်မှ အတွေ့အကြုံကို ဝေမျှသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ဓားမြတိုက်လုယက်မှုများ တစ်နေ့တစ်ခြားပိုမိုဆိုးရွားလာသော်လည်း အများစုသည် ရဲစခန်းသို့ တိုင်ကြားခြင်းမရှိဘဲ တစ်ချို့သည် ယင်းတို့၏ ဖေစ့်ဘုတ်လူမှုကွန်ယက်တွင် ပိုစ့်တင်ခြင်းဖြင့်သာ ပြီးဆုံးသွားပြီး တစ်ချို့မှာ မိမိတို့မိသားစုဝင်များသာသိကြောင်း မြို့ခံလူထုမှတစ်ဆင့်သိရသည်။

ကားမှန် အခိုးခံရသော အမျိုးသမီးအား ကားအာမခံကုမ္မဏီတစ်ခုက ရဲစခန်းမှအခိုးခံရကြောင်း ထောက်ခံစာယူခိုင်း သောအခါ အဆင်မပြေမှုများဖြင့် ကြုံတွေ့ရကြောင်း ပြောပြသည်။

“ အဓိကကတော့ သူတို့ကို တိုင်ဖို့ဆိုတာထက် အာမခံကုမ္မဏီက ရဲစခန်းရဲ့ ထောက်ခံစာပါမှရမယ်ဆိုတော့ ရဲစခန်းကို ဒီပစ္စည်းက တစ်ကယ်အခိုးခံရတယ်ဆိုတဲ့ အကြောင်းသွားပြီးတော့ ပြောရဆိုရတယ်။ ဒါပေမဲ့သိပ်ပြီးတော့အဆင်မပြေဘူး သူတို့ကိုယ်တိုင်ကလည်း သိပ်ပြီးတော့စိတ်မဝင်စားဘူး။ ရဲစခန်းမှာ စခန်းမှူးတွေကလည်းရှိနေတာမဟုတ်ဘူး အရံသင့် လည်း ရှိမနေဘူး။ သူတို့ဘက်ကလည်း ဖမ်းပေးဖို့စိတ်ဆန္ဒရှိမနေဘူးဆိုတော့ ကိုယ်ကလည်း တိုင်ချင်စိတ်လည်းမရှိဘူး တိုင်ရင်လည်းအလုပ်ရှုပ်တာပဲရှိတယ်” ဟုဆိုသည်။

အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးကတော့ အာဏာသိမ်းပြီးနောက် ခိုးဆိုးလုယက်မှုများ၊ အိမ်အတွင်း ဖောက်ထွင်းဓားမြ တိုက်မှုများ ပေါများလာသည့် အကြောင်းရင်းနှင့် ပတ်သတ်၍ ယခုကဲ့သို့ရှင်းပြသည်။

ပြသနာ၏ အဓိကအရင်းအမြစ် သုံးခုရှိပြီး အာဏာသိမ်းလိုက်သည့်အခါ ရဲနှင့်တရားသူကြီး ၊ဥပဒေအရာရှိများသည် တော် လှန်ရေးအင်အားစုများကို ဖမ်းဆီး၊ထောင်ချရန်သာအာရုံစိုက်နေပြီး အပြင်တွင်ဖြစ်နေသည့် ခိုးမှု၊လုယက်မှုများကို ဖမ်းဆီး နိုင်ခြင်းမရှိကြောင်းသိရသည်။ဒုတိယအချက်အနေဖြင့် အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးစနစ်ပျက်စီးပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းလာတဲ့အခါ လူတွေရဲ့ စားဝတ်နေရေးခက်ခဲလာသောကြောင့် ခိုးမှုလုယက်မှုများ ပိုမိုဆိုးရွား လာကြောင်းသိရသည်။ တတိယအချက်အနေဖြင့် အာဏာသိမ်း ပြီးနောက်ပိုင်း စစ်ကောင်စီမှ လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် ရာဇဝတ်ဒဏ်သင့်ရမည့်သူများကို လေးကြိမ်တိုင်တိုင် လွတ်ငြိမ်းပေးလိုက်ကြောင်း သိရသည်။

“ နိုင်ငံကို ကာကွယ်ရမယ့် ခိုးမှုလုယက်မှုတွေနဲ့သက်ဆိုင်တဲ့ ရဲတွေ တရားသူကြီးတွေ ဥပဒေအရာရှိတွေက တော်လှန်ရေး အင်အားစုကိုဖမ်းဖို့ထောင်ချဖို့ ပြစ်ဒဏ်ပေးဖို့ဒီပေါ်မှာပဲ အာရုံစိုက်နေတယ်၊အပြင်မှာဖြစ်နေတဲ့ ခိုးမှုလုယက်မှုတွေကို ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိဘူး၊ လူတွေအခိုးခံရတာတွေမစဉ်းစားတော့ဘူး။ ထောင်ထဲမှာရှိရမယ်ဆိုပေမဲ့ လွတ်ငြိမ်း ပေး လိုက်တာ လေးကြိမ်ရှိပြီဆိုတော့ တစ်ခါတစ်ခါထောင်ဂဏန်းလောက်ရှိတဲ့ လူတွေလွှတ်ပေးတော့ စီးပွားရေးကျပ်တည်း မှုကြောင့် ခိုးကိုခိုးတော့မယ်ဆိုတဲ့ လူတွေကရှိနေတဲ့အပြင် နဂိုကတည်းကခိုးနေကျလူတွေက ထောင်ကနေ ထပ် ထွက် လာတယ်။ ခိုးနေတဲ့သူတွေကို ဖမ်းမဲ့ ထိန်းချုပ်နိုင်တဲ့ ယန္တယားကလည်းရှိမနေဘူး” ဟု ယူဆသည်ဟုဆိုသည်။

တစ်ဆက်တည်းအဆိုပါရှေ့နေက လူထုက ရဲစခန်းသို့တိုင်ကြားပေမဲ့ ထိရောက်သောအရေးယူခြင်းမျိုးမရှိသည့်အပြင် ဒုစ ရိုက်မှုများနှင့် ပြစ်မှုကျူးလွန်သူများကိုဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်အင်အားလုံလောက်စွာမရှိကြောင်းကို ယခုကဲ့သို့သုံးသပ် သည်။

“ သူခိုးတွေ ဓားမြတွေကို ဖမ်းဖို့ထက် တော်လှန်ရေးခေါင်းဆောင်တွေ ဆန္ဒပြတဲ့သူတွေကို ဖမ်းဖို့ပဲအထက်အမိန့်နဲ့ဆိုတော့ သူတို့ကအဲ့ဖက်မှာပဲ အားသန်နေတယ်၊ ဖြေရှင်းပေးမလားဆိုသူတို့ဖြေရှင်းမပေးနိုင်ဘူး။ ဒါပေမဲ့ အရမ်းHot ဖြစ်သွားတဲ့ ကိစ္စမျိုးဆိုရင်တော့ သူတို့ပဲဖမ်းပေးနေသလိုလို သူတို့ပဲဖြေရှင်းပေးနေသလိုလို သတင်းထဲမှာထည့်တာမျိုးတော့ တွေ့ရ တယ်။ ဒါပေမဲ့ တရားခံဖမ်းမိလားဆို မဖမ်းမိတာမျိုးပဲဖြစ်နေတယ်” ဟုပြောသည်။

ကချင်ပြည်နယ်၏မြို့တော်ဖြစ်သော “မြစ်ကြီးနားမြို့”သည် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ သုံးသိန်းကျော် နေထိုင်ပြီး အထင်ကရ မြစ်ဆုံ၊မနောကွင်းနှင့် သဘာဝပတ်ဝန်း ကျင်အလှအပများနှင့် စိမ်းလန်းစိုပြေနေပြီး အနယ်နယ် အရပ်ရပ်မှ ခရီးသွားများဖြင့် စည်ကားသောမြို့တစ်ခုဖြစ်သည်။

သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒုစရိုက်မှုများ ပိုမိုများပြားလာပြီး မြို့ပေါ်လူစည်ကားသည့်နေရာများတွင်ပင် အုပ်စုလိုက် ဓားဖြင့် ပိုက်ဆံအိတ်၊ ဖုန်းပစ္စည်းလုယက်မှုများ ထင်ထင်ရှားရှားဖြစ်ပေါ်လာခြင်း ၊ အိမ်အတွင်းသို့ဝင်ရောက်ပြီး ခိုးယူခြင်းများ၊ ဓားမြတိုက်ခြင်းမြို့ခံများ တိုးများလာခဲ့သည်။

ဆက်သွယ်မေးမြန်းခဲ့သော နစ်နာသူအားလုံးနီးပါးသည် ရဲစခန်းသို့တိုင်ကြားခြင်းမရှိဘဲ မိသားစုဝင်နှင့် နီးစပ်ရာရပ်မိရပ်ဖ အချင်းချင်းသတိပေးကြရုံသာရှိပြီး ထိုကာယကံရှင်များထဲမှ တစ်ဦးသာ ထောက်ခံစာရရန် ရဲစခန်းကို ဆက်သွယ်ခဲ့ကြောင်း သိရသည်။

ပြည်သူကိုကာကွယ်ရမည့် ရဲများစစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် တော်လှန်ရေးတွင်ပါဝင်သည့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသောကြောင့် ရဲစခန်းအပေါ် ယုံကြည်မှုပျောက်ဆုံးသွားသော ရဲစခန်းနှင့် လူတွေကမပတ်သက်ချင်ကြ တော့ကြောင်း ဆိုင်ကယ်အခိုးခံရသော်လည်း တိုင်ကြားခြင်းမရှိခဲ့သည့် အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောပြသည်။

“ တော်လှန်ရေးမဖြစ်ခင်ကတည်းက ရဲတို့စစ်သားတို့အပေါ် ပြည်သူရဲ့ယုံကြည်မှုကနည်းတယ် တရားရုံးဆိုမသွားချင်ဘူး ရဲဆိုမတိုင်ချင်ဘူး ငွေများငွေနိုင်ဆိုတဲ့အသိက လူထုကြားထဲမှာ အစောကတည်းကရှိတယ်။ ပိုဆိုးသွားတာက အခုကာ လမှာ ပြည်သူဘက်ကရှိနေရမဲ့ ရဲတွေစစ်သားတွေက ပြည်သူဘက်ကရှိမနေတော့ ပိုက်ဆံတစ်သိန်းနှစ်သိန်းပျောက်လည်း အသက်မသေရင်ပြီးတာပါပဲဆိုတဲ့ စိတ်နဲ့မတိုင်ကြတော့ဘူး” ဟုဆိုသည်။

UN Women ၏ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ မှ ၂၀၂၂ ဇန်နဝါရီလအတွင်း ကောက်ခဲ့သော စစ်တမ်းအရ မြန်မာ အမျိုးသမီး ၁၀ဦးတွင် လေးဦးသည် သူတို့၏ နေအိမ်တွင် နေထိုင်ရသည်မှာ မလုံခြုံကြောင်းဖြေကြားခဲ့ပြီး စစ်တမ်းအရ မြို့ပြတွင်နေထိုင်သော အမျိုးသမီးများ ၃၄.၇ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်သော အမျိုးသမီးများထက်ပို၍ မလုံခြုံမှုခံစားရကြောင်း ဖြေဆိုသည်ကိုတွေ့ရသည်။

၂၀၁၉ခုနှစ်တွင် ကောက်ခံခဲ့သော Public Perception Survey of Government Services (PPSoGS) အရ မြန်မာ နိုင်ငံတွင် အမျိုးသမီး ၃.၅%သာ လုံခြုံမှုမရှိဟုဖြေဆိုကြောင်းသိရသော်လည်း အာဏာသိမ်းပြီးနောက် ၂၀၂၁ နောက်ပိုင်း တွင် အမျိုးသမီးထက်ဝက်ကျော် ၅၆.၃%သည် လုံခြုံမှုမရှိဟုဖြေဆိုကြောင်း တွေ့ရသောကြောင့် အမျိုးသမီးများ၏ လုံခြုံရေးသည် စစ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာပြီး စိုးရိမ်ဖွယ် ဖြစ်လာသည်။

The Global Economy၏ ထုတ်ပြန်ချက်ညွှန်းကိန်းများအရ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့ နိုင်ငံ ၁၇၇ နိုင်ငံအတွင်း မလုံခြုံဆုံးနိုင်ငံအဖြစ် အဆင့် ၉ တွင်ရှိကာ စီးပွားရေးမြို့တော်ရန်ကုန်သည်လည်း ကမ္ဘာ့မလုံခြုံ ဆုံးမြို့တစ်မြို့ဖြစ်လာသည်။

အိမ်အတွင်းသို့ နှစ်ကြိမ်အဖောက်ခံရသည့်အပြင် ပိုက်ဆံပါအလုခံရသော ဒေါ်နီနီကတော့ ‘နှစ်ခါလောက်အဝင်ခံထားရ တော့ ကိုယ့်အိမ်များလူအစုလိုက်ဝင်ပြီး ဓားထောက်လုယက်ဦးမလား” လို့ ပြောပြီး စိုးရိမ်သောကဖြစ်နေပါသည်။

Author:

Related Articles