သန့်ရှင်းထွန်း။ ။
စုံလင်ကွဲပြားပြီး လူမျိုးပေါင်းစုံ ဈေးရောင်း၊ ဈေးဝယ်လုပ်နေတဲ့ ရခိုင်ပြည်နယ် မောင်တောနယ်စပ်ဈေးထဲမှာ အနီ ရောင်ဓာတ်ဗူးတစ်လုံးကို လက်မှာကိုင်ပြီး ဈေးသည်တွေကို လက်ဖက်ရည်နှင့် ရေနွေးကြမ်း လိုက်လံထည့်ပေးနေသူ တစ်ဦးကို အမြဲမြင်တွေ့ရတတ်ပါတယ်။
အသားမဲမဲ၊ နှာခေါင်းချွန်ချွန်၊ မျက်ခုံးထင်းထင်း၊ ခန္ဓာကိုယ်ဝဝတုတ်တုတ်ရှိတဲ့ ကိုချမ်းအေးဟာ ဈေးထိုင်ရောင်းသူ တွေ နံနက်စာကို အဆင်ပြေပြေစားသောက်နိုင်ဖို့ နေရာအရောက် ဝန်ဆောင်မှုပေးနေသူဖြစ်ပါတယ်။
မောင်တောနယ်စပ် ဟင်းသီး၊ ဟင်းရွက်နဲ့ သားငါးဈေးမှာ ဈေးရောင်းသူတွေနဲ့ ဈေးလာဝယ်သူတွေထဲမှာ ရခိုင် အပါအဝင် မျိုးနွယ်စုတွေဖြစ်တဲ့ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်တွေရှိသလို ဗမာ၊ ချင်း၊ ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာဝင်တွေ လည်း တွေ့ရပါတယ်။ ဖော်ဖော်ရွေရွေရှိတတ်တဲ့ ကိုအေးချမ်းကို ဈေးဝယ်၊ ဈေးရောင်းလာတဲ့သူ အားလုံးက သိကြပါ တယ်။
လူမျိုးရေးအဓိကရုဏ်းတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားခဲ့တဲ့ မောင်တောနယ်စပ်မြို့ရဲ့ ဟင်းသီး ဟင်းရွက်နဲ့ သားငါးဈေးဟာ ငြိမ်းချမ်းရေးဈေးတခုဖြစ်သလို ကိုချမ်းအေးအတွက်လည်း ဘဝငြိမ်းချမ်းရေး တည် ဆောက်ရာ နေရာတခုဖြစ်နေတယ်လို့ သူကပြောပါတယ်။
မောင်တောမြို့မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်ကတစ်ကြိမ် လူမျိုးရေးအသွင် ဆောင်တဲ့ ပဋိပက္ခတွေဖြစ်ခဲ့ပြီးတော့ ပဋိပက္ခတွေထဲမှာ လူမျိုးပေါင်းစုံ သေကြေခဲ့ကြရပါတယ်။
အဲဒီ လူမျိုးပေါင်းစုံ ကူးလူးဆက်ဆံမှုတွေရှိနေတဲ့ မောင်တောမြို့ ဟင်းသီး၊ ဟင်းရွက်နှင့် သားငါးဈေးရဲ့ အဝင်ဝ ယာဘက် ဈေးဆိုင်တန်းရဲ့ ငါးဆိုင်မြောက်ဖြစ်တဲ့ ထမင်းကြော်ဆိုင်မှာဆိုရင် ဗုဒ္ဓဘာသာဝင်တွေရော၊ ဟိန္ဒူဘာသာ ဝင်တွေရော၊ အစ္စလာမ်ဘာသာဝင်တွေရော မနက်တိုင်းမှာ ဆိုင်ထိုင်လာစားကြသလို ပါဆယ်ဆွဲတဲ့သူတွေလည်း အများအပြားရှိနေပါတယ်။
အဲဒီထမင်းကြော်ဆိုင်ကို ခင်ပွန်းဖြစ်သူ ကိုချမ်းအေးနှင့် ဇနီးဖြစ်သူ မညိုတို့ လင်မယားနှစ်ယောက်က ရောင်းချနေတာ ဖြစ်ပြီးတော့ မညိုဟာ ဆိုင်ထိုင်စားတဲ့သူတွေနဲ့ အိမ်ကို ပါဆယ်ဆွဲတဲ့သူတွေကို ရောင်းချပေးသူဖြစ်ပြီး ကိုချမ်း အေးကတော့ ဈေးမှာရှိတဲ့ ဈေးရောင်းသူတွေအတွက် လက်ဖက်ရည်နဲ့ ထမင်းကြော် ပို့ပေးတဲ့တာဝန်ကို ယူထားကြ တာ ဖြစ်ပါတယ်။
“တက်ညီလက်ညီရှိတဲ့ သူတို့နှစ်ဦးကို အားပေးချင်လို့ မနက်တိုင်း ထမင်းကြော်နဲ့ လက်ဖက်ရည် စားဖြစ်တယ်။ သူတို့နှစ်ယောက်ကို မြင်ရတာ စိတ်အရမ်းအေးချမ်းတယ်”လို့ ကိုချမ်းအေးနဲ့ မညိုတို့ရဲ့ ဖောက်သည် ကိုကျော်အေး ကပြောပါတယ်။
ဒီလို လူမျိုးပေါင်းစုံနဲ့ စုံလင်ကွဲပြားတာတွေ ငြိမ်းငြိမ်းချမ်းချမ်း စုစည်းနေတဲ့ မောင်တောမြို့ ဟင်းသီးဟင်းရွက်နဲ့ သားငါးဈေးမှာ ပိုပြီးငြိမ်းငြိမ်းချမ်းချမ်း လုပ်ကိုင်စားသောက်နေကြတာက ကိုချမ်းအေးတို့ ဇနီးမောင်နှံဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အသက် ၃၆ နှစ်အရွယ် ကိုချမ်းအေးဟာ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ပြီးတော့ ဇနီးဖြစ်တဲ့ မညိုကတော့ ဗုဒ္ဓဘာသာဝင် ရခိုင်အမျိုးသမီးတစ်ဦးဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်။
ကိုချမ်းအေးနဲ့ မညိုတို့ဟာ ငယ်စဉ်တည်းက တမြို့တည်းနေသူတွေဖြစ်ပြီးတော့ တစ်ဦးနဲ့တစ်ဦး ချစ်ကျွမ်းဝင်ခဲ့ပြီး မြန်မာနိုင်ငံမှာ မျိုးစောင့်ဥပဒေတွေ မပေါ်သေးခင် လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။
အခုဆိုရင် သူတို့မှာ ၇ တန်းအရွယ် သားတစ်ဦး၊ ၄ တန်းအရွယ် သမီးတစ်ဦးနှင့် ၁ တန်းအရွယ် သမီးတစ်ဦး စုစုပေါင်း မိသားစုငါးဦးနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတယ်လို့ ဆိုပါတယ်။
သူတို့နှစ်ယောက် လက်ထပ်ချိန်က နှစ်ယောက်စလုံးမှာ မိဘနှစ်ပါးမရှိတော့ပေမယ့် မညိုမှာတော့ ညီအစ်ကို မောင်နှမ သုံးဦးရှိ နေခဲ့ပါတယ်။
လူမျိုးရေးအမုန်းတရားတွေ မှိုင်းတိုက်ခံထားရတဲ့ ရခိုင်ပြည်နယ်မှာ အစ္စလာမ်ဘာသာဝင်တစ်ဦးကို လက်ထပ်ခဲ့တဲ့ မညိုအတွက် စိန်ခေါ်မှုတွေကတော့ တခြားအမျိုးသမီးတွေထက် ရှိနေခဲ့ပါတယ်။
“မိသားစုတွေကတော့ သိပ်မပြောကြပေမယ့် ပတ်ဝန်းကျင်ကလူတွေကတော့ ကဲ့ရဲ့တာတွေရှိခဲ့တယ်။ ညားခါစက ဆိုရင် ပတ်ဝန်းကျင်မှာ ခေါင်းသိပ်မဖော်ရဲဘူး”လို့ ပြောပါတယ်။
ဒါပေမယ့် ပတ်ဝန်းကျင်ကို ဂရုစိုက်နေလို့ ထမင်းမစားရဘူးဆိုတာကို မညိုရဲ့စိတ်ထဲမှာ အမြဲနှလုံးသွင်းခဲ့ပြီး သူ့ကို မတူမတန်သလို ဆက်ဆံတဲ့သူတွေကို တွေ့တိုင်း ရယ်ရယ်မောမော နှုတ်ဆက်ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
“ဒါကအမဲစက်တခုမဟုတ်ဘူး။ အချိန်က စကားပြောလာလိမ့်မယ်ဆိုပြီး စိတ်ကိုတင်းပြီး လုပ်စရာရှိတာ လုပ်ခဲ့တယ်” လို့ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်ချက်အပေါ် ကျော်ဖြတ်ခဲ့ပုံကို မညိုက ပြောပြပါတယ်။
အဲဒီလို မညိုအပေါ် ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေက သားသမီးတွေကြီးလာတဲ့အချိန်မှာ ထပ်ပြီးတော့ မခံစားရဖို့ အမြဲဆုတောင်းဖြစ်ပြီးတော့ အခု သားကြီးဖြစ်သူ ၈ တန်းအရွယ်ရောက်တဲ့အထိ ပတ်ဝန်းကျင်ရဲ့ ပြောဆိုကဲ့ရဲ့တာတွေ ကို မခံရဘူးလို့ သူ့ရဲ့ဆုတောင်းပြည့်ခဲ့ပုံကို မညိုက ပြောပါတယ်။
လက်ရှိမှာလည်း ရခိုင်ပြည်နယ်ထဲမှာ နေထိုင်နေကြတဲ့ လူမျိုးစုအားလုံးမှာ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းကြောင့် ကြေကွဲဖွယ်ရာဖြစ်ရပ်တွေကို နားလည်လာခဲ့ကြပြီး အမုန်းတရားမရှိ ကူးလူးဆက်ဆံလာတာတွေက မညိုတို့အတွက် ခွန်အားဖြစ်လာစေခဲ့တယ်လို့ ဆက်ပြောပါတယ်။
“အချိန်က စကားပြောလာပါပြီ။ အခု ရခိုင်ပြည်မှာရှိတဲ့သူတွေအားလုံးက ခွဲခြားမှုတွေမရှိသလောက်ဖြစ်သွားပြီ”လို့ မညိုက ပြောပါတယ်။
မညိုဟာ ကိုချမ်းအေးနဲ့ ချစ်ကျွမ်းဝင်ချိန်တည်းက ဘာသာရေး၊ လူမျိုးရေးတွေကို အာရုံမစိုက်ခဲ့ဘဲ သူ့အပေါ်ကောင်း ပြီး ဘဝတခုကို တက်ညီလက်ညီနဲ့ အေးအေးချမ်းချမ်း ထူထောင်သွားနိုင်ဖို့ကိုပဲ အလေးထားခဲ့တယ်လို့ ဆိုပါ တယ်။
မညိုတို့ဇနီးမောင်နှံမှာ ကိုးကွယ်တဲ့ ဘာသာမတူပေမယ့်လည်း တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိနဲ့ သားသမီးရှေ့ရေး အတွက်ဘဲ အာရုံစိုက်ခဲ့တယ်လို့ ကိုချမ်းအေးက ပြောပါတယ်။
ကိုချမ်းအေးဟာ မညိုရဲ့ ပြောစကားကို အမြဲနားထောင်သူဖြစ်ပြီး မညိုအကူညီတောင်း စေခိုင်းတဲ့အလုပ်မှန်သမျှကို လုပ်ပေးခဲ့တယ်လို့ ပြောပါတယ်။
“အိမ်မှာ ဆွမ်းကပ်၊ ဘုန်းကြီးကျောင်းကို ဆွမ်းသွားပို့တာကအစ ကျနော်လုပ်ပေးတယ်။ ဒီအလုပ်တွေက ပြစ်မှုကျူး လွန်တဲ့ အလုပ်တွေမဟုတ်ဘူး”လို့ ကိုချမ်းအေးက ပြောပါတယ်။
ကိုချမ်းအေးတို့ဇနီးမောင်နှံဟာ ရခိုင်တွေနေထိုင်တဲ့ ရပ်ကွက်ဖြစ်တဲ့ မြို့မအရှေ့ရပ်ကွက်က မညိုတို့ မိဘပိုင်ဆိုင်တဲ့ အိမ်ခြံဝင်းမှာ အိမ်ဆောက်နေထိုင်နေကြတာဖြစ်ပြီး ရပ်ကွက်ထဲက သာရေး၊ နာရေးကိစ္စတွေမှာ အမြဲကူညီပေးသူ တစ်ဦး ဖြစ်တယ်လို့ ကိုချမ်းအေးတို့ နေအိမ်နဲ့ ကပ်ရပ်နေထိုင်တဲ့ ဒေါ်ကြည်ကြည်မေ ကပြောပါတယ်။
“ချမ်းအေးက လူရိုးလူအေး၊ သူ့မှာ မာနမရှိဘူး၊ အကူညီတောင်းရင် အကုန်လုပ်ပေးမယ်။”လို့ ဒေါ်ကြည်ကြည်မေက မှတ်ချက်ပေးပါတယ်။
ကိုချမ်းအေးတို့ ထမင်းကြော်ဆိုင်ကို ဈေးဝယ်လာသူတွေထက် ဈေးရောင်းသူတွေက ပိုပြီးသိကြပါတယ်။ အဲဒီလို သိရတဲ့အကြောင်းကတော့ ကိုချမ်းအေးဟာ ဈေးရောင်းသူတွေဆီကို ရှိတဲ့နေရာအရောက် လက်ဖက်ရည်နဲ့ ထမင်း ကြော် သွားပို့တဲ့အတွက်ဖြစ်ပါတယ်။
ကိုချမ်းအေးဟာ ဇနီးဖြစ်သူနောက်ကနေပြီး ဆိုင်ထိုင်စားတဲ့သူတွေအတွက် ကြက်ဥကြော်ပေးတာ၊ လက်ဖက်ရည် ဖျော်ပေးတာတွေ လုပ်ပေးပြီး လက်ဖက်ရည်ထည့်ထားတဲ့ ဓာတ်ဗူးအနီရောင်တစ်လုံးကိုင်ပြီးတော့ ဈေးရောင်းသူ တွေဆီကို လက်ဖက်ရည်နဲ့ ထမင်းကြော် သွားရောင်းပေးပါတယ်။
“မနက် ၇ နာရီခွဲဆိုရင် ချမ်းအေးကို သတိရနေပြီ။ သူကလည်း ဗိုက်ဆာနေချိန်ဆို ရောက်လာတယ်”လို့ ဟင်းသီး ဟင်းရွက် ရောင်းတဲ့ သက်မျိုးနွယ်စု အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အခုလို မိသားစုစားဝတ်နေရေးအတွက် မငြီးမငြူ လုပ်ပေးနေတဲ့ ကိုချမ်းအေးကို မညိုတယောက် အမြဲတမ်း သဘောကျနေမိတယ်လို့ ရင်ဖွင့်ပါတယ်။
ဒါပေမယ့် မညိုအတွက် စိန်ခေါ်မှုနောက်တခုက ရှိနေပါသေးတယ်။ အဲဒါကတော့ ကိုချမ်းအေးမှာ မှတ်ပုံတင် မရတဲ့ ကိစ္စဖြစ်တယ်လို့ မညိုက ပြောပြပါတယ်။
“သားသမီးတွေ ကြီးလာလို့ အလုပ်တွေဘာတွေ လျှောက်ရင် ဖခင်မှတ်ပုံတင်တွေ လိုတယ်။ ခုက ကိုချမ်းအေးမှာ မှတ်ပုံတင်မရသေးဘူး။”လို့ မညိုက ပြောပါတယ်။
ရခိုင်ပြည်မှာနေတဲ့ အစ္စလာမ်ဘာသာဝင်အများစုကို အစိုးရက မှတ်ပုံတင်ထုတ်ပေးမှုကို တင်းကြပ်ထားတဲ့အတွက် အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အစ္စလာမ်ဘာသာဝင် ကိုချမ်းအေးမှာလည်း အခုထိ မှတ်ပုံတင် မရရှိ သေးတာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီစိန်ခေါ်မှုကို ကျော်လွှားဖို့အတွက် ကူညီနိုင်တဲ့သူတွေဆီ အကြံဉာဏ်တောင်းပြီး မှတ်ပုံတင်ရဖို့ ဆောင်ရွက်သွားမယ်လို့ မညိုက ပြောပါတယ်။
လက်ရှိမှာတော့ ကိုချမ်းအေးနဲ့ မညိုတို့ဟာ သူတို့မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းပေးနေတဲ့ မောင်တောမြို့ ဟင်းသီးဟင်းရွက်ဈေးထဲက ထမင်းကြော်နဲ့ လက်ဖက်ရည်ဆိုင်ကို ဖောက်သည်တွေ ပိုရအောင် ကြိုးစားနေကြပါ တယ်။
လူမျိုးရေး၊ ဘာသာရေး မှိုင်းတွေကြောင့် ပဋိပက္ခ ပေါင်းစုံဖြစ်ခဲ့တဲ့ မောင်တောမြို့မှာ ဘာသာမတူပေမယ့် ဘဝတခုကို တည်ဆောက်နေကြတဲ့ ကိုချမ်းအေးနဲ့ မညိုတို့ဟာ သားကြီး ရှင်ပြုဖို့အတွက် ငွေတချို့ကို စုဆောင်းနေပြီလို့ ပြောပါတယ်။
“သားကြီးရှင်ပြုတဲ့နေ့ကျရင် သူ့အဖေက သပိတ်လွယ်ပြီး ရှင်လောင်းလှည့်ရမှာကို မြင်ယောင်မိတယ်”လို့ မညိုက သူ့ရဲ့ရည်မှန်းချက်ကို ပြောပါတယ်။