Home ဆောင်းပါး ကိုယ်ချင်းစာစိတ်တွေအောက်က နွယ်​အေးစွန္နီဂျာ​မေဗလီ

ကိုယ်ချင်းစာစိတ်တွေအောက်က နွယ်​အေးစွန္နီဂျာ​မေဗလီ

ဒေဝီ။ ။

အသားဟင်းပုံထားတဲ့ ထမင်းပန်းကန်ထဲ သီးစုံပဲဟင်းကို ရွှဲရွှဲဆမ်းလို့ ကျား၊ မ၊ လူကြီး၊ ကလေးအရွယ်စုံက အားပါးတရ စားသောက်နေကြပါတယ်။

စားသောက်နေတဲ့လူအုပ်ကြီးက လမ်းတစ်ဝက်အထိ ခင်းထားတဲ့စားပွဲတန်းမှာ အပြည့်ရှိနေသလို စားပွဲတန်း နဲ့ မလှမ်းမကမ်းမှာလည်း လူတချို့က လွတ်တဲ့နေရာ ဝင်ထိုင်စားသောက်ဖို့ စောင့်ဆိုင်း တန်းစီနေတယ်။

အားရပါးရ စားသောက်နေတဲ့ လူတွေကြားထဲမှာ အမျိုးသမီးအချို့က ထမင်းအုပ်ကိုင်ပြီး ထမင်းတွေဖြည့် ပေးနေသလို အချို့ကလည်း လျော့သွားတဲ့ သီးစုံပဲဟင်း ပန်းကန်ထဲ ဟင်းတွေဖြည့်ပေးနေတယ်။

အခြားစေတနာ့ဝန်ထမ်းတွေကလည်း စောင့်ဆိုင်းနေတဲ့လူအုပ်ကို စားသောက်ပြီးလို့ လစ်လပ်သွားတဲ့ နေရာ မှာ စနစ်တကျ နေရာချပေးတာ၊ မြန်မြန်ဆန်ဆန် ထမင်းဟင်း ခူးခပ်ပြင်ဆင်ပေးတာ၊ စားပြီးသား ပန်းကန်တွေကို သိမ်းဆည်းပေးတာ၊ ပန်းကန်တွေကို စနစ်တကျဆေးကြောပေးတာ အပါအ၀င် တာဝန်အသီးသီး ခွဲဝေလို့ မြိုင်မြိုင်ဆိုင်ဆိုင်လုပ်ဆောင်နေကြပါတယ်။

ဒီမြင်ကွင်းကတော့ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက် မှာရှိတဲ့ နွယ်အေးစွန္နီဂျာမေဗလီ လူမှုကူညီရေး အသင်းက ထမင်းကျွေးလှူဒါန်းမှုမြင်ကွင်းပဲဖြစ်ပါတယ်။

“နဂိုကတည်းက လူနာတွေ၊ နာ‌ရေးတွေရှိရင် ကူပေးနေတာ။ ကိုဗစ်မှာလည်းကူပေးတယ်။ အခုလည်း ထမင်းကျွေးနေတာ ကလေးလူကြီးမရွေး ကျွေးတယ်။ ဆင်းရဲချမ်းသာမရွေး ကျွေးမွေးပေးတယ်။ အဖွဲ့ဝင်တွေ ကလည်း စွမ်းစွမ်းတမံ ကူညီပါတယ်”လို့ ထမင်းကျွေးလှူဒါန်းတဲ့နေရာမှာ ပါဝင်ကူညီပေးနေသူ တစ်ဦးဖြစ်တဲ့ ဒေါပုံမြို့နယ်မှာ နေထိုင်သူ အသက် ၆၀ အရွယ် ဒေါ်သန်းသန်း (အမည်လွှဲ) ကပြောပါတယ်။

ဒေါ်သန်းသန်းက နွယ်အေးစွန္နီဂျာမေဗလီ လူမှုကူညီရေး အသင်းစတင် ဖွဲ့ကတည်းက အသင်းရဲ့ လူမှုရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ကူညီပေးနေတာပါ၊

ဓါတ်ပုံ – ​ဒေါပုံမြို့နယ် နွယ်​အေးစွန္နီဂျာမေဗလီလူမှုကူညီ​ရေးအသင်း

စီးပွားရေး ကြပ်တည်းပြီး ကုန်စျေးနှုန်းကြီးမြင့်တဲ့ ကာလမှာ ပရဟိတနဲ့ ဘာသာရေးအသင်းအဖွဲ့တွေရဲ့ စားစရာဝေငှမှုတွေ၊ စားသောက်ကုန် စျေးလျှော့ရောင်းမှုတွေ၊ ထမင်းဟင်းကျွေးမွေးလှူဒါန်းမှုတွေက ပြည်သူ တွေအတွက် ကောက်ရိုးတစ်မျှင်ဖြစ်ခဲ့ပါတယ်။

ဒီလိုလှူဒါန်းမှုတွေထဲ နွယ်အေးစွန္နီဂျာမေဗလီ လူမှုရေးအသင်းရဲ့ ပြည်သူတွေအဆင်ပြေဖို့ လုပ်ဆောင်နေတဲ့ လူမှုကူညီရေး လုပ်ငန်းတွေကလည်း အပါအဝင်ပါ။

အသင်းက မကြာခဏပြုလုပ်နေတဲ့ ထမင်းကျွေးအစီအစဉ်တွေဆိုလည်း ဒေါ်သန်းသန်းတို့ မပါမဖြစ်ပဲ။ ထမင်းကျွေးအလှူ လုပ်မယ်ဆိုရင် ဒေါ်သန်းသန်းတို့ အမျိုးသမီးအဖွဲ့တွေက ကျွေးမယ့်နေ့မတိုင်ခင် တစ်ရက် အလိုကတည်းက ချက်ပြုတ်ဖို့ ကူညီပြင်ဆင်ကြတော့တယ်။

ကြက်သွန်လှီးတာ၊ အိုးခွက် ပန်းကန်တွေ ဆေးကြောသန့်စင်တာ၊ အသီးအရွက်၊ အသားငါးတွေကို လှီးဖြတ် ပြီး ချက်ပြုတ်ရေးအဖွဲ့ အဆင်သင့်ချက်ပြုတ်နိုင်အောင် တနေကုန်လုပ်ဆောင် ပေးပါတယ်။

“ဒီနေ့ကျွေးမွေးဖို့အတွက်ကို မနေ့ကတည်းကလာပြီးတော့ ကြက်သွန်အချိန် ၄၀ ပါ ၂ အိတ်ကိုလှီးတယ်၊ ပဲဟင်းအတွက် အသီးအရွက်လှီးတာတွေကို လုပ်ပေးတယ် မိုးချုပ်တဲ့အထိပဲ “လို့ ဒေါ်သန်းသန်းကပြောပါတယ်။

ထမင်းကျွေးမယ့်နေ့ ရောက်ရင်လည်း မနက်မိုးလင်းကတည်းက ကျွေးမဲ့နေရာကို စောစောသွားပြီး အသင့် ပြင်ဆင်ရပြန်တယ်။ ထမင်းခူးခပ်ထည့်တာ၊ စားနေတုန်း လိုအပ်တာတွေဖြည့်ပေးတာ၊ လူတိုင်းစေ့ စားသောက် သွားစေချင်တဲ့ စေတနာနဲ့ စားသောက်မယ့်သူတွေကို နေရာချပေးတာတွေကို မမောမပန်း ပြုလုပ်ကြတယ်။

“ဝိုင်းစုပြီး လုပ်ကြတော့ ပင်ပန်းတယ်လည်း သဘောမထားပါဘူး၊ သူတို့စားတာကြည့်ပြီး ပျော်နေတာ၊ စားသောက်ရခက်ခဲချိန်မှာ ကျွေးမွေးတဲ့အလှူရှင်ရှိလို့ အန်တီတို့လည်း ဝိုင်းလုပ်ပေးရတာပျော်ပါတယ်”လို့ ဒေါ်သန်းသန်းက ပြောပါတယ်။

အသင်းရဲ့ လူမှုကူညီရေးလုပ်ငန်းတွေထဲမှာ ကိုဗစ်ကာလတုန်းကတော့ အလုပ်အများဆုံးပဲလို့ ဆိုတယ်။

ဆေးရုံတက်ကုသနေတဲ့ ကိုဗစ်ကူးစက်လူနာတွေနဲ့ ကွာရန်တင်းသမားတွေ လူမျိုးဘာသာမရွေး စားသောက် ဖို့အတွက် မနက်နေ့ည ထမင်းဘူးနဲ့ အဆာပြေစားစရာတွေကို ချက်ပြုတ်တဲ့အဖွဲ့ အဆင်သင့်ချက်ပြုတ်နိုင်အောင် အမျိုးသမီးအဖွဲ့က ဟင်းသီးဟင်းရွက် သားငါးတွေ လှီးဖြတ်ပြင်ဆင်တာ၊ ချက်ပြီးသားတွေကို သပ်သပ်ရပ်ရပ် ထုတ်ပိုးပြီး နွယ်အေးစွန္နီဂျာမေဗလီ လူမှုကူညီရေးအသင်း တံဆိပ်ကပ်တာ၊ ကိုဗစ်ကုသရေးစင်တာတွေကို အချိန်မှီ ပို့ဆောင်တာတွေ ပြုလုပ်ခဲ့ရတယ်လို့ ဆိုတယ်။

“ကိုဗစ်ပြီးလည်း ဒီမှာ (နွယ်အေး စွန္နီဂျာမေဗလီ ) လှူတာတွေရှိတာပဲ၊ လူတွေ အခက်အခဲဖြစ်တယ်ဆိုရင် လည်း ကူညီပေးတယ်။ နောက်မုဆိုးဖို၊ မုဆိုးမတွေကိုလည်း ကူညီပေးတယ်။ အကုန်ကူညီတယ်။ ကျွန်မတို့ ကလည်း အမြဲတမ်း ကူလုပ်ရတော့ ဗလီအတွက်ဆို စိတ်အားထက်သန်တယ်” လို့ဒေါ်သန်းသန်းကပြောပါတယ်။

ပြည်သူတွေ ခက်ခဲကြပ်တည်းချိန်မှာ နွယ်အေးစွန္နီဂျာမေဗလီ လူမှုကူညီရေးအသင်းက လိုအပ်တဲ့ ကူညီမှု တွေနဲ့ ပံ့ပိုးတာအမြဲရှိနေပြီး ဒီလုပ်ငန်းတွေကို ဝိုင်းဝန်းလုပ်ဆောင်ပေးရတဲ့အပေါ် ဝမ်းသာမိတယ်လို့ ဒေါပုံမြို့နယ် နွယ်အေးဗလီ အနီးရပ်ကွက်မှာနေထိုင်တဲ့ အသက် ၆၉ နှစ် အရွယ် ဒေါ်ခတ္တာကပြောပါတယ်။

ဓါတ်ပုံ – ​ဒေါပုံမြို့နယ် နွယ်​အေးစွန္နီဂျာမေဗလီလူမှုကူညီ​ရေးအသင်း

ဒေါ်ခတ္တာက နွယ်အေးစွန္နီဂျာမေဗလီ လူမှုရေးအသင်းမှာ ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးပါ။ နွယ်အေးဗလီ လူမှုကူညီရေးလုပ်ငန်းတွေ စတင်ခဲ့ကတည်းက ပါဝင်ခဲ့ပြီး ကိုဗစ်ကာလမှာ ထမင်းဗူးပြင်ဆင်တာ၊ ပို့ဆောင်တာ၊ လူနာတွေရဲ့ နာရေးကိစ္စတွေမှာ ပါဝင်ကူညီခဲ့သူတစ်ဦး ဖြစ်ပါတယ်၊

သူကိုယ်တိုင်က အသက်ရွယ်ကြီးသူဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်နေတဲ့ကာလဖြစ်ပေမယ့် ရောဂါပိုး ကူးစက်ခံ ရမလားဆိုတာ ဂရုမပြုပဲ ကိုဗစ်ကုသရေးဆေးရုံတွေ ကွာရန်တင်းစင်တာတွေကို ထမင်းဗူးတွေလိုက်ပါ ပို့ဆောင် ပေးခဲ့တာ လို့ဒေါ်ခတ္တာကပြောပါတယ်။

“ပရဟိတဝန် ထမ်းမှတော့ မကြောက်ပါဘူး။ ကိုယ်ချင်းစာစိတ် တစ်ခုနဲ့ပဲ လုပ်ပေးတာ” လို့ ဒေါ်ခတ္တာက ပြောပါတယ်။

အသင်းရဲ့ လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်ရင်း ကုန်စျေးနှုန်းကြပ်တည်းတဲ့ အချိန်မှာ အိမ် ထောင်စုတွေအဆင်ပြေစေဖို့ အသင်းရဲ့ ဦးဆောင်မှု အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ ရပ်ကွက်တွေလှည့်ပြီး ကြက်ဥ စျေးလျှော့ရောင်းတာ၊ ထမင်းဟင်းဝေငှရာမှာလည်း မမောမပန်း ပါဝင်ခဲ့ပြန်တယ်။

“အခုကအရမ်းခက်ခဲတယ်။ ကုန်စျေးနှုန်းကမြင့်တော့ လူတိုင်းခက်ခဲတယ်။ အားလုံးခက်ခဲနေတဲ့ အချိန်မှာ လှူဒါန်းပေးတော့ အလှူရှင်တွေလည်းကုသိုလ်ရ၊ ကိုယ်တွေလည်း ဝိုင်းကူ‌ပေးရတော့ပျော်တယ်”လို့ ဒေါ်ခတ္တာက ပြောပါတယ်။

အခက်အခဲပေါင်းစုံနဲ့ ကြပ်တည်းနေချိန်မှာ နွယ်အေးဗလီရဲ့ လူမှုကူညီမှုတွေက ရပ်ကွက်မှာနေထိုင်တဲ့ လူ တန်းစားမရွေး ပြည်သူတွေအတွက် အားကိုးရာဖြစ်တယ်လို့ ဒေါပုံမြို့နယ်မှာ နေထိုင်သူ ဗုဒ္ဓဘာသာဝင် အမျိုး သမီးတစ်ဦးက ပြောပါတယ်။

“ဗလီမှာက အမြဲလိုလိုထမင်းကျွေးနေတာ၊ ထမင်းကျွေးတဲ့နေ့ဆို မိသားစုတွေအကုန်လုံး ဒီမှာပဲစားလိုက်တာ၊ အစ်နေ့တွေဆိုလည်း အသားဝေတာရတယ်”လို့ ယင်းကပြောပါတယ်။

ယင်းတို့မိသားစုဝင်တစ်ဦး ကိုဗစ်တတိယလှိုင်းမှာ ကိုဗစ်ရောဂါပိုးကူးစက်ပြီး အောက်ဆီဂျင် လိုအပ်ချိန်တုန်း ကလည်း နွယ်အေးဗလီက ဖြန့်ဝေပေးတဲ့ အောက်ဆီဂျင်ကြောင့် အသက်ရှင်သန်ခဲ့ရတာလို့ ယင်းကဆက်ပြော တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာ့ငါးဆယ်ကျော်ကတည်းကရှိခဲ့တဲ့ နွယ်အေးစွန္နီဂျာမေဗလီက ရပ်ကွက်နေပြည်သူ တွေကို လူမျိုးဘာသာမခွဲခြားဘဲ သာရေး၊ နာရေးနဲ့ လူမှုရေးတွေကူညီဖို့ ရည်ရွယ်ပြီး လူမှုကူညီရေးအသင်း အဖြစ် ဖွဲ့စည်းခဲ့တာ ၁၅ နှစ်ရှိခဲ့ပါပြီ။

စတင်ဖွဲ့စည်းချိန်က ရပ်ကွက်နဲ့ မြို့နယ်အတွင်းမှာ သာရေး၊ နာရေးနဲ့ လူမှုကူညီရေးတွေ လုပ်ဆောင်ပေးနေတာ ကနေ ကိုဗစ်ကာလမှာတော့ ကိုဗစ်ကုသရေးစင်တာ၊ ကွာရန်တင်းစင်တာတွေကို နေ့စဉ်ထမင်းဗူးပို့ဆောင်မှု တွေကြောင့် လူသိများထင်ရှားလာပါတယ်။

ဓါတ်ပုံ – ​ဒေါပုံမြို့နယ် နွယ်​အေးစွန္နီဂျာမေဗလီလူမှုကူညီ​ရေးအသင်း

ကိုဗစ်ကုသရေးစင်တာက အစားအသောက်အခက်အခဲဖြစ်သူ ၁၇ ဦးအတွက် ထမင်းဗူးပို့ခဲ့ရာကနေ စတင် ပြီး ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် လူမျိုးဘာသာမရွေးအတွက် နေ့စဉ်ထမင်းဗူးပို့ဆောင်ဖြစ်ခဲ့ကာ၊ ရန်ကုန်တိုင်းထဲ မှာရှိတဲ့ ကိုဗစ်စင်တာပေါင်း ၂၂၀၊ လူဦးရေ ၂၅၀၀-၃၀၀၀ ကြားအထိ မနက်၊ နေ့ည ပို့ခဲ့ရတယ်လို့ နွယ်အေး စွန္နီဂျာမေဗလီ လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးဇော်မင်းလတ်က ပြောပါတယ်။

ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းပြီးတော့ တတိယလှိုင်းမှာလည်း အောက်ဆီဂျင် အရေးတကြီးလိုအပ်နေတဲ့ လူနာတွေအတွက် အောက်ဆီဂျင်ဖြန့်ဝေပေးခဲ့တာ၊ ပြင်ပမှာ အောက်ဆီမီတာ၊ သွေးတိုင်းကိရိယာ‌တွေနဲ့ ဆေးဝါး အချို့ကို စျေးနှုန်းမတန်တဆတက်ပြီး ရောင်းချနေချိန်မှာလည်း နွယ်အေးဗလီ လူမှုကူညီရေးအသင်းက ပုံမှန် စျေးအတိုင်း ရောင်းချတာတွေကို ပြုလုပ်ခဲ့ပါတယ်။

“ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဒွန်တွဲလျက်ရှိပါသည်။”ဆိုတဲ့ အသင်းရဲ့ဆောင်ပုဒ်အတိုင်း ဘာသာ၊ လူမျိုး မခွဲခြားတဲ့ လူမှုကူညီရေး လုပ်ဆောင်ဖို့ နွယ်အေးစွန္နီဂျာမေဗလီ လူမှုကူညီရေးအသင်းက ရန်ပုံငွေ မတည် ထားပြီး ရပ်ကွက်အတွင်း နေထိုင်သူအချို့နဲ့ လုပ်ငန်းရှင်အချို့က အလှူငွေ ပုံမှန်ထည့်နေသလို ကပ်ဘေးကာလ အစားအစာဒါနပြုတဲ့ အစီအစဉ်အတွက် ဘာသာပေါင်းစုံက အလှူရှင်တွေကလည်း ပံ့ပိုးကြတာရှိတယ်လို့ ဦးဇော်မင်းလတ်က ဆိုတယ်။

“အောက်ဆီဂျင်ပေးတာက အသင်းက အရင်ကတည်းကလုပ်တယ်။ တတိယလှိုင်းမှာ အောက်ဆီဂျင် လိုအပ် ချက် ပြင်းထန်လာချိန်မှာ အသင်းကလူတွေ ညလုံးပေါက်တန်းစီပြီး ရတာတွေကို ပြည်သူတွေကို ပြန်ပေးတာ၊ အဲ့ဒီမှာလည်း အသက်ပေါင်းများစွာ၊ အခက်ခဲပေါင်းများစွာကို တထောင့်တနေရာကနေ ကူညီခဲ့တယ်လို့ ဦးဇော် မင်းလတ် ကပြောပါတယ်။

လက်ရှိမှာ ကုန်စျေးနှုန်းတွေ အလွန်အမင်းမြင့်တက်ပြီး ပြည်သူတွေ စီးပွားရေးကြပ်တည်းနေချိန်မှာလည်း ပြည်သူတွေအပူလျော့စေဖို့ အသင်းနဲ့လုပ်ငန်းရှင်အချို့ရဲ့ ပံ့ပိုးမှုတွေနဲ့ ထမင်းကျွေးတာ၊ ကြက်ဥလျှော့စျေးနဲ့ ရောင်းချနေတာတွေအပြင် ဒေါပုံမြို့နယ်ထဲက ချို့တဲ့သူတွေကို ဆန်ဝေငှနိုင်ဖို့လည်း စီစဉ်လုပ်ဆောင် နေတယ်လို့ ဆက်ပြောတယ်။

နွယ်အေးဗလီရဲ့ လူမှုရေးလုပ်ငန်းတွေက အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် အဆင်ပြေတယ်၊ အကူ အညီဖြစ်တယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့ သဘောထားအမြင်တွေ ရခဲ့တဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရ တယ်လို့ ဦးဇော်မင်းလတ်ကပြောပါတယ်။

နွယ်အေးစွန္နီဂျာမေဗလီ လူမှုရေးအသင်းက အလှူအတန်း၊ လေဘေး၊ ရေဘေးနဲ့ ပြည်သူတွေလိုအပ်တာတွေ ကူညီဖို့ ဘာပဲလုပ်လုပ် ရပ်ကွက်ကပြည်သူတွေက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတယ်လို့ ယင်းလူမှုကူညီရေး အသင်းမှ ဦးစိုးသိန်းကပြောပါတယ်။

ကိုဗစ်တတိယလှိုင်းမှာ အောက်ဆီဂျင်ပြတ်လပ်ပြီး ပြည်သူတွေအခက်အခဲဖြစ်နေချိန်မှာလည်း အသင်းက စေတနာ့ဝန်ထမ်းတွေရဲ့ ကြိုးပမ်းမှုနဲ့ ပြည်သူတွေကို အောက်ဆီဂျင်ပြန်လည်ဝေမျှရာမှာ ဘာသာလူမျိုးမခွဲခြားဘဲ ကူညီဆောင်ရွက်ပေးတာကြောင့် ဘာသာ‌ပေါင်းစုံကြား ချစ်ခင်မှုပိုရှိလာတာလို့ဆိုတယ်။

“အောက်ဆီဂျင်ပေးတဲ့နေရာမှာလည်း ဆရာတော်တွေလည်း ပါတယ်။ ဆရာတော်တွေဆို တန်းစီစရာလည်း မလိုဘူး၊ အခန်းထဲမှာတရိုတသေနဲ့ စီစဉ်ပေးခဲ့တယ်” လို့ ဦးစိုးသိန်းကပြောတယ်။

စက်သုံးဆီတွေ စျေးနှုန်းမြင့်တက်ပြီး ယာဉ်လိုင်းတွေရပ်တန့်တဲ့အချိန်မှာလည်း အခမဲ့ ကားအကြိုအပို့လုပ်တာ၊ စားဝတ်နေရေးကြပ်တည်းတဲ့ ကာလမှာလည်း ပြည်သူလူထုအတွက် ကြက်ဥလျှော့စျေးနဲ့ရောင်းချတာ၊ နွယ်အေး ရပ်ကွက်ထဲက မုဆိုးမတွေကို ဆန်ဆီထောက်ပံ့တာ၊ ထမင်းကျွေးမွေး လှူဒါန်းတာတွေက မကြာခဏရှိတယ် လို့ ဆက်ပြောပါတယ်။

ဓါတ်ပုံ – ​ဒေါပုံမြို့နယ် နွယ်​အေးစွန္နီဂျာမေဗလီလူမှုကူညီ​ရေးအသင်း

“တနေ့တနေ့ လူတွေရဲ့စားဝတ်နေရေးက ပိုကြပ်တည်းလာတဲ့အပေါ်မှာ တချို့မိသားစုတွေဆို မနက်စာ ထမင်း မစားရသေးတာ၊ ညစာထမင်းမစားရသေးတာ ရပ်ကွက်ထဲမှာအများကြီးရှိတယ်။ အဲ့ဒါကြောင့် နိုင်တဲ့ဘက်ကနေ ဝိုင်းကူပေးတာ”လို့ ဦးစိုးသိန်းကဆိုတယ်။

လွန်ခဲ့တဲ့နှစ်တွေမှာ ဘာသာရေးသွေးထိုးလှုံဆော်မှုတွေကြောင့် မြန်မာနိုင်ငံကဒေသအချို့မှာ ပဋိပက္ခတွေရှိခဲ့ ပေမယ့် ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်မှာတော့ ဘာသာအချင်းချင်း စိတ်ဝမ်းမကွဲပဲ အေးအေးချမ်းချမ်းရှိခဲ့ တယ်လို့ဆက်ပြောတယ်။

“ကျွန်တော်တို့ရပ်ကွက်ကြီးက ဟိုးကတည်းက အစဉ်အလာရှိခဲ့တယ်။ ဘာမဆို လုပ်ရင်ပူးပေါင်းပြီးတော့လုပ် တယ်။ အကွဲကွဲအပြားပြားမရှိဘူး။ စိတ်ဝမ်းကွဲမှုတွေမရှိခဲ့ဘူး” လို့ ဦးစိုးသိန်းကပြောတယ်။

အသင်းကလုပ်ဆောင်သမျှ လူမှုရေးလုပ်ငန်းတွေမှာလည်း ရပ်ကွက်ထဲက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက ကူညီအားပေးသလို အလှူအတန်းတွေကိုလည်း လက်ခံပေးကြတယ်လို့ ယင်းကဆိုတယ်။

ပြည်သူတွေစားဝတ်နေရေးခက်ခဲနေချိန်မှာ နွယ်အေးဗလီက လှူဒါန်းတာတွေကို လူမှုကွန်ရက်တွေကနေ တစ်ဆင့် ကြားသိရပြီး ဘာသာလူမျိုးမခွဲခြားပဲ ပြည်သူလူထုရဲ့ အခက်အခဲလျော့ပါးဖို့ လုပ်ဆောင်မှုအပေါ် လေးစားမိတယ်လို့ မြစ်ကြီးနားမြို့က ခရစ်ယာန်သီလရှင်ကျောင်းဖြစ်တဲ့ စိန့်ဖရန်စစ်ဇေးဗီးယားပလန သီလရှင် ကျောင်းက စစ္စတာအန်းရိုဇားနူးတောင်က ပြောပါတယ်။

“သူတို့ရဲ့ စိတ်ထားကို ချီးမွမ်းမိတယ်၊ ဂုဏ်ယူမိတယ်။ ဘာသာလူမျိုးမခွဲခြားဘဲနဲ့ လူကို လူလို တန်ဖိုးထားပြီးမှ ဝေမျှတာ၊ ကူညီတာ၊ လက်တွဲခေါ်တာ၊ အားပေးတာ အရမ်းပဲ လေးစားမိတယ်” လို့ စစ္စတာအန်းရိုဇားနူးတောင်က ပြောပါတယ်။

ဆင်းရဲဒုက္ခပေါင်းစုံ ပြည်သူတွေ ခံစားနေရချိန်မှာ တတ်နိုင်တဲ့ ဘာသာရေးအဖွဲ့တွေ၊ ပရဟိတအဖွဲ့အစည်း တွေက နီးစပ်ရာ ပြည်သူအချင်းချင်းကို ပြန်လည်မျှဝေကူညီမှသာ ကပ်ဆိုးကြီးကို ကျော်လွှားနိုင်မှာလို့ဆိုတယ်။

“တခြားဘာသာတွေလည်း အတုယူရမှာပေါ့‌နော်၊ ကူညီတဲ့သူတွေလည်းရှိပါတယ်။ ကောင်းတဲ့အရာကိုတော့ အတုယူရမယ်” လို့ စစ္စတာအန်းရိုဇားနူးတောင်က ပြောပါတယ်။

ပြည်သူတွေ အကြပ်အတည်းကြုံချိန်တိုင်း ဘယ်လိုအခြေအနေမျိုးဖြစ်ပါစေ ပြည်သူတွေ အပူလျော့ဖို့ နိုင်တဲ့ဘက်ကနေ ကူညီဖို့အဆင်သင့်ရှိနေပါတယ်လို့ နွယ်အေးစွန္နီဂျာမေဗလီ လူမှုကူညီရေးအသင်းက ပြောပါ တယ်။

အဲ့ဒီလို လူမှုကူညီရေးလုပ်ငန်းတွေမှာ တတပ်တအား ပါဝင်လုပ်ဆောင်ခွင့်ရတာ ဂုဏ်ယူပြီး ရှေ့လျှောက်လည်း ပျော်ပျော်ရွှင်ရွင်နဲ့ ကူညီလုပ်ကိုင်ပေးသွားမယ်လို့ ယင်းစေတနာ့ဝန်ထမ်းတွေက ဆိုပါတယ်။

Author:

Related Articles