ခင်ဘုန်းမို့။ ။
အခန်းတစ်ခုထဲမှာ စားပွဲခုံအရှည်၊ဗီဒို၊ခုံတွေနဲ့ ရုံးသုံးပစ္စည်းတွေ အစီအရီချထားတယ်။ စားပွဲခုံရှည်ကြီးရဲ့ထိပ်က နံရံမှာတော့ အလံတစ်ခုချိတ်ဆွဲထားတယ်။
စားပွဲရှည်ကြီးမှာပဲ ယူနီဖောင်းဆင်တူဝတ်ထားတဲ့ လူ၁၀ဦးခန့်က အစည်းအဝေးပြုလုပ်နေကြတယ်။
အဲ့ဒီအထဲမှာ ဆံပင်ကို သေသေသပ်သပ်ထုံးထားပြီး ပြောက်ကျားဝတ်စုံယူနီဖောင်းဝတ်ထားတဲ့ အမျိုးသမီးငါးဦး ခန့်ကိုလည်းတွေ့ရတယ်။
ဒီအမျိုးသမီးတွေကတော့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ထီးလင်း)ရဲ့ ရုံးအဖွဲ့မှာတာဝန်ထမ်းဆောင်နေကြ သူတွေပါပဲ။
ယောပြည်သူ့ကာကွယ်ရေးရုံးအဖွဲ့ကို ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။
ရုံးကိစ္စအဝဝကို တပ်တွင်းတစ်နေရာကနေ စတင်ဆောင်ရွက်ခဲ့ကာ မတ်လ၅ရက်နေ့မှာ ရုံးအထိုင်ချခဲ့ပြီး ရုံးအဖွဲ့ ၁၅ယောက်နဲ့ တပ်တွင်းကိစ္စတွေ၊ ထီးလင်းမြို့နယ်အတွင်းရှိ ပြည်သူတွေရဲ့ ကျန်းမာရေး၊ပညာရေး၊ ကယ်ဆယ် ရေးနဲ့ ပြန်လည်နေရာချထားရေးကိစ္စတွေကို ဆောင်ရွက်နေတယ်လို့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထီးလင်း) ကထုတ်ပြန်ထားပါတယ်။
ဧပြီလမှာတော့ ရုံးအဖွဲ့ဝင်အင်အား ခြောက်ဦးထပ်မံတိုးချဲ့ခဲ့ပြီး လက်ရှိမှာတော့ အင်အား၂၁ဦးနဲ့ ရုံးအလုပ်တွေ အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးကာလ တစ်နှစ်ကျော်လာပြီးနောက် ပြည်သူ့တော်လှန်ရေးအဖွဲ့တွေဟာ စစ်ကောင်စီကို နေရာ အချို့မှာ တိုက်ထုတ်လာနိုင်တဲ့နည်းတူ လွတ်မြောက်နယ်မြေတွေလည်းရရှိလာပါတယ်။ လွတ်မြောက် နယ်မြေ တွေမှာ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြည်သူတွေအဆင်ပြေစေဖို့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးယန္တရားတွေ ကိုတည်ဆောက်လာနိုင်ကြပါတယ်။ အဲ့ဒီထဲမှာ ယောပြည်သူ့ကာကွယ်ရေးရုံးအဖွဲ့လည်း တစ်ခုအပါအဝင်ပါ။
ယောပြည်သူ့ကာကွယ်ရေးရုံးအဖွဲ့မှာ အမျိုးသမီးခုနစ်ဦးရှိပြီး အဲဒီအထဲမှာ အသက်၂၅နှစ်အရွယ် အကြည် လည်း ပါဝင်ပါတယ်။
အကြည်ဟာ မူလက ရဲဝန်ထမ်းတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးတစ်လအကြာမှာ CDMလုပ်ခဲ့သူပါ။
စီဒီအမ်လုပ်ရုံနဲ့အားမရခဲ့ဘဲ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တော်လှန်မယ်ဆိုတဲ့စိတ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ထဲကိုဝင်ခဲ့တယ်လို့ အကြည်ကဆိုပါတယ်။
အကြည်က ရဲမေတစ်ဦးဖြစ်တဲ့အတွက် ရဲသင်တန်းမှာတုန်းက လေ့ကျင့်ရေးအတွေ့အကြုံတွေရှိခဲ့ဖူးတယ်။
ဒီလိုလေ့ကျင့်ရေးအတွေ့အကြုံရှိပြီးသား အမျိုးသမီးတစ်ဦးဆိုပေမယ့်လည်း စစ်သင်တန်းတက်ရတဲ့အခါမှာ တော့ပင်ပန်းခက်ခဲ မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ အကြည်က ဆိုပါတယ်။
စစ်သင်တန်းတက်ရောက်သူတွေ တော်တော်များများကြုံတွေ့ခဲ့ရတဲ့ အနေအထိုင်အစားအသောက်ဆင်းရဲတာ၊ အမျိုးသမီးဖြစ်တဲ့အတွက် တစ်လတစ်ခါဓမ္မတာလာရင်ကြုံတွေ့ရတဲ့ နာကျင်တာတွေကို ရင်ဆိုင်ဖြတ်သန်းခဲ့ရ တယ်။
သင်တန်းတက်နေစဉ် ကာလအတွင်းမှာ မိသားစုတွေက အစားအသောက်၊ဆေးဝါးနဲ့ စိတ်ခွန်အားထောက်ပံ့ပေး တာတွေကြောင့် နောက်ဆံမတင်းဘဲ တော်လှန်ရေးအတွက်အားစိုက်နိုင်ခဲ့တယ်။
သင်တန်းမှာလည်း ရဲဘော်တွေအချင်းချင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ရှိကြတယ်။
ပင်ပန်းမှုတွေကြုံလေလေ စစ်အာဏာရှင်ကိုတော်လှန်တဲ့နေရာမှာ ပိုပြီးထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုတဲ့ စိတ်နဲ့ အခက်အခဲတွေကိုကျော်ဖြတ်နိုင်ခဲ့တယ်။
စစ်သင်တန်းတတ်ပြီး လအတော်အကြာမှာတော့ ရုံးလုပ်ငန်းတွေဆောင်ရွက်ဖို့အကြောင်းဖန်လာတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်ရာမှာ ကျရာနေရာကပါဝင်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်တဲ့အကြည်ဟာ တော်လှန်ရေး အတွက်ဆို ဘယ်နေရာကဖြစ်ဖြစ် တာဝန်ကျေချင်ခဲ့တယ်။
စီဒီအမ်မလုပ်ခင် ရဲမေဘဝမှာတုန်းကလည်း ရုံးပိုင်းဆိုင်ရာတာဝန်တွေကို ထမ်းဆောင်ခဲ့သူမို့ သူ့အတွက် ဒီလုပ်ငန်းတွေက စိမ်းမနေခဲ့ဘူး။
ရှေ့တန်းထွက်ဖို့ကလည်း လက်နက်အင်အားမလုံလောက်တဲ့အတွက် အကြည်တို့လိုအမျိုးသမီးရဲဘော်တွေ အနေနဲ့ ရှေ့တန်းထွက်ဖို့ကအလှမ်းဝေးနေသေးတယ်။
ဒါကြောင့်ရုံးအဖွဲ့မှာ ဝင်ပြီးတာဝန်ထမ်းဆောင်ရင် ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကို ပိုပြီးလုပ်ဆောင်နိုင်မယ် ရုံးအဖွဲ့ အတွက်ပိုပြီး ထိရောက်အောင်လုပ်ပေးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ အကြည်တစ်ယောက် ရုံးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။
“ ကျွမ်းကျင်တဲ့အလုပ်နဲ့ တော်လှန်ရေးမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်လို့ဂုဏ်ယူတယ်” လို့အကြည်က ဖွင့်ဟပါတယ်။
လက်ရှိမှာတော့ သူက တွဲဖက်ရုံးဦးစီးအနေနဲ့ တာဝန်ထမ်းဆောင်နေတယ်။
အကြည်ရဲ့တာဝန်က ရုံးပိုင်းလုပ်ငန်းတွေကိုစာရင်းပြုစုတာ၊ တခြားရေးထောက်တွေ ပြုစုထားတဲ့စာရင်းတွေကို ကြီး ကြပ်စစ်ဆေးပေးရတာတွေဆောင်ရွက်ရတယ်။
ဒါပေမယ့် တော်လှန်ရေးကာလမှာ ဆောင်ရွက်ရတဲ့ရုံးလုပ်ငန်းတွေဆိုတော့ သာမာန်ရုံးလုပ်ငန်းတွေနဲ့မတူဘဲ ပိုပြီးဂရုစိုက်ရသလို ပိုပြီးသတိနဲ့လုပ်ဆောင်ရတယ်။
ရုံးထဲမှာပဲ တစ်နေကုန်အလုပ်တွေလုပ်နေရတော့ အညောင်းမိတာ၊ အကြောတက်တာတွေဖြစ်တယ်။ တစ်ခါ တစ်လေ ညဘက်အထိအလုပ်လုပ်ရတာတွေရှိတယ်။ တချို့ရက်တွေဆို လုပ်ငန်းအရေးကြီးမှုပေါ် မူတည်ပြီး ရေချိုးချိန်မရတာ၊ ထမင်းစားချိန်မရတာတွေဖြစ်တယ်။
တစ်ခါတစ်လေကျတော့လည်း နယ်မြေကွင်းဆင်းရတာတွေရှိတော့ အဖွဲ့လိုက်မဟုတ်ဘဲ လူခွဲပြီးသွားရတယ်။ အမျိုးသားတွေရဲ့ ဆိုင်ကယ်နောက်လိုက်စီးရတဲ့အခါမျိုးတွေမှာ အမျိုးသမီးဖြစ်တဲ့အတွက်ပတ်ဝန်းကျင်က ဝေဖန်ချင်ကြတယ်။ ဒီလိုအခါမျိုးမှာလည်း ပတ်ဝန်းကျင်ရဲ့အမြင်ကိုမငဲ့နိုင်ဘဲ လုပ်ငန်းမြန်မြန်ပြီးဖို့ဘဲ ခေါင်းထဲ ထည့်ရတယ်။
ရုံးလုပ်ငန်းလုပ်ရတာကစိတ်ပင်ပန်းပြီး စစ်သင်တန်းကလူပင်ပန်းပေမယ့် ပျော်စရာပိုကောင်းခဲ့တယ်လို့ အကြည် ကဖွင့်ဟပါတယ်။
အကြည်နည်းတူ ယောပြည်သူ့ကာကွယ်ရေးတပ်(ထီးလင်း)ရဲ့ရုံးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတာကတော့ အသက်၃၂နှစ်အရွယ် အနွဲ့ပါ။
အနွဲ့ကလည်း ရဲဝန်ထမ်းတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်မှာ စီဒီအမ်ပြုလုပ်ခဲ့သူပါ။
စီဒီအမ်ပြုလုပ်ရုံတင်မတ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖို့အတွက်ပြည်သူ့ကာကွယ်ရေးတပ်ထဲဝင်ခဲ့ပါတယ်။
ကျောင်းသူဘဝမှာကတည်းက ဘောလုံးကန်တာ၊ ကြက်တောင်ရိုက်တာ စတဲ့ခန္ဓာကိုယ်ကြံခိုင်တဲ့ အားကစား တွေနဲ့ ရင်းနှီးခဲ့သလို ရဲသင်တန်းမှာတုန်းကလည်း လေ့ကျင့်ရေးတွေနဲ့ အသားကျခဲ့တယ်။
စစ်သင်တန်းမှာတော့ တခြားရဲဘော်ရဲမေတွေ ကြုံတွေ့ရတဲ့ပင်ပန်းမှုတွေ၊အခက်အခဲတွေကို အနွဲ့လည်းရင် ဆိုင်ခဲ့ရတယ်။
အဲ့ဒီနောက်ရုံးလုပ်ငန်းမှာ တာဝန်ထမ်းဆောင်ဖို့ အကြောင်းဖန်လာတော့လည်း မူလကတည်းက ကျွမ်းကျင်ပြီး သားမို့ ထွေထွေထူးထူးအခက်အခဲမရှိခဲ့ဘူး။ လက်ရှိမှာတော့ ရုံးအဖွဲ့မှာ စာရင်းကိုင်အနေနဲ့တာဝန်ထမ်းဆောင် နေတယ်။
အနွဲ့အနေနဲ့ ငွေစာရင်းနဲ့ပတ်သက်တာတွေ၊ စာရင်းဇယားနဲ့ပတ်သက်တာတွေ၊ လက်နက်အဝင်တွေ၊ ဘယ် တပ်ခွဲကို လက်နက်ဘယ်လောက်ချတယ်ဆိုတဲ့ တပ်ခွဲတွေဆီဖြန့်ဝေရေးစာရင်းတွေ စတာတွေကိုပြုလုပ်ရ တယ် ။
“ ဒီလုပ်ငန်းတွေက တာဝန်ကြီးတာကိုနားလည်တယ်။ ဒီလုပ်ငန်းတွေတိတိကျကျလုပ်နိုင်လေ တပ်ဖွဲ့အတွက် ပြည်သူအတွက် တော်လှန်ရေးအတွက် ဘယ်လောက်အကျိုးရှိတယ်ဆိုတာကို သိတဲ့အတွက် စိတ်ကျေနပ်မှု ရှိတယ်”လို့ အနွဲ့ကပြောပါတယ်။
ကိုယ်တိုင်လည်း ပုံမှန်ရဲဝန်ထမ်းဘဝတုန်းကလုပ်ခဲ့တဲ့ ရုံးလုပ်ငန်းတွေထက် အခုတော်လှန်ရေးကာလမှာ လုပ်ရတဲ့ရုံးလုပ်ငန်းတွကို စိတ်ပိုနှစ်ပြီးလုပ်ဖြစ်တာကြောင့် လုပ်ငန်းပိုင်းဆိုင်ရာပိုမိုကျွမ်းကျင်လာတယ်။
“ ရုံးလုပ်ငန်းလုပ်ရတာစိတ်ပင်ပန်းတယ်။ ဘယ်လောက်ပဲ ရုံးလုပ်ငန်းလုပ်ရတာ စိတ်ပင်ပန်းပါစေ။ စစ်သင်တန်း တက်တုန်းကလောက် မပင်ပန်းဘူးလို့ တွေးမိပါတယ်”လို့ အနွဲ့က သူ့အတွေးကိုဖွင့်ဟပါတယ်။
အကြည်နဲ့အနွဲ့တို့နည်းတူ ရုံးလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေသူကတော့ အသက်၁၈နှစ်အရွယ် သော်သော်ပါ။ သော်သော်ဟာ စစ်အာဏာသိမ်းစဉ်ကတည်းက ဆန္ဒပြပွဲတွေမှာ တက်ကြွစွာပါဝင်ခဲ့တယ်။
ဆန္ဒပြပြည်သူတွေကို အကြောင်းမဲ့ပစ်သတ်တာတွေ တွေ့ခဲ့ရတဲ့အခါခံပြင်းစိတ်ကြောင့် စစ်ကောင်စီကိုမုန်းတီး ရွံရှာပြီး ပြန်လည်ခုခံတိုက်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ကိုဝင်ခဲ့တယ်။
ကျောင်းသူဘဝက အိမ်နဲ့ကျောင်းကလွဲလို့ ဘယ်မှမသွားဖူးတဲ့သော်သော်တစ်ယောက် စစ်သင်တန်းတက်တဲ့ အခါမှာတော့ အခက်အခဲတွေကစောင့်ကြိုနေခဲ့တယ်။
“ ၁၈နှစ်အရွယ် မိန်းကလေးတစ်ယောက်အတွက် လက်မြောက်အရှုံးပေးချင်လောက်အောင် တအားပင်ပန်း ခက်ခဲခဲ့ပါတယ်” လို့သော်သော်က ဖွင့်ဟတယ်။
သင်တန်းတက်ပြီး ရုံးအဖွဲ့ဖွဲ့စည်းမယ်ကြားတော့ ကိုယ်တိုင်ကသင်လွယ်တတ်လွယ်ရှိတယ်ဆိုတဲ့ ယုံကြည်ချက် ကြောင့်ရုံးအဖွဲ့မှာ Volunteer (စေတနာ့ဝန်ထမ်း) အနေနဲ့ပါဝင်ခဲ့တယ်။
“ ရုံးလုပ်ငန်းတွေက ထင်ထားတာထက်ပိုပြီး တာဝန်ကြီးတယ်လို့ခံစားမိတယ်။ မလုပ်ဖူးတာမို့ စိတ်လှုပ်ရှား မိတယ်” လို့ သော်သော်က ရုံးအဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်တုန်းက ခံစားချက်ကိုပြောပါတယ်။
သော်သော်အနေနဲ့ ရုံးအဖွဲ့ထဲဝင်တော့မယ်ဆိုမှ ကွန်ပျူတာကျွမ်းကျင်အောင်လေ့ကျင့်ရတာ၊ တခြားရုံးပိုင်း ဆိုင်ရာ သဘောတရားတွေကိုလေ့လာခဲ့ရတယ်။
လက်ရှိမှာတော့ ရေးထောက်အနေနဲ့ တာဝန်ထမ်းဆောင်နေပြီး တပ်ဖွဲ့ကကြီးကြပ်တဲ့ ကျန်းမာရေး၊ပညာရေး၊ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးစတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေရဲ့ စာရင်းဇယား တွေကို ပြုစုဆောင်ရွက်နေပါတယ်။
အကြည်၊အနွဲ့နဲ့သော်သော်တို့ဟာ တော်လှန်ရေးပြီးတဲ့အခါဖြစ်ချင်တဲ့ ဆန္ဒတွေကို ရင်ဝယ်ပိုက်ထားကြပါတယ်။
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးတစ်ခုကို အောင်မြင်အောင်ဆောင်ရွက်ချင်တာကတော့ အနွဲ့ရဲ့စိတ်ကူးပါပဲ။
သော်သော်ကတော့ အိမ်ပြန်ပြီး မိဘအရိပ်မှာအရင်လိုပြန်နေချင်တယ်လို့ဆိုတယ်။
အကြည်တစ်ယောက်ကတော့ မြန်မာပြည်အနှံ့ကို စိတ်တူကိုယ်တူ သူငယ်ချင်းတွေအတူနဲ့ခရီးထွက်ပြီး လွတ် လပ်မှုရဲ့ အရသာကို အပြည့်အဝခံစားချင်တယ်လို့ဆိုတယ်။
အခက်အခဲမျိုးစုံကြားက ကျရာတာဝန်ကိုထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေဟာတော်လှန်ရေးအမြန်ပြီးဆုံးဖို့ အားလုံးပါဝင်ကြဖို့လည်း အခုလိုတိုက်တွန်းပါတယ်။
“ ပြည်သူတွေအနေနဲ့ တော်လှန်ရေးကာလ ကြာမြင့်လာတဲ့အခါမှာ အားလျော့သွားတာမျိုးမဖြစ်စေဘဲနဲ့ ဆက် လက်ပြီးထောက်ပို့ကြပါ။ ကူညီကြပါ။ ဒီတော်လှန်ရေးက လုံးဝအောင်မြင်မယ့် တော်လှန်ရေးကြီးဖြစ်ပါတယ်။ ပြည်သူတွေထောက်ပို့နိုင်မှသာ အမြန်ဆုံးပြီးမြောက်နိုင်မှာပါ”