Home ဆောင်းပါး တော်လှန်ရေးအသက်ဆက်ဖို့ ထောက်ပံ့ကူညီနေကြသူတွေ

တော်လှန်ရေးအသက်ဆက်ဖို့ ထောက်ပံ့ကူညီနေကြသူတွေ

ဒေဝီ။ ။
လက်ဗလာနဲ့ စခဲ့တဲ့ပြည်သူတို့ရဲ့ နွေဦးတော်လှန်ရေးက တစ်ဖြည်းဖြည်းအားကောင်းလာခဲ့ပြီး နယ်‌မြေဒေသအချို့မှာ တိုက်ပွဲတွေအရှိန်မြင့်လာကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ရဲ့ ခုခံစစ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အကြီး အကျယ် ချိန်းခြောက်နေပါပြီ။

စစ်ကောင်စီကိုတော်လှန်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုးလာသလို လက်နက်နဲ့ ရိက္ခာလိုအပ်ချက်ကလည်း ပိုမိုလိုအပ်လာကြတယ်။

တော်လှန်ရေးအစကာလမှာ ပြည်သူတွေက အင်တိုက်အားတိုက်နဲ့ လိုအပ်တဲ့ငွေကြေးရိက္ခာ ကူညီထောက်ပံ့ခဲ့ကြပေမယ့် တော်လှန်ရေးကာလရှည်ကြာလာတဲ့အခါ စီးပွားရေးအကျပ်အတည်းတွေကြောင့် ပြည်သူတွေမှာ ငွေကြေးကျပ်တည်းလာ ပြီး တော်လှန်ရေးအတွက် ကူညီထောက်ပံ့မှုကလည်း တဖြည်းဖြည်း လျော့နည်းလာပါတယ်။

နေရာဒေသချို့မှာလည်း စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားနေပြီး စစ်ရေး အရှိန်မြင့်လာတဲ့အချိန်မှာ တော်လှန်ရေးရဲဘော်တွေအတွက် အဖက်ဖက်ကလိုအပ်ချက်တွေလည်း မြင့်မားလာပါတယ်။ ဒီလိုအချိန်မှာ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေနေတဲ့ Fundraiserတွေမှာ နည်းလမ်းမျိုးစုံနဲ့ ငွေကြေးရှာဖွေရပြီး တော်လှန်ရေး ခါးမပြတ်စေဖို့ကြိုးပမ်းကြရတယ်။

” တော်လှန်ရေးအစက နိုင်တော့မယ်ဆိုပြီးစိတ်အားတက်ကြွတော့လှူကြတယ်၊ အဖွဲ့တွေကလည်း နည်းသေးတယ်၊ နောက်ပိုင်း တဖြည်းဖြည်းနဲ့ကျတော့ သွေးအေးလာသလို စီးပွားရေးကျပ်တာ၊ ပြီးတော့ တော်လှန်ရေးအဖွဲ့တွေကလည်း များလာတော့ လွယ်လွယ်ကူကူနဲ့ရှာမရတော့ဘူး” လို့ Myanmar Defense Force (MDF) ဘဏ္ဍာရေးတာဝန်ခံ ဒါဒါက ပြောပါတယ်။

Photo: MDF

ဒါဒါက စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ကောင်စီကို အခြားသောကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတော်လှန်နေတဲ့ Myanmar Defense Force (MDF)အတွက် လိုအပ်တဲ့ရန်ပုံငွေကို ရှာဖွေပေးနေသူတစ်ဦးပါ။

ပြီးခဲ့တဲ့နှစ် မိုးတွင်းကာလကတည်းက လွတ်မြောက်နယ်မြေမှာ စစ်ပညာသင်ကြားနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေအတွက် လိုအပ်တဲ့ငွေကြေးတွေကို မြို့ပေါ်မှာ ပျောက်ကြားဆန္ဒပြရင်း ကျန်နေခဲ့တဲ့ ဒါဒါတို့က နီးစပ်ရာဆွေမျိုးအပေါင်းအသင်းတွေ ထံအလှူခံပြီး တောထဲရောက်နေသူတွေကို ကူညီထောက်ပံ့ခဲ့တယ်။

အဲ့ဒီအချိန်တုန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ပိုစ့်တင်တာ မိုင်ဒေးမှာတင်ပြီး ဆွေမျိုးမိတ်ဆွေသူငယ်ချင်းတွေဆီက အလှူခံ ရှာဖွေခဲ့ပါတယ်။ တော်လှန်ရေးအစ ပြည်သူတွေစိတ်အားတက်ကြွနေချိန်ဆိုတော့ လိုအပ်တဲ့ငွေပမာဏတိုင်းရခဲ့ပြီး တောထဲက ရဲဘော်တွေအတွက် လိုအပ်တာတွေထောက်ပံ့နိုင်ခဲ့ပါတယ်။

ကိုယ်တိုင်မြို့ပေါ်ကနေ လွတ်မြောက်နယ်မြေကိုရောက်လာခဲ့ပြီး Myanmar Defense Force အဖွဲ့မှာပါဝင်လို့ စစ်ကောင်စီ ကို တော်လှန်တဲ့အခါ အဖွဲ့အတွက် ရိက္ခာ၊လက်နက်လိုအပ်ချက်တွေရှိလာတာကြောင့် လိုအပ်တဲ့ငွေကြေးကို အလှူခံ ရှာဖွေရတဲ့အခါ အခက်အခဲတွေနဲ့ ကြုံရပါတယ်။

” ရတဲ့ပိုက်ဆံကို ရိက္ခာထဲထည့်ရမလား၊ စားရဖို့လည်းရှိသေးတယ် မကျွေးဘဲလည်းနေလို့မရဘူး၊ တစ်ဖက်မှာလည်း တိုက်ပွဲအတွက် လိုချင်တာ လက်နက်ဆိုတော့ ၊ အဲ့လိုအခြေအနေကျရင်ခက်ခဲတယ်”လို့ ဒါဒါကပြောပါတယ်။

ရိက္ခာဖိုး၊လက်နက်ကျည်ဆံဖိုးအတွက် လိုအပ်တဲ့ရန်ပုံငွေတွေ ကိုအလှူခံရှာဖွေရင်း စစ်ကိုင်းတိုင်းကို အင်တာနက်ဖြတ်တဲ့ အခါ သူတို့အတွက်အလှူငွေရရှိဖို့က ပိုခက်ခဲလာပါတယ်။

လူမှုကွန်ရက်ကနေတစ်ဆင့် ဆက်သွယ်နေကြဖြစ်တော့ အင်တာနက်ပိတ်တဲ့အခါ အလှူရှင်တွေနဲ့ အဆက်အသွယ်ပြတ် တောက်တာတွေကြုံရတယ်။ အလှူရှင်တွေနဲ့အဆက်အသွယ်မပြတ်ဖို့ အင်တာနက်လိုင်းရတဲ့နေရာအထိ သွားရောက်ပြီး အလှူခံတာ၊ ချိတ်ဆက်အကူအညီ တောင်းတာတွေလုပ်ရတယ်လို့ဆိုတယ်။

” Funding ရဖို့အတွက်ကို လိုင်းရတဲ့နေရာတွေသွားရတယ်၊မြို့ပေါ်တွေသွားရတော့ မလုံခြုံတာစလာပြီ၊ safe ဖြစ်အောင် လုပ်ရတယ်၊ ဒါကလည်း ဒုက္ခတစ်ခုပဲ၊သတင်းမပေါက်ကြားဖို့ လုပ်ရတယ်” လို့ ဒါဒါကပြောပါတယ်။

တိုက်ပွဲတွေအရှိန်မြှင့်လာတဲ့အခါ ကျည်ဆံဖိုး လက်နက်ဖိုး၊ရိက္ခာစတဲ့ စရိတ်စကတွေများလာပေမယ့် အလှူခံရရှိတဲ့ရန်ပုံ ငွေက နည်းနည်းလာတော့ ရတဲ့ငွေကြေးကို မျှဝေသုံးစွဲရသလို ချေးငှားပြီးသုံးစွဲရတာလည်း ရှိပါတယ်။ အလှူငွေရရှိမှုနည်း တဲ့ပြင် အကြွေးတင်တာတွေလည်းရှိတော့ တခါတရံ စိတ်ပျက်အားလျော့မိတဲ့ အခိုက်အတန့်တွေလည်းရှိတယ်လို့ ဆက် ပြောပါတယ်။

Photo: ပစ်တိုင်းထောင်-financial support

” အဲ့ဒီအခါကျရင်ရင်းနှီးသူတွေကို ရင်ဖွင့်တယ်၊ အလှူမခံချင်တော့ဘူး၊ လုံးဝလက်လျှော့ချင်စိတ်ဖြစ်တယ်။ ဒီလိုအခြေ အနေကနေ လွတ်မြောက်ချင်တယ်။ ပြန်ချင်တယ်” လို့ ဒါဒါကပြောပါတယ်။

ရတဲ့နည်းလမ်းတွေနဲ့ ခက်ခက်ခဲခဲအလှူခံရချိန်မှာ အလှူငွေလက်ခံတဲ့ ငွေလွှဲအကောင့်ပိတ်ခံရတာတွေလည်း ကြုံရပါသေး တယ်။ ပထမအကြိမ်အပိတ်ခံရတဲ့အချိန်မှာ ငွေသိန်း ၁၀ ဂဏန်းခန့်ပါသွားတဲ့အတွက် စိတ်ညစ်ခဲ့ရတယ်လို့ ဒါဒါကပြောပါ တယ်။

” အကောင့်ပိတ်ခံရတာ သုံးခါတောင်ရှိတယ်၊ စိတ်ချရတဲ့သူတွေကိုပေးတာပဲ ဘာလို့ပိတ်ခံရလဲပေါ့။ ပထမပိတ်ခံရတုန်းက kpay ရော wave တပြိုင်နက်ပိတ်တာပေါ့။ နှမြောတယ် ကိုယ့်ပိုက်ဆံလည်းမဟုတ်တော့ အလှူပိုက်ဆံ ဒီပမာဏရအောင် မနည်း ရှာထားရတာဆိုတော့ ပိုဒေါသထွက်တယ်” လို့ဒါဒါကပြောပါတယ်။

တော်လှန်ရေးအတွက် ထောက်ပံ့မှုနည်းလာတာတွေကြုံရချိန် တော်လှန်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ လက်နက်ခဲယမ်း တွေကလည်း ဈေးနှုန်းမတန်တဆမြင့်တက်လာတာကိုပါ ကြုံနေရတယ်လို့ ဒါဒါကပြောပါတယ်။

ဒီတော့တော်လှန်ရေးအတွက် ရန်ပုံငွေရှာရသူအချို့မှာလည်း သမာရိုးကျနည်းလမ်းနဲ့ အလှူငွေကောက်ခံတာကနေ ကိုယ်ပိုင်ဆိုင်တဲ့ တန်ဖိုးကြီးပစ္စည်းတွေ ၊နေအိမ်ခြံတွေရောင်းချတာ၊ လေလံတင်တာ၊ ကံစမ်းမဲလက်မှတ်ရောင်းချပြီး ငွေကြေး ရှာဖွေတာစတဲ့နည်းလမ်းတွေနဲ့ တော်လှန်ရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေ ရှာရပါတယ်။

ဒါဒါတို့ MDF အဖွဲ့လည်း တိုက်ပွဲအရှိန်မြှင့်လာတာနဲ့အမျှ ငွေကြေးပိုမိုလိုအပ်လာပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အလှူငွေနည်းလာတဲ့အခါ အများပြည်သူတွေစိတ်ဝင်စားမယ့် ပစ္စည်းတွေနဲ့မဲလက်မှတ်ရောင်းချပြီး ရန်ပုံငွေရှာဖို့ လုပ် ဆောင်နေတယ်လို့ဆိုတယ်။

” လက်မှတ်တွေရောင်းဖြစ်တာက funding ရတာနည်းတာကြောင့်လည်းပါတယ်၊ နည်းနည်းချင်းစီ စုတဲ့သဘောပေါ့နော်။ မဲပေါက်ရင်လည်း လှူနိုင်သလောက်လည်း လှူလို့ရတယ်လေ” လို့ ဒါဒါကပြောပါတယ်။

အလှူရှင်တွေကပေးအပ်လှုဒါန်းထားတဲ့ တန်ဖိုးကြီး ပစ္စည်းတွေ အမှတ်တရပစ္စည်းတွေကို ကံစမ်းမဲ လက်မှတ်ရောင်းချတဲ့ အစီအစဉ်တွေကို ပြည်သူတွေကလည်း ပိုစိတ်ဝင်စားကြတဲ့အတွက် လက်ရှိမှာတော့ ရန်ပုံငွေရှာဖွေရေးအတွက် အလုပ်ဖြစ် တဲ့ နည်းလမ်းပဲလို့ဆိုတယ်။

” တော်လှန်ရေးစတုန်းကဆို amount(ပမာဏ) တစ်ခုထားပြီး ထောက်ပို့နိုင်တဲ့အခြေအနေမှာ အခုလိုမျိုးကာလတွေ ရှည် ကြာလာတဲ့အခါ မဲတွေစီစဉ်ပေးတာက ပြည်သူတစ်ဦးချင်းစီတိုင်းအတွက် ရေရှည်ပါဝင်လို့ရတဲ့ တိုက်ပွဲတစ်ခုလို့ မြင်မိ တယ်” လို့ တော်လှန်ရေးအင်အားစုတွေအတွက်စာအုပ်မဲရောင်းချပြီး ရန်ပုံငွေရှာဖွေထောက်ပံ့နေတဲ့ ဘီလီကပြောပါတယ်။

Photo: MDF

ဘီလီတို့က စာအုပ်၊ အနုပညာနဲ့ပတ်သတ်တဲ့အမှတ်တရပစ္စည်းအချို့ကို မဲလက်မှတ်ရောင်းချပြီး ရန်ပုံငွေရှာဖွေ ပေးနေသူ ပါ။ စာအုပ်မဲရောင်းချတဲ့အစီအစဉ်မှာ ကူညီပါဝင်တဲ့သူတွေက စာကြည့်တိုက်လုပ်အားပေးသူတွေ ၊အနုပညာရှင်နဲ့ ရင်းနှီးသူတွေ ဖြစ်တာကြောင့် အဓိကမဲဖောက်တဲ့အခါ စာအုပ်နဲ့ ပန်းချီကားတွေသာ များပါတယ်။

တော်လှန်ရေးအတွက် လိုအပ်တဲ့ငွေကြေးတွေရရှိဖို့ ကိုယ်ပိုင်စာအုပ်တွေကို ရောင်းချတာအပြင် အခြားသူတွေ ပေးအပ် လှူဒါန်းတဲ့ စာအုပ်တွေကို မဲအစီအစဉ်နဲ့ ရန်ပုံငွေရှာဖွေပြီး စစ်ကိုင်း ၊မကွေးတို့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မြို့ပြ စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့အချို့ကိုထောက်ပံ့လျက်ရှိတယ်လို့ဆိုတယ်။

” မဲဖောက်သမျှ ပစ္စည်းတွေကလည်း အလှူရှင်တွေကြောင့်ရတာဖြစ်သလို မဲအစီအစဉ်တွေ ဆက်ရှိနေတယ်ဆိုတာက လည်း မဲပစ္စည်းလှူသူတွေနှင့် မဲဝယ်သူတို့ကြောင့်သာဖြစ်တယ်။” လို့ဘီလီက ပြောပါတယ်။

စာအုပ်မဲရောင်းချတဲ့ အစီအစဉ်ပေါ်မူတည်ပြီး တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့ရတာကြောင့် လိုအပ်လို့အကူညီ တောင်းတဲ့အဖွဲ့တိုင်းကို အပြည့်အဝ မကူညီနိုင်ဘဲအကန့်အသတ်နဲ့သာကူညီနိုင်တယ်လို့ ဘီလီက ပြောပါတယ်။

“ဒါဟာ စိတ်မကောင်းဖြစ်ရပေမယ့် လက်ကို လက်ခံရမယ့်အမှန်တရားပါပဲ။ တစ်မဲ အစီအစဉ်ရတိုင်း တစ်ခါ အဖွဲ့တစ်ခုကို လွှဲတာမျိုးဆိုတော့ ရန်ပုံငွေကိစ္စကတော့ ရှင်းပါတယ်။” လို့ ဘီလီကပြောပါတယ်။

စာအုပ်တွေအမှတ်တရ ပစ္စည်းတွေကို ရောင်းချတဲ့အခါမှာလည်း ပါဝင်ကူညီပေးတဲ့ မဲကူရောင်းပေးတဲ့သူတွေလည်းရှိ တော့ လုံခြုံရေးကိစ္စရပ်တွေကိုလည်း ထည့်သွင်းစဉ်းစားရသေးတယ်လို့ဆိုတယ်။ အလှူရှင်တွေဆီကနေ မဲပစ္စည်းတွေ လက်ခံရာမှာ ကိုယ့်အဖွဲ့တွေရဲ့ လုံခြုံရေးကို သတိပြုရသလို၊မဲပေါက်သူကို ပစ္စည်းပေးပို့ရမှာလည်း လုံခြုံရေးကို ထည့်သွင်း စဉ်းစားရတယ်လို့ပြောပါတယ်။

ဒါ့အပြင် အရေးအကြီးဆုံးက အလှူငွေလက်ခံတဲ့အကောင့်တွေကို ပိတ်ခံရတဲ့ကိစ္စပါ။ တော်လှန်ရေးမှာ ပါဝင်နေတယ်လို့ သံသယရှိတဲ့ ဘဏ်အကောင့်တွေ ငွေလွှဲတဲ့အကောင့်တွေကို ပိတ်တဲ့အတွက်ကြောင့် အလှူခံရာမှာ အသုံးပြုတဲ့ အကောင့် ဘယ်အချိန် အပိတ်ခံရမလဲ၊ဖမ်းဆီးခံရမလဲဆိုတာ တွေးပူနေရတယ်လို့ ဘီလီက ပြောပါတယ်။

” အထူးသဖြင့် ကျွန်မနဲ့ ပုံမှန်မဲရောင်းကြသူတွေက ဒီ fundraising လုပ်နေတဲ့ အရေးကို ဝတ္တရားအနေနဲ့ မဟုတ်ဘဲ နေ့စဉ် တာဝန်တစ်ခုလို လုပ်နေကြတာမျိုး ဖြစ်တဲ့အတွက် တစ်ယောက်ပါသွားရင် နောက်တစ်ယောက်က မဲအစီအစဉ်တွေ ဆက် လုပ်နေမှာ ဖြစ်ပါတယ်”လို့ ဘီလီကပြောပါတယ်။

Photo: Myaung Women Warriors

တခါတရံ စာအုပ်မဲရောင်းရတဲ့အခါ အရေအတွက် နည်းနည်းပဲရောင်းရတဲ့အချိန်မျိုးလည်းရှိပါတယ်။ အဲ့ဒီအခါ မဲကူရောင်း ပေးနိုင်မယ့်သူတွေကို စည်းရုံးလှုံ့ဆော်ရတာ၊ မဲအစီအစဉ်နည်းလမ်းတွေပြောင်းရတာမျိုးတွေ လုပ်ရတယ်လို့ ဆက်ပြော တယ်။

မဲအစီအစဉ်နဲ့ ရန်ပုံငွေရှာဖွေရတဲ့အခါ ကိုယ့်လူမှုကွန်ရက်ထဲက သူငယ်ချင်းမိတ်ဆွေတွေကို အဓိကထားရတာကြောင့် အမြဲတစ်စေ ဒီလူတွေပဲ လှူဒါန်းတာမျိုးဖြစ်လာတဲ့အတွက် ဒီအချက်ကလည်း ရှေရှည်အတွက် စဉ်းစားရမယ့်ကိစ္စတစ်ခုဖြစ် တယ်လို့ ဆိုတယ်။

တော်လှန်ရေးကြာလာတော့ ရန်ပုံငွေရဖို့ နည်းလမ်းအမျိုးမျိုး ရှာဖွေကြံဆရတဲ့အပြင် ၊လုံခြုံရေးပိုအလေးထားရတဲ့ ကိစ္စ ပိုလာပါတယ်။ ပြည်သူတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးခရီးပန်းလာရတာမျိုးရှိတဲ့အတွက် အလှူခံ ရရှိမှုကလည်း နည်းလိုက်များလိုက်နဲ့ ပုံမှန်ကြုံနေရတာလို့ဆိုတယ်။

စစ်ကောင်စီကို တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့တွေများလာပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက် အောက်ခံမဟုတ်တဲ့အဖွဲ့တွေက အလှူငွေရဖို့ပိုရုန်းကန်ရပြီး ရှိတဲ့ပစ္စည်းတွေပေါင်နှံရောင်းချကာ ဖြစ်သလို နေထိုင်စား သောက်လို့ အရေးပါတဲ့ လက်နက်ခဲယမ်းတွေကို ဦးစားပေးဖြည့်တင်းနေရတယ်လို့ ရန်ပုံငွေရှာဖွေပေးသူတွေကဆိုတယ်။

တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ဖို့ ငွေကြေးပုံမှန်အလှူခံတာအပြင် လူအများစိတ်ဝင်စားမယ့် နည်းလမ်းတွေရှာဖွေပြီး ရန်ပုံငွေပိုရရှိအောင်လုပ်နေရတယ်လို့ We Are Rangers Fundraising အဖွဲ့က Jellyက ပြောပါ တယ်။

We Are Rangers အဖွဲ့က ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ရန်ပုံငွေရှာဖွေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက် ပံ့ခဲ့တာပါ။

အစောပိုင်းတုန်းကတော့ မိသားစု၊မိတ်ဆွေသူငယ်ချင်းတွေဆီက အလှူခံပြီး တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့ကို စထောက်ပံ့ခဲ့ရာ ကနေ We Are Rangers ဆိုတဲ့Fundraising ပေချ့်လေးထောင်ပြီး လူမှုကွန်ရက်ကနေ အလှူခံဖြစ်ခဲ့တယ်။

Photo: MDF

ပေချ့်ထောင် အလှူခံပြီး‌နောက် ရန်ပုံငွေပိုရရှိခဲ့ပြီး တော်လှန်ရေးအင်အားစုတွေကို ပိုထောက်ပံ့နိုင်ခဲ့ပါတယ်။ ရန်ပုံငွေ စရှာတဲ့အချိန်က တစ်လကို တစ်သိန်း၊နှစ်သိန်းလောက်ပဲ ထောက်ပံ့ပေးရာကနေ အခုနောက်ပိုင်းမှာတော့ တစ်လကို သိန်းရာဂဏန်းထိ ထောက်ပံ့နိုင်တယ်လို့ဆက်ပြောတယ်။

အဓိကအနေနဲ့ စစ်ကိုင်းတိုင်း PDF တွေကိုအဓိကထောက်ပို့ဖြစ်ခဲ့ပြီး မြို့ပေါ်က မြေအောက်စစ်ဆင်ရေး ဆင်နွှဲနေတဲ့ အဖွဲ့ အချို့ကိုလည်းထောက်ပံ့ခဲ့တယ်လို့ပြောပါတယ်။

We Are Rangers အဖွဲ့လည်း အလှူငွေရရှိမှုလျော့နည်းလာတာရှိတော့ ခင်မင်ရတဲ့သူတွေဆီက အလှူခံတဲ့နည်းအပြင် ကံစမ်းမဲဖောက်တဲ့အစီအစဉ်တွေ ပျော်ရွှင်စရာအစီအစဉ်တွေ၊ Challenge လုပ်တဲ့အစီအစဉ်တွေနဲ့ ရန်ပုံငွေရှာဖွေရတယ် လို့ဆိုတယ်။

” ပြီးခဲ့တဲ့ Valentine နေ့ကဆို ချစ်သူအတွက် ချောကလက်ဖိုးဆိုပြီး နှုတ်ခမ်းနီ (ကျည်ဆံ) ဘယ်နှစ်တောင့်ဖိုးဖြစ်ဖြစ် အလှူခံတဲ့အစီအစဉ်တွေလုပ်တာရှိတယ်။ လှူချင်လာအောင် ပုံစံအမျိုးမျိုးနဲ့တော့ အလှူခံရတာပဲ” လို့ ဆိုတယ်။

လက်ရှိမှာတော့ ရန်ပုံငွေရှာတဲ့ အဖွဲ့တစ်ချို့နဲ့ပူးပေါင်းပြီး လက်ဝတ်ရတနာ ပစ္စည်းတစ်ချို့ကို ကံစမ်းမဲ လက်မှတ်ရောင်း ချပြီး ရန်ပုံငွေရှာတဲ့အစီအစဉ်လုပ်ဆောင်နေတယ်လို့ဆက်ပြောပါတယ်။

တော်လှန်ရေး ရေချိန်မြင့်လာသလို လိုအပ်တဲ့ငွေကြေးတွေကလည်း ပိုလိုအပ်လာတာကြောင့် အဖွဲ့ရန်ပုံငွေအတွက် ဗီဒီယို တွေရိုက်ပြီး အွန်လိုင်းပလက်ဖောင်းကနေဝင်ငွေရှာမယ့် နည်းလမ်းတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဒါဒါက ပြောပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တော်လှန်ရေးအတွက် အသက်အန္တရာယ်မမှုဘဲတိုက်ပွဲဝင်နေသလို တော်လှန်ရေး အောင်ဖို့အတွက် အားကိုးစရာက ပြည်သူတွေပဲရှိတာကြောင့် သွေးမအေးဘဲ ဆက်လက် ကူညီထောက်ပံ့စေချင်တယ် လို့ ဒါဒါက ယခုလို ပြောပါတယ်။

” အားကိုးစရာလူနည်းစုပဲရှိတော့တာ ဒီလူတွေမှ မကူလို့ရှိရင် ဒီထက်ပိုရပ်တည်ဖို့ခက်မယ်ပေါ့။ အဲ့ဒါကြောင့်မလို့ ရှိသမျှ အားလေးတွေစုပြီးအားတင်းထားကြပါလို့ ညီမတို့ဒီဘက်ကနေရဲဘော်တွေက တိုက်ပွဲဝင်ဖို့အသင့်ပါပဲ”

Author:

Related Articles