Home ဆောင်းပါး နွေဦးအတွက်စွန့်တဲ့ဆံကေသာ

နွေဦးအတွက်စွန့်တဲ့ဆံကေသာ

ခင်ဘုန်းမို့။ ။

ခြံဝန်းတစ်ခုရဲ့ အလယ်မှာ ဖျာတစ်ချပ်ခင်းထားပြီး အမျိုးသမီးတစ်ဦးကအသင့်အနေအထားနဲ့ထိုင်နေတယ်။ဘေးမှာလည်း အမျိုးသမီးနှစ်ဦးကသင့်အနေအထားနဲ့ရှိနေခဲ့တယ်။

အဲ့ဒီနောက် အမျိုးသားတစ်ဦးက ထိုင်နေတဲ့အမျိုးသမီးတစ်ဦးရဲ့ ဆံပင်တွေကို သေသေသပ်သပ်ဖြစ်အောင် စည်းပေးနေတာကိုတွေ့ရတယ်။

သူတို့နှစ်ဦးရဲ့ ဘေးပတ်လည်မှာလည်း တခြားအမျိုးသားနဲ့ အမျိုးသမီးတွေက ဝိုင်းထိုင်ပြီးသူတို့ကို အားပေးနေကြပုံပေါ်တယ်။

ဒီအချိန်မှာပဲ “ကမ္ဘာမကြေဘူး….. ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့မော်ကွန်းတေး….” ဆိုတဲ့သီချင်းသံ ထွက်ပေါ်လာတယ်။

သီချင်းသံထွက်ပေါ်လာတာနဲ့တစ်ပြိုင်နက် ထိုင်နေတဲ့အမျိုးသမီးရဲ့ ဆံပင်တွေကို အမျိုးသားက ညှပ်လိုက်ပါတော့တယ်။

သီချင်းသံနဲ့အတူ အမျိုးသမီးရဲ့ ဆံပင်တွေ တဖြည်းဖြည်းလျော့ပါးသွားပြီး နောက်ဆုံးမှာတော့ ဆံပင်အားလုံး မရှိတော့တဲ့အထိ ရောက်သွားပါတော့တယ်။

နောက်ထပ်အမျိုးသမီးနှစ်ဦးကလည်း ဒီနည်းအတိုင်း ခေါင်းတုံးဆက်ရိတ်ကြပါတော့တယ်။

ဒါကတော့ အင်္ဂလန်ရောက် မြန်မာအမျိုးသမီး(၃)ဦးက နွေဦးတော်လှန်ရေးအတွက် အလှူငွေရရှိရေး Challengeခေါ်ကာ ခေါင်းတုံးရိတ်ခဲ့ကြတာပါ။

ဒီChallenge ကရရှိတဲ့ရန်ပုံငွေတွေကို စစ်ကိုင်းတိုင်းက စစ်ဘေးသင့်ပြည်သူတွေကို လှူဒါန်းသွားဖို့ ရည်ရွယ်ထားတာဖြစ်ပြီး Challenge ပြုလုပ်တဲ့နေ့မှာပဲ ဗြိတိသျှသုံးငွေ ပေါင်စတာလင်တစ်သောင်းကျော် ကောက်ခံရရှိခဲ့ပါတယ်။

အမျိုးသမီးတွေဟာ တော်လှန်ရေးအတွက် ကျရာနေရာကပါဝင်ခဲ့ကြတာကို နွေဦးတော်လှန်ရေးအစကတည်းက မြင်တွေ့ခဲ့ကြမှာပါ။

အခုအခါမှာလည်း စစ်ဘေးသင့်ဒေသတွေကို ကူညီလှူဒါန်းဖို့အတွက် ခေါင်းတုံးရိတ်ပြီးရန်ပုံငွေရှာတဲ့ စိန်ခေါ်မှုကို အမျိုးသမီးတွေကစပြီး အကောင်အထည်ဖော်ခဲ့ပြန်ပါပြီ။

မြန်မာပြည်မှာအများစုက သာသနာ့ဘောင်ဝင်တဲ့အခါ၊ ရာသီဥတုပူတဲ့အခါ၊ ရောဂါတမျိုးမျိုးဖြစ်တဲ့အခါ စတာတွေကြောင့် ခေါင်းတုံးရိတ်တဲ့ အလေ့အထရှိကြပါတယ်။ တခြားတိုင်းပြည်တွေမှာတော့ ကင်ဆာဆေးသွင်းတာ၊ တခြားကျန်းမာရေး အခြေအနေတွေကြောင့်သာ ခေါင်းတုံးရိတ်ကြတာပါ။

“သာမာန်အနေနဲ့ ကတုံးတုံးတာမရှိဘူး။ အမတို့က စိန်ခေါ်မှုတစ်ခုအနေနဲ့ မြန်မာပြည်အတွက် တုံးတယ်ဆိုတာမျိုးဖြစ်အောင် တုံးလိုက်တာပါ”လို့ ခေါင်းတုံးရိတ် ရန်ပုံငွေပွဲမှာပါဝင်ခဲ့တဲ့ မလွင်ကရှင်းပြပါတယ်။

မလွင်ဟာ ယူကေမှာနေထိုင်သူတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းကတည်းက နွေဦးတော်လှန်ရေးအတွက် လှုပ်ရှားမှုတွေ၊ ရန်ပုံငွေရှာပွဲတွေတိုင်းမှာ တတ်တတ်ကြွကြွပါဝင်လှုပ်ရှားနေသူတစ်ဦးဖြစ်တယ်။

မလွင်တစ်ယောက် ခေါင်းတုံးရိတ်ဖို့စိတ်ကူးကို အရင်ကတည်းကရှိခဲ့ပေမယ့် အကောင်အထည်မဖော်ဖြစ်သေးဘဲ စိတ်ကူးတူတော်လှန်ရေးညီအမတွေနဲ့ တွေ့တဲ့အခါမှာတော့ လက် တွေ့အကောင်အထည် ဖော်နိုင်ခဲ့တယ်။

မလွင်ဟာ ဆံပင်ကို တန်ဖိုးထားသူတစ်ဦးဖြစ်ပြီး သူ့ဘဝမှာ ဆံပင်ကောက်တာကို တစ်ခါလောက်သာ လုပ်ဖူးခဲ့သူပါ။

ဆံပင်ဆေးဆိုးဖို့ကိုလည်း အကြိမ်ကြိမ် စဉ်းစားဖူးပေမယ့် တစ်ခါမှ အကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး။

အသက်(၁၆)နှစ် မယ်သီလရှင် ဝတ်တုန်းက တစ်ခါကလွဲလို့ ခေါင်းတုံးရိတ်ဖူးတဲ့အချိန်က ရှားပါတယ်။

ဆံပင်ကိုအရမ်းထိန်းသိမ်းပြီး အထူးဂရုစိုက်နေတာမျိုးမဟုတ်ပေမယ့် သူဆံပင်ကိုတော့ မက်မောတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်တော်လှန်ရေးအတွက် ဆံကေသာကို ပေးလိုက်ရတာကိုတော့ နှမြောတွန့်တိုခြင်း မရှိခဲ့ပါဘူး။

တခြားရန်ပုံငွေရှာတဲ့ နည်းလမ်းတွေရှိပေမယ့် ခေါင်းတုံးရိတ်ပြီးရန်ပုံငွေရှာတာက ဆံပင်မရှည်မချင်း၊ ခေါင်းတုံးရိတ်ထားတာကိုမြင်တိုင်း ဘာကြောင့်ခေါင်းတုံးရိတ်တာလဲလို့ လာမေးကြသူတွေကို မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေကို ရှင်းပြဖြေပေးချင်တာကြောင့် ဒီနည်းလမ်းကို မလွင်ရွေးချယ်ခဲ့ပါတယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့ ခေါင်းတုံးတုံးတယ်ဆိုတာ ထူးဆန်းတဲ့လှုပ်ရှားမှုဖြစ်သလို ပြည်တွင်းပြည်ပက နာမည်ကြီးအနုပညာရှင်တွေ၊ ပြည်သူတွေအနေနဲ့လည်း ဒီစိန်ခေါ်မှုမှာပါဝင်လာပြီး ရန်ပုံငွေတွေ အများကြီးရစေချင်တာက မလွင်ရဲ့ဆန္ဒပါ။

Photo credit – Ma Lwin

ခေါင်းတုံးရိတ်နေတဲ့ အချိန်မှာလည်း နာကျည်းဝမ်းနည်းစိတ်နဲ့ ကြည်နူးစိတ်တွေကို တပြိုင်ထဲခံစားခဲ့ရတယ်။

“အညာကမီးလောင်ပြာကျဆုံးရှုံးခဲ့ရတဲ့ ကိုယ့်လူမျိုးတွေ ခံနေရတဲ့အတွက်လည်း ပြောမပြ တတ်အောင် နာကျည်းတယ်။ ဒီလူတွေအတွက်လည်း ခံပြင်းတယ်။ ဒါပေမယ့်ကျွန်မတို့ လုပ်ပေးနိုင်တာကို လုပ်ပေးရတဲ့အတွက် ပြောမပြ တတ်အောင် ကြည်နူးမိပါတယ်”လို့မလွင်ကဖွင့်ဟပါတယ်။

မလွင်နည်းတူ ခေါင်းတုံးရိတ် စိန်ခါ်မှုမှာပါဝင်သူကတော့ မသီရီပါ။မသီရိကလည်း တော်လှန်ရေးလှုပ်ရှားမှုတွေတိုင်းမှာ ပါဝင်နေသူတစ်ဦးဖြစ်တယ်။

မသီရိတို့လို့ ပြည်ပရောက်တက်ကြွလှုပ်ရှားသူတွေဟာ တော်လှန်ရေးအတွက်ရရာ နည်းလမ်းပေါင်းစုံနဲ့ ရန်ပုံငွေရှာဖွေနေကြတယ်။ ပိတ်ရက်တွေမှာ ဟင်းချက်တာ၊ ဈေးရောင်းတာ၊ ဂေါက်ရိုက်တာ၊လမ်းလျှောက်တာ၊ တောင်တက်တာ၊လေထီးခုန်တာ၊ ဘောလုံးကန်တာစတဲ့ နည်းလမ်းမျိုးစုံနဲ့ ရန်ပုံငွေရှာပြီး မြန်မာပြည်အတွက် ထောက်ပံ့နေကြပါတယ်။

သာမာန်ပြည်သူတစ်ဦးအနေနဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေရှာရာမှာ ကျော်ကြားသူတွေလို အလှူငွေအများကြီး ကောက်ခံရရှိနိုင်ဖို့ မလွယ်ကူလှပါဘူး။

ခေါင်းတုံးရိတ်စိန်ခေါ်မှုကတော့ အဆန်းတကျယ်ဖြစ်တဲ့အပြင် လူစိတ်ဝင်စားမှုလည်း ရနိုင်တယ်လို့ မသီရိတွက်ဆမိခဲ့တယ်။

မသီရီအနေနဲ့ လှုပ်ရှားမှုတိုင်းမှာ ပါဝင်နေပေမယ့် ကိုယ်ပိုင်တစ်နိုင်တစ်ပိုင် တခုခုပေးဆပ်ပြီးတော့ လုပ်ပေးချင်တဲ့ စိတ်ကြောင့် ခေါင်းတုံးရိတ် စိန်ခေါ်မှုမှာ ပါဝင်လာပါတော့တယ်။

“ရိတ်နေတဲ့အချိန်မှာ နှလုံးသွင်းမိတာတော့ ငါတို့တိုင်းပြည် ပေါ့နော်။ ပုံရိပ်တွေကတော့ အမြဲတမ်းမြင်နေရတယ်။ ဖေ့ဘုတ်မှာ အမြဲတွေ့နေရတယ်။ စစ်ဘေးရှောင်တွေရဲ့ ပုံရိပ်တွေ အဲ့ဒါတွေကို ရည်ရွယ်ပြီးတော့ ငါတို့တိုင်းပြည် အမြန်ဆုံးအေးချမ်းပါစေ။ အများကြီး မလုပ်ပေးနိုင်ပေမယ့် ဒါလေးက သဲတစ်ပွင့်အနေနဲ့ ဒါလေးက အထောက်အပံ့ဖြစ်ပါစေဆိုတဲ့ စိတ်ကိုနှလုံးသွင်းထားခဲ့တယ်”လို့မသီရိကဖွင့်ဟပါတယ်။

မသီရိတို့ဟာ နာမည်ကျော်ကြားသူတွေ မဟုတ်တဲ့အတွက် အလှူငွေအများကြီးရပါ့မလားဆိုတဲ့ စိုးရိမ်မှုရှိခဲ့ကြပေမယ့် လက်တွေ့မှာတော့ ထင်မထားလောက်အောင် အလှူငွေတွေအများကြီးရခဲ့တယ်။

မူလက ရှစ်လေးလုံးအထိမ်းအမှတ်အနေနဲ့ စတာလင်ပေါင်(၈၈၈၈)ပေါင် ရအောင်ကောက်ခံမယ်လို့ လျာထားပေမယ့် အဲ့ဒီနေ့မှာပဲ တစ်သောင်းကျော်ရခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မှာပဲ မသီရိတို့ကို လာရောက်အားပေးတဲ့ သူငယ်ချင်းတစ်ဦးက စိန်ခေါ်မှုကိုလက်ခံပြီး ခေါင်းတုံးရိတ်သွားခဲ့ပါသေးတယ်။

မသီရိဟာလည်း ကလေးဘဝတုန်းကနဲ့ သီလရှင်ဝတ်တုန်းကလွဲရင် ခေါင်းတုံးရိတ်ဖူးတဲ့အချိန် သိပ်မရှိလှပါဘူး။ ဒါ့အပြင် ကျောလယ်လောက် ဆံပင်အရှည်ကို အမြဲထားသူပါ။

တော်လှန်ရေးအတွက် ဆံကေသာကို ဖြေလျော့ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ နည်းနည်းလေးတောင် မတွေဝေခဲ့ပါဘူး။

“ခေါင်းတုံးကြီးနဲ့တော့ ဘယ်လိုဖြစ်မလဲလို့ ဆံပင်မရှိတော့ရင် ဘယ်လိုဖြစ်မလဲ။ ဘယ်သူများပြောမလဲလို့ ထွေရာလေးပါးတော့ မတွေးမိဘူး။ စိတ်ကငါတခုခုလုပ်လိုက်လို့ အလှူငွေတွေရမယ်။ ဒီအလှူငွေတွေက လိုအပ်တဲ့နေရာကို တန်းရောက်သွားမယ်။ အဲ့ဒါမျိုးဆိုရင် ဘာပဲလုပ်ရလုပ်ရပေါ့။ ကိုယ်လုပ်ပေးချင်တာပေါ့” လို့ မသီရိက သူ့ခံယူချက်ကို ဖွင့်ဟပါတယ်။

မလွင်နဲ့မသီရိတို့နည်းတူ ခေါင်းတုံးရိတ်စိန်ခေါ်မှုမှာ ပါဝင်ခဲ့သူကတော့မသဲပါ။ မသဲကတော့ ဒီခေါင်းတုံးရိတ် စိန်ခေါ်မှုစိတ်ကူးကို စတင်သယ်ဆောင်လာသူလည်းဖြစ်တယ်။

မသဲအနေနဲ့ အလှူငွေအများကြီးရအောင် ဘာနည်းလမ်းအသုံးပြုရင် ကောင်းမလဲစဉ်းစားရင်းနဲ့ ခေါင်းတုံးရိတ်စိန်ခေါ်မှုကို စိတ်ကူးရမိခဲ့တယ်။မသဲဟာလည်း မလွင်နဲ့မသီရိတို့နည်းတူ ငယ်ဘဝနဲ့ သီလရှင်ဝတ်တဲ့အချိန်ကလွဲရင် ခေါင်းတုံးရိတ်ခဲလှပါတယ်။ ကိုယ်တိုင်လည်း ဆံပင်ကိုကောက်လိုက်ဖြောင့်လိုက်၊အတိုညှပ်လိုက် စိတ်ကူးရှိသလို ပြုလုပ်နေသူဖြစ်တယ်။

မသဲအတွက် သူ့ဆံပင်ကတစ်ထောင့်တစ်နေရာကအရေးပါပေမယ့် တော်လှန်ရေးအတွက်အသုံးပြုဖို့ ဆိုလာတဲ့အခါမှာတော့ နှစ်ကြိမ်မစဉ်းစားခဲ့ရဘဲ အလွယ်တကူစွန့်လွှတ်နိုင်ခဲ့ပါတယ်။

ခေါင်းတုံးရိတ်တဲ့အချိန်မှာတော့ ကြည်နူးစိတ်နဲ့ဝမ်းနည်းစိတ်တွေ ခံစားခဲ့ရတယ်လို့ဆိုပါတယ်။

“သူတို့တွေခမျာ အိုးပစ်အိမ်ပစ်နဲ့ အိုးမရှိအိမ်မရှိနဲ့ သူတို့အတွက် ငါလုပ်ပေးနိုင်တယ်ဆိုပြီးတော့ ကြည်နူးတယ်။ ငါ့ဆံပင်ကအချိန်တန်ရင် ပြန်ပေါက်လာမှာ သူတို့တွေပြေးနေရတဲ့သူတွေ သူတို့တွေ ဘယ်လိုနေမလဲဆိုပြီး တွေးမိပြီး စိတ်မကောင်းဖြစ်တယ်”လို့မသဲကဖွင့်ဟပါတယ်။

ခေါင်းတုံးရိတ်တာနဲ့အသားမကျသေးတဲ့ မသဲတစ်ယောက်တော့ “အခုအချိန်အထိရေချိုးခါနီးရင် ယောင်ပြီး ခေါင်းစည်းကြိုးရှာနေတုန်းပဲ” လို့ ရယ်လျက်ဆိုပါတယ်။

ဒီစိန်ခေါ်မှုကနေကောက်ခံတဲ့ အလှူငွေတွေကိုလက်ခံဖို့အတွက်လည်း Donation Linkလေးစီစဉ်ထားပြီး လှူဒါန်းမှုတွေကိုပွင့်လင်းမြင်သာစွာမြင်တွေ့နိုင်မှာဖြစ်တယ်။

လက်ခံရရှိတဲ့ အလှူငွေတွေကိုလည်း အမျိုးသားညီညွှတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတစ်ဆင့် စစ်ကိုင်းတိုင်းကစစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

ပြည်တွင်း၊ပြည်ပကအနုပညာရှင်တွေ၊ပြည်သူတွေ တော်လှန်ရေးမောင်နှမတွေအနေနဲ့ ဒီစိန်ခေါ်မှုမှာပါဝင်ပြီး ဆက်လက်လက်ဆင့်ကမ်းသွားကြဖို့ ခေါင်းတုံးရိတ်စိန်ခေါ်မှုကိုစတင်ခဲ့ကြတဲ့ အမျိုးသမီးတွေကအခုလိုတိုက်တွန်းပါတယ်။

“ကိုယ့်အနီးနားဝန်းကျင်မှာ ငါလုပ်ပြမယ် ငါကိုလှူကြ အဲ့လိုပုံစံချဲလန့်လေးကို သာမာန်ပြည်သူတွေလုပ်လို့ရပါတယ်။ ဆယ်လီမှမဟုတ်ပါဘူး။တော်လှန်ရေးမှာပါဝင်ချင်တဲ့ လှူဒါန်းချင်တဲ့ တော်လှန်ရေးမိတ်ဆွေညီအကိုမောင်နှမအားလုံးကို ဒီချဲလန့်လေးကိုဆက်ပြီးအသက်သွင်းပြီးလုပ်ပေးကြပါလို့ မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါတယ်”လို့ဆိုပါတော့တယ်။

Author:

Related Articles