ရှင်ငြိမ်း။ ။
အာဏာရယူထားတဲ့စစ်တပ်ကတော့ သတင်းသမားတွေကို ဖမ်းဆီးတာမရှိဘူးလို့ သူတို့ရဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောထားပေမယ့် တကယ့်မြေပြင်မှာတော့ အကြမ်းဖက်သတ်ဖြတ်ခံရတဲ့အထိရှိနေတာပါ။
အာဏာသိမ်းပြီးနောက် စစ်တပ်လက်ချက်နဲ့ သတင်းသမား ၃ ဦးဟာ ရက်ရက်စက်စက်သတ်ဖြတ်ခံရပြီး သေဆုံးခဲ့ပါ တယ်။ အာဏာသိမ်းထားတဲ့ ၁၇ လတာမှာ သတင်းသမားစုစုပေါင်း ၁၇၂ ဦးအဖမ်းခံထားရပြီး ဒီထဲမှာအမျိုးသမီးသတင်း သမား ၂၈ ဦး ပါဝင်တယ်လို့ ပြည်တွင်းသတင်း သမားအရေးဆောင်ရွက်နေတဲ့Detained Journalists Informationရဲ့ စာရင်းတွေမှာ ဖော်ပြနေပါတယ်။
သို့ပေမဲ့ ဖမ်းဆီးခံရမယ့်အန္တရာယ်နဲ့ နှိပ်စက်သတ်ဖြတ်ခံရမယ့်အန္တရာယ်မည်သို့ပင် ရှိစေငြားလည်း အမျိုးသားသတင်း ထောက်တွေနဲ့တန်းတူ အမျိုးသမီးသတင်းထောက်တွေဟာ အန္တရာယ်ကြားမှာ သတင်းတွေ ဆက်လုပ်နေကြပါတယ်။
ရဲရင့်တဲ့အမျိုးသမီးသတင်းထောက်တချို့လည်း ဖမ်းဆီးချုပ်နှောင်ခံရပြီး ထောင်ကလွတ်တာနဲ့ သတင်းအလုပ်ကို ပြန်လုပ် နေကြပါတယ်။
အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် သတင်းထောက်အလုပ်ကိုဆက်လုပ်နေတဲ့မနီနီကတော့ “သတင်းထောက်အလုပ်က မဖြစ်မနေလုပ်ရမယ့်အခြေအနေတွေဖြစ်ဖြစ်လာလို့ပါ”လို့ ခပ်ပြတ်ပြတ်ပြောပါတယ်။
မနီနီဟာ ၂၀၁၃ ခုနှစ်လောက်မှာ သတင်းထောက်စလုပ်ခဲ့တာဖြစ်ပြီး သူဟာ အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း တစ်ခုကို ရဲနဲ့ စစ်သားတွေကအကြမ်းဖက်ဖြိုခွင်းနေတဲ့ရုပ်သံရိုက်ကူးတင်ဆက်နေစဉ်မှာ အဖမ်းခံခဲ့ရတာဖြစ်တယ်။
သူဟာ ထောင်ထဲမှာကတည်းက စစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံနေရတဲ့အမျိုးသမီးတွေရဲ့အကြောင်းနဲ့ တခြားသတင်းတွေကိုပါ ရေးသားတင်ပြချင်ခဲ့တယ်လို့ ပြောပါတယ်။
“ကျမလွတ်လာတော့ သတင်းပေးလာသူလည်းရှိတယ်။ သတင်းတောင်းတဲ့သူလည်းရှိတယ်။ သတင်းတွေဆက်လုပ်ဖို့ တွန်းအားပေးတဲ့သူတွေလည်းရှိတော့ ကျမပြန်လုပ်ခဲ့တာ”လို့ မနီနီက ဆိုပါတယ်။
မြန်မာ့အမျိုးသမီးသတင်းသမားများအဖွဲ့(MWJS)ရဲ့စာရင်းတွေအရ ဖမ်းဆီးခံရတဲ့အမျိုးသမီးသတင်းထောက် ၂၃ ဦးရှိပြီး ဒီထဲမှာအများစုစွဲခံရတဲ့ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အပါအဝင် တခြားပုဒ်မတွေနဲ့ အရေးယူခံရတဲ့သတင်းသမား ၁၆ ဦး လည်းပါဝင်တယ်လို့ ဆိုထားပါတယ်။
ပုဒ်မ ၅၀၅-ကနဲ့အတူ စွဲခံထားရတဲ့ပုဒ်မတွေကတော့ မတရားအသင်းဥပဒေ၊ ပုဒ်မ ၁၇ (၁)နဲ့ ပုဒ်မ ၁၈၈၊အကြမ်းဖက်ဥပဒေ ပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆(ဃ)တို့နဲ့လည်း စွဲချက်တင်ခံနေရတာဖြစ်တယ်။
အမျိုးသမီးသတင်းသမားတွေ အခုလိုဖမ်းဆီးခံရတာများလာတယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့အသံကို ထုတ်ဖော်မယ့် အခန်းကဏ္ဍက ပိုပြီးလျော့နည်းသွားနိုင်တယ်လို့ သတင်းလောကမှာ အနှစ် ၂၀ ကျော်လောက်ရပ်တည်ခဲ့တဲ့စာရေးဆရာမ တစ်ဦးက ထောက်ပြပါတယ်။
အာဏာမသိမ်းမီက အမျိုးသမီးသတင်းသမားတွေဟာ အယ်ဒီတာချုပ်လိုစတဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာ တွေမှာရှိခဲ့ပြီး တိမ်မြုပ်ပျောက်ကွယ်နေတဲ့အမျိုးသမီးတွေရဲ့အသံတွေကို အများဆုံးရေးသားထုတ်လုပ်နိုင်ကြသူတွေ ဖြစ် လို့ပါ။
ဒါ့ကြောင့် ဖော်ထုတ်ဖို့လိုအပ်နေတဲ့အမျိုးသမီးတွေရဲ့အသံတွေ ပေါ်ထွက်လာဖို့နဲ့ ကလေးသူငယ်အရေးတွေ ပြည်သူလူထု တွေ သိမြင်ကြားသိလာဖို့အတွက် အမျိုးသမီးသတင်းသမားတွေ များများလိုအပ်တယ်လို့ စာရေးဆရာမက ပြောပါတယ်။
သို့ပေမဲ့ လက်ရှိစစ်အုပ်ချုပ်မှုကာလမှာတော့ သတင်းသမားတွေဟာ သူ့တို့ကိုယ်သူတို့သတင်းသမားမှန်းမသိအောင် သိုသို သိပ်သိပ်နဲ့ နေထိုင် လုပ်ကိုင်ကြရပါတယ်။
အာဏာသိမ်းပြီးစက သတင်းသမားတွေအနေနဲ့ သက်ဆိုင်ရာမီဒီယာတံဆိပ်(ကဒ်)နဲ့ တရားဝင်သတင်းယူခွင့်ရပေမယ့် နောက်ပိုင်းမှာ ကတ်ကိုင်ဆောင်ထားသော်လည်း ဖမ်းဆီးတာတွေရှိလာပါတယ်။ ဖုန်းတို့၊ ကင်မရာတို့ကလည်း စစ်တပ်ရဲ့ ပစ်မှတ်သဖွယ်ဖြစ်လာခဲ့တယ်။
ဒီနောက်မှာတော့ သတင်းသမားတွေဟာ သပိတ်စစ်ကြောင်းတွေမှာ သတင်းယူရင်း ဖမ်းဆီးခံရတာတွေရှိသလို နေအိမ် အထိလာရောက်ရှာဖွေဖမ်းဆီးတာတွေလည်း ရှိလာခဲ့ပါတယ်။
သတင်းထောက် မနီနီဆိုလည်း ဆန္ဒပြသပိတ်တစ်ခုမှာသတင်းယူရင်း ဆိုရှယ်မီဒီယာအပေါ်တက်လာတဲ့ဓါတ်ပုံတွေမှာ သူ့ရဲ့ပုံပါလာတဲ့အတွက် သူ့ရုံးကစီစဉ်ပေးတဲ့လုံခြုံတဲ့နေရာတစ်ခုမှာ ယာယီပုန်းခိုခဲ့ရတယ်။
ပုန်းခိုနေရချိန်မှာ သူ့ကြောင့် ကျန်ခဲ့တဲ့သူ့ရဲ့မိသားစုတွေရဲ့လုံခြုံရေးအတွက် စိုးရိမ်ပူပန်ခဲ့ရသေးတယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးနောက်မှာလည်း သတင်းတစ်ခုရဖို့ အများကြီးစွန့်စားရတယ်လို့ မနီနီက ပြောပါတယ်။
မြေပြင်သတင်းတွေရယူရာမှာ လမ်းခရီးမှာစစ်ဆေးမခံရအောင် သက်ဆိုင်ရာသတင်းအချက်အလက်တွေကို လုံခြုံအောင် သိမ်းဆည်းပြီး သတင်းဌာနကို ချက်ခြင်းပို့နိုင်အောင်သိုသိုသိပ်သိပ်လုပ်ကြရတယ်။
မြေပြင်အန္တရာယ်ရှိလို့ ဖုန်းနဲ့သတင်းလိုက်တော့လည်း ကိုယ်မေးလိုက်တဲ့သူနောက်နေ့မှာ အဖမ်းခံလိုက်ရလို့ လုံခြုံရေးအရ ကိုယ်ပါတိမ်းရှောင်ရတာမျိုး၊ သတင်းရင်းမြစ်က ကြောက်လို့မဖြေရဲတာနဲ့ ဖြေရင်လည်း အမှားပါမှာစိုးတဲ့အတွက် တိကျ တဲ့အဖြေမရတာမျိုးတွေနဲ့လည်း ကြုံနေရပါတယ်လို့ မနီနီက ဆိုပါတယ်။
ဒါ့အပြင် ယခင်ကနယ်မြေခံတက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အခွင့်အရေးလှုပ်ရှားသူတွေရှိတဲ့ အတွက် သတင်းရင်းမြစ်တွေနဲ့ ချိတ်ဆက်တာကအစ ဒေတာအချက်အလက်အဆုံး အလွယ်တကူရနိုင်ပေမယ့် အခုအချိန် မှာတော့ မလွယ်ကူတော့ဘူးလို့ ပြောပါတယ်။
“သူတို့တွေမရှိတော့ သုံးသပ်ချက်တွေ၊ ဒေတာတွေမရတော့ဘူး။ တခါတလေ သတင်းရင်းမြစ်ရဲ့ဖုန်းနံပါတ်ရဖို့ အဆင့်တွေ အများကြီးသွားရတော့ အချိန်ကြာတာပေါ့”လို့ မနီနီက ပြောပါတယ်။
လက်ရှိမှာ မနီနီဟာ မိသားစုကတစ်နေရာ၊ သူကတစ်နေရာ ဘေးလွှတ်ရာပုန်းခိုနေရင်း သတင်းလုပ်ငန်းကို အခက်အခဲ တွေကြားမှာ ဆက်လုပ်နေပါတယ်။
အာဏာသိမ်းပြီးနောက်မှာ တရားဝင်လိုင်စင်ပိတ်သိမ်းခံရတဲ့မီဒီယာက ၉ ခုရှိပါတယ်။ ဒါပေမဲ့ ဖမ်းဆီးမှုနဲ့ ရုံးခန်းတွေမှာ ရှာဖွေတာတွေကြောင့် ပိတ်သိမ်းသွားတဲ့မီဒီယာဌာနပေါင်း ၂၀၀ လောက်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စီးပွားရေးနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ရာနဲ့ချီတဲ့မီဒီယာတိုက်တွေ ထပ်မံပိတ်သိမ်းသွားရပြန်ပါတယ်။
မီဒီယာတိုက်တွေပိတ်သိမ်းသွားတာနဲ့အတူ သတင်းထောက်လေးပုံ သုံးပုံခန့်ဟာလည်း အလုပ်လက်မဲ့တွေဖြစ်သွားခဲ့ရပါ တယ်။ အကြောင်းကတော့ တချို့ကနယ်စပ်ထွက်ပြေးခိုလှုံနေသလို တချို့လည်း သတင်းတိုက်တွေရဲ့စီစဉ်ပေးမှုနဲ့ နယ်စပ်ဒေသတွေမှာ သတင်းတွေဆက်နေကြဆဲဖြစ်တယ်။
တချို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ ကလောင်အစား သေနတ်ပြောင်းကိုင်ရင်း အာဏာရှင်ကို တော်လှန်နေသူတွေလည်း ရှိပါတယ်။ အလုပ်လက်မဲ့ဖြစ်သွားတဲ့သတင်းထောက်တချို့ကတော့ ဝမ်းရေးအတွက် တခြား အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို လုပ်ကိုင်နေကြပါတယ်။
တချို့ကတော့ သတင်းသမားအလုပ်ကိုမစွန့်နိုင်ဘဲ မလုံခြုံမှုတွေ၊ မဖူလုံမှုတွေကြားမှာ သတင်းအလုပ်တွေကို ဆက်လုပ် နေကြပါတယ်။ ဒီထဲမှာသတင်းထောက်လုပ်သက် ၁၀ နှစ်နီးပါးရှိတဲ့အမျိုးသမီးသတင်းထောက် ခေါင်လည်းပါဝင်ပါတယ်။
ခေါင်ဟာ တိမ်မြုပ်ပျောက်ကွယ်နေတဲ့တိုင်းရင်းသားအမျိုးသမီးတွေရဲ့အသံတွေ၊ နစ်နာသူအမျိုးသမီးတွေရဲ့အကြောင်းကို နှစ်ပေါင်းများစွာ တစိုက်မတ်မတ် ထုတ်ဖော်ရေးသားနေတဲ့အမျိုးသမီးသတင်းသမားတစ်ဦးဖြစ်တယ်။
စစ်အာဏာသိမ်းလိုက်ချိန်မှာ ခေါင်က သတင်းတွေလုပ်ရင်း တော်လှန်ရေးပါတပြိုင်ထဲလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
“သတင်းတွေရေးရင်း တော်လှန်ရေးလုပ်လို့ရပေမယ့် တကယ်မှာ ကိုယ့်သတင်းတွေကိုဖော်ပြပေးမယ့်ပလက်ဖောင်းတစ်ခု က လိုသေးတယ်။ နောက်အရင်လိုအချိန်ပြည့်အလုပ်တွေမရှိတော့ဘူး။ အချိန်ပိုင်းလောက်ပဲခန့်ကြတော့တာ”လို့ ခေါင်က ပြောပါတယ်။
ခေါင်အနေနဲ့ အလွတ်တန်းသတင်းထောက်ဝင်လုပ်တဲ့အခါ ဆောင်းပါးတစ်ပုဒ်ကို ငွေကျပ်သုံးသောင်းရရှိပါတယ်။ သို့ပေမဲ့ သတင်းတိုက်တွေက သူ့ဆောင်းပါးတစ်ခုထဲကိုဖော်ပြနေတာမဟုတ်တဲ့အတွက် သတင်းရေးသားတာက မိသားစုစား လောက်အောင် ပုံမှန်ဝင်ငွေမရပါဘူး။
တခါတရံတိုက်ပွဲဆောင်းပါးတွေကို အခက်အခဲကြားကနေရေးသားတင်ပြပေမယ့် လုံခြုံရေးကြောင့်ဆိုပြီး ဒီသတင်းကို မဖော်ပြဘဲ အဖြုတ်ခံရတာလည်းရှိပါတယ်။ ဒီလိုအခြေအနေမှာဆိုရင် သူရဲ့စိုက်ထုတ်မှုငွေကြေး၊ အချိန်တွေဆုံးရှုံးရတဲ့ အခါတွေလည်း ရှိခဲ့ပါတယ်။
သတင်းထောက်အလုပ်နဲ့ ဆက်လုပ်မယ်ဆိုရင် မိသားစုအန္တရာယ်ကျမှာစိုးတာကြောင့် ၁ နှစ်ကျော်အရွယ်သမီးလေးအပါ အဝင် အမေအိုကြီးနဲ့ မသန်စွမ်းအမျိုးသားကိုခေါ်ကာ တောတွင်းတစ်နေရာမှာပုန်းခိုရင်း သတင်းဆက်လုပ်ခဲ့တယ်။
“တောထဲမှာ ကိုယ်ဝန်ဆောင်တွေ၊ အသက်ရွယ်အိုအဘွားကြီးတွေ သူတို့တော်လှန်ရေးကို တတ်နိုင်တဲ့အင်အားနဲ့လုပ်နေ တာ၊ တချို့ဆိုယောကျာၤးကိုထားခဲ့ပြီး တော်လှန်ရေးလုပ်နေသူတွေလည်းရှိတယ်။ ဒါတွေကြောင့်ဆက်ရေးဖြစ်တာ”လို့ ခေါင်က ဆိုပါတယ်။
သူတို့မိသားစုရဲ့ပြောင်းရွှေ့စရိတ်ကတော့ မီဒီယာဖွံ့ဖြိုးရေးအဖွဲ့အစည်းတခုရဲ့အထောက်အပံ့နဲ့ အဆင်ပြေမှုရှိခဲ့ပေမယ့် လက်ရှိစားဝတ်နေရေးအတွက် ခေါင်းခြောက်နေရဆဲဖြစ်တယ်။
ဒါ့အပြင် ခေါင်က“ကျမတို့ကဆိုလာသုံးရတော့ မိုးရွာရင်မီးမရဘူး။ စစ်ကြောင်းထိုးလာရင် အင်တာနက်လိုင်းပြတ်တယ်။ စစ်ကြောင်းဝင်တာနဲ့ လူက တစ်နေရာ၊ ဖုန်းနဲ့ လက်တော့ကတစ်နေရာဖွတ်ထားရတာပေါ့။ဒါတွေက ကျမအတွက်အထူး စိန်ခေါ်ချက်တွေပဲ”လို့ ပြောပါတယ်။
အခုလိုအခက်အခဲတွေ၊ မလုံခြုံတာတွေကို သတင်းသမားတိုင်းလိုလို အတူတူခံစားနေရတယ်ဆိုပေမယ့် စိုးရိမ်မှုနဲ့ လိုအပ် ချက်ကတော့ မတူကြပါ။
ပြည်တွင်းမှာ အခက်အခဲတွေကြား အလုပ်လုပ်နေရတဲ့အမျိုးသမီးသတင်းသမားတွေအတွက်ကတော့ မီး၊ လုံခြုံရေး၊ ငွေ ကြေးနဲ့ ဆက်သွယ်ရေးစရိတ်တွေလိုတယ်လို့ ခေါင်က ပြောပါတယ်။
နယ်စပ်မှာခိုလှုံနေတဲ့အမျိုးသမီးသတင်းသမားတချို့က အလုပ်၊ လစာနဲ့ တခြားအထောက်အပံ့တွေလိုအပ်နေပါတယ်။
ဖမ်းဆီးခံအမျိုးသမီးတွေအနေနဲ့ ကျန်ခဲ့တဲ့သူ့တို့ရဲ့ကလေးအပါအဝင် မိသားစုဝင်တွေရဲ့လုံခြုံရေးအတွက် စိုးရိမ်ရသလို ခင်ပွန်းသည်တွေက တိမ်းရှောင်နေရတဲ့သူဖြစ်နေရင် ဒီဖမ်းဆီးခံရတဲ့အမျိုးသမီးတွေအတွက် ရှေ့နေခေါ်တာကအစ ထောင်ဝင်စာပို့ပေးသူအဆုံး အခက်အခဲတွအများကြီးရှိပြီး အကူအညီတွေလိုအပ်တယ်လို့ သိရပါတယ်။
မီဒီယာဖွံ့ဖြိုးရေးလုပ်နေတဲ့အဖွဲ့အစည်းတချို့က အကူအညီအထောက်အပံ့တွေပေးနေပေမယ့် သတင်းသမားတိုင်းကို လုံလောက်အောင်ထောက်ပံ့မပေးနိုင်တဲ့အတွက် တချို့ခက်ခဲတဲ့သတင်းသမားတွေကိုတော့ သတင်းသမားအချင်းချင်းက ပြန်ကူနေတာဖြစ်တယ်။
ဒီအတွက် စာရေးဆရာမကတော့ ဖမ်းဆီးခံအမျိုးသမီးသတင်းသမားတွေရဲ့အရေးကို နိုင်ငံတကာက အာရုံစိုက်လာအောင် နောက်ဆုံးရအခြေအနေတွေကို ဆက်တိုက်ဆိုသလိုထုတ်ဖော်ရေးသားမှုတွေလုပ်ပေးစေချင်တယ်လို့ အကြံပြုပါတယ်။
မြန်မာ့အမျိုးသမီးသတင်းသမားများအဖွဲ့(MWJS)ကလည်း “ထောင်ထဲကအမျိုးသမီးသတင်းထောက်တွေ ချွင်းချက်မရှိပြန် လွှတ်ပေးပါ”လို့ တောင်းဆိုနေပြီး“စာနယ်ဇင်းအလုပ်သည် ရာဇဝတ်မှုမဟုတ်”ဆိုသလို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အတွက် အလုပ်လုပ်နေတဲ့သူတွေ၊ ထောင်ကျနေတဲ့သူတွေအတွက်တော့ နုတ်ဆိတ်မနေသင့်ဘူးလို့ ထောက်ပြပါတယ်။
သတင်းထောက် မနီနီကတော့“မစွန့်စားနိုင်ရင်တော့ သတင်းရမှာမဟုတ်တော့ ဘယ်လောက်အန္တရာယ်များများ တစ် ကြောင်း၊ နှစ်ကြောင်းလောက်ပဲရရ လုပ်နိုင်သလောက်တော့ သတင်းတွေဆက်လုပ်နေမှာပါ”လို့ ဖွင့်ဟပါတယ်။