နန်းဆိုင်နွမ်။ ။
ရှမ်း-ကယား နှစ်ပြည်နယ် နယ်စပ် ဖယ်ခုံနဲ့မိုးဗြဲအရပ်က ဒေသခံတွေဟာ မိုးဦးကျပြီဆိုတာနဲ့ အလုပ်များကြပါတယ်။ တနှစ်လုံးစာ ဝမ်းစာအတွက် စပါးနဲ့ စီးပွားရေးအတွက် အခြားသီးနှံတွေ စိုက်ကြပျိုးကြရင်းနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေ့ကာလမှာတော့ မိရိုးဖလာ လုပ်ကိုင်စားသောက်နေကြတဲ့ စွန့်ပစ်ပြီးဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ကရင်နီဒေသ ကာကွယ်ရေးတပ်တွေအကြား လနဲ့ချီကြာနေပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် မြစ်ချောင်းအင်းအိုင်တွေနဲ့ တောတောင်တွေကြားက လယ်ယာတွေဟာ မြေလွတ်၊ မြေရိုင်းလို စွန့်ပစ်ခံ ဖြစ်နေရပါတယ်။
စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကာလမှာတော့ ဖယ်ခုံနဲ့မိုးဗြဲအပါအဝင် ရှမ်း-ကယား(ကရင်နီ) နယ်စပ်တလျောက် စစ်ဘေးရှောင် ၇ သောင်းကျော် ထိရှိလာခဲ့ပါတယ်။ အဲ့ဒီစစ်ရှောင် ၈၀ ရာခိုင်နှုန်းဟာ လယ်ယာစိုက်ပျိုးမှုနဲ့ တောင်ယာ စိုက်ပျိုးမှုကို အားကိုးအားထားလုပ်နေကြတဲ့ သူတွေဖြစ်ကြပါတယ်။
“ကျမတို့ရဲ့ လယ်ယာမြေတွေကို ဒီတိုင်းပစ်ထားရတာ တနှစ်ကျော်ရှိပြီ။ ဒီလယ်ကထွက်တဲ့ စပါးတွေနဲ့ ကျမတို့မိသားစု အသက်ရှင်သန်ရတာလေ။ လယ်မလုပ်ရတော့ ကျမတို့ ရှေ့နှစ်အတွက် ငတ်ဘေးကပ်နိုင်တယ်” လို့ မိုးဗြဲမြို့ မှ လယ်စိုက်ပျိုးတဲ့ နန်းဖောင် က ပြောပြလာပါတယ်။
သူမတို့ မိသားစုဟာ လယ် ၁၀ဧကကျော် ပိုင်ဆိုင်ထားတဲ့သူဖြစ်ပြီး လယ်ကထွက်တဲ့ စပါးကိုတော့ မိသားစု စားဝတ်နေရေးဖူလုံဖို့အတွက်နဲ့ ငွေကြေးခက်ခဲတဲ့အချိန် ရောက်ပါက ဆန်ကိုရောင်းချပြီး ဖြေရှင်းကြတဲ့ သူတွေဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး အစောပိုင်းကာလ ၂၀၂၁ခုနစ်အစောပိုင်းမှာတော့ နန်းဖောင်တို့ မိသားစုဟာ လယ်ယာကို ခဏသာ လုပ်ခဲ့ရပါသေးတယ်။
၂၀၂၁ ခုနစ် မေ ၂၃ရက်မှာတော့ အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်တပ်တွေ တပ်စွဲထားတဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်းမှာတော့ မိုးဗြဲမြို့ ဒေသခံတွေက လယ်ယာတွေ စွန့်လွှတ်ပြီး ထွက်ပြေးတိမ်းရှောင်ရတော့တာပါပဲ။
ဒါ့ကြောင့် နန်းဖောင်တို့ဟာ လယ်ယာကို စွန့်လွှတ်လာခဲ့တာ တနှစ်ကျော်ကာလရှိပါပြီ။
“ မနှစ်က စိုက်ပျိုးခဲ့တဲ့ဆန်နဲ့ ဒီနှစ်စားတယ်။ နောက်နှစ်အတွက်တော့ အလှူရှင်တွေမရှိရင် ခက်ခဲမယ်။ ဒီနှစ်တောင် အလှူရှင်က သိပ်မရှိဘူးတော့ဘူးလေ” လို့ နန်းဖောင် က စိတ်ပျက်အားငယ်တဲ့ အသံနဲ့ပြောပါတယ်။
အခုလို မိုးရာသီရောက်တိုင်းမှာတော့ မိုးဗြဲ၊ဖယ်ခုံပြည်သူတွေဟာ မိုးစပါးတွေ၊ ပြောင်းတွေကို စိုက်ပျိုးကြပေမယ့် အခုတော့ တိုက်ပွဲကြောင့် လွှတ်ရာကို ထွက်ပြေးနေရကာ စိုက်ပျိုးရေးအတွက် အာရုံမစိုက်နိုင်တော့ပေ။
“တခါတလေ လယ်တွေယာတွေကြည့်ပြီးတော့ ပြေးစိုက်ချင်တာပေါ့။ အခုတော့ စိုက်ချင်တာတောင်စိုက်လို့မရဘူးလေ။ သွားစိုက်ချိန်ဖို့အတွက်လည်း မိုင်းတွေကလည်း ကြောက်ရတယ်” လို့ သူမ က ဆိုပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြည်သူတွေရဲ့ လယ်ယာတွေထဲမှာ မြေမြုပ်မိုင်းတွေ ထောင်ထားတဲ့အတွက် လယ်ယာအနီးဝန်းကျင် တောင်သူတွေက မကပ်ရဲတဲ့ အဆင့်ပါပဲ လို့ မိုးဗြဲမြို့ စစ်ရှောင်နေရတဲ့ လယ်ယာပိုင်ရှင် ဒေါ်အိန်ဂျယ်လင်း က ပြောပြလာပါတယ်။
“ ကျမတို့ စစ်ရှောင်နေရတယ်လေ။ လယ်တောင် ဒီတိုင်းပစ်ထားရတာ။ လယ်ထဲမှာလည်း မိုင်းတွေထောင်ထားတာရှိတယ်။ ဇွန်လပိုင်းတုန်းက လယ်ထဲမှာ မိုင်းနင်းမိတာ ရှိတယ်။ နောက်…လယ်အနီးမှာလည်း စစ်တပ်က စခန်းချထားတယ် ဘာမြင်မြင် လှမ်းပစ်နေတာ တိရစ္ဆာန်မြင်လည်း လှမ်းပစ်တယ်။ ဘယ်သူမှ အဲ့နားမသွားရဲဘူး” လို့ အသက် ၅၆နှစ် အရွယ်ရှိ ဒေါ်အိန်ဂျယ်လင်းက လက်ရှိအနေအထားကို ပြောပြပါတယ်။
ဒေါ်အိန်ဂျယ်လင်း တို့လယ်ပိုင်ရှင်တွေတောင် လယ်စိုက်မပျိုးနိုင် စားသောက်ဖို့ ခက်ခဲနေတဲ့အချိန်မှာ လယ်ယာကို အားကိုးပြီး နေ့စားလုပ်ကိုင်တဲ့သူတွေ အတွက်ကတော့ စားဝတ်နေရေး ပိုကျပ်တည်းနေကြပါတယ်။
စိုက်ပျိုးရေး ကာလမှာ လယ်ယာပိုင်ရှင်တွေကို အားကိုးပြီး တရက်လျှင် နေ့စားခ ၅၀၀၀ကျပ်ကို မျှော်ကိုးနေတဲ့သူတွေကတော့ လက်ရှိမှာအလှူရှင်တွေရဲ့ ပေးကမ်းမှုကိုသာ အားကိုးနေရပါတယ်။
“ကျမတို့အတွက် ဒီနှစ်က အရင်နှစ်က စိုက်ပျိုးတဲ့ စပါးရှိသေးတော့ ခံသာတယ်။ နေ့စားတွေကတော့ ပိုခက်တာပေါ့။ ဒါပေမဲ့ နောက်နှစ်စပါးလည်း မထွက်တော့ ဘယ်လိုလုပ်ရမှန်းမသိဘူး။ လူတိုင်းက ခက်ခဲချိန်ပဲ။ မိသားစုများရင် ပိုခက်တယ်” လို့ ဒေါ်အိန်ဂျယ်လင်း က စိတ်မကောင်းစွာနဲ့ ပြောပါတယ်။
ဒီလိုကာလမှာ လယ်ယာမလုပ်နိုင်တော့ဘဲ အလှူရှင်တွေရဲ့ လှူဒါန်းမှုကို စောင့်မျှော်နေရမယ်လို့ ဒေါ်အိန်ဂျယ်လင်း တယောက် တခါမျှ မစဥ်းစားဖူးခဲ့ပေ။
“ အရင်ကတော့ ကိုယ့်လယ်ကိုယ်လုပ်ပြီး စားသောက်ခဲ့ လှူဒါန်းခဲ့တာ အခုတော့ သူများပေးမှ စားရတော့မယ့်အဖြစ်တွေပါ” လို့ ဒေါ်အိန်ဂျယ်လင်းက အသံဝဲဝဲနဲ့ ပြောလာပါတယ်။
မိုးရာသီ ကာလရောက်ပါက အရင်နှစ်တွေမှာ ဖယ်ခုံမြို့နယ်ထဲက လယ်ယာမြေတွေဟာ စိမ်းစိုလန်းဆန်း နေတဲ့ကာလ ဖြစ်ပါတယ်။ အခုမှာတော့ မြေလွတ်မြေရိုင်း တောကြီးတခုလိုပါပဲ။
“အရင်ပုံမှန်အချိန်ဆိုရင်တော့ ကျမတို့ ဒီချိန် လယ်ထွန်ကြပြီ။ တချို့ပြောင်းဖူးကြတယ်။ အခုက လယ်သွားဖို့ ကြောက်ရတာ။ စိတ်မပါတာရောပေါ့။ နောက်လယ်ယာစိုက်ပျိုးရေး ပစ္စည်းကစ စစ်တပ်က သိမ်းသွားပြီလေ” လို့ ဖယ်ခုံမြို့နယ် ဆီးမီးလော့ကျေးရွာနေ အသက် ၄၀ကျော်ရှိ အမျိုးသမီးတစ်ဦး က ပြောပါတယ်။
စစ်ကောင်စီဟာ ဖယ်ခုံမြို့နယ် ဆီးမီးလော့ကျေးရွာအတွင်းသို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ မေ၁၆ရက်မှာတော့ ဆောင်နန်းခဲကျေးရွာ ရဲ့ နေအိမ်၅၀ ကျော်ကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီလိုဆိုးရွားမှုတွေကြောင့် ပြည်သူတွေဟာ လယ်ယာထွန်ယက်ဖို့ လုံးဝမဖြစ်နိုင်တော့ဘဲ နောင်နှစ်တွေမှာ ငတ်ပျက်မှုတွေကို စတင်ကြုံလာနိုင်တယ်လို့ ဆီးမီးလော့ကျေးရွာနေ အမျိုးသမီးက ဆိုပါတယ်။
အခုမှာတော့ လယ်ယာတွေမှာ ကျည်ဒဏ်ရာပရပွတွေ မိုင်းဒဏ်တွေကြောင့် ရစရာမရှိအောင် အရိုင်းဆန်နေတဲ့ ပုံစံဖြစ်နေတယ်လို ရှမ်း-ကယား(ကရင်) စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ခွန်မြင့်နိုင် က ပြောပြလာပါတယ်။
“ ကျနော် တို့ရဲ့ မိသားစု ဝမ်းရေးအဆင်ပြေဖို့အတွက် ပေးတဲ့လယ်။ ကလေးတွေကို ပညာတတ်ဖြစ်အောင် လုပ်ပေးတဲ့လယ် အခုတော့ တောရိုင်းတခုလိုပဲ။ ကျည်ဆံတွေ မိုင်းတွေနဲ့ပဲ။ ကျနော်တို့ လယ်လုပ်ဖို့နည်းနည်း လယ်နားတောင်မသွားရဲဘူး” လို့ ခွန်မြင့်နိုင်က စိတ်ပျက်လက်ပျက်သံနဲ့ ပြောပါတယ်။
မိုးဗြဲမြို့အနီးအဝှိက်မှာ စစ်ပဋိပက္ခဟာ တနေ့ထက်တနေ့ ပိုပြီးပြင်းထန်လာပြီး မြို့ပြတိုက်ပွဲတွေဖြစ်ပွားနေတဲ့အခြေအနေ လည်း ရောက်ရှိနေပါတယ်။
“ဒီလို တိုက်ပွဲတွေ ဆက်ပြင်းထန်နေရင် အလှူရှင်တွေ မရောက်လာရင်တော့ နောက်၃လဆိုရင် ဆန်ပြတ်လပ်မှုတွေ စကြုံလာနိုင်တယ်” လို့ မိုးဗြဲစစ်ရှောင် ကူညီသူ ခွန်မြင့်နိုင်က လက်ရှိအခြေအနေကို ပြောပြလာပါတယ်။
လယ်ယာတွေထဲမှာ မိုင်းတွေရှိနေတဲ့အတွက် တိုက်ပွဲပြီးရင်တောင် လယ်ယာကို ပြန်လုပ်နိုင်မှာ မဟုတ်သေးကြောင်း၊ ဒါပေမဲ့ လက်ရှိထိတော့ လယ်ယာတွေမှာ မိုင်းဧရိယာ ဘယ်လောက်ထိ ရှိတယ်ဆိုတာကိုတော့ သုတေသန မပြုလုပ်ရသေးကြာင်း ခွန်မြင့်နိုင်က ဖြည့်စွတ်ပြောပါတယ်။
“တချို့ မြေတွေက မိုင်းဧရိယာဖြစ်သွားတယ်။ စိုက်ပျိုးမရဘူး။ မိုင်းတွေ ရှိတယ်။ မိုင်းဧရိယာက ဘယ်လောက်ဆိုတာ သုတေသနမလုပ်ထားဘူး။ ဒါပေမယ့် အဲ့နေရာတွေက တိုက်ပွဲဖြစ်တဲ့နေရာတွေဖြစ်နေတယ်။ တကယ်လို့ တော်လှန်ရေး ပြီးရင်တောင် မိုင်းပြဿနာကတော်တော်ကြီးမားတယ် စိုက်ပျိုးဖို့ခက်နေအုံးမှာပါ” လို့ သူက ဆိုပါတယ်။
ရေရှည်မှာတော့ တောင်သူလယ်သမားတွေရဲ့ မိသားစုတွေ ကလေးငယ်တွေ ပိုကျပ်တည်းလာမှာဖြစ်ပြီး၊ စားနပ်ရိက္ခာပြတ်လပ်ခဲ့ပါက ကိုယ်ဝန်ဆောင်တွေ ကလေးငယ်တွေအတွက် အဟာရ ပြတ်လပ်မှုတွေကြုံလာနိုင်ကြောင်း စစ်ရှောင်တွေကို စောင့်ကြည့် ကူညီနေတဲ့ မူအဲမလီ က ပြောဆိုလိုက်ပါတယ်။
“ တောင်သူလယ်သမားတွေမှာလည်း မိသားစု ကလေးတွေ အမျိုးသမီးတွေရှိတော့ တော်တော်ခက်တယ်သူတို့အနာဂတ်က ပိုဆိုးမယ်။ စားနပ်ရိက္ခာပြတ်လပ်မှုက ပိုဆိုးလာရင်တော့ ကိုယ်ဝန်ဆောင်တွေ ကလေးငယ်တွေအတွက် ပိုခက်မယ်။ အရမ်းကိုခက်အုံးမယ်။ အဟာရ မျှတဖို့ စားဖို့က မဖြစ်နိုင်ဘူး” လို့ မူအဲမလီ ကဆိုပြန်ပါတယ်။
စစ်အာဏာရှင် မဖြုတ်မချင်း ပြည်တွင်းစစ်မီးတွေ ဆက်ရှိနေမှာဖြစ်ပြီး စစ်ရှောင်တွေဘဝ ထောက်ပံ့မှုတွေ အားနည်းသွားမယ်ဆိုရင်တော့ ရေရှည်မှာ မတွေးဝံ့စရာတွေဖြစ်လာနိုင်ကြောင်းကိုလည်း စစ်ရှောင်ကူညီတဲ့ ခွန်မြင့်နိုင် က ထောက်ပြပြောဆိုလိုက်ပါတယ်။
“ အခုက စားဖို့တောထဲလည်းရှာမရ၊ လယ်လည်းမလုပ်ရ စစ်ပွဲကလည်း အချိန်မရွေးဖြစ်နိုင်တော့ နိုင်ငံတကာထောက်ပံ့မှု များများရဖို့လိုတယ်။ ပြည်တွင်းထောက်ပံ့မှု လိုအပ်တယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။
အာဏာရှင်ကို အမြစ်ဖြုတ်ဖို့အတွက် ရင်းနှီးမှုကတော့ရှိရမှာဖြစ်ပြီး၊ မိုးဗြဲဒေသခံတစ်ဦးအနေနဲ့ လယ်ယာ ၁၀ဧကကို ရင်းရတာ မခက်ခဲသလို တခြားတော်လှန်ရေး လူငယ်တွေထပ်စာရင် ထိုရင်းနှီးမှုဟာ နည်းပါးနေသေးကြောင်းလည်း နန်းဖောင်းက ပြောလိုက်ပါတယ်။
အခု စစ်ရှောင်မှာတော့ အလှူရှင်တွေက အရင်လိုမဟုတ်တော့ဘူး။ အလှူရှင်တွေ အရင်လို မလာတော့ဘူး။ စားဖို့က အရင် နှစ်တွေက စိုက်ပျိုးထားတဲ့ဆန်၊ နောက် ရှာဖွေ စုဆောင်းထားတဲ့ ပိုက်ဆံတွေနဲ့ နေနေရတယ်။
“ တခုခုလိုချင်ရင်တော့ ရင်းရမှာပေါ့လေ ကိုယ်တွေပဲဖြစ်တာမှ မဟုတ်တာ ၊ တတိုင်းပြည်လုံးဖြစ်တာဆိုတော့ ကျမတို့လည်း ရင်းရမှာပဲ။ ရင်းနှီးမှုကတော့ စျေးကြီးတာပေါ့လေ” လို့ နန်းဖောင်းတယောက် ပြတ်သားစွာ ပြောပါတယ်။