ထိုင်းအလံနဲ့ ရေလှိုင်းစီးခြင်း
Annissa Flynn (အနစ်ဆာ ဖလင်း) ဟာ ထိုင်း-ဩစတြေးလျ လူမျိုး ရေလှိုင်းစီးသူတစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲရဲ့ ငွေတံဆိပ်ဆုရှင်အဖြစ်နဲ့ သူမကို သိကြပါတယ်။
Covid-19 ကပ်ရောဂါမတိုင်မီကလည်း Anni (အန်နီ) ဟာ ကမ္ဘာ့အဆင့် World Flow-boarding Championships ပြိုင်ပွဲသုံးခုမှာ ဆုတံဆိပ်တွေကို ဆွတ်ခူးခဲ့ပြီး ၂၀၂၀ ခုနှစ် ထိုင်းရေလှိုင်းစီးချန်ပီယံပြိုင်ပွဲ (Thai Surf Championships) မှာ ထိပ်ဆုံးနေရာက ရပ်တည်ခဲ့ပါသေးတယ်။
နောက်ထပ် အရေးကြီးတဲ့ အကြောင်းအရာတစ်ခုကတော့ အန်နီဟာ ယခုနှစ် အင်ဒိုနီးရှားမှာပြုလုပ်မယ့် WSL Asian Qualifying Series ကိုလည်း ထိုင်းနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်တာကနေ ထိုင်းနိုင်ငံအနေနဲ့လည်း ရေလှိုင်းစီးဖို့အတွက် နေရာကောင်းတစ်ခု ဖြစ်တယ်ဆိုတာကို ကမ္ဘာကိုပြောပြဖို့ အခွင့်အလမ်းကို ရရှိလိုက်တာပါပဲ။
ဒါတင်မကပါဘူး။ ထိုင်းရေလှိုင်းစီးသမားပေါင်းများစွာကလည်း သူ့လို ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ အလားအလာတွေ ရှိနေတယ် ဆိုတာကိုပါ ထုတ်ဖော်ပြောပြခွင့် ရနိုင်ဦးမှာပါ။
“ ပထမဆုံးအနေနဲ့ ပြောရရင်တော့ ဒါက တကယ့်ကို ဂုဏ်ယူစရာပဲ။ ဘာလို့လဲဆိုတော့ ကျွန်မက ရေလှိုင်းစီး တာကို ဒီ ဖူးခက်မှာပဲ စခဲ့တာလေ။ ပြီးတော့ ကမ္ဘာ့အဆင့်အနေအထားမှာ ကျွန်မက ကိုယ့်နိုင်ငံကို ကိုယ်စားပြုရမှာဆိုတော့ စိတ်လှုပ်ရှားတာပေါ့။ “
ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် သူမကို လေ့ကျင့်ပေးခဲ့တဲ့ နည်းပြရှိရာကို ပြန်လည်သွားရောက်ခဲ့ပြီး ပြိုင်ပွဲအတွက် ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာအရ အဆင်သင့်ဖြစ်အောင် လေ့ကျင့်နေခဲ့ပါတယ်။
“ကျွန်မက gym မှာ လေ့ကျင့်တယ်၊ နည်းစနစ်တွေ မှန်ကန်လာအောင် နေ့တိုင်း ရေလှိုင်းစီးပြီး လေ့ကျင့်နေတာပေါ့။ ခုလက်ရှိမှာတော့ ကျွန်မကိုယ် ကျွန်မ တိုးတက်လာအောင် လုပ်နေရင်း ထပ်ခါတလဲလဲ လုပ်ရတဲ့အရာတွေလည်းအများကြီးရှိပါတယ်“လို့ ဆိုပါတယ်။
စိတ်လှုပ်ရှားစရာ လှိုင်းတွေပေါ်က ဘဝ
ဩစတြေးလျနိုင်ငံမှာ မွေးဖွားခဲ့ပြီး ဖူးခက်လို ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ကြားတဲ့ အပန်းဖြေကျွန်းမှာ ကြီးပြင်းလာရတဲ့ အန်နီဟာ အသက် (၈) နှစ် အရွယ်မှာတည်းက ရေလှိုင်းစီးတာကို စတင်ခဲ့ပါတယ်။
အားကစားလုပ်ရတာကို အမြဲတမ်းစိတ်ဝင်စားမိတဲ့အပေါ် သူမရဲ့ အဖေကို ကျေးဇူးတင်မိတယ်လို့ အန်နီကဆိုပါတယ်။
တကယ်တော့ သူမဟာ ရေလှိုင်းစီးအားကစားနည်းကို မထိတွေ့ခဲ့ခင်က wakeboarding နဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။
“ရေလှိုင်းစီးဘုတ်ပြားတစ်ခုကို စတွေ့ပြီး ပထမဆုံးလှိုင်းကို စီးလိုက်မိတာနဲ့ တစ်ခါတည်း ငြိသွားတော့တာပဲ” လို့ သူမက ပြောပါတယ်။
အန်နီဟာ သူငယ်ချင်းတွေနဲ့ ရေလှိုင်းစီးပြိုင်ရတာကို နှစ်သက်လာတာနဲ့အမျှ ရေလှိုင်းစီးတာကလည်း အလုပ်အကိုင်တစ်ခုအနေနဲ့ ရပ်တည်နိုင်တယ်ဆိုတာကို နားလည်သဘောပေါက်လာတဲ့နောက်တော့ သူမ အကြိုက်ဆုံး အားကစားနည်းကနေ စိတ်ပါဝင်စားမှုအဖြစ် ကြီးထွားလာခဲ့ပါတယ်။
“ဖူးခက်မှာနေတာဆိုတော့ ကျွန်မက အမြဲတမ်း ကမ်းခြေမှာချည်းပဲ” လို့ ပြောပါတယ်။
“အဲဒီတုန်းက ပြိုင်ပွဲတွေလုပ်ကြတယ်လေ။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်း သုံးယောက်က… လာ သွားမယ်၊ လုပ်ရအောင်၊ ပြိုင်ကြည့်ရအောင်ဆိုပြီး ဖြစ်သွားတာ။ ကျွန်မက အဲဒါကို ကြိုက်ကိုကြိုက်တာ။ ပြီးတော့ အဲဒါကို ဖြစ်အောင်ကိုလုပ်မယ်ဆိုတဲ့စိတ်ဆန္ဒ ပြင်းပြမှုက ကလေးဘ၀တည်းက ရှိခဲ့တာ”လို့ ဆက်ပြောပါသေးတယ်။
လူအတော်များများအတွက်တော့ ရေလှိုင်းစီးတယ်ဆိုတာ ဝါသနာတစ်ခုသက်သက်ပဲ ဆိုပေမဲ့ အန်နီ့အတွက်တော့ မဟုတ်ခဲ့ပါဘူး။
အပျော်တမ်းအပန်းဖြေရေလှိုင်းစီးရတာနဲ့ ယှဉ်ရင် အပြိုင်အဆိုင် ရေလှိုင်းစီးရတာက သူမအတွက်တော့ စိတ်ကို ပိုပြီးတက်ကြွစေပါတယ်၊။
“ဝါသနာတစ်ခုအနေနဲ့ကတော့ ကိုယ်လိုချင်တဲ့နေရာတစ်ခုရအောင် သွားလို့ရတာပေါ့။ ဒါပေမဲ့ ပြိုင်ရတာ ကတော့ တကယ့်ကို ပိုကောင်းတာလို့ ခံစားရတယ်။ အဲဒီတော့ တခြားရေလှိုင်းစီးတဲ့လူတွေကိုလည်း တောက်လျှောက်ကြည့်နေဖြစ်ပြီး ကိုယ့်ရဲ့နည်းလမ်းတွေကို ဘယ်လိုပြောင်းနိုင်တယ် ဒါမှမဟုတ် ပိုကောင်းအောင်လုပ်နိုင်တယ်ဆိုတာလည်း သိရတာပေါ့။ ယှဉ်ပြိုင်တယ်ဆိုတာက အဆုံးမရှိတဲ့ လှေကားကို တက်နေရသလိုပဲ”လို့ သူမက ရှင်းပြပါတယ်။
အာရုံကို စုစည်းနိုင်ခြင်း
ရေလှိုင်းစီးခြင်းကို ယောက်ျားတွေလွှမ်းမိုးထားတဲ့ အားကစားနည်းလို့လည်း ထင်မြင်ယူဆနိုင်ပါတယ်။
သို့ပေမဲ့လည်း လှိုင်းတစ်လုံးကိုအမိအရ ဖမ်းနိုင်ဖို့အတွက်သာ အာရုံစိုက်ထားတဲ့အခါ ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသားရေလှိုင်းစီးသူတွေနဲ့ ပတ်သက်လို့ အန်နီရဲ့စိတ်ကို စိုးရွံ့မှုတွေ မဖြစ်ပေါ်စေပါဘူး။
ထိုင်းနိုင်ငံပြင်ပမှာ ယှဉ်ပြိုင်ရတာမျိုးဆိုရင်တော့ ယောက်ျားသားတွေနဲ့ တန်းတူယှဉ်ပြိုင်ရတဲ့အခါမှာ တခါတလေ စိုးရွံ့တယ်လို့ သူမက ဝန်ခံပါတယ်။
“ဒါပေမဲ့ သိတဲ့အတိုင်းပဲလေ… အဲ့ဒီစိတ်ဝင်လာရင်တော့ ဘယ်လိုလုပ်ပြီး လှိုင်းလုံးတွေကို အမိဖမ်းနိုင်တော့မှာလဲ” လို့ အန်နီက ဆိုပါတယ်။
“တကယ်လို့ ရှင်က ကမ်းခြေမှာရောက်နေတယ်၊ လှိုင်းစီးရမယ်ဆိုပါတော့။ ရေထဲမှာ မိနစ် ၃၀ လောက် ထိုင်ပြီးသွားရင် ပြိုင်ပွဲဝင်တွေကို အကဲခတ်လေ့လာမယ်၊ ပြီးရင်သွားတော့ပဲ။ အိုကေ။ ငါ လှိုင်းတစ်လုံးကို မိအောင်ဖမ်းရမယ်ပေါ့” လို့ ပြောပြပါတယ်။
ဒီအားကစားနည်းမှာ စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း အရင်တုန်းက အမျိုးသမီးရေလှိုင်းစီးသမား (၅) ဦးလောက်ပဲ မြင်တွေ့ခဲ့ရတဲ့ ထိုင်းနိုင်ငံမှာ အမျိုးသမီးရေလှိုင်းသမားအရေအတွက်တွေ သိသိသာသာ တိုးလာတဲ့အပေါ် အန်နီကတော့ ဂုဏ်ယူပြီး စိတ်လှုပ်ရှားနေပါတယ်။
“အမျိုးသမီး ရေလှိုင်းစီးအားကစားမှာ မြန်မြန်ဆန်ဆန်တိုးပွားလာနေတာကို တွေ့ခဲ့ပြီးပြီ” လို့ သူမက ပြောပါတယ်။
“အခုဆို မျက်နှာသစ်ပွဲတွေ အများကြီးတွေ့ရလို့ အရမ်းသဘောကျတယ်။ သူတို့တွေက ပြိုင်ပွဲတွေဝင်နေတယ်၊ လှော်ခတ်နေကြတယ်၊ သူတို့ရဲ့ဘ၀တွေကို ကိုယ်တိုင်ဖန်တီးနေကြတယ်။ အဲဒါကိုတော့ ကျွန်မက သဘောကျတယ်လေ”လို့ သူက ဖွင့်ဟပြန်ပါတယ်။
WSL Asian Qualifying Series အပြီးမှာ အန်နီဟာ နောက်ထပ်ပါဝင်ယှဉ်ပြိုင်စရာ ရေလှိုင်းစီးပြိုင်ပွဲကို ရှာဖွေသွားမယ်လို့ သူမရဲ့ အနာဂတ်ရည်မှန်းချက်နဲ့ ပတ်သက်လို့ ပြောပါတယ်။
တကယ်လို့ ဘာပြိုင်ပွဲမှမရှိဘူးဆိုရင် အန်နီက မတူညီတဲ့နေရာဒေသတွေကို ခရီးသွားပြီး သူမရဲ့ ရေလှိုင်းစီးကျွမ်းကျင်မှုတိုးတက်လာအောင် လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။
“ဒီ ဖူးခက်မှာရှိတဲ့ ရေလှိုင်းတွေကျတော့ ၆ လ ရှိတယ်၊ ၆ လ မရှိဘူး။ အဲ့ဒီတော့ လှိုင်းမရှိတဲ့ရာသီမှာ လှိုင်းစီးလို့ရတဲ့ တစ်နေရာလောက်တော့ ရှာချင်တယ်။ အနီးဆုံးနဲ့ အကောင်းဆုံးလှိုင်းတွေရှိတာကတော့ ဘာလီဖြစ်မှာပေါ့။ အဲ့ဒီမှာ လေ့ကျင့်ဖို့၊ နည်းပြတစ်ယောက်လောက်ရှာဖို့၊ ဗီဒီယိုရိုက်ဖို့၊ အဲဒါမျိုးတွေလုပ်ဖို့ ခရီးတစ်ခုလောက်တော့ စီစဉ်ဖြစ်လောက်မယ်။”
ထိုင်း-ဩစတြေးလျနွယ်ဖွား ရေလှိုင်းစီးသူလေးဟာ သူမရဲ့ ပန်းတိုင်တွေအပေါ် အာရုံစိုက်ထားနိုင်သလိုပဲ အတွင်းစိတ်ကို ကိုယ်တိုင်မောင်းနှင်ပြီး ရှေ့ဆက်နေသူ ဖြစ်နေပြန်ပါတယ်။
တချိန်တည်းမှာပဲ သူမရဲ့ အပေါင်းအပါရေလှိုင်းစီးသမားတွေနဲ့ စံပြပုဂ္ဂိုလ်တွေကလည်း သူမကို ပိုပြီးထူးချွန်လာဖို့အတွက် စိတ်ခွန်အားရစေပါတယ်။
“ကျွန်မ ပြိုင်ပွဲဝင်ဖို့သွားတဲ့အခါ အိမ်မှာရှိသလိုရော မရှိသလိုပါ တပြိုင်တည်းခံစားရတယ်” လို့ ဆိုပါတယ်။
“ဒီခံစားချက်က နည်းနည်းတော့ ထူးဆန်းတယ်။ ဒါပေမဲ့ တကယ်ကောင်းတဲ့ ရေလှိုင်းစီးသူတွေကိုတော့ အမြဲတမ်းတွေ့ရတယ်လေ။ ကျွန်မရဲ့ စံပြပုဂ္ဂိုလ်ကို အဲဒီက ရေထဲမှာ တွေ့ရပြီဆိုရင် သူတို့ လှိုင်းကို ဘယ်လိုဖမ်းလဲဆိုတာ တွေ့မြင်နိုင်တယ်၊ သူတို့တွေဘယ်လိုလှည့်ကွေ့အောင် လုပ်သလဲဆိုတာလည်း တွေ့ရတယ်။ အဲ့တာက ကျွန်မကိုရှေ့ဆက်ဖို့နဲ့ ပိုပြီးကောင်းလာစေဖို့ စိတ်ခွန်အားပဲ” လို့ သူက ဆိုပြန်ပါရော။
ကိုယ်လုပ်ချင်တဲ့အရာ ဘာမဆို ဖြစ်အောင်လုပ်နိုင်တယ်
လွန်ခဲ့တဲ့ ၁၆ နှစ်အတွင်းမှာ အန်နီဟာ ရေလှိုင်းစီးပြိုင်ပွဲဝင်ဖို့အတွက်ကို ရည်မှန်းထားခဲ့တာပါ။ ဒါပေမဲ့ သူမအနေနဲ့ အခု တကယ်လုပ်ချင်နေတာကတော့ ထိုင်းနိုင်ငံသား အမျိုးသမီးရေလှိုင်းစီးသူတွေအတွက် နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ဖို့ လမ်းဖောက်ပေးချင်နေတာပါပဲ။
အရေးကြီးဆုံးအရာအနေနဲ့ကတော့ သူမရဲ့ ဖြတ်သန်းမှုခရီးစဉ်ဟာ နောက်ထပ် လူငယ်အမျိုးသမီးတွေကို သူမလိုမျိုး ထပ်တူလုပ်နိုင်ဖို့အတွက် စိတ်ခွန်အားပေးနိုင်ဖို့ မျှော်လင့်ထားတာပါပဲ။
“ခုလက်ရှိချိန်ထိ WSL ကို သွားပြိုင်နေတဲ့ ထိုင်းလူမျိုး အမျိုးသမီးရေလှိုင်းစီးသူက မရှိဘူး။ ကျွန်မက အဲ့ဒီအတွက် ပထမဆုံး လမ်းဖောက်ပေးတဲ့သူဖြစ်နေတယ်။ အဲ့တာကြောင့် ကျွန်မအခုလုပ်နေတဲ့အရာကို ဆက်ပြီးလုပ်ချင်တယ်။ ပြီးတော့ တချို့မိန်းကလေးတွေကိုလည်း ဒီအတိုင်း ဖြစ်လာဖို့ စိတ်ခွန်အားရစေမယ်လို့လည်း မျှော်လင့်တယ်”လို့ သူက ပြောပြပါတယ်။
ရေလှိုင်းစီးခြင်းကို လေ့လာလိုက်စားချင်တဲ့ ဒါမှမဟုတ် အမျိုးသားတွေလွှမ်းမိုးထားတဲ့အားကစားပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသမီးငယ်လေးတွေကို ဘာပြောချင်သလဲလို့ မေးတဲ့အခါ သူမရဲ့ အမြင့်မားဆုံးအကြံပေးချက်ကတော့ “လုပ်သာလုပ်လိုက်” ဆိုတာပါပဲ။
ဒါနဲ့ ပတ်သက်လို့ သူ့ရဲ့ ရှင်းပြချက်က
“အမှန်တိုင်းပြောရရင် အဲဒါက စိုးရွံ့မှုကိုတော့ ခံစားရစေနိုင်တာပဲ။ ဒါပေမဲ့ ကိုယ်လုပ်ချင်တာ တစ်ခုခုရှိနေပြီဆိုရင် လုပ်ကိုလုပ်နိုင်တယ်ဆိုတာ ပြောချင်တယ်။ ကိုယ့်စိတ်ကို ထည့်လိုက် ပြီးရင် ကိုယ်လုပ်ချင်တာဘာမဆို ဖြစ်အောင်လုပ်နိုင်တယ်”
(Nad Bunnag ရေးသားပြီး Thai PBS World တွင်ဖော်ပြခဲ့သည့် An exciting life on the waves for a Thai-Australian surfer ကို ပြန်လည် ဘာသာပြန်ဆိုသည်)