ခင်ဘုန်းမို့။ ။
ရွာတစ်ရွာရဲ့အရိပ်ရ အပင်ကြီးတစ်ပင်အောက်မှာ အမျိုးသမီးငယ်တွေတစ်ဦးနဲ့တစ်ဦး စကားလှမ်းပြောလိုက် လက်ထဲက လုပ်လက်စအလုပ်တွေကို လုပ်လိုက်နဲ့ စုစုရုန်းရုန်းရှိနေကြတယ်။
အမျိုးသမီးငယ်တစ်ဦးက မီးမွှေးထားတဲ့ မီးဖိုပေါ်ကို ဒယ်အိုးအပြားလေးတင်ကာ ဒယ်အိုးပူတာလာကိုစောင့်ရင်း မီးကိုငုံ့ ကြည့်လိုက် ဘေးကအဖော်တွေကိုလှမ်းစကားပြောလိုက်နဲ့နေတယ်။
ဒယ်အိုးပူလာတော့ အိုးကိုဆီလေးသုတ်ကာဘေးမှာချထားတဲ့ မုန့်အနှစ်ခွက်ထဲက မုန့်အနှစ်တချို့ကိုယူပြီး လောင်းချလိုက် တယ်။ ပြီးတော့ မုန့်နှစ်တွေကိုဇွန်းလေးနဲ့ အဝိုင်းပုံလေးဖော်ရင်း ကျက်စပြုတဲ့အခါမှာတော့ ထန်းလျက်နဲ့နှမ်းထောင်းရော နယ်ထားတာကို အလယ်မှာထည့်ပြီးလိပ်လိုက်တယ်။
မိနစ်အနည်းငယ် ဟိုဘက်ဒီဘက်လှည့်ပြီးတဲ့နောက်မှာတော့ မုန့်ကျက်သွားပြီး ဘေးကဗန်းထဲကို ထည့်လိုက်ပါတော့ တယ်။ အမျိုးသမီးငယ်လုပ်နေတဲ့ မုန့်ကတော့ (မုန့်ကြမ်းလိပ်)(မုန့်ဂျလိပ်)(မုန့်ကြာလိပ်)လို့ခေါ်တဲ့ အညာစာ သရေစာ တစ်မျိုး ဖြစ်တယ်။
တခြားတစ်ဖက်မှာလည်း တို့ဟူးကြိုတဲ့သူကကြို၊ အသုပ်စုံသုပ်တဲ့သူကသုပ်၊ ကွမ်းယာယာတဲ့သူကယာနဲ့ အမျိုးသမီးငယ် တွေဟာ ကိုယ်စီအလုပ်ရှုပ်နေကြတယ်။ စားစရာအဆာပြေမုန့်တွေအပြင် ကုန်ခြောက်မျိုးစုံကလည်း ရှိသေးတယ်။ ရောင်းသူ ဝယ်သူစည်စည်ကားကားနဲ့မုန့်ဈေးတန်းလေးသဖွယ်ပါပဲ။
ဒီမုန့်ဆိုင်လေးတွေဟာ စစ်အာဏာသိမ်းပြီးနောက်မှသာ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ ရောင်းချသူအမျိုးသမီးတွေဟာ လည်း ယခင်တုန်းကကျောင်းသူတွေ၊ အိမ်ရှင်မတွေသာဖြစ်ကြပေမယ့် အခုအခါမှာတော့ ဝါရင့်ဈေးရောင်းသူတွေသဖွယ် ကျကျနနနဲ့ရောင်းချနေကြတယ်။
အဲ့ဒီမုန့်ဆိုင်တန်းမှာ အစားအသောက်နဲ့ ကုန်ခြောက်ပစ္စည်းလေးတွေ ရောင်းချနေကြတဲ့အမျိုးသမီးတွေဟာ သူတို့ဝမ်းရေး အတွက်ရောင်းချတာတော့မဟုတ်ကြပါဘူး။တော်လှန်ရေးရန်ပုံငွေအတွက် ရောင်းနေကြတာပါ။
စစ်အာဏာသိမ်းပြီးနောက်မှာ အမျိုးသမီးတွေဟာ စစ်အာဏာရှင်ကိုဆန့်ကျင်ရာမှာ ကျရာနေရာက ပါဝင်ခဲ့ကြတယ်။ တော်လှန်ရေးအတွက် ရန်ပုံငွေရှာတာ၊ ထောက်ပို့အဖြစ်ဆောင်ရွက်တာ၊ ဆေးမှူးအဖြစ်ပါဝင်လုပ်ကိုင်တာ၊ လက်နက်ကိုင် တိုက်ပွဲဝင်တာ အစရှိတဲ့နေရာအသီးသီးမှာ ကျရာနေရာကပါဝင်နေကြတယ်။
ယင်းမာပင်မြို့အခြေစိုက် ရွှေတြိဂံတပ်ရင်း(GTF)၊ တပ်ခွဲ(၄)ဖြစ်တဲ့ စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)က တပ်ဖွဲ့ဝင် အမျိုး သမီးတွေကတော့ လိုအပ်တဲ့လက်နက်ထုတ်လုပ်နိုင်ဖို့ ကိုယ်တိုင်ဈေးရောင်းကာ ရန်ပုံငွေရှာဖွေနေကြပါတယ်။
“ အဖွဲ့အတွက်ငွေအင်အားမလုံလောက်တော့ အမျိုးသမီးရဲဘော်တွေအနေနဲ့ မဖြစ်မနေဈေးရောင်းနေရတယ်”လို့ စစ်ကျွန် မခံ မြွေဆိုးတသိုက်(PDF)မှာတပ်စုမှူးတာဝန်ယူထားတဲ့ စနေမက ပြောပါတယ်။
စနေမဟာ အသက်၂၀အရွယ်ရှိပြီး စစ်အာဏာမသိမ်းခင်ကကျောင်းသူတစ်ဦးသာဖြစ်တယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ ဆန္ဒပြပွဲတွေမှာပါဝင်ရင်း နောက်ဆုံးမှာလက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တယ်။ ရှေ့တန်း ထွက်လိုက်၊ရန်ပုံငွေအတွက်ဈေးရောင်းလိုက်နဲ့ ကျရာတာဝန်ကိုထမ်းဆောင်နေတယ်။
စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)မှာ အမျိုးသမီးရဲဘော်၂၀ကျော်ရှိပြီး စစ်ကောင်စီကို တိုက်ခိုက်ဆန့်ကျင်ရေးတွေမှာ တာဝန်ကျေသလို အဖွဲ့အတွက်လိုအပ်တဲ့ ရန်ပုံငွေရရှိဖို့တာဝန်ကိုလည်း ပုခုံးထမ်းထင်ထားကြတယ်။
ရဲဘော်အမျိုးသမီးတွေအပါအဝင် တပ်ဖွဲ့တစ်ခုလုံးအတွက် အကြီးမားဆုံးစိန်ခေါ်မှုကတော့ လက်နက်အင်အားမမျှတာပါပဲ။ ရရာလက်နက်နဲ့ တိုက်ခိုက်ကြရတာဖြစ်တဲ့အတွက် တူမီး၊လက်လုပ်သေနတ်တွေနဲ့တိုက်ခိုက်ရတဲ့အခါ မိုးရွာတဲ့အချိန် တွေမှာ အဆင်မပြေဖြစ်ကြရတယ်။
ဒီအခက်အခဲတွေကိုတစ်ဖက်တစ်လမ်းကဖြေရှင်းဖို့အတွက် မုန့်ရောင်းကာရန်ပုံငွေရှာဖို့ဆုံးဖြတ်ခဲ့ကြတယ်။
မုန့်လက်ဆောင်း၊မုန့်ဂျလိပ်၊တို့ဟူး၊အသုပ်စုံ၊ ကွမ်းယာ၊ကုန်ခြောက်မျိုးစုံစတာတွေကို ရဲဘော်အမျိုးသမီးတွေက အလှည့်ကျ တာဝန်ယူရင်း ရောင်းချနေကြတာဖြစ်တယ်။
ကုန်ခြောက်ပစ္စည်းတွေကို တစ်ဆင့်ဝယ်ယူရောင်းချသလို စားစရာတချို့ကိုတော့ ရဲဘော်အမျိုးသမီးတွေ ကိုယ်တိုင်ပြုလုပ် ရောင်းချကြတယ်။
ဈေးအရင်းအနှီးရဖို့အတွက်လည်း ရဲဘော်အမျိုးသမီးတွေဟာ သီးနှံသိမ်းချိန်မှာ နေ့စားလိုက်ကာ အရင်းအနှီးရှာဖွေခဲ့ကြ တယ်။ မုန့်ဆိုင်တွေအတွက် တစ်လငွေ ငါးသိန်းရင်းမှ အမြတ်ငွေကတစ်သိန်းခွဲလောက်သာကျန်တာဖြစ်တယ်။
“ ကျွန်မတို့အဖွဲ့အတွက် အထောက်အကူတော့ပြုခဲ့တယ်။ ဒါပေမယ့်လုံလောက်မှုတော့မရှိခဲ့ဘူး”လို့ တပ်စိတ်မှူးတာဝန် ယူထားတဲ့ အသက်၂၀အရွယ် ပျံလွှားမက ပြောပါတယ်။
ပျံလွှားမဟာလည်း တခြားရဲဘော်အမျိုးသမီးတွေနည်းတူ စစ်ကောင်စီကိုဖြုတ်ချဖို့ လက်နက်ကိုင်တိုက်ပွဲဝင်မှရမယ်ဆိုတဲ့ အတွေးနဲ့ တပ်ဖွဲ့ထဲဝင်ခဲ့တာဖြစ်တယ်။
ဒီအဖွဲ့ကရဲဘော်အမျိုးသမီးတွေအားလုံးဟာ စစ်အာဏာသိမ်းစက လမ်းမပေါ်သပိတ်တိုက်ပွဲတွေမှာ ပါဝင်ခဲ့ကြတယ်။
စစ်ကောင်စီဘက်က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေပြုလုပ်တဲ့နောက်မှာတော့ ငြိမ်းချမ်းစွာဆန္ဒပြနေရုံနဲ့ မပြီးဘူးဆိုတဲ့ အတွေးတွေကြောင့်လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ခဲ့ကြတယ်။
အမျိုးသမီးတွေဖြစ်တဲ့အတွက် မိသားစုအသီးသီးကစိတ်မချခဲ့ပေမယ့် နောက်ပိုင်းမှာတော့ခွင့်ပြုပေးပြီး လိုအပ်ချက်တွေ ကိုဖြည့်ဆည်းပေးခဲ့ကြတယ်။
စစ်သင်တန်းကိုလည်းအခက်အခဲတွေကြားက တက်ရောက်ခဲ့ကြတယ်။
“ သင်တန်းဆရာကအမြဲလိုလိုပြောတဲ့ ဆောင်ပုဒ်ကချွေးထွက်များမှ သွေးထွက်နည်းမယ်။ သံမဏိစိတ်ဓာတ်နဲ့ပဲ ကျော် ဖြတ်ခဲ့တယ်” လို့ စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)ကရဲဘော်တစ်ဦးဖြစ်တဲ့ မယ်ဗလကပြောပါတယ်။
အာဏာရှင်ပြုတ်မကျမချင်းအဆုံးထိတိုက်မယ်လို့ အားလုံးကဆုံးဖြတ်ထားကြပြီး ပြည်သူတွေအနေနဲ့လည်း တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်ကြဖို့အခုလိုတိုက်တွန်းပါတယ်။
“ တိုက်ခိုက်နေမှတော်လှန်ရေးမဟုတ်ပါဘူး။ တစ်ထောင့်တစ်နေရာကနေ တာဝန်ထမ်းဆောင်ပေးမယ်၊ လှူပေးမယ်ဆိုရင် လည်းဒါဟာတော်လှန်ရေးပါပဲ။ အခုတိုက်ပွဲက တစ်ဦးတစ်ယောက်ကောင်းစားဖို့အတွက် မဟုတ်ဘဲတစ်နိုင်ငံလုံး၊ နောက် လာမယ့်မျိုးဆက်တွေကောင်းစားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီရဖို့အတွက် တိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေကို နိုင်တဲ့ဘက်နေ ကူကြပါ။ လှူကြပါလို့တောင်းဆိုချင်ပါတယ်”