Home ဆောင်းပါး ဆယ်နှစ်ကြာအလွမ်း

ဆယ်နှစ်ကြာအလွမ်း

သန့်ရှင်းထွန်း။ ။

ဆယ်စုနှစ်တခုထိ တနေ့ကို ငွေတစ်သောင်းဖိုးပြည့်အောင် ရောင်းမကောင်းတော့တဲ့ ဒေါ်သဇင်ထွန်းရဲ့အထည်ဆိုင်ဟာ ဖောက်သည်တချို့ပြန်ရပြီး ရောင်းကောင်းစပြုလာပြီ ဖြစ်ပါတယ်။

အသက် ၄၈ နှစ်အရွယ် ဒေါ်သဇင်ထွန်းဟာ သူရဲ့အထည်ဆိုင်ကို ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်တုန်းက စစ်တွေမြို့မ ဈေးသစ်ကြီးအတွင်းမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ သူ့အတွက် အဓိကဖောက်သည်တွေဟာ တရပ်ကွက် တည်းနေ၊ ကျောင်းအတူတက်ခဲ့ကြတဲ့ သူငယ်ချင်း ရိုဟင်ဂျာ အမျိုးသမီးတွေဖြစ်ကြပါတယ်။

ဒေါ်သဇင်ထွန်းရဲ့ အထည်ဆိုင်ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနောက်ပိုင်း ရိုဟင်ဂျာတွေ မြို့တွင်းကို မသွားရဲ၊ မလာရဲတဲ့ အခြေအနေကြောင့် ဝယ်သူမရှိသလောက် နည်းပါးခဲ့ပြီးတော့ ဆိုင်ပိတ်ရမယ့် အနေ အထားထိ ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။

“အရောင်းအဝယ်ပါးသွားတယ်။ မရောင်းချင်တော့ဘူး။ ဆိုင်ကို အပြီးပိတ်မလို့လုပ်ခဲ့သေးတယ်။”လို့ ဒေါ်သဇင်ထွန်းက ဆယ်နှစ်တာကာလအတွင်း အရောင်းအဝယ်မကောင်းဖြစ်ခဲ့ပုံကို ပြောပြပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၂၁ ခုနှစ်ကုန်ပိုင်းကစလို့ ရိုဟင်ဂျာတွေဟာ လုံခြုံရေးမလိုဘဲ ဘယ်နေရာ မဆို လွတ်လွတ်လပ်လပ် သွားလာနိုင်ခဲ့ပြီး ရခိုင်နှင့် ရိုဟင်ဂျာအသိုင်းအဝိုင်းကြားမှာ ယုံကြည်မှုကို ပိုမိုတည်ဆောက် လာနိုင်ခဲ့ပြီးတော့ ဒေါ်သဇင်ထွန်းရဲ့ အထည်ဆိုင်ကိုလည်း ရိုဟင်ဂျာဖောက်သည်တွေ လာရောက်ဝယ်ယူ နေတဲ့အတွက် အထည်ဆိုင်ဟာလည်း ၂၀၁၂ ခုနှစ် ပြသနာမဖြစ်မည် အစောပိုင်းကာလကလို သူရဲ့ ရိုဟင်ဂျာ ဖောက်သည်တွေ ပြန်လည် ရရှိလာခဲ့တာ ဖြစ်ပါတယ်။

စစ်တွေမြို့ရှိ ရခိုင်နှင့် ရိုဟင်ဂျာများမှာ တဖက်နှင့်တဖက် ယုံကြည်မှုပိုကောင်းလာကာ ရန်လိုမှုများမရှိတော့ဘဲ ငြိမ်းချမ်းစွာအတူ နေထိုင်လိုစိတ်ရှိလာသည့်အတွက် လုံခြုံရေးမလိုတော့ဘဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ခဲ့ကြခြင်း ဖြစ်သည်။

ဒေါ်သဇင်ထွန်းရဲ့ ဖောက်သည်ထဲမှာ သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းတစ်ဦးဖြစ်တဲ့ အသက် ၄၈ နှစ်အရွယ် ရိုဟင်ဂျာ အမျိုးသမီး ဒေါ်ဖြူဖြူစန်း ဟာလည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

ဒေါ်သဇင်ထွန်းနှင့် ဒေါ်ဖြူဖြူစန်းတို့ဟာ စစ်တွေမြို့ ရူပတောင်ရပ်ကွက်မှာ နေထိုင်ခဲ့ကြတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်ပြီးတော့ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ဒေါ်ဖြူဖြူစန်းဟာ ရူပတောင်ရပ်ကွက်ကနေ သက္ကယ်ပြင်ဒုက္ခသည်စခန်းကို ပြောင်းရွေ့ခိုလှုံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းနှစ်ဦးဟာလည်း အဆက်အသွယ်ပြတ် ကွဲကွာခဲ့ရတာလို့ ဒေါ်ဖြူဖြူစန်းက ပြောပြပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုတခုကို အကြောင်းပြုပြီးတော့ ရခိုင်နှင့် ရိုဟင်ဂျာတွေအကြား ပဋိပက္ခဖြစ်ခဲ့ပြီး သေဆုံးခဲ့သူ ရခိုင်နှင့် မူဆလင် ၅၀ ဦး၊ ဒဏ်ရာ ရသူ ၅၄ ဦး၊ လူနေအိမ် ၂၂၃၀ လုံးနှင့် ပြည်သူခြောက်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

အဲဒီပဋိပက္ခဖြစ်ပြီးနောက် စစ်တွေမြို့မှာရှိတဲ့ ရိုဟင်ဂျာတွေဟာ အစိုးရက နေရာချပေးတဲ့ ဒုက္ခသည် စခန်းတွေကို ပြောင်းရွေ့နေထိုင်ခဲ့ရပြီးတော့ မပြောင်းရွေ့ရတဲ့ ရိုဟင်ဂျာတွေဟာလည်း လုံခြုံရေးအစောင့်အရှောက် တွေနဲ့သာ နေထိုင်ခဲ့ရပါတယ်။

ပြသနာဖြစ်ပြီး တဖက်နှင့်တဖက် မယုံကြည်မှုတွေကြောင့် ရိုဟင်ဂျာတွေဟာ ရခိုင်လူမျိုးတွေရှိတဲ့ ရပ်ကွက်၊ ဈေး၊ ကျောင်းစတဲ့ နေရာတွေကို မသွားရဲကြသလို ရခိုင်တွေဟာလည်း ရိုဟင်ဂျာတွေ နေထိုင်တဲ့ ရပ်ကွက်/ကျေးရွာတွေကို မသွားရဲ ဖြစ်နေခဲ့ကြတယ်လို့ ဒေါ်ဖြူဖြူစန်းက ပြောပါတယ်။

အဲဒီလို ရခိုင်နှင့် ရိုဟင်ဂျာတွေအကြား မယုံကြည်မှုတွေ ရှိနေတဲ့အချိန်မှာ ဒေါ်ဖြူဖြူစန်းဟာ သူ့ရဲ့ငယ်သူငယ်ချင်း ဖြစ်တဲ့ ဒေါ်သဇင်ထွန်းရဲ့ အထည်ဆိုင်ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က တစ်ကြိမ် အရဲစွန့်ပြီး သွားခဲ့တယ်လို့ ပြန်ပြောပါ တယ်။

“မြို့ထဲကိုဝင်ဖို့အတွက် ကျမ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တယ်။ နောက်ဆုံး ကျမကရခိုင်လို ပြင်ဆင်ပြီးတော့ ဈေးထဲကို သွားခဲ့တယ်”လို့ ဒေါ်ဖြူဖြူစန်းက ပြောပါတယ်။

စစ်တွေမြို့မဈေးသစ်ကြီးကို ရောက်တဲ့အခါမှာတော့ ဒေါ်ဖြူဖြူစန်းဟာ သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ဒေါ်သဇင်ထွန်းရဲ့ အထည်ဆိုင်ကို သွားခဲ့တယ်လို့ ဆိုပါတယ်။

“သူကျမကို မြင်တဲ့အခါ အရမ်းအံ့ဩတဲ့ မျက်လုံးတွေနဲ့ကြည့်တယ်။ အဲလို ကြည့်နေတဲ့သူ့ကို ကျမက ပြုံးပြပြီးတော့ ဆိုင်ထဲကို ဝင်သွားတယ်။ ကျမ သူငယ်ချင်းက ကျမကို ဖက်ပြီးတော့ ငိုတယ်။ ကျမလည်း ငိုမိတယ်။”လို့ တစ်မြို့တည်း နေပေမယ့် လူချင်းတွေ့ဖို့ခက်ခဲတဲ့အချိန် သူငယ်ချင်းဖြစ်သူကို ဖြစ်အောင်သွားတွေ့ခဲ့ပုံကို ဒေါ်ဖြူဖြူစန်းက ပြန်ပြောပြ ပါတယ်။

ရခိုင်နှင့် ရိုဟင်ဂျာများ ငြိမ်းချမ်းစွာ အတူနေထိုင်နေကြပုံ၊ ဓာတ်ပုံ-TST

ရခိုင်မှာ ၂၀၁၂ ခုနှစ် ပြသနာမဖြစ်ခင်က ရခိုင်နှင့် ရိုဟင်ဂျာတွေဟာ စည်းစည်းလုံးလုံးနေထိုင်ခဲ့ကြပြီး သူငယ်ချင်း အပေါင်းအသင်းတွေဟာလည်း ရခိုင်တွေဖြစ်တယ်လို့ ရိုဟင်ဂျာ အမျိုးသမီး ဒေါ်ဖြူဖြူစန်းက ပြောပါတယ်။

“သူ့ကိုယ်ရေးကိုယ်တာ ကိုယ့်ကိုယ်ရေးကိုယ်တာ ကိစ္စမှာတောင် ရင်းရင်းနှီးနှီး တိုင်ပင်ဖော် တိုင်ပင်ဖက်အဖြစ် နေခဲ့ကြတယ်။”လို့ ဒေါ်ဖြူဖြူစန်းက ပြောပါတယ်။

ရပ်ကွက်ထဲမှာ သာရေးနာရေး ကိစ္စတွေရှိလို့ရှိရင် ရခိုင်ရော၊ ရိုဟင်ဂျာရော ကူညီပေးခဲ့ကြပြီး ပြသနာတစ်စုံတစ်ခု ဖြစ်တာမရှိခဲ့ဘူးလို့ ဒေါ်ဖြူဖြူစန်းက ဆက်ပြောပါတယ်။

ပြသနာဖြစ်ပွားချိန်မှာလည်း ဒေါ်ဖြူဖြူစန်းတို့ကို တရပ်ကွက်တည်းနေ ရခိုင်တွေက အကာအကွယ်ပေးခဲ့ပြီးတော့ တခြားသူငယ်ချင်း အပေါင်းအသင်းတွေလည်း သူတို့နေတဲ့ရပ်ကွက်အထိ လာရောက်ကာကွယ်ပေးခဲ့တယ်လို့ ရခိုင်နှင့် ရိုဟင်ဂျာကြား ချစ်ကြည်မှုကို ဒေါ်ဖြူဖြူစန်းက ပြန်ပြောပြပါတယ်။

ရခိုင်နှင့် ရိုဟင်ဂျာကြား မယုံကြည်မှုတွေဟာ ဆယ်စုနှစ်တစ်ခု ကြာအောင်ထိရှိနေခဲ့ပေမယ့် အရင်တည်းက ရှိနေခဲ့တဲ့ ချစ်ခင်ရင်းနှီးမှုမှာတော့ ပျောက်ကွယ်မသွားဘဲ တဖက်နှင့်တဖက် ယုံကြည်မှုကို ၂၀၂၂ ခုနှစ်၊ နှစ်စပိုင်းကစပြီးတော့ ပြန်လည်တည်ဆောက်လာနိုင်ခဲ့ပါတယ်။

အရင်တုန်းက ရခိုင်တွေနေအိမ်မှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ရိုဟင်ဂျာတွေဟာ အတားအဆီး တစုံတရာ မရှိတော့ဘဲ လွတ်လွတ်လပ်လပ် ပြန်ပြီးအလုပ်လုပ်လာနိုင်ခဲ့ကြပါတယ်။

“စစ်တွေမှာ အခြေခံအလုပ်သမားတွေက သူတို့(ရိုဟင်ဂျာ)တွေများတယ်။ သူတို့တွေမရှိတဲ့အချိန် အလုပ်သမား ရှားပါးတဲ့ အခက်အခဲကို ကျနော်တို့ ကြုံတွေ့ခဲ့ရတယ်”လို့ ကုန်သည် ကိုသန်းနိုင်က ပြောပါတယ်။

အခုလို ရခိုင်နှင့် ရိုဟင်ဂျာကြား ပြသနာမရှိတော့ဘဲ အတူတကွ အလုပ်လုပ်ကိုင်ခြင်းက ကုန်သည်တွေ၊ ဈေးသည် အတွက်ရော ရိုဟင်ဂျာအလုပ်သမားတွေအတွက်ပါ အဆင်ပြေစေတယ်လို့ ကိုသန်းနိုင်က ဆက်ပြောပါတယ်။

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်ပြီးတော့ မကျည်းမြိုင်ရပ်ကွက်က ရခိုင်နေအိမ်မှာ အလုပ်လုပ်နေတဲ့ ရိုဟင်ဂျာအမျိုးသမီး မဘီဘီက အခုလို ရခိုင်အိမ်တွေကို သွားပြီးအလုပ်လုပ်ရတာဟာ စိတ်ရောကိုယ်ပါ လုံခြုံမှုရှိသလို သူနေတဲ့ ရခိုင်အိမ်က မိသားစုတွေကလည်း ဖော်ဖော်ရွေရွေ ဆက်ဆံကြတယ်လို့ ဆိုပါတယ်။

“ကျမတို့က ငယ်ငယ်တည်းက ရခိုင်အိမ်တွေမှာ အလုပ်ကူလုပ်ရင်း နေလာကြတာ။”လို့ အသက် ၃၀ အရွယ် မဘီဘီက ပြောပါတယ်။

အခုလို ရိုဟင်ဂျာတွေ ရခိုင်နေအိမ်၊ ရပ်ကွက်နှင့် မြို့ထဲထိ အတားအဆီးမရှိ သွားလာပြီး အလုပ်လုပ်တွေ လုပ်လာနိုင် တာဟာ ရခိုင်တွေက ရိုဟင်ဂျာတွေအပေါ် သဘောအထားအမြင် ပြောင်းလဲလာတာကြောင့်ဖြစ်တယ်လို့ စစ်တွေမြို့က အသက် ၇၀ ကျော်အရွယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိဟောင်း ဦးကောင်းစံရှီ ကပြောပါတယ်။

ရခိုင်ပြည်မှာ ရခိုင်နှင့် ရိုဟင်ဂျာတွေအကြား ပြသနာဖြစ်ရတာဟာ အဖွဲ့အစည်းတခုနှင့် နှစ်ဖက်လူ့အဖွဲ့အစည်းမှာရှိတဲ့ အစွန်းရောက်တချို့ရဲ့ ဘာသာရေး ဝါဒမှိုင်းတွေကြောင့်ဖြစ်ပြီးတော့ ၂၀၁၇ ခုနှစ် မောင်တောနယ်စပ်တွင် ပြသနာ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ တဖက်နှင့်တဖက် နားလည်လာခဲ့ကြတယ်လို့ ဦးကောင်းစံရှီက သုံးသပ်ပါတယ်။

တဖက်မှာလည်း ရက္ခိုင့်တပ်တော်(AA)ရဲ့ လမ်းစဉ်အောက်မှာ AA တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကိုယ်တိုင်က ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးကို အသိအမှတ်ပြုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အခြေစိုက် PROTHOM ALO ပုံနှိပ်စာစောင်ရဲ့ ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်က အင်တာဗျူးတခုမှာ ဖြေထားပါ တယ်။

အခုနောက်ပိုင်း ပြည်သူတွေဟာ နိုင်ငံရေးအသိတရားတွေရှိလာပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး လုပ်ငန်းတွေကို လုပ်လာကြသလို ရက္ခိုင့်တပ်တော်(AA)ကလည်း လူထုကို အခါ အားလျော်စွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီး သတင်းစကားတွေပါးတာ တွေ့ရတယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးက ပြောပါတယ်။

အဲဒီလို ရခိုင်နှင့် ရိုဟင်ဂျာတွေအကြား လူမှုသဟဇာတ ပြန်ဖြစ်ဖို့အတွက် ကြိုးပမ်းခဲ့တဲ့သူတွေအထဲမှာ ရခိုင် ကျောင်းသားလူငယ်တွေနှင့် ရိုဟင်ဂျာတွေရဲ့ ကြိုးစားအားထုတ်မှုကလည်း အရေးပါခဲ့တယ်လို့ စစ်တွေမြို့က ရိုဟင်ဂျာကျောင်းသား ခေါင်းဆောင် ကိုဇော်မင်းထွန်း ကပြောပါတယ်။

ရခိုင်ကျောင်းသားမသဂ္ဂမခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကျော်နိုင်ဌေးက လက်ရှိအနေအထားဟာ ရခိုင်တစုတည်း သွားလို့ မရတော့ဘဲ ရခိုင်ပြည်မှာရှိတဲ့ လူမျိုးပေါင်းစုံကို တစ်ဦးနှင့်တစ်ဦး ကူညီဖေးမမှုနဲ့ သွားရမယ်ဆိုတာကို လူအများ နားလည်အောင် ရှင်းပြရမယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ဆယ်စုနှစ်တခုကြာအောင် စစ်တွေတက္ကသိုလ်တက်ခွင့်မရဖြစ်နေတဲ့ ရိုဟင်ဂျာကျောင်းသား/သူ တွေကို ကျောင်းတက်ခွင့်ရဖို့ ဆောင်ရွက်ပေးခဲ့ပြီးတော့ ရိုဟင်ဂျာလူငယ်တွေကိုယ်တိုင် ဝါဆိုသင်္ကန်းဆက်ကပ် တာတွေ လုပ်လာကြတယ်လို့ ကိုကျော်နိုင်ဌေးက ပြောပါတယ်။

၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ရခိုင်နှင့် မွတ်ဆလင်(ရိုဟင်ဂျာ)များအကြားရှိ ဆက်စပ်မှု တွေဟာ လုံးဝပျက်ပြယ်သွားခဲ့ရတယ်လို့ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်က ရေးသားခဲ့ပါတယ်။

အဲဒါကြောင့် အစိုးရဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိရေးကို အာမခံပေးရမယ့် တာဝန်ရှိပြီး မြန်မာနိုင်ငံအတွင်း အမုန်းတရားပွားများအောင် လုပ်ဆောင်မှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် လိုအပ်တဲ့ တရားဥပဒေ တွေရှိအောင် ဆောင်ရွက်ပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

ဒါပေမယ့် အဲဒီအကြံပြုချက်တွေကို ဒေါ်သဇင်ထွန်းရော ဒေါ်ဖြူဖြူစန်းကပါ မသိကြဘဲ တစ်ဦးနှင့်တစ်ဦး ယုံကြည် နားလည်လာတဲ့အတွက် အခုလို ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်လာတာဖြစ်တယ်လို့ ရိုးရိုးရှင်းရှင်းပြောကြပါတယ်။

ဖောက်သည်နည်းပြီး ဆိုင်ပိတ်ရမယ့် အခြေနေထိဖြစ်ခဲ့တဲ့ အထည်ဆိုင်ပိုင်ရှင် ဒေါ်သဇင်ထွန်းက ဖောက်သည်တွေ များများရဖို့အတွက် သူငယ်ချင်းဖြစ်သူ ဒေါ်ဖြူဖြူစန်းကို ဆွဲခေါ်နေပါတယ်။

“အသွားအလာ အဆင်ပြေလို့ အထည်တွေ ဝယ်မယ်ဆိုရင် ငါ့ဆိုင်ကို ညွှန်ပေးပါ။”လို့ ဒေါ်သဇင်ထွန်းက ဒေါ်ဖြူဖြူစန်း ကို ပြောပါတယ်။

သူငယ်ချင်းဖြစ်သူ ဒေါ်ဖြူဖြူစန်းရဲ့ ညွှန်ပေးမှုကြောင့် စစ်တွေမြို့မှာရှိတဲ့ ရိုဟင်ဂျာ အမျိုးသမီးအများစုဟာ ဒေါ်သဇင်ထွန်း အထည်ဆိုင်ကို လာရောက်အားပေးဝယ်ယူနေကြပေမယ့် နိုင်ငံရေးမငြိမ်တည်မှုနှင့် စီးပွားရေး ကြပ်တည်းမှုတွေကြောင့် ရောင်းအားမှာ သိပ်မကောင်းသေးဘူးလို့ ဒေါ်သဇင်ထွန်းက ပြောပါတယ်။

ဒါပေမယ့် လုံခြုံမှုနှင့် မယုံကြည်မှုတွေကြောင့် ဆယ်စုနှစ်တခုကြာအောင်ထိ ဆိုင်ကိုမလာနိုင်တဲ့ သူ့ရဲ့ဖောက်သည်တွေ ပြန်ရလာလို့ ဝမ်းသာမိတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို ရခိုင်ပြည်မှာ နှစ်ဖက်လူ့အဖွဲ့အစည်းကြား ငြိမ်းချမ်းမှုရရှိလာတာကို ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကြောင့် အပျက်အစီးမခံနိုင်ဘူးလို့ ဒေါ်သဇင်ထွန်းက ပြောပါတယ်။

တကယ်လို့ တစ်စုံတစ်ခုကြောင့် နောက်ထပ်ပြသနာဖြစ်ခဲ့ရင်တော့ ရခိုင်နှင့် ရိုဟင်ဂျာတွေဟာ ဦးခေါင်းရှိပြီး ဦးနှောက်မရှိတဲ့လူတွေ ဖြစ်သွားမယ်လို့ ဒေါ်ဖြူဖြူစန်း ကပြောပါတယ်။

Author:

Related Articles