ရှင်ငြိမ်း။ ။
မိုးလေတွေကြားထဲမှာ အမျိုးသမီးတစ်စုဟာ သူတို့ခန္ဓာကိုယ်ထက် နှစ်ဆကြီးမား လေးလံတဲ့အထုတ်ကြီးတွေကို ထမ်းပိုးကာ ချောင်းမြောင်းတွေ၊ ကြီးမားတဲ့ကျောက်ဆောင်တွေကို ကျော်ဖြတ်ရင်း အလျင်လိုဟန်နဲ့ ခပ်သုတ်သုတ်သွားနေကြပါ တယ်။
ဒီအထုတ်ကြီးတွေဟာ သူတို့သုံးစွဲဖို့ သယ်လာတာမဟုတ်ပါဘူး။ ရှေ့တန်းစစ်မျက်နှာပြင်မှာ စစ်တပ်ရဲ့ထိုးစစ်တွေကို ခုခံတွန်းလှန်နေတဲ့ ရဲဘော်လေးတွေလိုအပ်နေတဲ့ စားသောက်ဖို့ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေ ဖြစ်ပါတယ်။
အထုတ်အပိုးတွေနဲ့ အမျိုးသမီးလေးတွေဟာ သူတို့ရဲ့ရဲဘော်တွေဆီ ထောက်ပို့လမ်းကြောင်းသွားနေစဉ်မှာ “အုံး”ဆိုတဲ့ လက်နက်ကြီးကျ ပေါက်ကွဲအသံနဲ့အတူ ပစ်ခတ်သံတွေဆူညံသွားပြီး စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ကြား တိုက်ပွဲပြင်းထန်နေတာကြောင့် သူတို့တွေဟာ တောထဲမှာ တညနဲ့နှစ်ရက်တိုင်တိုင် ပိတ်မိခဲ့ကြပါတယ်။
သူတို့ထဲကရှမ်းတိုင်းရင်းသူလေးဖြစ်တဲ့ မအိပိုးက “ကျမတို့က ရှေ့တန်းရဲဘော်တွေအတွက် ရိက္ခာသွားပို့တာ။ လမ်းမှာ တိုက်ပွဲနဲ့ကြုံတာပေါ့။ တခြားအဖွဲ့နဲ့ စကစ ကြားထဲညှပ်သွားတာ။ ကျမတို့မှာလက်နက်လည်းမပါ။ ကူမယ့်သူလည်းမရှိနဲ့ သေပြီတောင်မှတ်တာ”လို့ ပြောပါတယ်။
နောက်ရက်မှာတော့ ဒေသကာကွယ်ရေးတပ်ရဲ့ အကူအညီနဲ့ မအိပိုးတို့ တိုက်ပွဲထဲက ပြန်ထွက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ပြင်းထန်တဲ့ တိုက်ပွဲနဲ့နဖူးတွေ့၊ ဒူးတွေ့ကြုံလိုက်ရတဲ့ မအိပိုးတို့မှာ စိတ်ဒဏ်ရာ ကိုယ်စီရသွားခဲ့တယ်။
ဒါ့အပြင် သူတို့ရိက္ခာပို့တာ နောက်ကျသွားတာကြောင့် ၅ရက်လောက် ထမင်းမစားဘဲ စစ်တိုက်နေရတဲ့ ရဲဘော်တွေအတွက်လည်း မအိပိုးအနေနဲ့ စိတ်မကောင်းဖြစ်နေပုံလည်း ရပါတယ်။
အသက် ၂၀ သာရှိသေးတဲ့မအိပိုးဟာ ကရင်ပြည်နယ်ရှိ ဒေသကာကွယ်ရေးတပ်တစ်ခုမှာ ရှေ့တန်းရောက် စစ်သည်တော်တွေကို လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေ ပို့ပေးနေရတဲ့ အမျိုးသမီး ထောက်ပို့စစ်သည်တစ်ယောက် ဖြစ်ပါတယ်။
ရှေ့တန်းထောက်ပို့အလုပ်ဟာ အသက်အန္တရာယ်များလွန်းလို့ တော်ရုံအမျိုးသားစစ်သည်တောင် မလုပ်နိုင်တာ အမျိုးသမီး စစ်သည်တွေအတွက်ဆို ပိုလို့ခက်ခဲနိုင်တယ်လို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ဒေသကာကွယ်ရေးတပ်တစ်ခုရဲ့စစ်ကြောင်းတာဝန်ခံက ပြောပါတယ်။
“ကျနော်တို့မှာ ရှေ့တန်းထောက်ပို့က အမျိုးသားတွေပဲဗျ။ အန္တရာယ်များပြီး တော်ရုံသတ္တိရှိရုံနဲ့ မလုပ်နိုင်တော့ မိန်းကလေးတွေလည်းမခိုင်းဘူး။ ကျနော်တို့ထဲက တချို့ရဲဘော်ဆို မလုပ်နိုင်ကြဘူး။ ဒါကစိတ်ဓါတ်ရော၊ ခန္ဓာကိုယ်ပါ တော်တော် ကြံ့ခိုင်မှလုပ်နိုင်တာ။ နို့မို့ဆိုတိုက်ပွဲသံကြားတာနဲ့ ရူးသွားနိုင်တယ်” လို့ သူကရှင်းပြပါတယ်။
အမျိုးသမီးစစ်သည်တွေအနေနဲ့ ရှေ့တန်းကိုထောက်ပို့ရာမှာ တိုက်ပွဲတွေနဲ့စစ်တပ်ရဲ့ စစ်ကြောင်းကိုရှောင်ရတာကတစ်မျိုး၊ ရာသီဥတုကြောင့် တောလမ်းခရီးကြမ်းကို ခက်ခဲစွာဖြတ်ရတာကတစ်ဖုံ၊ တဖက်မှာလည်း လက်နက်ဖိုးရှာရတဲ့ အခက်အခဲတွေ ရှိနေကြပါတယ်။
ဒါ့အပြင် အမျိုးသမီးတစ်ယောက်ဖြစ်ခြင်းကြောင့် လစဉ်ရာသီသွေးဆင်းတဲ့ ကိုက်ခဲနာကျင်တဲ့ဝေဒနာကိုလည်း အခုလိုအန္တရာယ်များတဲ့ကြားက ကြိတ်မှိတ်သည်းခံရင်း တာဝန်တွေကို မပြတ်ထမ်းဆောင်နေကြရပါတယ်။
သို့ပေမယ့် မအိပိုးကတော့“ထောက်ပို့က အန္တရာယ်များလည်း ဒါကတော်လှန်ရေးပဲလေ။ ကျမဆိုထောက်ပို့သွားရင်း ရာသီလာပြီး ကိုက်ခဲတာမတ်တပ်မရပ်နိုင်ဘူး။ ဒါမဲ့ကျမတို့တိုက်ပွဲတစ်ခုအောင်နိုင်ရေးမှာ ထောက်ပို့သမားလည်း အဓိကကျတာမို့ ကြိုးစားလုပ်တယ်” လို့ ပြတ်သားစွာ ပြောပါတယ်။
မည်သို့ပင်ဆိုစေကာမူ မိုးထဲရေထဲမှာ အထုတ်ထမ်းကာ တောတောင်တွေ၊ ချောင်းမြောင်းတွေကိုဖြတ်၊ အသက်တွေရင်းပြီး ထောက်ပို့အလုပ်ဟာ လွယ်ကူတဲ့အလုပ်မဟုတ်ဘူးဆိုတာ မအိပိုးရင်ဆိုင်ခဲ့ရတဲ အတွေ့အကြုံတွေက သက်သေပါပဲ။
မအိပိုးဟာ ရှမ်းပြည်နယ်တောင်ပိုင်းဇာတိဖြစ်ပေမယ့် သင်တန်းနဲ့ ရန်ကုန်ကိုရောက်နေတာ ၃ နှစ်နီးပါးရှိပါပြီ။
အသက် ၁၈ နှစ်ပြည့်လို့ ပထမဆုံးမဲပေးခွင့်ရခဲ့တဲ့မအိပိုးဟာ စစ်အာဏာသိမ်းတာကို လက်မခံနိုင်တဲ့အတွက် အာဏာသိမ်းပြီး ရှစ်ရက်မြောက်နေ့မှာတော့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။
ဒီနောက်မှာတော့ မအိပိုးဟာ ကရင်ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုမှာ စစ်ပညာတစ်လတာ သင်ယူပြီးချိန်ကစလို့ ရှေ့တန်းစစ်မြေပြင်တွေကို လိုက်ကာ ထောက်ပို့လုပ်နေတာ ယနေ့ထိတိုင်အောင်ပါပဲ။
သူတို့ထောက်ပို့တစ်ခေါက်သွားရင် နယ်မြေအကွာအဝေးအရ နှစ်ရက်မှ သုံးရက်ထိကြာတတ်သလို အရမ်းဝေးရင်တော့ ကားနဲ့လူကြုံမှာတတ်ပြီး သွားတော့လည်း အမျိုးသမီးသုံးယောက်သွားတာရှိသလို တခါတရံမှာ အမျိုးသားစစ်သည်တွေလည်း ပါတတ်ပါတယ်။
ထောက်ပို့စစ်သည်တွေဟာ မြစ်ချောင်းတောတောင်ထူထပ်တဲ့ကရင်ပြည်နယ်မှာ ရိက္ခာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ သယ်ယူရာမှာ အင်မတန်မှ ခက်ခဲကြမ်းတမ်းလှပါတယ်။
“နွေဆိုချွေးထွက်လွန်းလို့ ဒုက္ခရောက်ရတယ်။ မိုးကျတော့လည်း ကျောက်ဆောင်တွေနဲ့ ထိမိခိုက်မိလို့ တကိုယ်လုံးဒဏ်ရာတွေချည့်ပဲ။ မနှစ်က ဒီလိုအချိန်မှာပေါ့။ ဆန်အိတ်တွေနဲ့ ချောင်းကိုဖြတ်တာ။ ဖြတ်တုန်းက ရေစီးမသန်ဘူး။ အလယ်လောက်ရောက်မှ တောင်ကျရေစီးလာပြီး လူပါသွားတာ။ မသေတာကံကောင်းဘဲ”လို့ မအိပိုးက ဆိုပါတယ်။
ဒါ့အပြင် လမ်းခရီးမှာလည်း စစ်တပ်ရဲ့စစ်ကြောင်းနဲ့ နှစ်ကြိမ်တိုင်တိုင်တွေ့ဖူးသလို စစ်ဆေးရေးဂိတ်မှာလည်း စစ်မေးခံရတာရှိခဲ့ပေမယ့် မကြောက်မရွံ့နဲ့ အဖြေကောင်းခဲ့တာကြောင့် လွှတ်မြောက်ခဲ့တယ်။ တိုက်ပွဲကြားမှာတော့ တခါပဲပိတ်မိဖူး ပေမယ့် တစ်ခါဆို၊ ဆိုသလောက် စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။
မအိပိုးက“အဲ့ဒီအကြောင်းပြန်ပြောတိုင်း အခုထိတုန်လှုပ်ခြောက်ခြားနေတုန်းပဲ။ ဗုံးကွဲတဲ့အသံတွေ၊ ပစ်ခတ်နေတဲ့အသံ တွေ၊ အနားကိုကပ်လာတဲ့ခြေသံတွေ ဒါတွေက အိပ်မက်ထဲထိစွဲနေတာ။ တခုခုစိတ်ဖိစီးလာတိုင်း ဒါကြီးပြန်ပြန်မက်တယ်။ အဲ့ဒီစိတ်ဒဏ်ရာကြီးက ဘယ်တော့မှပျောက်မလဲ မသိတော့ပါဘူး”လို့ သက်ပြင်းချကာ ပြောပါတယ်။
မအိပိုးလိုပဲ ရှေ့တန်းစစ်မြေပြင်ကို ထောက်ပို့လုပ်ရာမှာ အသက်သေမလိုဖြစ်ခဲ့ရသူ နောက်တစ်ယောက်ကတော့ ကရင်နီ ပြည်(ကယားပြည်နယ်)မှ ဒေသကာကွယ်ရေးတပ်တစ်ခုက အမျိုးသမီးထောက်ပို့စစ်သည် မဝါလေးဖြစ်ပါတယ်။
မဝါလေးက“မိုးတွင်းမှာ လမ်းချော်တာတို့၊ ကားမှောက်တာတို့၊ ဆိုင်ကယ်မှောက်တာတို့ကြုံဖူးတယ်။ မှတ်မှတ်ရရကတော့ ထောက်ပို့အသွားမှာ ကားကလမ်းချော်ပြီး ရေထဲပြုတ်ကျသွားတာ။ အဲ့တုန်းကရေနစ်သေမလိုဖြစ်ခဲ့ဖူးတယ်”လို့ ပြောပြပါ တယ်။
ဒါ့အပြင် သူတို့တပ်စခန်းကို စစ်တပ်က ညဦးပိုင်းမှာ ရုတ်တရက်ထိုးစစ်ဆင်လာတာကြောင့် အဝတ်တထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရပြီး တပ်စခန်းကိုပါ မီးရှို့သွားလို့ စားစရာမရှိ၊ နေစရာမရှိလို့ လနဲ့ချီအငတ်ခံနေခဲ့ရပါသေးတယ်။
ဒီဆာလောင်ခြင်းကိုတော့ တောထဲကရတဲ့မျှစ်၊ မှိုတွေနဲ့ နေ့စဉ်ရှင်သန်ဖို့စားသောက်ဖြေရှင်းခဲ့ရပါတယ်။ ဒီနောက်မှာတော့ စစ်စခန်းကို အတိအကျမထားတော့ဘဲ မကြာခဏနေရာရွေ့ပြောင်းစခန်းချနေရတာဖြစ်တယ်။
အာဏာမသိမ်းမီက မဝါလေးဟာ အစိုးရအလုပ်ဖြစ်တဲ့စိုက်ပျိုးရေးဌာနမှာ အလုပ်သင်အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ၈ ရက်မြောက်နေ့မှာ စိုက်ပျိုးရေးဌာနနဲ့အတူ ဆန္ဒပြပွဲတွေမှာပါဝင် ခဲ့တယ်။
မဝါလေးကိုလည်း မိသားစုတွေက တော်လှန်ရေးမှာပါဝင်လို့အမွေပြတ်စွန့်ပစ်ခြင်းခံထားရတာဖြစ်တယ်။ အဲ့နောက်မှာ တော့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)လုပ်ရင်း စစ်ရှောင်တွေကို သွားကူပေးနေခဲ့တယ်။
၂၀၂၁ ခုနှစ်၊ မေလအစမှာတော့ ကရင်နီပြည်က ဒေသကာကွယ်ရေးတပ်ဝင်ရောက်ကာ စစ်သင်တန်းတက်ရောက်ခဲ့ပြီး သင်တန်းပြီးတာနဲ့ အမျိုးသမီးထောက်ပို့စစ်သည်လုပ်နေတာ ယနေ့ထိဆိုရင် တစ်နှစ်ကျော်ရှိလာပြီဖြစ်တယ်။
ဒီကာလမှာ မဝါလေးဟာ ရှေ့တန်းစစ်မြေပြင်ကို နှစ်ကြိမ်တိုင်တိုင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ရေးလုပ်ခဲ့ပါသေးတယ်။
မဝါလေးက“တောထဲမှာ ငုတ်တုတ်နှစ်ညလောက်အိပ်ဖူးတယ်။ တောင်ပေါ်ကနေ ချော်ကျလို့ လက်ကျိုး၊ ခေါင်းပေါက်ဖူး တယ်။ အမှတ်တရတွေကတော့ အများကြီးပဲ။ အားလုံးကသည်းထိတ်ရင်ဖိုတွေ”လို့ ပြုံးရယ်ရင်း ပြောပြပါတယ်။
ပြီးခဲ့တဲ့မေလလောက်က ထောက်ပို့သွားရင်း မိုးအရမ်းကြီးတာကြောင့် သွားလို့မရတဲ့အတွက် တောထဲမှာဒီအတိုင်းနှစ်ည လောက် ငုတ်တုတ်အိပ်စက်ခဲ့ရတဲ့ဖြစ်စဉ်နဲ့လည်း မဝါလေးက ကြုံခဲ့ရပါသေးတယ်။
လက်ကျိုး၊ ခေါင်းပေါက်တာကတော့ တောလမ်းခရီးတစ်ခုမှာ အထုတ်တွေကို ထမ်းတက်ဖို့ခက်တာကြောင့် အပေါ်ကလူကဆွဲတင်၊ အောက်လူကပင့်ပေးပြီး သယ်ရင်းက အထုတ်ရော၊ လူပါတောင်အောက်ပြုတ်ကျခဲ့တာပါ။
ဒါ့အပြင် မဝါလေးက ထောက်ပို့အလုပ်တွေထဲမှာ အလှူရှင်ရှာရတဲ့အလုပ်က ရှေ့တန်းစစ်ထွက်တိုက်ရတာထက် ပိုခက်တယ်လို့ သူ့အမြင်ကို ပြောပြပါတယ်။
အကြောင်းကတော့ ဒေသကာကွယ်ရေးတပ်အများစုရဲ့ ရပ်တည်မှုဟာ အလှူရှင်တွေရဲ့ ထောက်ပံ့ပေးမှုနဲ့ ရပ်တည်နေရတာဖြစ်တယ်။ အလှူရှင်တွေပေးတဲ့လက်နက်၊ ရိက္ခာစတာတွေမရှိရင် စစ်သည်တွေအနေနဲ့ တိုက်ပွဲမဖော်နိုင်လို့ ဖြစ်ပါတယ်။
“လက်နက်၊ကျည် အလုံအလောက်မရှိတော့ ကျမတို့က တိုက်ပွဲသိပ်မဖော်နိုင်ဘူး။ အဲ့တော့အလှူရှင်တွေက အလုပ်မလုပ် ဘူးထင်ပြီး ကျမတို့ကိုမလှူကြဘူး။ အငိုသန်တဲ့ကလေး နို့ဝသလိုပေါ့။ ကိုယ့်အလုပ်ကိုချပြနိုင်သူက ထောက်ပံ့မှုပိုရတယ်။ ကျမတို့ကတော့ အခြေအနေအရ ဘာမှဖော်ပြလို့မရတော့ မရဘူးပေါ့”လို့ မဝါလေးက ဆိုပါတယ်။
အာဏာသိမ်းထားတဲ့ တစ်နှစ်တာကာလမှာတော့ အလှူရှင်တွေများလို့ ရိက္ခာကအစ စုဆောင်းနိုင်တဲ့အပြင် ခက်ခဲတဲ့ စစ်ရှောင်စခန်းတွေဆီတောင် လှူဒါန်းနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးကျဲ၊ မီးရှိုု့တာတွေ လုပ်လာတဲ့အခါ အလှူရှင်တွေများစွာလျော့ကျသွားတာဖြစ်တယ်။
“အခုနောက်ပိုင်းအလှူရှင်တွေလည်း စီးပွားရေးမဖြစ်တာနဲ့ ကုန်ဈေးနှုန်းတက်တာ၊ ရွာတွေမီးရှို့ခံရတာကြောင့် အရင်လို မလှူနိုင်ကြတော့ဘူး။ အစပိုင်းမှာတလသိန်း ၅၀ လောက်ရတယ်။ အခုတလလုံးမှ နှစ်သိန်းတောင်မပြည့်တော့ဘူး”လို့ မဝါလေးက ခက်ခဲလာတဲ့အခြေအနေတစ်ရပ်ကို ရှင်းပြပါတယ်။
အလားတူအခက်အခဲမျိုးစုံနဲ့ ကြုံနေရသူကတော့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ဒေသခုခံကာကွယ်ရေးတပ်တစ်ခုမှ အမျိုးသမီးထောက်ပို့စစ်သည် မဂရေ့စီပဲဖြစ်ပါတယ်။
သူက“ကျမတို့ဒေသက လမ်းတွေကမိုးတွင်းဆို အရမ်းဆိုးတာ။ ကျမထောက်ပို့ရင်း တောင်ပြိုလို့ တောထဲမှာစားစရာမရှိ၊ နေစရာမရှိနဲ့ ၅ ရက်လောက်နေရဖူးတယ်။ ရွံ့တွေထူလို့လည်း ၄ ရက်လောက်မနားမနေလမ်းလျှောက်သွားရတဲ့အခါလည်း ရှိတယ်။ တောင်ပြိုပြီး လူကသစ်ပင်မှာချိတ်ကျန်ခဲ့ဖူးတယ်”လို့ ပြောပါတယ်။
အသက် ၂၃ နှစ်သာရှိသေးတဲ့မဂရေ့စီဟာ စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေလိုက်ပါရင်း ဇွန်လလောက်မှာ လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်လာခဲ့သူဖြစ်ပါတယ်။ စစ်သင်တန်း ၃ လတာတက်ပြီးတဲ့နောက်မှာ သူတာဝန်ကျရာတပ်စခန်းမှာ ရှေ့တန်းထောက်ပို့ဝင်လုပ်ခဲ့ပါတယ်။
မဂရေ့စီက“စစ်ကြောင်းက ရှောင်လို့တိမ်းလို့ရတယ်။ သဘာဝအန္တရာယ်က ကြိုမမြင်နိုင်ဘူး။ အာ့ကြောင့် ကျမတို့တွေ နောက်ကျလို့ ရှေ့တန်းရဲဘော်တွေမှာ ခဏတိုင်းအစာငတ်ရတယ်။ နောက်ပိုင်းကျမတို့နောက်ကျရင် သူတို့ဘာသာသူတို့ ဖြေရှင်းနေတယ်”လို့ ရယ်ကျဲကျဲနဲ့ဆိုပါတယ်။
မဂရေ့စီလည်း မအိပိုးလိုပဲ အမျိုးသမီးတွေမှာ ကြုံရတတ်တဲ့ လစဉ်ရာသီသွေးဆင်းရာမှာ ရက်ရှည်လာတာနဲ့ ကိုက်ခဲခြင်း ဝေဒနာက သူရဲ့ထောက်ပို့အလုပ်ကို ကြီးမားတဲ့အဟန့်အတားတခုဖြစ်ခဲ့ပြန်တယ်။
“ကျမက သွေးတခါဆင်းရင် ၅ ရက်၊ တပတ်လောက်ကြာတတ်တယ်။ ကိုက်ခဲပြီဆိုရင်လည်း လူးလိမ့်နေအောင်ခံရတာ။ အဲ့ဒီရက်တွေဆိုထောက်ပို့မလုပ်ချင်ဘူး။ အတူသွားတဲ့ အမျိုးသားတွေလည်း အားနာတယ်။ ကိုယ်လည်းစိတ်မလုံခြုံတော့ အလုပ်မှာ အနှောင့်အယှက်ဖြစ်တာပေါ့”လို့ မဂရေ့က ပြောပါတယ်။
အခုလိုရှေ့တန်းစစ်မျက်နှာပြင်တွေကို ထောက်ပို့လုပ်နေရတဲ့ အမျိုးသမီးစစ်သည်တွေဟာ အသက်တွေရင်းကာလုပ်နေရ တယ်ဆိုပေမယ့် ဒါကိုတော်လှန်ရေးလို့ သဘောထားကာ ကြံကြံခံရင်ဆိုင်ရင်း အခက်အခဲတွေ ကျော်ဖြတ်နေကြပါတယ်။
ထောက်ပို့လုပ်တာမှာ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့မတူကြပါဘူး။ ဒါပေမဲ့ ထောက်ပို့လုပ်နေတဲ့သူ အများစုကတော့ အမျိုးသမီးတွေပဲဖြစ်ကြတယ်။ တချို့ကအလှူငွေခံတယ်။ တချို့ကပစ္စည်းလေးရောင်းရင်း လှူတယ်စသဖြင့် လုပ်နေတာလည်း ရှိပါတယ်။
ထောက်ပို့လုပ်ပေးပုံလုပ်ပေးနည်း မတူကြပေမယ့် အခက်အခဲနဲ့ စွန့်စားရမှုမှာတော့ ကိုယ်စီရှိကြမှာအမှန်ပါပဲ။
မအိပိုးကလည်“ထောက်ပို့က တော်လှန်ရေးအောင်မြင်းခြင်းရဲ့ အသက်သွေးကြောတစ်ခုပဲလေ။ ကျမတို့ကလည်း တော်လှန်ရေးလုပ်နေတာဆိုတော့ ဘယ်လိုအန္တရာယ်နဲ့ကြုံကြုံ ရင်ဆိုင်သွားမှာပါ”လို့ သူ့သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်ပါ တယ်။