Home ဆောင်းပါး အာဏာလွန်ဆွဲပွဲကြား တရားမျှတမှုရှာဖွေခြင်း

အာဏာလွန်ဆွဲပွဲကြား တရားမျှတမှုရှာဖွေခြင်း

သန့်ရှင်းထွန်း။ ။

အသက် ၂၃ နှစ်အရွယ် သူနာပြုဆရာမ ဒေါ်နွေးနွေးနှင်းသန့်ဟာ သူခံခဲ့ရတဲ့ မတရားမှုအတွက် တရားမျှတမှုရရှိဖို့ စောင့်နေခဲ့တာဟာ အခုဆိုရင် နှစ်လနီးပါးရှိပါပြီ။ သူခံခဲ့ရတဲ့ မတရားမှုအတွက် ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူပေးဖို့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်ထားပေမယ့် တရားမျှတမှုရဖို့အတွက်ကတော့ ရင်တမမဖြစ် နေရတယ်လို့ သူနာပြုဆရာမက ပြောပါတယ်။

ဒေါ်နွေးနွေးနှင်းသန့်ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စေတီတောင် တိုက်နယ်ဆေးရုံမှာ တာဝန်ကျနေတဲ့ သူနာပြုဆရာမတစ်ဦးဖြစ်ပြီးတော့ ပြီးခဲ့တဲ့ မေလ ၁၀ ရက် ညအချိန်က သူတာဝန်ကျရာ တိုက်နယ်ဆေးရုံက ဆရာဝန်၊ ဆရာဝန်ရဲ့ဇနီးနှင့် တပည့်တစ်ဦးတို့က သူနေတဲ့အဆောင်ထဲထိ ဝင်ရောက်ပြီးတော့ အုပ်စုဖွဲ့ရိုက်နှက်ခြင်းကို ခံရတာ ဖြစ်ပါတယ်။

“လက်တွေကို ဆွဲပြီးတော့ ရိုက်တယ်။ ဆံပင်ကိုဆွဲပြီးတော့လည်း ခေါင်းကိုအုတ်နံရံမှာ ဆောင့်ပါတယ်။ ခေါင်းကို ဆောင့်တာ ၁၅ ချက်၊ ၂၀ လောက်ရှိပါမယ်။ ကျမခေါင်းဟာထုံသွားပါတယ် အဲဒီအချိန်မှာ။ သတိလစ်မလိုဖြစ်သွားပါတယ်။ သတိမထားရင် သေသွားနိုင်တယ်” လို့ သူနာပြုဆရာမက ပြောပြပါတယ်။

အဲဒီလို အုပ်စုဖွဲ့ရိုက်နှက်ခံရချိန်မှာ တခြားလုပ်ဖော်ကိုင်ဖက်တွေ ရောက်လာတဲ့အတွက် အသက်မသေဘဲ လွတ်မြောက်ခဲ့တာလို့ သူကဆိုပါတယ်။ အုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရတဲ့ သူနာပြုဆရာမဟာ ဆေးခန်းပြ၊ ဦးခေါင်းကို ဓာတ်မှတ်ရိုက်တာတွေ ပြုလုပ်ခဲ့ရပါတယ်။

ဒါတင်မကသေးဘဲ စေတီတောင်တိုက်နယ် ဆရာဝန်ဟာ သူနာပြုဆရာမကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက် ည ၁၀ နာရီကလည်း ‘အတူတူအိပ်မလား၊ အိပ်သွားပြီလား’ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ စာတွေကို ဖုန်းမက်ဆေ့ချ် ကနေတဆင့် ပေးပို့ခဲ့တယ်လို့ သူနာပြုဆရာမက ပြောပါတယ်။ အဲဒီလို လုပ်တာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြခဲ့ပြီးတဲ့နောက်မှာ သူ့ကိုအုပ်စုဖွဲ့ရိုက်နှက်တာလို့ သူနာပြုဆရာမကပြောပါတယ်။

သူနာပြုဆရာမဟာ တရားမျှတမှုရရှိဖို့အတွက် ရဲစခန်းမှာတိုင်တန်းထားပေမယ့် ရဲစခန်းက တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးတာတွေ မလုပ်နိုင်သေးပါဘူး။ ယုံကြည်ရလောက်တဲ့ သတင်းတချို့ရဲ့အဆိုအရ တိုင်ကြားခံရသူတွေဟာ ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်ထားတဲ့ နေရာမှာရှိနေတဲ့အတွက် ရဲဘက်ကဖမ်းဖို့ လက်လှမ်းမမှီဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA)အနေနဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး လုပ်ငန်းတွေကို လက်ရှိစစ်ကောင်စီနဲ့ အပြိုင်ဆောင်ရွက်နေပါတယ်။

သာမာန်အားဖြင့်ကြည့်ရင် နစ်နာသူတွေဟာ တရားမျှတမှုရဖို့အတွက် ရက္ခိုင့်တပ်တော်(AA) ဒါမှမဟုတ် စစ်ကောင်စီကို တိုင်ကြားနိုင်ပေမယ့် အချို့သောအခြေအနေတွေမှာတော့ နှစ်ဘက်လုံးက အရေးမယူနိုင်ဘဲ ကြားမှတရားစီရင်ဖို့ ကင်းလွတ်နေကြတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီကြား အားပြိုင်မှုတွေထဲမှာ ပြည်သူတွေဟာ တရားမျှတမှုရရှိဖို့နဲ့ အမှန်ပေါ်ပေါက်ဖို့ဟာ ပိုပြီးခက်ခဲလာတာတွေ့ရတယ်လို့ ခရိုင်ဥပဒေအရာရှိဟောင်းတစ်ဦးဖြစ်တဲ့ ဦးကျော်ရွှေမောင်က ပြောပါတယ်။

သူနာပြုဆရာမ အခင်းဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာဟာ ရက္ခိုင့်တပ်တော်(AA)ရဲ့ ထိန်းချုပ်နယ်မြေတခုဖြစ်တဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ AA ထိန်းချုပ်ထားတဲ့ နယ်မြေထိ သွားရောက်ပြီး ဖမ်းဆီးတာတွေ မလုပ်ရဲကြဘူးလို့ သူနာပြုဆရာမရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောပါ တယ်။

ရက္ခိုင့်တပ်တော်(AA)ဟာ ရခိုင်ပြည်မှာ တရားစီရင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ AA ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက မီဒီယာတွေကို တရားဝင်ပြောထားပါတယ်။ ဦးခိုင်သုခရဲ့ ပြောစကားအရ AA ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် သုံးလတာကာလအတွင်းမှာ အမှုပေါင်း ၅၆၀၀ ကျော်ထဲက ၃၀၀၀ ခန့်ကို ဖြေရှင်းပေးခဲ့ပြီဖြစ် တယ်လို့ ဧပြီလ ၅ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ဘူးသီးတောင်မြို့နယ် စေတီတောင်တိုက်နယ်ဆေးရုံက သူနာပြုဆရာမရဲ့အမှုကတော့ AAဆီမှာ တိုင်တန်းခဲ့တာဟုတ်ဘူးလို့ ကာယကံရှင်က ဆိုပါတယ်။

သူနာပြုဆရာမဟာ တရားမျှတမှုရရှိဖို့အတွက် စစ်ကောင်စီအစိုးရ လက်အောက်ခံ ရဲစခန်းမှာ အမှုဖွင့်ထားသလို ရက္ခိုင့်တပ်တော်(AA)က ခေါ်ယူစစ်ဆေး တာတွေကိုလည်း ခံခဲ့ရပေမယ့် ရက္ခိုင့်တပ်တော်(AA)ဘက်က ဆောင်ရွက် ပေးတာကတော့ မထူးခြားဘူးလို့ပြောပါတယ်။

“အေအေကခေါ်စစ်တော့ အကုန်လုံးက ဆရာဝန်အသိတွေဖြစ်နေတယ်။ လိုရင်းကို မရောက်ဘူး” လို့ သူနာပြုဆရာမက ပြောပါတယ်။

ဒီကိစ္စနှင့်ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မေးမြန်းသင့်တာတွေကို မေးမြန်း စိစစ်လိုက်ပေမယ့် နှစ်ဦးနှစ်ဖက်ဟာ ကျန်းမာရေးဌာနက ဖြစ်တဲ့အတွက်ကြောင့် ဌာနတွင်းမှာပဲ ဖြေရှင်းမယ်ဆိုတဲ့ သူတို့ရဲ့ ရွေးချယ်မှုအပေါ်မှာ ဌာနဖက်ကို လွှဲပြောင်းပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူနာပြုဆရာမကတော့ ရက္ခိုင့်တပ်တော်(AA)က ခေါ်ယူစစ်ဆေးတဲ့အခါ ဦးခိုင်သုခပြောသလို ဌာနတွင်းမှာ ဖြေရှင်းမယ်ဆိုပြီး ပြောခဲ့တာမရှိဘူးလို့ ပြန်ပြောပါတယ်။

“အမှန်တရားပေါ်ပေါက်အောင် လုပ်ပေးပါ။ အမှန်တရားဘက်ကပဲ ရပ်တည်ပေးပါဆိုပြီးတော့ ပြောခဲ့တာပဲရှိပါတယ်” လို့ သူနာပြုဆရာမက ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)က ဆောင်ရွက်နေတဲ့ တရားစီရင်ရေးလုပ်ငန်းတွေမှာ မျက်နှာလိုက်တာ၊ အဂတိလိုက်စားတာ တွေရှိနေပြီးတော့ အမှုတွေကို ဆုံးဖြတ်တာအခါ သမာသမတ်မကျတာတွေရှိနေတယ်လို့ ကိုယ်တိုင်အမှုရင်ဆိုင်ခဲ့ရတဲ့ မြေပုံမြို့နယ်က ဒေါ်အိအိချောက ပြောပါတယ်။

ဒီကိစ္စနှင့် ပတ်သက်လို့လည်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက တရားစီရင်တဲ့အခါ အဂတိလိုက်စားမှုရှိတယ်လို့ တိုင်းတန်းခံထားရတဲ့ တရားရေးဝန်ထမ်းတွေကို ခုံရုံးဖွဲ့စစ်ဆေးနေပြီး AA အနေနဲ့ အဂတိလိုက်စားမှုကို လုံးဝခွင့်မလွှတ်ဘူးလို့ ဧပြီလ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီအစိုးရနှင့် ရက္ခိုင့်တပ်တော်(AA)ရဲ့ အာဏာအားပြိုင်မှုကြားမှာ တရားမျှတမှုနှင့် အမှန်တရားတွေဟာ ပျောက်ကွယ်လာတယ်လို့ ခရိုင်ဥပ‌ဒေအရာရှိဟောင်း ဦးကျော်ရွှေမောင်က သုံးသပ်ပါတယ်။

“ပြစ်မှုကျူးလွန်တဲ့သူတွေက AAဆီကို ထွက်ပြေးတယ်။ ဒါမှမဟုတ် AAထိန်းချုပ်ထားတဲ့ နယ်မြေမှာ သွားနေတယ်။ အဲလိုအခြေနေမျိုးမှာ ဒီကရဲတွေကလည်း လက်မတင်ရဲဘူး။ အမှုစွဲတင်ဖို့၊ အမှုဆုံးဖြတ်ဖို့က ခက်လာ တယ်”လို့ ၎င်းက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် စေတီတောင်တိုက်နယ်ဆေးရုံက သူနာပြုဆရာမ အမှုဟာ စစ်ကောင်စီအစိုးရနှင့် ရက္ခိုင့်တပ်တော် (AA)ရဲ့ အာဏာအားပြိုင်မှုကြားမှာ ညပ်နေတဲ့အမှုတခုဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

သူနာပြုဆရာမအမှုနှင့် ပတ်သက်ပြီး တရားမျှတမှုရရှိဖို့အတွက် ဥပဒေရှေ့မှောက်ကို အရင်ဆုံးရောက်ဖို့ အရေးကြီးတယ်လို့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌဒေါ်ညိုအေးက ပြောပါတယ်။

“ဘယ်ဘက်တရားရုံးပဲဖြစ်ဖြစ် အဓိကတရားရင်ဆိုင်ဖို့လာတဲ့သူတွေကို သိမ်မွေ့နက်နဲတဲ့ တရားဥပဒေအတိုင်း ကိုင်တွယ်နိုင်ဖို့ ကြိုးစားပေးဖို့လိုတယ်”လို့ ပြောပါတယ်။

သူနာပြုဆရာမဖြစ်စဉ်ဟာ အမျိုးသမီးအကြမ်းဖက်မှု၊ လုပ်ငန်းခွင်ထဲမှာ အထက်အရာရှိနှင့် အောက်ကဝန်ထမ်းဖြစ်တဲ့ ကိစ္စဖြစ်တာကြောင့် သေသေချာချာ ကိုင်တွယ်ဖြေရှင်းပေးရမယ်လို့ ရခိုင်လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

လက်ရှိမှာတော့ သူနာပြုဆရာအမှုကို ပုဒ်မသုံးခုဖြစ်တဲ့ ကာယအိန္ဒြေပျက်ပြားအောင် အကြံနဲ့လက်ရောက် ကျူးလွန်မှု ပြစ်မှုပုဒ်မ ၃၅၄၊ အိမ်ကျော်နင်းမှု ပြစ်မှုပုဒ်မ ၄၅၁၊ ဆဲဆိုမှု ပြစ်မှုပုဒ်မ ၂၉၄ တို့နှင့် ဘူးသီးတောင်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီးတော့ တရားစွဲတင်နိုင်ဖို့ ဥပဒေအကြံပေး တောင်းခံထားပြီးလို့ မြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်မြင့်သူက ပြောပါတယ်။

“ဥပဒေအကြံပေး တင်ထားပါတယ်ခင်ဗျ။ အဲဒီက ပြန်ကြားတဲ့အချိန် စောင့်ရမှာပေါ့”လို့ ဒုရဲမှူး ဇော်မြင့်သူက ပြောပါတယ်။

ရဲလုပ်ထုံးလုပ်နည်းအရ အမှုဖွင့်တာ၊ တရားစွဲဆိုတာတွေကို ဆောင်ရွက်နေပေမယ့် ပြစ်မှုကျူးလွန်သူတွေကိုတော့ ဖမ်းဆီးထားတာ၊ အာမခံနဲ့လွတ်ထားတာတွေမရှိဘဲ ဒီအတိုင်းလွတ်နေတာလို့ သူနာပြုဆရာမရဲ့ လုပ်ဖော်ကိုင်ဖက် တွေက ပြောပါတယ်။

ဒီကိစ္စနှင့် ပတ်သက်လို့ စေတီတောင်တိုက်နယ်ဆရာဝန်၊ ဆရာဝန်ဇနီးနှင့် တပည့်တို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစုံတရာ ပြန်လည်ဖြေကြားမှု မရှိခဲ့ပါဘူး။

လက်ရှိမှာ အုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရတဲ့ သူနာပြုဆရာ ဒေါ်နွေးနွေးနှင်းသန့်ကို စေတီတောင်တိုက်နယ်ဆေးရုံကနေ ဘူးသီးတောင် အကျဉ်းထောင်ဆေးခန်းမှာ တာဝန်ချထားတယ်လို့ သူကပြောပါတယ်။

ဒါပေမယ့် သူနာပြုဆရာမ အသုံးပြုတဲ့ လူမှုကွန်ယက်စာမျက်နှာ(ဖေ့စ်ဘုတ်) မက်ဆင်ဂျာကနေ အကောင့်တုတွေနဲ့ လာပြီး ဆဲဆိုမှုတွေကို ကြုံနေရသေးတယ်လို့ သူနာပြုဆရာမက ပြောပါတယ်။

စစ်ကောင်စီအစိုးရနှင့် ရက္ခိုင့်တပ်တော်(AA)ရဲ့ အားပြိုင်မှုကြားမှာ တရားမျှတမှုကို မရရှိခဲ့ရင် အနာဂတ်အတွက် မတွေးဝံ့စရာဖြစ်နေတယ်လို့ သူနာပြုဆရာမက အခုလိုပြောပါတယ်။

“ကျမခံခဲ့ရတာအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်မကျဘဲ လွတ်နေရင်တော့ နိုင်ထက်စီးနင်းလုပ်ချင်သူတွေကို အခွင့်အရေး ပိုပေးသလိုဖြစ်သွားမှာပါ”လို့ သူနာပြုဆရာက ပြောပါတယ်။

Author:

Related Articles