Honest Information။ ။
လက်ပစ်ဗုံး စနက်တံကိုဖြုတ်နေတာ မိနစ်အနည်းငယ်ရှိလာတော့ ယုယ(အမည်လွှဲ)တို့အဖွဲ့ဝင်တွေ ဇောချွေးပျံလာတယ်။ အရင်စစ်ဆင်ရေးတွေမှာ ချောချောမွေ့မွေ့ဖြစ်ခဲ့သလောက် ဒီတစ်ကြိမ်လှုပ်ရှားမှုမှာ အခက်အခဲဖြစ်နေတယ်။
သူတို့ရဲ့ပစ်မှတ်ကို လက်ပစ်ဗုံးအသုံးပြုတိုက်ခိုက်ရမှာဖြစ်ပြီး ဒါကိုပထမဆုံးကိုင်တွယ်ရတာဖြစ်တော့ အလွယ်တကူနဲ့ လုပ် ဆောင်မရဖြစ်နေတာပါ။
မိနစ်အနည်းငယ်အကြာမှာတော့ အဖွဲ့ဝင်တစ်ယောက်က လက်ပစ်ဗုံးစနက်တံဖြုတ်လို့ရသွားချိန် ပစ်မှတ်ဖြစ်တဲ့ ရပ်ကွက် ရုံးထဲကို သင်ကြားထားတဲ့အတိုင်း အလျင်အမြန်ပဲ လှမ်းပစ်ပြီး သူတို့အဖွဲ့ အားကုန်ပြန်ပြေးခဲ့ကြတယ်။
ပြေးလွှားရင်းပေါက်ကွဲသံကို နားစွင့်နေပေမယ့် တော်တော်ဝေးဝေးရောက်တဲ့အထိ ဘာပေါက်ကွဲသံမှမကြားတော့ စိတ်ထဲ ဇဝေဇဝါဖြစ်လာတယ်။ တော်တော်ဝေးဝေးပြေးခဲ့ပြီး ခိုလှုံရာနေရာကိုရောက်ပြီးတဲ့အထိ ပေါက်ကွဲသံကို ကြားရမလားလို့ တစ်ညလုံးနားထောင်နေပေမယ့် သူတို့ပစ်သွင်းခဲ့တဲ့ လက်ပစ်ဗုံးက မပေါက်ကွဲခဲ့ပါဘူး။
မြို့နယ်တစ်ခုကစစ်ကောင်စီတပ်ဖွဲ့တွေ ရှိတဲ့ရပ်ကွက်ရုံးကို မြို့ပြပျောက်ကြားစစ်ဆင်ရေးအနေနဲ့ လက်ဗစ်ဗုံးနဲ့ တိုက်ခိုက် ဖို့ ငွေကြေးရောအချိန်ရော ရင်းနှီးပြီး လုပ်ဆောင်ခဲ့ရပေမယ့် လက်ပစ်ဗုံးချွတ်ယွင်းမှုကြောင့် စစ်ဆင်ရေးကမအောင်မြင်ခဲ့ တာပါ။
” အဲ့ဒီတုန်းက တစ်ခါမှလက်ပစ်ဗုံးကိုမကိုင်ဖူးဘူး။ မြင်လည်းမမြင်ဖူးတဲ့ချိန်ဆိုတော့ လက်ထဲမှာ လေးစက္ကန့်လောက်ပဲ ထား ရမယ် ပစ်ပြီးပြေးဆိုတော့ အကုန်လုံးကလည်း ပစ်ပြီးပြေးတာပေါ့။ အဲ့ဒီအသံကို တစ်ညလုံးနားထောင်နေတာ၊ မိုးလင်းတဲ့ ထိ မပေါက်ဘူး” လို့ အမျိုးသမီးယူဂျီတစ်ဦးဖြစ်သူ ယုယက လွန်ခဲ့တဲ့လအနည်းငယ်က ဖြစ်စဉ်ကိုပြန်ပြောပါတယ်။
ယုယတို့အဖွဲ့က ဒလန်လို့ခေါ်တဲ့ စစ်ကောင်စီသတင်းပေးတွေကို ရှင်းလင်းတာ၊ ရပ်ကွက်ရုံးမီးရှို့တာ၊ ဖောက်ခွဲတာ၊ စစ် ကောင်စီဂိတ်တွေကို တိုက်ခိုက်တာစတဲ့ မြို့ပြပျောက်ကြားစစ် ဆင်နွှဲနေတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။
” ပစ္စည်းရကတည်းက အိပ်လို့တောင်မပျော်ပါဘူး၊ ထပေါက်မှာကြောက်လို့ တစ်ခါမှလည်း မကိုင်ဖူးဘူးလေ။ တကယ် လုပ်တော့ ကလစ်ကဖြုတ်မရတော့ဘူး”လို့ လက်ပစ်ဗုံး အသုံးပြုတိုက်ခိုက်ရစဉ်အကြောင်းကို ယုယက ပြန်ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို နည်းလမ်းမျိုးစုံနဲ့ တော်လှန်နေတဲ့သူတွေထဲ ယုယတို့လို မြို့ပြပျောက်ကြားစစ်ဆင်ရေးတွေ လုပ်ဆောင်နေတဲ့ မြေအောက်လှုပ်ရှားမှုအဖွဲ့(ယူဂျီ)တွေရဲ့ အခန်းကဏ္ဍကိုလည်းမေ့ထားလို့မရပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်ပတ်သက်သူတွေကို ထိပ်တိုက်ရင်ဆိုင်လို့ တိမ်းရှောင်ရမလွယ်ကူတဲ့ မြို့ပြမှာ လှုပ် ရှားနေတာဖြစ်တဲ့အတွက် ပိုပင်ပန်းခက်ခဲသလို၊ အဖမ်းဆီးခံရနိုင်ခြေ၊ အသက်ဆုံးရှုံးနိုင်ခြေအများဆုံးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့အခါမှာလည်း နာမည်ထုတ်ဖော်ဝမ်းနည်းဖို့ အခွင့်လည်းမရကြဘဲ လူမသိသူမသိ အသက် ပေးစွန့်လွှတ်နေကြရပါတယ်။
ဒီလိုခက်ခဲပင်ပန်းပြီး အန္တရာယ်တွေဝန်းရံနေတာကိုသိရှိပေမယ့် စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် အသက်အန္တရာယ် ကို မမူဘဲ စွန့်စားလုပ်ဆောင်ကြသူ ယူဂျီတွေ အများအပြားရှိနေပြီး ဒီထဲမှာ အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။
ဒီလိုအမျိုးသမီးတွေထဲ ယုယကလည်း တစ်ဦးအပါအဝင်ပါ။ ယုယက အာဏာသိမ်းပြီးနောက် ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်နေရင်း မြို့ပြပျောက်ကြားလှုပ်ရှားမှုတစ်ချို့မှာ ပါဝင်လုပ်ဆောင်ခဲ့တယ်။
ယုယတို့အဖွဲ့ဝင်တွေက မြို့ပြပျောက်ကြားစစ် လှုပ်ရှားမှုတွေလုပ်ဆောင်ဖို့ အွန်လိုင်းပေါ်ကနေလေ့လာတာ၊ လွတ်မြောက် နယ်မြေမှာ စစ်ပညာသင်ကြားလာသူတွေထံ ပညာပြန်သင်ယူပြီး လုပ်ဆောင်ကြတယ်လို့ဆိုပါတယ်။
မြို့ပြပျောက်ကြားစစ်ဆင်ရေးလုပ်ဆောင်ဖို့က လွယ်ကူတာတော့မဟုတ်ပါဘူး။ နေရာတစ်ခုဖြစ်စေ လူပုဂ္ဂိုလ်တစ်ဦးဖြစ်စေ ပစ်မှတ်ထားလုပ်ဆောင်တဲ့အခါ အရင်ဦးဆုံး ယင်းတို့နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို အချိန်ယူပြီး စုံစမ်းရသလို မြေပြင်အခြေအနေတွေကိုလည်း လေ့လာရပါတယ်။
အချက်အလက်တွေစုံလင်ပြီဆိုရင် စစ်ဆင်ရေးလုပ်ဆောင်ဖို့ပြင်ဆင်ပြီး သတ်မှတ်ထားတဲ့ အချိန်အတိအကျအတွင်း အကောင်အထည်ဖော် လုပ်ဆောင်ရတယ်။ တစ်ခါတစ်ရံမှာ အချိန်ယူစုံစမ်းထားပေမယ့် လုပ်ဆောင်မယ့်အချိန်မှ ပြည်သူ တွေနဲ့မလွတ်ကင်းတာ လုံခြုံရေးတင်းကျပ်တာတွေကြောင့် ဖျက်လိုက်ရတဲ့ စစ်ဆင်ရေးတွေလည်းရှိတယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးတွေ လုပ်ဆောင်ပြီးရင်လည်း မပြီးသေးပါဘူး။ အဖမ်းဆီးမခံရဖို့အရေးနေရာကနေ အမြန်တိမ်းရှောင်ရသလို ခိုလှုံရာနေရာတွေကနေလည်း ထပ်မံရွှေ့ပြောင်းရပါတယ်။ စစ်ဆင်ရေးအောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားရင်တောင် ကိုယ် လုပ်ခဲ့တယ်ဆိုတာကို အများပြည်သူသိအောင် ပြောဆိုလို့မရဘဲ လှိူ့ဝှက်ပြီး နေထိုင်ရတယ်လို့ ယုယကပြောပါတယ်။
” လုပ်ပြီးသွားရင်လည်း ကိုယ်နေတဲ့နေရာမှာ နေလို့လည်းမရတော့ဘူးပြေးရတယ်။ နေရာရှာရတယ်။ ဟိုနားအိပ် ဒီနား အိပ်လိုက်၊ ကိုယ်တစ်နေရာလုပ်လိုက်တယ်ဆို အဲ့နေရာကိုလိုက်ပတ်ရှာတော့ ကိုယ်ကြောင့် သူများတွေထိခိုက်မှာလည်း စိုးရိမ်ရတယ်။” လို့ယုယက ပြောပါတယ်။
ရပ်ကွက်ရုံးတွေမီးရှို့တာ၊ ပေါက်ကွဲမှုဖြစ်တာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပစ်ခတ်တာ ၊ ယင်းတို့ကို သတင်းပေးသူတွေ ရှင်းလင်းခံရတဲ့အခါ ပြည်သူတွေက ဝမ်းသာအားရပျော်ကြပေမယ့် စစ်ဆင်ရေးလုပ်ဆောင်ရတဲ့သူတွေမှာ အသက်နဲ့ရင်းပြီး လုပ်နေရတာပါ။
မြို့ပြပျောက်ကြားစစ်ဆင်နွှဲနေသူတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့ရင်ဆိုင်ရတဲ့အတွက် အချိန်မရွေးဖမ်းဆီးခံ ရနိုင် ပစ်ခံရနိုင်သလို စစ်ဆင်ရေးလုပ်ဆောင်စဉ် မတော်တဆဖြစ်ရပ်တွေကြောင့် အသက်ဆုံးရှုံးနိုင်ခြေလည်း ရှိတယ်လို့ ဆိုတယ်။
ဒီလို အန္တရာယ်တွေဝိုင်းနေတယ်ဆိုတာသိပေမယ့်လည်း စစ်ကောင်စီကိုတော်လှန်ဖို့၊ မြို့ပြလှုပ်ရှားမှုတွေ သွေးမအေးစေဖို့ မြို့ပြပျောက်ကြားစစ်ဆင်ရေးတွေ ရှိနေတာဖြစ်တယ်လို့ ယုယကဆိုပါတယ်။
ယုယတို့ မြို့ပျောက်ကြားစစ်ဆင်ရေးအဖွဲ့မှာ မိန်းကလေးဆိုလို့ သူတစ်ဦးတည်းပါဝင်ပေမယ့် စစ်ဆင်ရေးတွေမှာ အခက် အခဲမရှိ ပါဝင်လုပ်ဆောင်နိုင်တယ်လို့ ဆက်ပြောပါတယ်။ ဒါပေမယ့်အဖွဲ့က လုပ်ဆောင်သမျှ စစ်ဆင်ရေးတိုင်းတော့ ပါဝင် ရခြင်း မရှိဘူးလို့ဆိုတယ်။
စစ်ကောင်စီနဲ့ တိုက်ရိုက်ရင်ဆိုင်ရတာဖြစ်တဲ့အတွက် လျင်လျင်မြန်မြန်သွက်သွက်လက်လက်နဲ့ လုပ်ဆောင်ရသလို ကြောက်ရွံ့တာ တွေဝေတာမျိုးမရှိစေဖို့ လုပ်ဆောင်ပြီးရင်လည်း အမြန်တိမ်းရှောင်ရတဲ့အတွက် မိန်းကလေးတွေကို ငဲ့ညှာ လို့ ယောကျာ်းလေးတွေသာ လုပ်ဆောင်ကြတာများလို့ ယုယကဆက်ပြောတယ်။
” တချို့မစ်ရှင်တွေကျတော့ မိန်းကလေးတွေမပါရဘူး။ မခေါ်တာတွေလည်းရှိတယ်၊ ပြေးရလွှားရတာလည်း အခက်အခဲ ရှိတယ်၊ ကျန်ခဲ့ရင်လည်းမလွယ်ဘူးလေ။ တစ်ဖွဲ့လုံးအတွက်လည်းအန္တရာယ်များတယ်”လို့ ယုယက ပြောပါတယ်။
သူ့အနေနဲ့လည်း မြို့ပြစစ်ဆင်ရေးတွေမှာပါဝင်လုပ်ဆောင်နေရင်း ဖမ်းဆီးခံရမှာကိုတော့ စိုးရိမ်တယ်လို့ဆိုတယ်။ စစ်ကြော ရေးမှာ နှိပ်စက်ညှင်းပန်းတာတွေကြားသိထားတော့ ဖမ်းဆီးခံရပြီး စစ်ဆေးခံရမှာထက် အဖမ်းမခံဘဲ အသက်အသေခံ မယ်ဆိုတဲ့စိတ်ကို အမြဲ ပြင်ဆင်ထားရတယ်လို့ ဆိုပါတယ်။
” အဖမ်းခံလိုက်ရရင် စစ်ကြောရေးမှာ ဘယ်လိုစစ်ခံရမယ်ဆိုတဲ့ စိတ်တော့ဖြစ်တယ်။ အဖမ်းတော့မခံဘူး။ တစ်ခုခုဖြစ်ရင် သက်သေလိုက်တော့မယ်လို့တွေးထားတယ်”လို့ ယုယကဆက်ပြောပါတယ်။
ယုယက မြို့ပြစစ်ဆင်ရေး ရှစ်ခုလောက်ပါဝင်လုပ်ဆောင်ခဲ့ပြီး မြို့နယ်တစ်ခုက ရပ်ကွက်ရုံးကို လက်ပစ်ဗုံးပစ်တဲ့ လှုပ်ရှားမှု မအောင်မြင်ခဲ့တဲ့အတွက် ဖောက်ခွဲရေးပညာကို သေချာသင်ကြားဖို့လိုတာကြောင့် စစ်ပညာတွေသင်ယူဖို့ လွတ်မြောက် နယ်မြေကို သွားရောက်ခဲ့တယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဆီမှာ စစ်ပညာ၊ ဖောက်ခွဲရေးပညာတွေသင်ပြီးနောက် မြို့ပြပျောက်ကြား စစ်ဆင်ရေးတွေဆက်လုပ်ဖို့ မြို့ပေါ်ပြန်လာချိန် လမ်းတစ်ဝက်မှာပဲ မြို့ပေါ်မှာရှိတဲ့အဖွဲ့ထဲက ယူဂျီတစ်ချို့အဖမ်းဆီးခံရတဲ့ အတွက် တောထဲပြန်ရောက်လာပြီး လက်ရှိမှာ လွတ်မြောက်နယ်မြေမှာပဲ တော်လှန်ရေးတွေဆက်လုပ်နေတယ်လို့ ယုယ က ဆက်ပြောပါတယ်။
ယုယလိုပဲ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ စိတ်ပိုင်းဖြတ်ပြီး အန္တရာယ်များတဲ့ ယူဂျီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ သူတစ်ဦးကတော့ ဇူဇူး(အမည်လွှဲ)ပါ။
ဇူဇူးကအာဏာသိမ်းပြီးနောက် ဆန္ဒပြလှုပ်ရှားမှုတွေ၊ ပျောက်ကြားသပိတ်တွေနဲ့ မြို့ပြပျောက်ကြားလှုပ်ရှားမှုတွေမှာ အခြား သော အဖွဲ့ဝင်တွေနဲ့အတူပါဝင်ခဲ့ပါတယ်။
ရန်ကုန်ကပျောက်ကြားသပိတ်တွေမှာပါဝင်ရင်း ယူဂျီလှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အချိန်တွေက သူ့အတွက် စိုးရိမ် ထိတ်လန့်စိတ်တွေနဲ့ ဖြတ်သန်းရတဲ့နေ့တွေပဲလို့ ဆိုပါတယ်။
ပျောက်ကြားသပိတ်တွေ မြို့ပြလှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်နေရင်း အဖမ်းအဆီးခံရမလား၊ ဘယ်အချိန်မှာများ နေထိုင်ရာနေရာကို ရောက်လာပြီး ဖမ်းဆီးသွားမလဲ၊ ကိုယ့်နဲ့ပတ်သတ်ပြီး မိသားစုဝင်တွေကိုလာရှာမလား၊ ကိုယ့်အဖွဲ့ဝင် တွေများဖမ်းဆီးခံရမလားဆိုတာကို အမြဲတစေ စိုးရိမ်ပူပန်နေရတယ်လို့ ဆိုတယ်။
” ရန်ကုန်မှာနေရတာက စိုးရိမ်မှုတွေနဲ့နေနေရတယ်။ နေ့တိုင်းထမင်းမစားနိုင်ဟင်းမစားနိုင် စိုးရိမ်တကြီးနဲ့နေနေရတာ ” လို့ ဇူဇူးကပြောပါတယ်။
ဇူဇူးက ပျောက်ကြားသပိတ်တော်တော်များများနဲ့ ရပ်ကွက်ရုံးမီးရှို့တဲ့ လှုပ်ရှားမှုတွေမှာပါဝင် လုပ်ဆောင်ခဲ့ပြီး မအောင်မြင် တဲ့ စစ်ဆင်ရေးတွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပျောက်ကြားသပိတ်လုပ်ရင်း ဖမ်းဆီးခံလိုက်ရသူတွေ၊ မြို့ပြ စစ်ဆင်ရေး လုပ်ဆောင်ရင်း ဖမ်းဆီးခံလိုက်ရတဲ့သူတွေလည်းရှိပြီး ဒီလိုအဖြစ်တွေကြုံတိုင်း စိတ်ထိခိုက်ခံစားခဲ့ရတယ်လို့ ဆက်ပြောပါတယ်။
ယူဂျီတစ်ဦးအဖြစ် နေထိုင်လှုပ်ရှားစဉ်က ကြုံတွေ့ရတဲ့အဖြစ်အပျက်ကလည်း ယနေ့အထိ စိတ်ထဲစွဲနေတုန်းပဲလို့ ဆိုတယ်။ မြို့ပြစစ်ဆင်ရေးတစ်ခုအဖြစ် အဖွဲ့ဝင်တစ်ချို့က မြို့နယ်တစ်ခုမှာ ဒလန်ရှင်းလင်းရေးလုပ်ခဲ့စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကလည်း ရပ်ကွက်တွေကိုပိတ်ဆို့ပြီး ဒလန်ရှင်းလင်းခဲ့သူတွေကို လိုက်လံရှာဖွေခဲ့တဲ့အခါ ဇူးဇူးတို့ကလည်း အာရုံလွှဲတဲ့ အနေနဲ့ လမ်းထိပ်တစ်နေရာမှာ တာယာတွေစုပုံပြီး မီးရှို့ခဲ့တယ်။
မီးရှို့နေစဉ် လက်ကိုမီးဟပ်သွားတာကြောင့် ဒဏ်ရာနဲ့ပဲနေထိုင်ရာနေရာကို ပြန်ခဲ့တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တာယာကွင်းတွေမီးရှို့တဲ့ ဇူဇူးတို့အဖွဲ့တွေကို လိုက်လံရှာဖွေပြီး နေအိမ်တစ်ခုက CCTVမှာ သူတို့မျက်နှာတွေ ပေါ်နေတာ ကြောင့် နယ်ကို တိမ်းရှောင်ခဲ့ကြတယ်။
” ယောကျာ်းလေးတွေမီးရှို့နေတာကို စိတ်မရှည်ဘဲနဲ့ ပေး ငါရှို့မယ်ဆိုပြီးတော့ ဝင်ရှို့တဲ့အချိန်၊ လေတိုက်တဲ့အချိန်နဲ့ ကွက် တိဖြစ်ပြီး၊ ဝုန်းဆိုပြီးထလောင်တာ လက်တွေခြေထောက်တွေကို မီးဟပ်တာလည်ပင်းရော၊ အမာရွတ် အခုထိ ရှိတုန်း” လို့ ဇူဇူးကပြောတယ်။
နယ်မှာ တိမ်းရှောင်နေထိုင်ပြီး လက်ကမီးလောင်ဒဏ်ရာကို ကုသနေတာကနေသက်သာလို့ မြို့ပေါ်ကို ပြန်ရောက်လာ ပေမယ့်လည်း လုံခြုံရေးတင်းကြပ်တာတွေကြောင့် မြို့ပြမှာ လုပ်ဆောင်ရခက်ခဲလာတဲ့အတွက် လွတ်မြောက်နယ်မြေကို သွားရောက်ပြီးစစ်ပညာသင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
” ရန်ကုန်ပြန်ရောက်လာပြီး ဒီမှာနေလည်းဘာမှလုပ်လို့မရဘူးဆိုတော့၊ အခြေအနေမကောင်း၊ အိမ်မှာနေလည်း စိတ်မချ ဖြစ်နေတော့ တောထဲသွားဖို့ဆုံးဖြတ်ပြီး တောထဲရောက်လာတယ်၊”လို့ ဇူဇူးကပြောပါတယ်။
လွတ်မြောက်နယ်မြေက တိုင်းရင်းသားအဖွဲ့အစည်းတွေဆီခိုလှုံပြီး စစ်ပညာသင်ကြားရာမှာ အနေအထိုင်အစားအသောက် ဆင်းရဲပြီး လေ့ကျင့်ရေးတွေကပင်ပန်းပေမယ့် ရန်ကုန်မှာ နေထိုင်လှုပ်ရှားရတာထက် ပိုလုံခြုံတယ်လို့ ဇူဇူးကပြောပါတယ်။
” တောထဲမှာကျတော့ EAO တွေရဲ့လက်အောက်မှာဆိုတော့ ကိုယ့်ကိုကိုယ်လုံခြုံတယ်ထင်ရတယ်။ ပို Safe ဖြစ်တယ်၊ ရှေ့တန်းသွားတဲ့ ရဲဘော်တွေကိုဆိုရင်လည်း EAO တွေက ဂရုစိုက်တယ်။ မသိတာတွေဆိုရင်လည်း သင်ပေးတယ်။ စိတ်ဓာတ်ကျရင်လည်း စိတ်ဓာတ်မကျဖို့တွေအားပေးတယ်။ “လို့ ဇူဇူးကပြောတယ်။
လက်ရှိမှာတော့အာဏာရှင်ကို ဆက်တော်လှန်ဖို့စစ်ကောင်စီနဲ့တိုက်ပွဲတွေမှာ ပါဝင်နေတယ်လို့ ဆက်ပြောပါတယ်။
အာဏာသိမ်းပြီးနောက် ပြည်သူလူထုတစ်ရပ်လုံးက တော်လှန်ရေးအောင်မြင်ဖို့အတွက် နိုင်တဲ့နေရာနေ ဝိုင်းဝန်းပြီးတက် တက်ကြွကြွပါဝင်ခဲ့ကြပေမယ့် ကာလတစ်ခုကြာလာတဲ့အခါ မြို့ပြက လူတစ်ချို့ကလည်း သွေးအေးလာကြတယ်။
ဒါ့အပြင်စစ်ကောင်စီကိုနည်းအမျိုးမျိုးနဲ့ ဆန္ဒပြဆန့်ကျင်သူတွေ၊ လက်နက်ကိုင် တိုက်ခိုက်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်လာတာကြောင့် တော်လှန်ရေးလုပ်ဆောင်နေတဲ့ သူတွေတော်တော်များများ ဖမ်းဆီးခံရ ပစ်သတ်ခံရတာတွေလည်း အများအပြားရှိသလို အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးကို စွန့်ခွာလာသူတွေလည်း ရှိလာကြပါတယ်။
စစ်ကောင်စီကို ဆက်တော်လှန်ဖို့နဲ့ ပြည်သူတွေသွေးမအေးစေဖို့ မြို့ပြလှုပ်ရှားမှုတွေ ရှိဖို့လိုအပ်တာကြောင့် ရပ်ကွက်ရုံး တွေမီးရှို့တာ၊ စစ်ကောင်စီဂိတ်တွေ၊ ရုံးတွေကိုဖောက်ခွဲတာ၊ ဒလန်လို့ခေါ်တဲ့ စစ်ကောင်စီသတင်းပေးတွေကို ရှင်းလင်းတာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိပ်တိုက်ရင်ဆိုင်တာစတဲ့ မြို့ပြပျောက်ကြား စစ်ဆင်ရေးတွေကို အန္တရာယ်ကြားကနေ ဆက်လုပ်ဆောင်နေတာဖြစ်တယ်လို့ မြို့ပြပျောက်ကြားလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ ယူဂျီတစ်ဦးဖြစ်သူ မောင်စိုးအေး (အမည်လွှဲ)ကပြောပါတယ်။
” ယူဂျီလုပ်ငန်းတွေက အရမ်းအန္တရာယ်များတယ်၊ တော်တော်လေးလည်း ပါသွားကြပေမယ့် ကျန်တဲ့ယူဂျီတွေက ဆက် လုပ်နေကြပါတယ်။ မိန်းကလေးတွေလုပ်တာတော့ တော်တော်နည်းပါတယ်၊ အဓိက ကအန္တရာယ်များလို့ ဒါပေမယ့် လုပ် နေတဲ့ အမျိုးသမီးတွေလည်းရှိပါတယ်။ အဖမ်းခံထားရတဲ့ အမတွေလည်းရှိတယ်” လို့ယင်းက ဆက်ပြောတယ်။
ယူဂျီတွေက အခွင့်မသာဘဲ ဖျက်သိမ်းလိုက်ရတဲ့ စစ်ဆင်ရေးတွေလည်းရှိပြီး အဲ့ဒီအခါမျိုးဆို အချိန်ရောငွေပါ အလဟသ ဖြစ်ရတယ်လို့ဆိုတယ်။
” လူတွေက ပွဲကတယ်ဆိုရင်ပျော်ကြတာ၊ အဲ့ဒီနောက်မှာ ပေးဆပ်ရတာတွေ နောက်ကအများကြီးပဲ၊ တော်တော်အန္တရာယ် များတယ်”လို့ ဆက်ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပေမယ့် တခါတရံ ပြည်သူတွေထိတဲ့အခါ စိတ်ထိခိုက်ရဆုံးပဲလို့ဆိုပြီး အဲ့ဒီအတွက်ကြောင့်လည်း စစ်ကောင်စီတွေနဲ့ နီးစပ်တဲ့နေရာမှာ မနေကြဖို့နဲ့ CCTVတွေ ဖြုတ်ထားဖို့ တောင်းဆိုတဲ့ ယူဂျီ အဖွဲ့တွေရဲ့ပန်ကြားချက်တွေကို လိုက်နာပေးစေချင်တယ်လို့ ပြောပါတယ်။
တိုင်းရင်းသားနယ်မြေဒေသတွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကိုင်ပြီး စစ်ကောင်စီကိုတော်လှန်နေသလို ရန်ကုန်၊မန္တလေးစတဲ့ မြို့ကြီးတွေမှာလည်း မြို့ပြပျောက်ကြား စစ်ဆင် ရေးတွေ ဆင်နွှဲပြီး စစ်ကောင်စီကို တော်လှန်နေတာပါ။
မြို့ပြမှာ မကြာခဏဒလန်ရှင်းခံရတဲ့သတင်းတွေ၊ စစ်ကောင်စီဂိတ်တွေစခန်းတွေ ဖောက်ခွဲပစ်ခတ်ခံရတာတွေ ရထားပေါ် က ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့ဖြစ်စဉ်တွေ၊ ဗားကရာမီးပွိုင့်က စစ်ကောင်စီဂိတ်ကို သေနတ်နဲ့ပစ်ခတ်တာတွေက မြို့ပြပျောက်ကြားစစ်ဆင်ရေးမှာ အရှိန်အဟုန်မြှင့်ခဲ့တဲ့ စစ်ဆင်ရေးတွေပါ။
ဒီလိုအရှိန်ကောင်းခဲ့တဲ့ ပျောက်ကြားစစ်ဆင်ရေးတွေက အောက်တိုဘာနဲ့နိုဝင်ဘာက ၈၈မျိုးဆက်ကျောင်းသား ခေါင်း ဆောင် ကိုဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းကိုဖြိုးဇေယျာသော်တို့ကို လက်နက်အများအပြားနဲ့ ဖမ်းဆီးရမိပြီး နောက်ဆက်တွဲအဖြစ် ယူဂျီ ၃၀၀ နီးပါးအဖမ်းခံခဲ့ရပြီးနောက် မြို့ပြစစ်ဆင်ရေးတွေ အရှိန်အဟုန်လျော့သွားခဲ့ရတယ်။
ယူဂျီတော်တော်များများဖမ်းဆီးခံရပြီး စစ်ဆင်ရေးတွေလျော့နည်းလာပေမယ့် ကျန်ခဲ့တဲ့ယူဂျီတွေကတော့ အခက်အခဲတွေ ကြားကနေ မြို့ပြ ပျောက်ကြားစစ်ဆင်ရေးတွေ လုပ်ဆောင်နေဆဲလို့ ယင်းတို့ကပြောပါတယ်။
ဒါ့အပြင် မြို့ပြလှုပ်ရှားမှုလုပ်ဆောင်သူတွေအတွက် ထောက်ပံ့မှုနည်းပါးပြီး လမ်းကြောင်းအခြေအနေတွေ တင်းကြပ်တာ ကြောင့် စစ်ဆင်ရေးမှာ အသုံးပြုမဲ့ပစ္စည်းပစ္စယတွေ မသယ်ဆောင်နိုင်တာ၊ မြို့ပြယူဂျီတွေ အများအပြားဖမ်းဆီးခံရတာ၊ ကျန်နေတဲ့ ယူဂျီတွေကလည်း တောထဲပြန်ရောက်လာတဲ့အတွက် မြို့ပြလှုပ်ရှားမှုတွေ နည်းလာတာလို့ ဆိုကြပါတယ်။
” တခုခုဆို ပြေးပေါက်မရှိဘူး။ တောထဲမှာလိုမျိုး လွတ်လွတ်လပ်လပ်လည်းလုပ်လို့မရဘူး။ supportingလည်း နည်းတာ ပေါ့၊ တောထဲက လူကပုံတင်ပြီး အလှူခံလို့ရပေမယ့်သူတို့ကျတော့ တင်ပြီး အလှူခံလို့မရတော့ နောက်ပိုင်းသူတို့လည်း တောခိုလာကြတယ်။” လို့ ယုယကပြောပါတယ်။
မြို့ပြပျောက်ကြားစစ်ဆင်ရေးလုပ်ဆောင်သူတွေ ဖမ်းဆီးခံရသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေ၊ အခက်အခဲ အန္တရာယ်တွေရှိနေ ပေမယ့်လည်း မြို့ပြစစ်ဆင်ရေးတွေကိုတော့ အဖွဲ့တွေချိတ်ဆက်ပြီး ဆက်လက်လုပ်ဆောင်နေကြတယ်လို့ ဆိုတယ်။
ရန်ကုန်တိုင်းအတွင်းမှာ ၂၀၂၁ စက်တင်ဘာကနေ၂၀၂၂ ဧပြီလအထိခုနှစ်လအတွင်း စစ်ကောင်စီ၊ယင်းတို့နဲ့ ဆက်စပ်တဲ့ ပစ်မှတ်ပေါင်း ၁,၁၂၈ခုကို တိုက်ခိုက်ခဲ့ပြီးပျံလွှားအောင် ၊ နန်းထိုက်အောင်စစ်ဆင်ရေး အမည်တွေနဲ့ တိုက်ခိုက်ဆောင် ရွက်နေတယ်လို့ ရန်ကုန်မြို့ပြစစ်ဆင်ရေးအဖွဲ့တွေက ကြေငြာထားပါတယ်။
မြို့ပေါ်မှာ ကျန်ရှိနေသေးတဲ့ ယူဂျီတွေကတော့ အခက်အခဲတွေကြားကနေ ပျောက်ကြားသပိတ်တွေ၊ မြို့ပြစစ်ဆင်ရေး တွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် ကူညီထောက်ပံ့ပေးဖို့ လိုတယ်လို့ ယင်းတို့က ဆိုပါတယ်။
ယုယကတော့ ” တောထဲမှာ အဖွဲ့အစည်းတွေကို မှီခိုပြီးအားကိုးနေရပေမယ့် သူတို့ကျတော့ ဘယ်သူ့အားကိုးမှလည်း မရှိဘူး။ တစ်ကိုယ်တော်ပဲပေါ့။ မြို့ပေါ်မှာ သတ္တိရှိရှိနဲ့လုပ်ရဲတယ်ဆိုတော့ လေးလည်းလေးစားတယ် ဂုဏ်လည်းယူတယ်” လို့ ဆိုပါတယ်။