သန့်ရှင်းထွန်း။ ။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ပြင်းထန်သည့်တိုက်ပွဲများဆီမှ သေနတ်သံများက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စပါးထားကျေးရွာဆီသို့ နီးကပ်သည်ထက် နီးကပ်လာခဲ့သည်။
ရွာသူရွာသားတို့က အသက်ဘေးမှ လွတ်ကင်းရန်အတွက် အနီးအနားရှိ စေတီတောင်ကျေးရွာမှ စာသင်ကျောင်းဆီသို့ ပြေးကြရန် ပြင်ဆင်နေကြရသည်။
နေအိမ်မှစစ်ရှောင်စခန်းဆီသို့ အသက်လုထွက်ပြေးခဲ့ချိန်မှာ အခြားသောရွာသူရွာသားတို့က အဖိုးတန်ပစ္စည်းများကို ကိုယ်နှင့်တပါတည်း ယူလာခဲ့ကြသော်လည်း မလှမြတ်သူကတော့ ဘောလုံးတစ်လုံးကိုပိုက်ရင်း အားကစားဝတ်စုံ တချို့နှင့်အတူ စစ်ဘေးရှောင်စခန်းဆီ ထွက်လာခဲ့သည်။
ဘောလုံးကန်သည့်ဝါသနာကို စွဲလမ်းလွန်းလှသည့် မလှမြတ်သူအဖို့ကတော့ ရွာမှာနေထိုင်ခဲ့စဉ်ကတည်းက ပတ်ဝန်းကျင်တချို့၏ ဝေဖန်ပြောဆိုမှုတချို့ကို ခံထားရသော်လည်း ဘောလုံးနှင့် အားကစားဝတ်စုံကို မစွန့်လွတ်ဘဲ သွားရောက်သည့် နေရာတိုင်းသို့ ယူဆောင်သွားသည်မှာ အလေ့အကျင့်တခု ဖြစ်နေခဲ့သည်။
မလှမြတ်သူကတော့ ပတ်ဝန်းကျင်က ဝေဖန်မှုများရှိနေသော်လည်း ဂရုမစိုက်ဘဲ သူ့အိမ်မက်ဖြစ်သည့် အောင်မြင်သည့် ဘောလုံးသမား တစ်ယောက်ဖြစ်ရန်ကိုသာ စိတ်ပြင်းပြနေခဲ့သည်။ ဇာတိချက်မြှပ်အရပ်မှ စစ်ရှောင်စခန်းဆီ ပြောင်းခဲ့ရသော်လည်း သူ့အိမ်မက်များက မပြောင်းလဲခဲ့။
စစ်ပြေးခဲ့ရပြီး သုံးနှစ်နီးပါးအကြာ သူအသက် ၁၉ နှစ်အရွယ် ၂၀၂၂ တွင်တော့ မလှမြတ်သူ၏ အိမ်မက်များက အမှန်တကယ်ဖြစ်လာခဲ့သည်။ သူပါဝင်သည့် ရခိုင်ပြည်နယ် အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းသည် အသက်(၂၅) နှစ်အောက် တိုင်းဒေသကြီး/ပြည်နယ်ပေါင်းစုံပြိုင်ပွဲတွင် ပြိုင်ဘက်အားလုံးကို အနိုင်ယူပြီး ချန်ပီယံဖြစ်လာခဲ့သည်။
အဆိုပါဆုဖလားက ရခိုင်ပြည်နယ်အတွက် အမျိုးသမီးဘောလုံးအသင်းတစ်သင်းက ပထမဆုံးရယူပေးသည့် ဆုဖလားလည်းဖြစ်သည်။
“ကျေးလက်ဒေသတွေမှာ မိန်းကလေးတွေ ဘောလုံးကန်တော့ ပတ်ဝန်းကျင်လူတချို့က ဝေဖန်အပြစ်တင်ကြတယ်။ ဒါပေမယ့် ကျမသမီး ဝါသနာအတွက် မိသားစုအားလုံးက ပံ့ပိုးပေးခဲ့တယ်” ဟု မိခင်က သမီးဖြစ်သူအတွက် အထောက်အပံ့ပေးခဲ့ပုံကို ပြောပြသည်။
မလှမြတ်သူ၏ ဘောလုံးသမားဘဝအစက လွန်ခဲ့သည့်ခြောက်နှစ်ခန့်ကဖြစ်ပြီး အသက် ၁၃ နှစ် အရွယ်တွင် သူကျောင်းတက်သည့် စပါးထားကျေးရွာ အခြေခံပညာကျောင်းမှ တိုင်းနှင့် ပြည်နယ်အဆင့် ကျောင်းသားအားကစားပွဲတွင် ပထမဆုံးကစားခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
“၂၀၁၃-၁၄ လောက်ကစပြီးတော့ ကျောင်းသားပွဲမှာ အရွေးခံရပြီးတော့ ရန်ကုန်မှာ သွားကစားခဲ့ရတယ်” ဟု မလှမြတ်သူ ကဆိုသည်။
ယင်းနောက် စပါးထားကျေးရွာတွင် မိသားစုနှင့်အတူ နေထိုင်းရင်း ဘောလုံးကစားခြင်းကို အိမ်အနီးရှိ ကျေးရွာ ဘောလုံးကွင်းတွင် လေ့ကျင့်နေခဲ့သည်ဟု ပြောသည်။ ထို့နောက် ၂၀၁၉ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စေတီတောင် ကျေးရွာရှိ အထက(ခွဲ)ကျောင်း စစ်ဘေးရှောင်စခန်းသို့ ထွက်ပြေးခဲ့ရသည်။
မလှမြတ်သူသည် စေတီတောင် စစ်ဘေးရှောင်စခန်းတွင်လည်း ဘောလုံးလေ့ကျင့်ခြင်းကို မရပ်နားခဲ့ဘဲ ကျောင်းရှိ ဘောလုံးကွင်းတွင် ဆက်လက်လေ့ကျင့်နေခဲ့သည်ဟု ဆိုသည်။
“တိုက်ပွဲကြောင့် ထွက်ပြေးရတော့ ညီမစိုးရိမ်တာတခုပဲရှိတယ်။ အဲဒါက ဘောလုံးလေ့ကျင့်ဖို့အတွက် ကွင်းမရှိမှာကိုပဲ။ ဒါပေမယ့် ကံကောင်းတာက စစ်ဘေးရှောင်စခန်းက စာသင်ကျောင်းကွင်းထဲမှာဆိုတော့ ကျောင်းကဘောလုံးကွင်းက ညီမရဲ့ အားကစားကွင်းဖြစ်နေခဲ့တယ်”ဟု မလှမြတ်သူက ရယ်ရယ်မောမော ပြောသည်။
ထိုသို့ စစ်ဘေးရှောင်စခန်းတွင် လေ့ကျင့်နေရင်း ၎င်းငယ်စဉ်က ဘူးသီးတောင်မြို့ရှိ ကျောင်းသားအားကစားပွဲတွင် ကစားခွင့်ရရှိအောင် စီစဉ်ပေးခဲ့သည့် မလှမြတ်သူ၏ ဆရာမက ထပ်မံ၍ အချိတ်အဆက် ပြုပေးသည့်အတွက် ဘောလုံးကစားခွင့်ကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောပြသည်။
“ညီမမှာ ဘူးသီးတောင်မြို့မှာ ဆရာမတစ်ဦးရှိတယ်။ အဲဆရာမကပဲ ချိတ်ပေးတာပါ။ ၂၀၂၀ မှာလည်း တစ်ကြိမ် ကစားခဲ့ သေးတယ်။ ပြည်နယ်နှင့် တိုင်းပွဲ”ဟု စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရသော်လည်း ဘောလုံးကစား ခွင့်ရရှိရန် အချိတ်အဆက် ရရှိခဲ့ပုံကို ပြောပြသည်။
အမျိုးသမီးငယ်တစ်ဦးအနေဖြင့် ဘောလုံးကစားခွင့်ရရှိဖို့အတွက် အခက်အခဲနှင့် စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရပြီး အခက်ခဲဆုံးစိန်ခေါ်မှုမှာ ရွာရှိပတ်ဝန်းကျင်များ၏ ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု မလှမြတ်သူက ပြောသည်။
သို့သော်လည်း မိသားစုဆယ်ဦးရှိသော မလှမြတ်သူမှာ သူ၏ စိန်ခေါ်မှုများကို မိသားစုများ၏ ဝိုင်းဝန်းဖေးမမှုဖြင့်ပင် ကျော်ဖြတ်ခဲ့သည်ဟု ပြောသည်။ မလှမြတ်သူတွင် အစ်ကိုသုံးဦး၊ အစ်မနှစ်ဦး၊ မောင်ငယ်တစ်ဦးနှင့် ညီမငယ်တစ်ဦး ရှိပြီး မိဘနှစ်ပါးအပါအဝင် စုစုပေါင်း မိသားစု ဆယ်ဦးရှိပြီး မလှမြတ်သူသည် ခြောက်ယောက်မြောက် သမီးဖြစ်သည်။
“အခက်ခဲတွေ စိန်ခေါ်မှုတွေက အများကြီးရှိပါတယ်။ မိသားစုတွေကတော့ အကုန်လုံး အားပေးပါတယ်။ အဖေနဲ့ အမေကလည်း ဘောလုံးဝါသနာအိုးတွေလေ။ ဒါပေမယ့် ပတ်ဝန်းကျင်ကတော့ ဝေဖန်တာတွေရှိတယ်။ တခါတလေ ဘောလုံးကန်ချင်ရင် မိန်းကလေးတွေက မကန်ရ။ ယောကျ်ားလေးတွေနဲ့ တူတူသွားကန်ဖို့သွားလို့ရှိရင် မပါဝင်ရ တာတွေရှိတယ်။ ကျောင်းသားပွဲတုန်းကလည်း ရွေးချယ်ခံရပြီးမှ ပြန်ပြီးဖြုတ်ချခံခဲ့ရတာတွေရှိတယ်”ဟု ပြောပြသည်။
ယင်းသို့ ပတ်ဝန်းကျင်၏ ဝေဖန်မှုကြောင့် မလှမြတ်သူ၏ မိဘနှစ်ပါးမှာ သမီးဖြစ်သူကို အားပေးသည့်အနေဖြင့် ဘောလုံးကန်ရမည့် မြို့များသို့ ကိုယ်တိုင် သွားရောက် ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
“အဓိက အမေနဲ့အဖေက အားကစားနဲ့ ပတ်သက်လာရင် ဘယ်နေရာမဆို စိတ်ချယုံကြည်ပြီးတော့ လွတ်ပေးတယ်။ အမေနဲ့ အဖေကိုယ်တိုင် ညီမသွားရမယ့်နေရာတွေကို လိုက်ပို့တာတွေရှိတယ်”ဟု မလှမြတ်သူက ပြောသည်။
မလှမြတ်သူကဲ့သို့ ဘောလုံးအတူတူ ကစားနေသော စစ်တွေမြို့နယ် ဝါဘိုကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးမှာလည်း မလှမြတ်သူကဲ့သို့ပင် ပတ်ဝန်းကျင်၏ ဝေဖန်အပြစ်တင်မှုတချို့ကို ခံရကြောင်း ကြားသိခဲ့ရသည့်အတွက် အဆိုပါ ဝေဖန်မှုများအတွက် ဗွေမယူတော့ဟုဆိုသည်။
မလှမြတ်သူသည် အနေအေးပြီး စိတ်သဘောထား ကောင်းသူတစ်ဦးဖြစ်ကာ မိမိဖြစ်ချင်သည့်အရာအတွက် မဆုပ်မနစ် ကြိုးစားအားထုတ်တတ်သူ ဖြစ်ကြောင်း ဘောလုံးကစားဖော် ကစားဖက်ဖြစ်သူ မခင်မိုးမြတ်ထက် ကပြောသည်။
“ညီမနဲ့သူနဲ့က အရင်းနှီးဆုံး သူငယ်ချင်းတွေ။ အသင်းလည်း အတူတူ၊ အတွဲညီတဲ့ ကစားဖက်ဖြစ်တယ်။ ထပ်တူတာက ညီမတို့ မိန်းကလေးတွေ ဘောလုံးကန်လို့ ပြစ်တင်ဝေဖန်တဲ့ ပတ်ဝန်းကျင်က နှစ်ယောက်စလုံး တူတူလာကြတာ ဖြစ်တယ်။ ကျေးလက်ဒေသတွေမှာတော့ အမျိုးသမီးနဲ့ မသင့်တော်တဲ့အလုပ်၊ သင့်တော်တဲ့ အလုပ်ဆိုပြီး ခွဲခြားနေတာတွေက ရှိနေတုန်းပဲလေ”ဟု မခင်မိုးမြတ်ထက် ကပြောသည်။
မလှမြတ်သူ၏ အဓိက ရည်မှန်းချက်မှာ မျိုးဆက်သစ်လူငယ်များ အားကျရသည့် ဘောလုံးကစားသမား တစ်ဦးဖြစ်ပြီး သူလေးစားရသည့် ပုဂ္ဂိုလ်များမှာ နိုင်ငံရေးလောကတွင် ဆရာတော် ဦးဥတ္တမဖြစ်ပြီး အားကစားလောကတွင် လက်ရွေးစင် အမျိုးသမီး အားကစားသမား မသန်းသန်းထွေး ဖြစ်ကြောင်းပြောသည်။
မသန်းသန်းထွေးသည် မြန်မာအမျိုးသမီး ဘောလုံးလက်ရွေးစင်တစ်ဦးဖြစ်ပြီး အမျိုးသမီးလက်ရွေးစင်အသင်းမှ အလယ်တန်းကစားသမားတစ်ဦးဖြစ်သည်။ သူသည် မြန်မာအမျိုးသမီး ဘောလုံးအသင်းအတွက် ၁၅ နှစ်ခန့် ကစားပေးခဲ့ပြီး လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်တွင် အသက်အရွယ်ကြီးလာသဖြင့် အနားယူခဲ့သူဖြစ်သည်။
မလှမြတ်သူသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ကစားခဲ့သည်မှာ ငါးနှစ်ရှိပြီဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်က တတိယဆုကို ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် တိုင်းဒေသကြီး/ပြည်နယ် U25 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
မလှမြတ်သူ၏ ဝါသနာအပါဆုံးအလုပ်မှာ ဘောလုံးကစားခြင်းဖြစ်ပြီး ဒုတိယဝါသနာအပါဆုံးမှာ ခြင်းလုံးခတ်ခြင်း ဖြစ်သည်ဟုဆိုသည်။ ငယ်စဉ်ကပင် အားကစားကို အားသန်ခဲ့သည့်အတွက် မလှမြတ်သူမှာ ပညာရေးတွင် ဆယ်တန်းထိ ရောက်ခဲ့ပြီး ပညာဆက်လက်မသင်ကြားတော့ကြောင်း ပြောသည်။
လက်ရှိတွင် မလှမြတ်သူမှာ နေပြည်တော်၌ အားကစားကမ့်တွင် ဘောလုံးကစားခြင်းကို ဆက်လက်လေ့ကျင့်နေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပွဲများအပြင် လာမည့် ဆီးဂိမ်းပွဲအတွက်လည်း အကြိုလေ့ကျင့်နေကြောင်း ပြောသည်။
“လာမယ့်ဆီးဂိမ်းပွဲအတွက် ကြိုပြီးတော့ ကမ့်သွင်းလေ့ကျင့်နေရတဲ့ သဘောပါ။ ရွေးချယ်မှုကတော့ ထပ်ရှိအုံးမှာပါ။” ဟု လက်ရှိ သူ၏အနေအထားကို ပြောပြသည်။
မလှမြတ်သူ၏ မိသားစုများမှာ ဘူးသီးတောင်မြို့နယ် စေတီတောင် စစ်ဘေးရှောင်စခန်းမှ မိမိနေရပ်ဖြစ်သော စပါးထား ကျေးရွာသို့ နေရပ်ပြန်၍ နေထိုင်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ပြီး ဖခင်မှာ လယ်လုပ်ကာ မိခင်မှာ ဆန်ရောင်းသည့် အလုပ်နှင့် ခရီးသွားကုန်သွယ်သည့်အလုပ်ကို လုပ်ကိုင်နေကြောင်း ဆိုသည်။
မလှမြတ်သူအနေဖြင့် ရွယ်တူအမျိုးသမီးငယ်များနှင့် ပတ်သက်၍ မိမိလုပ်ချင်သည့်အရာတခုကို ရည်မှန်းချက်ထား လုပ်ဆောင်ကြရန် တိုက်တွန်းသည်။
“ကိုယ့်ဘဝ ရည်မှန်းချက်တခု ထားရမယ်။ ကိုယ်က ဘာဝါသနာပါလဲ။ ကိုယ့်ဘဝအတွက် ဘယ်နည်းက ကိုက်ညီမှု ရှိတယ်၊ ဘာကိုအားသန်တယ်၊ အဲဒါတွေကို ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင်ချပြီးတော့ လုပ်စေချင်တယ်။”ဟု တိုက်တွန်း စကားဆိုသည်။