Honest Information
ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း အလုပ်သမား ၁ ဒသမ ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)က ထုတ်ပြန်ထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် လုပ်သားအင်အားအလျော့ခံရလို့ အလုပ်လက်မဲ့ဖြစ်ရသလို စစ်အာဏာသိမ်းလိုက်တော့လည်း စက်ရုံတွေမီးလောင်တာ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ထွက်တာနဲ့ ပြည်ပအထည်အော်ဒါမရတာတွေကြောင့် လုပ်ငန်းခွင် ဆုံးရှုံးတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ကြရပြန်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသူတွေကို စစ်တပ်က ဖမ်းဝရမ်းတွေထုတ်၊ မတရားပုဒ်မတွေတပ်ကာ ဖမ်းဆီး၊ ထောင်ချပစ်ခတ်သတ်ဖြတ်ခံနေရသူတွေထဲမှာ အလုပ်သမားတွေလည်း ပါဝင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလမှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ အလုပ်သမားအရေးတက်ကြွလှုပ်ရှား သူ ၂၇ယောက် သေဆုံးခဲ့ရပြီး အလုပ်သမားနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၁၁၆ ယောက်ဖမ်းဆီးခံထားရပါတယ်လို့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
အလုပ်သမားအခွင့်အရေးလုပ်ဆောင်နေတဲ့အလုပ်သမားအဖွဲ့အစည်း ၁၆ ဖွဲ့ကိုလည်း တရားမဝင်အသင်းအဖြစ်ကြေညာ ကာ စစ်တပ်က လိုက်လံဖမ်းဆီးနေတာတွေကြောင့် အလုပ်သမားအရေးဆောင်ရွက်ပေးနေသူတွေဟာ ထွက်ပြေးတိမ်း ရှောင်နေကြရတယ်။
အလုပ်သမားအများဆုံးနေထိုင်တဲ့ ကျူးကျော်နေရာတွေကိုလည်း သုတ်သင်ရှင်းလင်းဖျက်စီးပစ်ခဲ့ပြီး စက်မှုဇုံမြို့နယ်တွေ ကိုလည်း စစ်အုပ်ချုပ်ရေးဒေသအဖြစ်သတ်မှတ်ကာ အလုပ်သမားတွေကို ဖိနှိပ်ထားတာဖြစ်တယ်။
စစ်အာဏာသိမ်းထားတာ တစ်နှစ်ကျော်ကာလအတွင်းမှာ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ ဘယ်လိုစိန်ခေါ်မှု တွေနဲ့ တွေ့ကြုံရင်ဆိုင်နေရသလဲဆိုတာ နယ်ပယ်အသီးသီးက အလုပ်သမားတွေကို HI က ဆက်သွယ်ပြီး “အလုပ် သမားနေ့” အတွက်ရည်ရွယ်ကာ မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
မဝင်းသန္တာ (အထည်ချုပ်)
“ စက်ရုံဘက်က အလုပ်သမားတွေအပေါ် ဆက်ဆံတာအရမ်းဆိုးလာတယ်။ အချုပ်လိုင်း၊ ညှပ်တဲ့လိုင်းတို့မှာ ခေါင်းဆောင် တွေက ကျမတို့အလုပ်သမားတွေကို အမြဲဆဲဆိုကြိမ်းမောင်းနေတာ။ အလုပ်ဆိုလည်း အရမ်းခိုင်းတယ်။ မနက်ဆို အလုပ် ချိန် ၈ နာရီအရောက်လာရတယ်။ ချုပ်ထည်တွေကိုလည်း မတရားတိုးတောင်းပြီး မပြီးရင်အချိန်ပိုလုပ်ခိုင်းတယ်။ အချိန်ပို ကြေးတို့၊ ဖယ်ရီတို့မပေးဘူး။ အဲဒါလေးတွေပေးပါလို့ တောင်းရင် တောင်းတဲ့သူကို အလုပ်ရပ်နားခိုင်းတယ်။ ဒါတွေက အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာတာ။ အရင်ကတော့ ကျမတို့က လစာလည်းပုံမှန်ရတယ်။ ဖိနှိပ်တာရှိရင် တိုင်လို့လည်း ရတယ်။ အခုကဘယ်သူ့တိုင်ရမှန်းလည်းမသိ၊ ရှိတဲ့အလုပ်သမားသမဂ္ဂတွေကလည်း စက်ရုံတွေကို မလှန်နိုင်တဲ့ အခြေ အနေဆိုတော့ မဖြေရှင်းပေးနိုင်ကြဘူး။ တကယ့်အခြေအနေဆိုးကြီးနဲ့ ရင်ဆိုင်နေရတာပါ။
ခံစားခွင့်ကတော့ ဘာမှမရတော့တာ။ ဒီနေ့အချိန်ပိုလုပ်ရရင် နောက်နေ့နားချင်တာပေါ့။ အဲဒါကိုခွင့်မပေးဘူး။ လုပ်သက် ခွင့်လည်းမရဘူး။ အလုပ်မပြုတ်ချင်ရင် ဖျားနာရင်ဆေးသောက်လာပဲ။ မလာရင် အလုပ်ထုတ်ပစ်တာ။ အဲဒါမျိုးကို ဘယ် သွားတိုင်လို့ရမှာလဲ။ သူတို့က တစ်ခုခုဆို အလုပ်သမားတွေကို စစ်တပ်နဲ့ခြိမ်းခြောက်ထားတာ။ မကျေနပ်ချက်လေး တစ်ခု တစ်လေများ ဖေ့ဘွတ်ပေါ်တင်ရေးကြည့် နောက်နေ့သတိပေးခံရတယ်။ သုံးကြိမ်သတိပေးခံရရင် အလုပ်ပြုတ်တယ်။
လစာတွေအပြည့်မရတော့ စားဝတ်နေရေးခက်တာပေါ့။ အဆောင်ခတွေကလည်း တိုးတောင်း၊ ကုန်ဈေးနှုန်းကတက်၊ မီး ကမမှန်တော့ ကျမတို့အလုပ်သမားတွေအတော်လေးကို အဆင်မပြေဖြစ်ရတယ်။ နောက်ကျမတို့အချိန်ပိုညဆိုင်းတွေ ဆင်းရတော့ လုယက်ခံရလာတယ်။ ဟိုတစ်ရက်က လုယက်သူပြန်လုပ်လို့အသတ်ခံရတယ်လေ။ ကျမတို့လည်းကြောက် နေရတယ်။
အော်ဒါတွေရပါစေ။ လုပ်ငန်းတွေပြန်ကောင်းဖို့က နေ့တိုင်းဆုတောင်းနေရတာပဲ။ ဒါပေမဲ့အခြေတော့ သိပ်မခိုင်လှဘူး။ အချိန်မရွေးအော်ဒါရပ်သွားနိုင်တယ်။ အလုပ်မရှိတော့ ကျမတို့ဘဝလည်းပျက်ပြီ။ စက်ချုပ်တာကလွှဲလို့ ဘာမှလည်းလုပ်မ စားတတ်ဘူး။ အထည်ချုပ်က ရှေ့ကောင်းဖို့အလားအလာမရှိရင်တော့ ရွာပြန်ပြီး လယ်စိုက်စားတော့မယ် စိတ်ကူးတယ်။”
မသင်းမြတ် (ပုလင်းဆေးအလုပ်သမား)
“ ဘယ်အခြေအနေမှာဖြစ်ဖြစ် အခုလောက်အထိတော့ အလုပ်အကိုင်တွေမဆိုးဖူးဘူး။ ဒီကာလက အဆိုးဆုံးအခြေအနေ ပဲ။ အလုပ်လည်းရှားတယ်။ ရှိတဲ့အလုပ်ကလည်း အရောင်းအဝယ်တွေမကောင်းတော့ သိပ်မလုပ်ရဘူး။ အလုပ်မလုပ် ရတော့ ငွေမရှိဘူး။ ငွေမရှိတော့ ငတ်ပြတ်တဲ့ဒဏ်မခံနိုင်လို့ လုယက်တောင်းစားကြတော့တာပေါ့။ ဒါတွေရဲ့တရားခံက စစ်တပ်ပဲ။ သူတို့အာဏာသိမ်းလိုက်လို့ အလုပ်သမားတွေအများကြီးဒုက္ခရောက်ရတယ်။ တချို့ဆို အလုပ်တွေမရှိလို့ မိသားစုတွေ ပြိုကွဲ၊ ဘဝတွေပျက်ကြရတယ်။
ကျမတို့က ပုလင်းဆေးတာဆိုတော့ အလုပ်မရှိတဲ့ပြဿနာပေါ့။ အရင်အလုပ်ကောင်းတုန်းက တစ်နေ့ကို တစ်သောင်းခွဲ လောက်လုပ်ခရတယ်။ အခုတစ်ထောင်တောင် ရက်မမှန်ဘူး။ အဲ့တော့ကျမတို့မိသားစုတွေဘာနဲ့သွားစားမလဲ။
အလုပ်မရှိတော့မှာကို ကျမတို့လည်းအမြဲစိုးရိမ်နေရတာပဲ။ သူတို့ခေါ်ခိုင်းသရွေ့လုပ်နေမှာပဲ။ တစ်ခုတော့ ရှိတာပေါ့။ အခု လိုပဲရေရှည်သွားမယ်ဆိုရင်တော့ အလုပ်ရှင်တွေလည်း တောင့်ခံထားဖို့မလွယ်ဘူး။ ရှေ့ရေးကတော့ မတွေးတတ်အောင် ပါပဲ။ အခုလည်း ဒီအလုပ်မရှိရင် တခြားတောက်တိုမယ်ရ အလုပ်တွေ လျှောက်လုပ်နေတာဘဲ။ ဘာမှမရရင်တော့ ပလပ်စတိတ်ဗူးခွံကောက်လိုက်ရောင်းမှာပါ။ အရင်တုန်းကလည်း အဲဒါလုပ်ဖူးတယ်။”
မအိလှိုင် (တယ်လီကွန်းဝန်ထမ်း)
“ လက်ရှိအလုပ်ကသိပ်မကောင်းပါဘူး။ ညီမအလုပ်က တယ်လီကွန်းဝန်ထမ်းဆိုတော့ ဒီကာလမှာ လျှပ်စီးမီး ပြတ်တောက် တာ၊ဆီရှားပါးလာတာ၊ ကုန်ဈေးနှုန်းတွေအဆမတန် တက်လာတာတွေပြည်သူတွေလည်း လစဉ်ဝင်ငွေလျော့နည်းလာ တာတွေကြောင့် အင်တာနက်တပ်ဆင်သုံးစွဲလာသူတွေနည်းလာတယ်။ နည်းလာတော့ ညီမတို့လည်း ဝင်ငွေတဖြည်းဖြည်း လျော့လာတယ်။ ကုမ္ပဏီလည်း ရေရှည်တောင့်မခံနိုင်မှာစိုးရိမ်နေရတယ်။ အရင်ကကိုဗစ်လှိုင်းကို ရင်ဆိုင်ကျော်လွှား နိုင်ပြီး အလုပ်အကိုင်အခြေအနေ ပြန်လည်ကောင်းမွန်လာမယ့် အနေအထားတစ်ခုကနေ အာဏာသိမ်းပြီး နောက်ပိုင်းမှာ အစစအရာရာ အဆင်မပြေတော့ဘူး။ အချင်းချင်းလည်း မယုံကြည်ရတဲ့အခြေအနေတွေလည်းရှိတယ်။ နှစ်တိုင်း သင်္ကြန် ဆို သင်္ကြန်မုန့်ဖိုးပေးနေကြအခြေအနေကနေ ဒီနှစ်ဆိုရင် တစ်ကျပ်မှ မပေးနိုင်တဲ့ အခြေအနေတစ်ခုဖြစ်သွားခဲ့ပါတယ်။ လစာကတော့ပုံမှန်အတိုင်းပေးနေတဲ့အတွက် ကုမ္ပဏီကိုကျေးဇူးတင်နေရပါတယ်။
စားဝတ်နေရေးကတော့ အာဏာမသိမ်းခင်က ဆန်အိတ်လိုက် ဝယ်စားနေတဲ့အနေအထားကနေ တစ်ပြည် နှစ်ပြည်ပဲ ဝယ်စားနိုင်တဲ့အနေအထားတစ်ခုကို ပြောင်းလဲသွားပါတယ်။ ရေရှည်မှာဒီလိုပဲဆက်သွားနေမယ်ဆိုရင်တော့ မရပ်တည် နိုင်ဘူးလို့ထင်ပါတယ်။ နိုင်ငံရေး ၊ စီးပွားရေး အကျပ်အတည်းတွေကြား အဖက်ဖက်က အဆင်မပြေမှုတွေကြောင့် ကိုယ့်အနေအထားကို စိုးရိမ်နေရပါတယ်။ အကယ်၍အကြောင်းတစ်ခုခုကြောင့် အလုပ်မရှိတော့ရင် မိဘလုပ်ငန်းဖြစ်တဲ့ ဈေးရောင်းတဲ့အလုပ်နဲ့ အိမ်ခြံမြေပွဲစားအလုပ် ပြန်လုပ်မယ်လို့စဉ်းစားထားပါတယ်။”
မနွယ်နွယ် (အရောင်းဝန်ထမ်း)
“ လက်ရှိလုပ်နေတဲ့ အလုပ်အကိုင်ကတော့ မကောင်းဘူးပြောရမယ်။ အရင်လောက် အရောင်းတွေ သိပ်မကောင်းဘူးပေါ့။ ဒါပေမဲ့ မှေးနေရတာပေါ့။ ကျွန်မက မားကတ်တင်းပိုင်းဆိုတော့ နယ်တွေကို ကွင်းဆင်းရောင်းရတာများတယ်။ ကိုဗစ်က တည်းက အခုထိ နယ်တွေကိုကွင်းမဆင်းနိုင်တော့တာ ရောင်းသူနဲ့ဝယ်သူ တိုက်ရိုက်မထိတွေ့တော့ဘူးပေါ့။ ကိုဗစ်လှိုင်း တွေနဲ့အာဏာသိမ်းပြီးနောက်ပိုင်းက ကိုဗစ်ကစပြီးရောင်းချမှုပုံစံတွေပြောင်းရတယ်။ အရင်က နယ်တွေကိုတစ်လျှောက်လုံး ကွင်းဆင်းရောင်းလို့ရတယ်။ ကိုဗစ်ဖြစ်ပြီးနောက်သွားလို့လာလို့မရတော့ဘူး။ အဲဒီတော့ရောင်းချမှုကို အွန်လိုင်းစနစ်နဲ့ ပြောင်းရတယ်။ Liveလွင့်ရောင်းချတာမျိုးတွေလုပ်ရတာပေါ့။ အွန်လိုင်းစနစ်ဆိုတော့ အရင်လောက်ဝန်ထမ်းမလိုပြန်ဘူး ။ ရှိပြီးသားဝန်ထမ်းတွေလစာပေးဖို့ ပိုပြီးတော့ အလုပ်တွေပိုလုပ်ရတာပေါ့။ အဲတော့ ပိုပြီးတော့အလုပ်တွေလုပ်ရတယ်။ live sale လိုဟာမျိုးတွေဆို တစ်နေ့နှစ်ကြိမ်လောက်လုပ်ရတယ်။
ခံစားခွင့်နဲ့လစာတွေကတော့ လစာကတော့လျော့သွားတာမျိုးတော့မရှိပါဘူး။ ဒါပေမယ့် အရင်က တစ်နှစ်တစ်ခေါက် ကုမ္ပ ဏီက ခရီးစဉ်တွေ လိုက်ပို့တာမျိုးတွေရှိပေမယ့် ဒီဘက်နောက်ပိုင်းတော့မလုပ်ပေးနိုင်တော့ဘူးပေါ့။ လစာတိုးတာမျိုးက တော့မရှိပါဘူး။ မားကတ်တင်းပိုင်းဆိုတော့ ရောင်းအားအပေါ်မှာမူတည်ပြီး ရာခိုင်နှုန်းရတာပေါ့။ အခုတော့ အရင်လောက် မရတော့ဘူးပေါ့။ အလုပ်မပြုတ်တာပဲ ကျေးဇူးတင်နေရတာပါ။ ဒီကာလအတွင်းစားဝတ်နေရေးနဲ့ပတ်သက်ပြီး အခက်အခဲ တွေကတော့ရှိပါတယ်။
အိမ်မှာက မိသားစုရှစ်ယောက်ရှိတယ်။ အရင်ကသုံးယောက်လောက်အလုပ်ရှိတယ်။ နှစ်ယောက်က ကိုဗစ်ကစပြီး အလုပ် မရှိတော့တာ အခုကိုယ်တစ်ယောက်တည်း အိမ်တာဝန်ထမ်းရတာပေါ့။ အိမ်လခ၊ ဈေးဖိုး၊မီး ဖိုး၊ ရေဖိုး၊ ဖုန်းကုန်ကျ စရိတ် တွေနဲ့တစ်လတစ်လ မနည်းလောက်အောင်သုံးနေရတာပေါ့။ လက်ရှိအလုပ်နဲ့ပတ်သတ်ပြီးပြောရရင်တော့ နိုင်ငံရေး အခြေ အနေကောင်းရင် အလုပ်တွေပြန်ကောင်းလာနိုင်ပါတယ်။ အခုလောလောဆယ်က အလုပ်ရှာဖို့ကလည်း အတော် ခက် တယ်လေ။ ဒီအလုပ်မရှိရင်ဘာဆက်လုပ်ရမယ်ဆိုတာကတော့ မသိသေးဘူး။ လောလောဆယ်တော့ မိသားစုက ကိုယ့် အပေါ် မှီခိုနေရတာဆိုတော့ အလုပ်လက်မဲ့မဖြစ်အောင် မှေးနေနေရတာပဲ။”
မပန်ဒါလေး (အစားအသောက်ပို့ဆောင်သူ)
“ အခုလက်ရှိအလုပ်ကညီမနားထားတယ်။ အခု Rider (Food Pandaမှာအလုပ်လုပ်သူ)တွေက များလာတော့ အရင်လို အဆင်မပြေတော့ဘူး။ ကလေးကြောင့်နဲ့လည်းနားထားတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း တော်တော်ပြောင်းလဲလာတယ်။ အော်ဒါပါးတယ်။ အော်ဒါကြေးတွေလျော့တယ်။ လမ်းသွား လမ်းလာမလုံခြုံတော့ဘူး။ ညီမတို့အလုပ်က ခံစားခွင့်မရှိဘူး။ ကိုယ်လုပ်ရင်ရမယ် မလုပ်ရင်မရဘူး ။ အလုပ်လုပ်ရင် တစ်ခုခု ဖြစ်ရင်ကိုယ်ဖြစ်ကိုယ်ခံ ရုံးကတာဝန်ယူမှုမရှိဘူး။ လုပ်အားခက မတိုးဘူး ၊ လျော့တာပဲရှိတယ်။
စားဝတ်နေရေးကတော်တော်ခက်ခဲတယ်။ ညီမက ကလေးတစ်ဖက်နဲ့ဆိုတော့ပိုဆိုးတယ်။ အမျိုးသားကလည်းအလုပ် အဆင်မပြေဘူး။ အာဏာသိမ်းပြီးမှ ပိုဆိုးလာတယ်။ တစ်ခါတစ်လေ ငတ်တဲ့နေ့တောင်ရှိတယ်။ တခါတလေကျရင် ဘဝကို တောင် အရှုံးပေးချင်လာတယ်။ အလုပ်ကအစကတော့ တည်မြဲမယ်လို့ထင်ခဲ့မိတယ် ။ အလုပ်မရှိတော့ရင် ကြုံသလိုပဲ လုပ်ရမှာပေါ့။”
ဖယောင်းတိုင်စက်ရုံ အလုပ်သမတစ်ဦး
“ ဒီချိန်က မီးကခဏခဏပျက်တော့ အလုပ်ကတော့လုပ်ရတယ်။ တစ်နေကုန်လုပ်ရတယ်။ အရင်က ကိုဗစ်နဲ့အာဏာ သိမ်းစကတော့ အရောင်းလည်းပါးတော့ အလုပ်နားရတယ် ။ အလုပ်ပါးတယ်။ လစာလိုက်ပေးတယ်ဆိုပေမယ့် အဲချိန်က လုပ်သလောက်မှ ပိုက်ဆံရတယ်။ မလုပ်ရင်မရဘူး။ အဲတုန်းက မိသားစုကိုတော့ မပေးရတော့ဘူးပေါ့။ ကိုယ့်အတွက်ပဲ ကိုယ်လုပ် ကိုယ်စားရတာပေါ့။
အလုပ်က မြဲမယ်လို့တော့မထင်ပါဘူး။ တချို့က စီးပွားရေးကိုရပ်တန့်ပစ်လိုက်တာရှိတော့ ဒီအလုပ်လည်း ဘယ်ချိန်ရပ်မယ် ဆိုတာတော့ မသိဘူး။ ဒီအလုပ်ရပ်ရင်တော့ တခြားအလုပ်ကိုပဲ အဆင်ပြေသလို ရှာလုပ်ရမှာပေါ့။ လက်ရှိတော့ စဉ်းစား ထားတာတော့ မရှိသေးဘူး ဘယ်လိုလုပ်မယ်ဘာညာလည်း ကြိုတင်းစဉ်းစားထားတာလဲ မရှိသေးဘူး။ ဒီလိုပဲ အဆင်ပြေ သလို ဖြတ်သန်းနေရသေးတယ်။”
မနန်းဖွန် (စက်ရုံအလုပ်သမ)
အလုပ်ကတော့ ကော်ဖီ၊ သရက်သီးစတဲ့ ရာသီပေါ်အသီးတွေကို ပါးပါးလေးဖြတ်ပြီး အခြောက်လှန်းတဲ့အလုပ်ပေါ့။ ကိုဗစ် မလာခင်၊ အာဏာမသိမ်းခင်ကတော့ တစ်ပတ်လုံးလုပ်ရတယ်။ တစ်လဆိုတစ်သိန်းကျော်တော့ရတယ်။ ဒါပေမယ့် ကိုဗစ်နဲ့ အာဏာသိမ်းပြီးနောက်မှာတော့ အသွားအလာကန့်သတ်ထားတော့ အသီးတွေလည်းမရ၊ ကြားထဲ ရာသီဥတုက ဖောက်ပြန်တော့ သိပ်တော့ မလုပ်ရဘူး။ အဲတုန်းကဆို နှစ်လလောက်နားရတော့ လင်မယားနှစ်ယောက် အလုပ်မရှိတော့ စိတ်ဒုက္ခရောက် ဘယ်နားရှာစားရမှန်းမသိဘူး။ အဲတာနဲ့ဒီတိုင်းထိုင်ရင် ငတ်တော့မယ်ဆိုပြီး လင်မယားနှစ်ယောက် ရွာပြန် ပြီး နေ့စားလိုက်လုပ်တယ်။
ကိုဗစ်နည်းနည်းငြိမ်တော့ အလုပ်ထဲ ပြန်ရောက်လာတာ အရမ်းမကြာသေးဘူး။ လစာတော့ တိုးတာတော့မရှိဘူး။ အရင်က လလိုက် ပေးတယ်ဆိုပေမယ့် အခုတော့ လုပ်တဲ့ရက်တွေပဲပေးတယ်။ မလုပ်နိုင်ရင် မရတော့ဘူးပေါ့။ အရင်တော့ နားထား ရတာဆိုတော့ အလုပ်မြဲမယ်လို့တော့ မထင်ဘူး။ နိုင်ငံရေး တစ်ခုခုထပ်ဖြစ်ရင် အလုပ်ပြုတ်ပြီ နားရပြီပဲ။
အလုပ်မရှိရင်တော့ ရွာပြန်ပြီး နေ့စားလိုက် ခြံလိုက်ပဲပေါ့။ သူများတွေလို ထိုင်းနိုင်ငံကို သွားရအောင်လည်း အရင်းအနှီး မရှိဘူးဆိုတော့ ဒီလိုပဲ အဆင်ပြေသလို ဖြတ်သန်းနေထိုင်နေရတာပေါ့။ မတတ်နိုင်ဘူးလေ။”
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024